မီးဖိုချောင်မှ အသံများ
ရထားဈေးသည်
ယောက်ျားက ဝန်ထမ်း၊ ရတာက တစ်သိန်း သုံးသောင်း၊ စားလူက သုံး ယောက်။ မနက်ည ဆန်လေးဘူးချက် ရတယ်၊ လစာကဆန်ဖိုးနုတ်လိုက်ရင် ဘာမှ မကျန်ဘူး၊ အားတဲ့အချိန် လက်သမား လိုက်လုပ်တယ်။ ကျွန်မက ရထားပေါ်မှာ စျေးရောင်းတယ်။ အလုပ်ကထွက်ပြီး မလေးသွားမယ်ဆိုတော့ ပွဲစားက ပထမပြောတာ သိန်းသုံး ဆယ်၊ ဟိုရောက်ရင် အိမ်ကို လေးငါးသိန်း ပြန်ပို့နိုင်မယ်တဲ့။
ဒါနဲ့ သင်္ကြန်မတိုင်ခင်က ရန်ကုန်မှာ စာအုပ်( ပတ်စပို့) သွားလုပ်တယ်။ ပွဲစားခက နှစ်သိန်း၊ စားတာ သောက် တာနဲ့ ငါးသိန်းလောက်ကုန်တယ်၊ ဒါတောင် မင်္ဂလာတောင်ညွန့်က အမျိုးတွေအိမ်မှာတည်းလို့။ စာအုပ် ရ တော့ ပွဲစားက သုံးဆယ်နဲ့ မရတော့ဘူး။ ငါးဆယ်ဖြစ်သွားပြီတဲ့။ငွေကချေးပေးရမှာ၊အတိုးကပစ္စည်းမပါရင် နှစ်ဆယ်တိုး၊ အလုပ် စောင့် ရမှာက ခြောက်လ၊ ခုနစ်လဆိုတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ စာအုပ်တစ်အုပ်ပဲ အဖတ်တင်တယ်။
ထမင်းထုပ်ရောင်းတော့ ဧရာပဒေသာဆန် နဲ့ ပေါ်ဆန်းရောချက်ရတယ်။ ဧရာပဒေသာက တစ်ပြည် ငါးထောင် ကျော် အဲဒါ ထိပ်စမဟုတ်သေးဘူး ၊ ပေါ်ဆန်းက ခြောက်ထောင့်ငါးရာ၊ ဧရာ ခြောက်ဘူးကို ပေါ်ဆန်း နှစ်ဘူး ရောချက်တယ်၊ စားအုန်းဆီက အခု တစ်သောင်းနှစ်ထောင်၊ အသားဈေး၊ ကြက်ဥစျေး အကုန်တက်၊ ဖော့ဘူး လည်း ဈေးတက်တာပဲ။ ရောင်းတော့ ထမင်းတစ်ဘူး တစ်ထောင့် ငါးရာ၊ ကိုယ့်အတွက် နည်းနည်းပဲကျန်တယ်။ အိမ်မှာ ထမင်း၊ဟင်းမချက်ရတာ အမြတ်ပေါ့။
ဆန်တွေ၊ ဆီတွေ ရောင်းပေးတယ်ဆိုတာ လေးလေး ပြောမှ ကြားဖူးတာ၊ မိုးကြိုးပစ်စိ တစ်ခါမှ မရဘူးပါဘူး၊ ရတဲ့ သူ လည်းမတွေ့ဖူးဘူး။
ဘုရားအစောင့်ဝန်ထမ်း
ကျွန်တော့လစာက တစ်သိန်းလေးသောင်း၊ အရင် ဝယ်စားတဲ့ဆန်က သုံးသောင်းနှစ်ထောင်ကနေ ကိုးသောင်း ကျော်သွားပြီ။ လစာတစ်ခုတည်းနဲ့ ဘယ်ရမလဲ။ အိမ်မှာ သမီးတစ်ယောက်က ဆိုင်အကူ တစ်သိန်းနဲ့လုပ်တယ်၊ သားတစ်ယောက်က ကျပန်း၊ သား တစ်ယောက်က သဲပန်းချီကားလေးတွေ ယူပြီး ရောင်းတယ်၊ ကော်မရှင် စား ပေါ့။ ဧည့်သည်နည်းတော့ အလုပ်ရှား၊ အရောင်းပါးတယ်။ အမယ်ကြီးကတော့ အိမ်စောင့်။
လစာမတိုးပါနဲ့။ ဆန်စျေး၊ ဆီဈေးကျအောင်သာလုပ်ပေးစမ်းပါ။
ဘုရားက လက်ပွေ့ဈေးသည်
