ပုဂံမြင်ကွင်းကျယ် (၁၄)

စောင့်‌ရှောက်သူ

ပုဂံရောက် ဘုရားဖူးဧည့်သည်ဟာ ဘုရားဖူးသွားတဲ့အခါ အထူးသဖြင့် ထင်ရှားတဲ့ ဘုရားတွေကို ‌ရောက်တဲ့အခါ မဖြစ်မနေ ကြုံတွေ့ရတာကတော့ ဘုရားလုံခြုံရေး ဝန်ထမ်းတွေပေါ့။ ထင်ရှားတဲ့ ဘုရားဖူးအလာများတဲ့ ဘုရား တွေဆိုရင် ဂေါပကအဖွဲ့ ရှိတဲ့အတွက် အဲဒီ ဘုရားလုံခြုံရေးဝန်ထမ်းတွေဆိုတာကလည်း ဂေါပကအဖွဲ့က ခန့်ထား တဲ့ ဝန်ထမ်းတွေပါပဲ။ ဒီဝန်ထမ်းတွေက တူညီဝတ်စုံဝတ်ထားမယ်၊ ဘုရားဖူးဧည့်သည်တွေ စည်းကမ်းတကျ ရှိ အောင် ထိန်းသိမ်းမယ်၊ လိုအပ်ရင် လူဝင် လူထွက်စာရင်းကောက်မယ်၊ ဘုရားဝင်းအတွင်းက ရှေးဟောင်း အမွေ အနှစ်တွေရဲ့ လုံခြုံရေးကို ဆောင်ရွက်မယ်၊ တစ်ခါတလေ ခရာသံတတွီတွီ နဲ့ လမ်းရှင်းတဲ့အလုပ်လုပ်မယ်၊ ကား တွေ နေရာချမယ်။ ယဥ်ကျေးဖွယ်ရာစကားပြောတဲ့ ဝန်ထမ်းရှိသလို အထက်စီးနဲ့ ပြောတတ်သူလည်း ရှိတယ်။ ဂေါပကနောက်ခံနဲ့ ဆိုတော့ ဘုရားဖူးတွေ၊ စျေးသည်တွေလည်း မပြောသာဖူးပေါ့။ 

ဒါပေမဲ့ နာမည်ကျော်ကြားထင်ရှားတဲ့ ဘုရားတွေမဟုတ်ပဲ ဗိသုကာလက်ရာအရ၊ နံရံဆေးရေးပန်းချီလက်ရာ များအရ သမိုင်းတန်ဖိုးကြီးမားတဲ့ ဘုရားတွေကို သွားမယ်ဆိုရင် နောက်ထပ် လုံခြုံရေးဝန်ထမ်းတွေကိုလည်း တွေ့ရ လိမ့်မယ်။ ဒီဝန်ထမ်းတွေကတော့ တူညီ ဝတ်စုံမရှိဘူး၊ အရပ်ဝတ်အရပ်စား နွမ်းနွမ်းလေးတွေ ဝတ်ထား ကြတယ်။ သူတို့ဟာ ခရာသံတတွီတွီလည်းမပေးနိုင်ဘူး၊ သူတို့ တာဝန်ကျတဲ့ဘုရားတွေကလည်း ဘုရားဖူးအလာ များတဲ့ဘုရားတွေမဟုတ်ဘူး။ ရောက်လာတတ်တဲ့ ဘုရားဖူးဧည့်သည်တချို့ကလည်း သူတို့ကို သော့ကိုင် တဲ့ ဒရဝမ်လောက်သ‌ဘောထားတယ်။ လုပ်ငန်းလိုအပ်ချက်အရ တစ်ခုခု ပြောရင်တောင် ကြိုက်တာမဟုတ်ဘူး။ အဲဒီ လုံခြုံရေးဝန်ထမ်းတွေကတော့ ရှေး/သုလို့ ခေါ်တဲ့ ရှေးဟောင်းသုတေသန ပုဂံဌာနခွဲ က ခန့်ထားတဲ့ ဝန်ထမ်းတွေ ပေါ့၊ တရားဝင်အခေါ်ကတော့ ဘာလဲမသိဘူး၊ အများကရော သူတို့ကိုယ်တိုင်ကရော ဘုရားအစောင့်လို့ပဲ ခေါ်ကြ တယ်။ ဒါပေမဲ့ သူတို့ကမှ ပုဂံရဲ့ တန်ဖိုးတွေကို တကယ်ထိန်းသိမ်းစောင့်ရှောက်သူတွေဖြစ်ပါတယ်။ 

အဲဒီ ဝန်ထမ်းတွေက အသက်အရွယ်အမျိုးမျိုးပဲ။ အငြိမ်းစားယူပြီးမှ နေ့စားပြန်လုပ်နေတဲ့ ဝန်ထမ်းလည်း ရှိ တယ်၊ အမျိုးသမီးဝန်ထမ်းလည်းပါတယ်။ သူတို့ဟာ အောက်ခြေအနိမ့်ဆုံး ဝန်ထမ်းစာရင်းဝင်တွေပေါ့။ လစာက အမြဲတမ်းဝန်ထမ်းဆိုရင် တစ်သိန်းလေးသောင်းလေးထောင်က စတယ်၊ တစ်သိန်းငါးသောင်းလေးထောင်မှာ ဘားဆုံးတယ်။ နေ့စားက တစ်နေ့ လေးထောင့်ရှစ်ရာ ၊ ရက်သုံးဆယ်ဆိုရင် တစ်သိန်းလေးသောင်းလေးထောင်။  သူတို့ကိုမေးရင်တော့ အစွန်းထွက်ကို ထည့်မပြောဘူး၊ တစ်သိန်းလေးသောင်း၊ တစ်သိန်းခွဲ ဒီလိုပဲ ပြောတယ်။ 

သူတို့က အောက်ခြေအကျဆုံးဝန်ထမ်းတွေဆိုတော့ အားလုံးကို ကြောက်နေရပုံပဲ၊ သူတို့ မိသားစုဘဝအကြောင်း ကို စိတ်ပါလက်ပါပြောပြပေမဲ့ လုပ်ငန်းသဘောသဘာဝ နဲ့ အခက်အခဲတွေတွေကိုတော့ မပြောရဲဘူး။ သူတို့ ဟာ  ရွာထဲမှာနေသူရှိသလို ကိုယ်တာဝန်ကျတဲ့ ဘုရားအနားမှာ အိမ်လေးနဲ့ နေရတဲ့သူလည်း ရှိတယ်၊ တခြားနေရာမှာ ရှိတဲ့ ရှေးသု ဝန်ထမ်းအိမ်ရာမှာနေပြီးအလုပ်ဆင်းရသူလည်းရှိတယ်။ ဘုရားတစ်ဆူထဲကိုပဲ တာဝန်ယူရတဲ့သူတွေ   ရှိသလို တာဝန်ကျ ဘုရားအပြင် သတ်မှတ်နယ်မြေထဲက ဘုရားတွေ အခြေအနေကို လိုက်ကြည့်ပြီး ထူးခြားတာ ကို သတင်းပို့ ပေးရတဲ့သူလည်းရှိတယ်။

ဒီဝန်ထမ်းအများစုက ကိုယ်တာဝန်ယူထားရတဲ့ ဘုရားနဲ့ပတ်သက်ပြီး အချက်အလက်အတော်များများကို သိ တယ်၊ နံရံဆေးရေးပန်းချီတွေကို ရှင်းပြနိုင်တယ်၊ ထူးခြားတဲ့ ပုံတွေရှိတဲ့နေရာကို ညွှန်ပြနိုင်တယ်။ ဘုရားတစ်ဆူ ထဲကို နှစ်ပေါင်းများစွာတာဝန်ယူထားရတဲ့အတွက် ဒီဘုရားက သူတို့ရဲ့ ဘဝအစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေ တော့ သူတို့တာဝန်ယူထားတဲ့ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားကိစ္စလေးတွေကိုလည်း ပြောပြ နိုင်တယ်။ ဒါပေမဲ့ ဘုရားတစ်ဆူမှာတော့ နေ့စားအဖြစ်အသစ်ခန့်ထားတဲ့ လူငယ် ဝန်ထမ်းအသစ်နှစ်ယောက် တွေ့တယ်။ သူတို့က တော့ ဘုရားအကြောင်းဘာမှမသိသေးဘူး၊ ဖုန်းပွတ်နေတာပဲရှိတယ်။  