ဒီအရပ်က စလင်းဘက်က ထွက်တဲ့ ဧရာပဒေသာကို စားတာ၊ ပေါ်ဆန်းကို အီလို့ဆိုပြီးမစားကြဘူး။ ဧရာ ပဒေသာ ကိုပဲ စက်နာမည်ကို လိုက်ပြီး သီဟစိမ်း၊ ရွှေရည်လွင် ဆိုပြီး ခေါ်တာပေါ့။ ဈေးက တစ်သိန်းခွဲ၊ တစ်သိန်း ခြောက် သောင်း အစားစားပဲ ။ ကန်တော်လေးတို့ နွားကြီးတို့ ဆိုတဲ့ ကိုးသောင်း၊ တစ်သိန်းတန် ဆန်ကြမ်း လည်း ရှိတယ်။ ကိုဗစ် မတိုင်ခင်ဈေးတော့ မမေးနဲ့၊ ငိုချင်တယ်။ ကျွန်မတို့ ကတော့ ဧရာပဒေသာပဲစားတယ်၊ ဆန်ကောင်း တော့ ဘာလေးနဲ့ ဖြစ်ဖြစ် စားလို့ ဖြစ်တာပေါ့။
စျေး တွေပဲ ကျစေချင်တာပါတော်။ လိုင်းပေါ်တော့ တက် မပြောရဲပါဘူး၊ ထုခံရမှာ ကြောက်တယ်။
ဘုရားဈေးက ထမင်းဆိုင်
ရောင်းရလားဆိုတော့ ပွဲတော်ရက်တွေမဟုတ်ရင် စနေ၊ တနင်္ဂနွေပဲ အဓိက ထားရတာပေါ့။ ကျန်တဲ့ ရက်တွေ ကတော့ ချိန်ပြီးချက်နေရတာပဲ။ စျေးကတော့ ပြောမနေနဲ့တော့။ လွန်ခဲ့တဲ့ တစ်လက ဆန် ဆိုရင် တစ်သိန်း နှစ်သောင်း ပတ်ချာလည်၊ အခု တစ်သိန်းခြောက်သောင်း၊ ဆီက ဆယ်ပိဿာဈေး အရင် ရှစ်သောင်းခွဲ ကနေ အခု တစ်သိန်း တစ်သောင်းနှစ်ထောင်၊ ကြက်သွန်ဖြူ ( ဗမာ) အရင် ခုနစ် ထောင်၊ အခု တစ်သောင်း ကျော်သွားပြီ၊ ကြက်သွန်နီက အရင် နှစ်ထောင့်လေးရာ အခု နှစ်ထောင့်ကိုးရာ။ ကျွန်မတို့က အများဝယ်ထားလို့ ၊ အခုကုန်လို့ ပြန်ဝယ်ရင် ဘယ်လောက်တက်ဦးမလဲ မသိဘူး။
အရန်ဟင်းပွဲ နဲ့ တို့စရာအတွက်က အရင်က ဆိုရင် တစ်နေ့စာ နှစ်သောင်းအများဆုံး၊ အခုဆိုရင် သုံးသောင်း ၊ သုံး သောင်းခွဲ။ သူဌေးဧည့်သည်တွေ စားတဲ့ဆိုင်တွေက စျေးတက်ရတာ လွယ်ပေမဲ့ နယ်ဘုရားဖူးတွေ၊ အလုပ် သမား တွေကို ရောင်း တဲ့အခါ ဈေးတက်ဖို့ ခက်တယ်။ အခုတောင် တစ်ယောက်က ၃၅၀၀နဲ့ ထမင်းပွဲမှာစား၊ နောက် တစ်ယောက်က ထမင်း လိုက်ပွဲပဲမှာပြီး အရန်ဟင်းတွေနဲ့ စား၊ နှစ်ယောက်ပေါင်း လေးထောင်ပဲ ပေးလို့
“ ဟယ် အဲဒီလိုမရဘူးလေ၊ အသားဟင်းမပါပဲ အရန်ဟင်းနဲ့ ထမင်းပဲစားရင် နှစ်ထောင်ကျတယ်” ဆိုပြီး ပြောရ တယ်၊ လူတွေလည်း ရှားပါး လာတော့ ကြံမိကြံရာပဲ။
ဘုရားဖူးမသွားဘူးလားဆိုတော့ ဆိုင်အတွက်လုံးပန်းနေရတာနဲ့ ရွှေစည်းခုံတောင် အေးအေးဆေးဆေး မဖူးနိုင်ပါ ဘူး။ ဘုရားဖူးဆိုရင်လည်း ဘုရားကြီး ( မဟာမြတ်မုနိ) နဲ့ ရွှေတိဂုံပဲ ဖူးမှာပေါ့။
ဘတ်ဂျက်ဟိုတယ်ပိုင်ရှင်
ကျွန်တော့ဟိုတယ်က နှစ်ယောက်ခန်း မရှိဘူး၊ လေးယောက်ခန်း၊ ခြောက်ယောက်ခန်းတွေပဲရှိတယ်။ အုပ်စုလိုက် လာတဲ့သူတွေတည်းတာများတယ်။ အခန်းခကတော့ လူတစ်ယောက် တစ်သောင်းနှုန်းပေါ့။ မနက်စာကတော့ ထမင်းဆီဆမ်း၊ ကြက်ဥကြော်နဲ့ ပဲ ကျွေးနိုင်တယ်။