သူတို့ဟာ လစာအနည်းဆုံးဝန်ထမ်းဖြစ်တဲ့အတွက် ဘယ်ခေတ်ဖြစ်ဖြစ် သူတို့လစာတစ်ခုတည်းနဲ့ ရပ်တည်လို့  မရပါဘူး။ မိသားစုလိုက်အလုပ်လုပ်ရတာပဲ။ ဟိုတယ်မှာလုပ်တယ်၊ သဲပန်းချီလေးတွေရောင်းတယ်၊ ဓာတ်ပုံ လေးတွေရောင်းတယ်၊ စျေးဆိုင်၊စားသောက်ဆိုင်အကူလုပ်တယ်။  ဒါပေမဲ့ ကိုဗစ် ၁၉ နောက်ပိုင်းကာလမှာတော့ ဧည့်သည်တွေ အလာနည်းသွားတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းနည်းသွားပြီး ကုန်စျေးနှုန်းကလည်း ကော်မတီတွေ ဖွဲ့လေ၊ တက်လေဖြစ်နေတော့ သူတို့လည်း  တုံးအောက်က ဖား ကြာလေပြားလေပေါ့။  

ရှေးဟောင်းယဥ်ကျေးမှုတွေကို အဓိကထားလေ့လာတဲ့ ဧည့်သည်တွေ အထူးသဖြင့် နိုင်ငံခြားသားဧည့်သည် တွေ ကတော့ သူတို့ သိချင်တာကို ရှင်းပြနိုင်တဲ့၊ ကြည့်ချင်တာကို ပြသ ပေးတဲ့ ဒီဝန်ထမ်းတွေကို ဉာဏ်ပူဇော်ခပေးတာ၊ အမှတ်တရလက်ဆောင်ပေးတာရှိပါတယ်။အခုတော့ပြည်တွင်းဧည့်သည်အများစုကလည်းဆဲလ်ဖီဧည့်သည်၊ အလှဓာတ်ပုံရိုက်ဧည့်သည်၊ လက်ပန်းချီဆွဲ ဧည့်သည်တွေ၊ နိုင်ငံခြားသားဧည့်သည်ဆိုတာလည်း မလာသလောက် ဖြစ်နေတော့ သူတို့လည်း အပိုဝင်ငွေ မရှိသလောက်ပါပဲ။ ဒါပေမဲ့ သူတို့လုပ်ရမယ့်အလုပ်ကိုတော့ စေတနာ အပြည့်နဲ့ လုပ်နေတာကိုတွေ့ရတယ်။ ကျွန်တော်ကြုံခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ဆိုရင် ကျွန်တော်က ဉာဏ်ပူဇော်ခ ပေးတာကို လုံးဝ မယူဘူး၊ ဘယ်လိုပြောပြောလက်မခံဘူး။ သူ့အယူအဆကတော့ သူရှင်းပြတဲ့အတွက် ဘုရား အကြောင်း လူတစ်ယောက်သိသွားရင် ကုသိုလ်ရတယ်၊ ကျန်တာတွေ မလှူနိုင်လို့  ပညာလှူတာပါတဲ့။ ကြက်သီး မွှေးညင်းထ ရတဲ့ စကားပါပဲ။ 

ကျွန်တော်က ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်  ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ( အေဒီ ၉ ရာစု မှ ၁၃ ရာစု) မှာ ခြောက်ရက်နေပြီးလေ့လာခဲ့ဖူးတယ်။ အဲဒီမှာ ရှေးဟောင်းအ‌ဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့  ခန့်အပ်ထားတဲ့ ဝန်ထမ်းရော ၊ အဲဒီနယ်မြေအတွင်း သန့်ရှင်းရေးဆောင်ရွက်တဲ့ ဝန်ထမ်းရော အားလုံးက ဌာန တူညီ ဝတ်စုံတွေ ဝတ်ဆင်ထားတယ်။ နောက်ပြီး အဆောက်အအုံတစ်ခုမှာ လုံခြုံရေးဝန်ထမ်း အနည်းဆုံး နှစ် ယောက်ရှိတယ်၊ အဆောက်အအုံကြီးရင် ဆယ်ယောက်လောက်အထိ တာဝန်ချထားတာတွေ့ခဲ့ရတယ်။ လစာ အခြေအနေကို မသိခဲ့ရပေမဲ့ သူတို့ ဝတ်စားဆင်ယင်မှု နဲ့ စားသောက်မှု အခြေအနေကို မြင်ခဲ့ရသမျှတော့ သူ့အိုး နဲ့ သူ့ဆန် တန်တဲ့သဘောမှာရှိပါတယ်။ 

အဲဒီအခြေအနေနဲ့ ယှဥ်ကြည့်လိုက်ရင် ပုဂံက ရှေး/သု ဘုရားစောင့်ဝန်ထမ်းတွေရဲ့ အခြေအနေက အတော်လို အပ် ချက်များနေပါတယ်။ တကယ်တော့ သူတို့ရတဲ့ လစာ နဲ့ သူတို့ ထိန်းသိမ်းစောင့်ရှောက်နေရတဲ့ ယဥ်ကျေးမှု အမွေ အနှစ်တွေရဲ့ တန်ဖိုးကို နှိုင်းယှဥ်ကြည့်လိုက်ရင် သနားဖို့တောင်ကောင်းပါတယ်။ ခက်တာက ပုဂံရှေး/သု ဌာနခွဲက ဝန်ကြီးဌာနအောက်မှာရှိပြီး  ဝန်ထမ်းဖွဲ့စည်းပုံ အရ  ခန့်အပ်ရတာဆိုတော့ အစောင့်ရာထူးအတွက်က ဒီလစာ စကေး ထက်ပိုမရနိုင်ဘူးပေါ့။ 

အန်ကောဝပ်ကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၁၉၉၂ ခုနှစ်မှာ အသိအမှတ်ပြုခံရပြီးတဲ့ နောက် အန်ကောဝပ်ရှေးဟောင်းယဥ်ကျေးမှုနယ်မြေကို စီမံခန့်ခွဲဖို့အတွက် ၁၉၉၅ ခုနှစ်မှာ Authority for the protection of the site and the Management of the Region of Angkor (APSARA National Authority) ဆိုတဲ့ လွတ်လပ်တဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းကို သီးခြားဖွဲ့စည်းပြီး အန်ကောဝပ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက်လိုအပ်တဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးအာဏာအားလုံးပေးအပ်ထားတဲ့ အတွက် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအပြင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်း၊ သဘာဝပတ်ကျင်ထိန်းသိမ်းရေး၊ ရောင်း ဝယ်ဖောက်ကားရေး အကုန် စီမံခန့်ခွဲလို့ရတယ်။ 

ပုဂံကတော့ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ်မှာ သတ်မှတ်ခံရပေမဲ့ အခုအချိန်ထိ ယဥ်ကျေးမှု ဝန် ကြီးဌာန လက်အောက်ခံ ဦးစီးဌာနရဲ့ ဌာနခွဲတစ်ခု ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာပဲရှိသေးတယ်။ ကျန်တဲ့ ဝန်ကြီးဌာနတွေကို ကိုင်တွယ်ဖို့မပြောနဲ့  ပုဂ္ဂလိက စီးပွားရေးသမားကိုတောင် ကိုင်တွယ်ဖို့ မလွယ်တဲ့ အခြေအနေ မှာရှိတယ်။ သူ့ဝန်ထမ်းတွေကို ဖွဲ့စည်းပုံပြင်ဖို့  သင့်တော်တဲ့လစာတွေတိုးပေးဖို့ဆိုတာကတော့ ဝေလာဝေးပဲ။

ကျွန်တော့ကဗဟုသုတများတဲ့ဝန်ထမ်းတစ်ယောက်ကို သူများနိုင်ငံမှာဆိုရင် ဒီလိုရှေးဟောင်းနေရာတွေ ကို  သီးခြား အဖွဲ့နဲ့ အုပ်ချုပ်တာဗျ၊ ပုဂံမှာအဲဒီလို ဖြစ်ရင် ခင်ဗျားတို့လစာကို ကျန်တဲ့ ဌာနတွေနဲ့ ညှိဖို့ မလိုတော့ ဘူး လို့ပြောပြတော့ အတော်သဘောကျသွားပုံရတယ်။ “အဲဒါ ဘယ်တော့ဖြစ်မလဲ” လို့ ချက်ခြင်း ပြန်မေးတယ်။

ဒါနဲ့ “ပုဂံကို ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ ဘုရားပြင်တာ၊ ထီးတင်တာ၊ ထုံးသုတ်တာကို ပြောတာမဟုတ်ဘူးလို့ နားလည်တဲ့ တစ်နေ့ပေါ့ဗျာ” ပြန်ဖြေလိုက်တော့ သူမျက်နှာမှာ စိတ်ပျက်သွားတဲ့ပုံကို အထင်းသားမြင် လိုက်ရ တယ်။ 

Leave a comment