မနက်စာဆိုတော့ ဆန်နို့ဆီဘူးတစ်ဘူးကို ဧည့် သည် သုံးယောက်နှုန်းတွက်တယ်၊ အဲဒီထက် ပိုစားတာပဲ ရှိတယ်၊ မလျော့ဘူး၊ သုံးယောက်နှုန်းနဲ့ပဲထား၊ ကိုယ်သုံးတဲ့ ဆန်တစ်အိတ်က အခု တစ်သိန်းခြောက်သောင်း၊ နို့ဆီဘူး တစ်ဘူးအတွက် ၈၃၃ ကျပ်ကျတယ်။ ဒီထက်ပိုစားမှာနဲ့ တွက်ရင် ကိုးရာထားလိုက်၊ လူတစ်ယောက်အတွက် ဆန်ဖိုးက အနည်းဆုံး သုံးရာသုံးရတယ်။ ကြက်ဥက အရင်က တစ်ရာ့ငါးဆယ်ကနေ အခု သုံးရာဖြစ်နေပြီ၊ ကြက်ဥ တစ်လုံးကြော်ရင် ဆီဖိုး၊ဂတ်စ်ဖိုးနဲ့အပါလေးရာလောက်ကုန်တယ်။ကျန်တဲ့ တိုလီမိုလီ အသီးအနှံ နဲ့ပေါင်းလိုက်ရင် လူတစ်ယောက်အတွက် တစ်ထောင်ပတ်ဝန်းကျင်ကုန်တယ်။ အဲဒါ မနှစ်ကထက် နှစ်ဆပိုကုန်တဲ့သဘောပဲ။ ဒါ့ကြောင့် အရင်က ကော်ဖီမစ်တိုက်တာကို အခု မတိုက်ပဲ ဖြုတ်လိုက်ရတယ်။
ဒီကြားထဲ မီးပျက်တဲ့အတွက် ညဘက် မီးစက်နှိုးရလို့ ကုန်ကျ စရိတ်ပိုလာတယ်။ ဝန်ထမ်းလစာ၊ မီတာခ၊ အခွန်အခတွေ၊ ဘဏ်တိုးတွေနဲ့ပေါင်းလိုက်ရင် လုပ်ငန်းရပ်မသွားတာ ကပဲ အမြတ်လိုဖြစ်နေတယ်။ ကျွန်တော် တို့ အတွက်ကတော့ စားသောက်ကုန်ဈေးတက်တာက လှည့်လို့ရသေးတယ်၊ မီးပျက်တာက ပိုဆိုးတယ်။
မန်ကျည်းဖျော်ရည်သည်
အောင်မယ်လေးတော်၊ဆရာပြောတဲ့ ကျန်တဲ့ နိုင်ငံတွေလို မဟုတ်ဘူး၊ ဗမာတွေဆန်စားတာများလွန်းတယ်၊ ဆန် ချောက အဆီများတယ်၊ ဆန်ကြမ်းစားပါ လို့ ပြောတာ ဘယ်သူတုန်း။ ခေါ်ခဲ့စမ်းပါ့။
ဆင်းရဲသား၊ ဟင်းကောင်းကောင်းလည်း မစားနိုင်၊ သရေစာလည်း မစားနိုင်၊ ဆန်ကောင်းလေးတော့ စားပါ ရစေ။ ထမင်းထွေးထွေးလေးနဲ့ဆို နှမ်းဖတ်ချဥ်လေးနဲ့လည်း စားလို့ရတယ်။ ဆန်ကြမ်းမစားခိုင်းနဲ့၊ ဆန်ဈေးပဲ ကျအောင် လုပ်ပေး။
ဆန်ဆိုင်
အိတ်စ်ပို့လုပ်တာက ဆန်ကြမ်းတွေ၊ အများစားတဲ့ ဆန်ချောတွေမဟုတ်ဘူး။ အိတ်စ်ပို့ကြောင့် ဆန်စျေးတက် တာမဟုတ်ဘူး။ အခုက အရင် ဆန်ချောစိုက်တဲ့ နေရာတွေမှာ မစိုက်နိုင်တာလည်း ပါတယ်။ ဆီဈေး၊ ဓာတ်မြေဩ ဇာစျေး၊ ပိုးသတ်ဆေး၊ ဘာကြေး ညာကြေး ဆက်စပ်နေသမျှ အကုန်တက်နေမှတော့ ဆန်ဈေးလည်း တက်မှာပဲ။
ဆန်ဈေးတက်လို့ အမြတ်ပိုမရပါဘူးဗျာ၊ မနှစ်ကစျေးနဲ့ ရတဲ့ အမြတ်မာဂျင်ထက်တောင် နည်းသေးတယ်။ ကိုယ့် အိမ်စရိတ်၊ ကားဆီဖိုး၊ ကလေးကျောင်းစရိတ်တွေကလည်း တက်နေတာပဲလေ။
ခရီးသည်
ဘတ်ဂျက်ဟိုတယ်တည်း၊ လမ်းဘေးဆိုင်စားလည်း တစ်ခေါက်ထက် တစ်ခေါက် ကုန်တာပိုများလာပြီ၊ အိမ်ရှင်မ မျက်နှာမညိုအောင် ခရီးသွားတာလျှော့ဦးမှ။
It is but a step from hunger to starvation, from disease to death.
Ben Ki-Moon
LikeLike