တရုတ်စာရေးဆရာ ယုဟွာ ရေးတဲ့ “China in Ten Words” စာအုပ်ကို ဘိုဘိုဟန် ( အဆိုတော်မဟုတ်ပါ) က “စကားလုံး ၁၀ လုံးနဲ့ ယုဟွာ ပြောတဲ့ တရုတ်ပြည်” နာမည်နဲ့ ဘာသာပြန်တယ်။ ပန်းဆိုးတန်း #BookTree စာအုပ် ဆိုင်မှာ ဆုံတဲ့ စာပေ မိတ်ဆွေတစ်ယောက်က ဒီစာအုပ်ကို ဖတ် ကြည့်ဖို့ ညွှန်းတယ်။ ကျွန်တော့်မှာက တရုတ် ပြည်နဲ့ တရုတ် ခေါင်းဆောင်တွေအကြောင်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ စာအုပ်တွေအတော်များများရှိပြီး ဖြစ် နေတာရယ်၊ မူရင်းစာရေးသူ ယုဟွာ က ရသ စာပေ ရေးသားသူ ဆိုတော့ နိုင်ငံရေး နောက်ခံ ဝတ္ထုပဲ ဖြစ်မယ်လို့ ထင်မိတာရယ်ကြောင့် မဖတ်တော့ ပါဘူးလို့ ပြောလိုက် တယ်။ ဒါပေမဲ့ မိတ်ဆွေဖြစ်တဲ့သူက လက်မလျှော့ဘူး။ သူလက်ဆောင်ပေးမယ်ဆိုပြီး အတင်းထည့်ပေးလိုက် တယ်။
မှန်တာပြောရရင်အားနာလို့သာယူလာရတော့ စာအုပ်ကို တော်တော်နဲ့ မဖတ်ဖြစ်ဘူး။ လက်ထဲရောက်ပြီး တစ်ပတ်လောက် နေတော့မှ ဘာ့ကြောင့်များ ဒီစာအုပ်ကို အတင်းညွှန်းနေသလဲဆိုတာ သိချင်တာနဲ့ စာမြည်း ဦး မယ်ဆို ပြီး နည်း နည်းဖတ်ကြည့်လိုက်တာ ရပ်လို့ မရ တော့ဘူး။ ဒီလိုနဲ့ နှစ်ရက်လောက် တခြားဘာအလုပ်မှ မလုပ်နိုင်ပဲ စာအုပ်ကို ပြီးအောင် ဖတ်လိုက်ရတယ်။ ဒ့ါကြောင့် စာအုပ်သုံးသပ်ချက်မရေးခင်မှာ ဒီစာအုပ်ကို လျှော့တွက်မိတဲ့အတွက် လက်ဆောင်ပေးသူရော၊ ဘာသာ ပြန်သူရောကိုပါ တောင်းပန်ရမှာပဲ။
ဒီစာအုပ်က တရုတ်နိုင်ငံရေးနောက်ခံဝတ္ထုမဟုတ်ဘူး။ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ သမိုင်း မှတ်တမ်းစာအုပ် ကြီး လည်းမဟုတ်ဘူး။ အက်ဆေးပုံစံ စာတမ်းငယ်တွေကို စုစည်းထားတာ ဖြစ်ပြီး စကားလုံး ဆယ်လုံးဆို တဲ့အတိုင်း အက်ဆေးဆယ်ပုဒ်ပါတယ်။ အက်ဆေး တစ်ပုဒ် ချင်း ရဲ့ ခေါင်းစဥ်တွေက တရုတ်ပြည်ကို ရှုထောင့် ဆယ်မျိုးကနေ သုံးသပ်နိုင်တဲ့ စကားလုံးဆယ်ခု ဖြစ်ပါတယ်။ စာရေးဆရာ ယုဟွာက သူ ဖြတ်သန်း လာခဲ့ရတဲ့ နှစ်ငါးဆယ် အတွင်း ( ၁၉၆၀ – ၂၀၁၀) တရုတ်ပြည်သူ လူထုကြားမှာ ခေတ်စားခဲ့ တဲ့ စကားလုံး ဆယ်လုံးကနေ တရုတ်ပြည်ရဲ့ နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေးဘဝတွေကို ထင်ဟပ်ရေးသားထားတာဖြစ်ပါတယ်။ စာရေးသူက ခုနှစ် သက္ကရာဇ် တွေ၊ ကိန်းဂဏန်းတွေ ကို ကိုးကားရေးထားတာမဟုတ်ဘူး။ လူတစ်ယောက် နေ့စဥ် ဖြတ်သန်း ခဲ့တဲ့ဘဝတွေထဲ ဖြတ်ကနဲတွေ့လိုက်ရတဲ့အဖြစ်အပျက်တွေနဲ့အတွေးတွေကို ချရေးထားတာ၊ ခေတ်ပြိုင် ရုပ်ပုံလွှာ တွေ လို့လည်း ပြောလို့ရတယ်။
ယုဟွာ ရွေးထားတဲ့ ခေါင်းစဥ်ဆယ်ခု၊ စကားလုံးဆယ်လုံးက “ပြည်သူလူထုကြီး”၊ “ခေါင်းဆောင်”၊ “ စာဖတ်ခြင်း”၊ “စာရေးခြင်း”၊ “ဆရာကြီး လုရွှန်း”၊ “တော်လှန်ရေး”၊ “ကွာခြားချက်”၊ “အောက်ခြေဆင့် လူတန်းစား”၊ “ပုံတူခိုး ကူးခြင်း”၊ “လှည့်ဖြားခြင်း” တို့ပဲဖြစ်ပြီး အဲဒီစကားလုံးတွေရဲ့ မူရင်းတရုတ်ဘာသာအဓိပ္ပါယ်ကို ဖွင့်ဆိုရေးသား ထားတာ ဖြစ်ပါတယ်။
ယုဟွာက ၁၉၆၀ပြည့်နှစ်မှာမွေးတာဆိုတော့ မူလတန်း၊ အလယ်တန်းကျောင်းသားဘဝမှာယဥ်ကျေးမှုတော်လှန် ရေးကြီးနဲ့ ကြုံရတယ်၊၊ အထက်တန်းကျောင်းသားဘဝမှာ မော်စီတုန်းကွယ်လွန်၊ တိန်ရှောက်ဖိန် အာဏာရလာ ပြီး ပြုပြင်ပြောင်းလဲရေးအစ နဲ့ တွေ့တယ်။ ကျောင်းပြီးတော့ တံခါးဖွင့်မူဝါဒ နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ တီယန်မင် ရင်ပြင်အရေးအခင်းကို ဖြတ်သန်းရတယ်။ စာရေးဆရာဘဝနဲ့ တရုတ်ပြည်အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲလာတာကို လေ့လာခွင့်ရတယ်။ အခု စာဆယ်ပုဒ်က ခေါင်းစဥ်ပါ စကားလုံးနဲ့ပတ်သက်ပြီး သူ့ကိုယ်တွေ့ နဲ့ သူ့ပတ်ဝန်းကျင်မှာ တွေ့ကြုံခံစားရတဲ့အဖြစ်အပျက်တွေကို ရေးထားတာပါ။
ရေးသားတဲ့ပုံစံက ပေါ့ပေါ့ ပါးပါး ဆိုပေမဲ့ ယဥ်ကျေးမှုတော်လှန်ရေးကာလလို နာကျင်စရာ၊ ကြေကွဲစရာ အဖြစ်အပျက်အကြောင်းကို ဖတ်ရတဲ့အခါ မချိတင်ကဲ ပြုံးမဲ့မဲ့ ဖြစ်သွားအောင်ရေးပြထားပါတယ်။ စာရေးသူက ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံရေးစကားလုံး ကြီးတွေ ၊ သီအိုရီတွေ ကို မပြောပဲနဲ့ သာမန်တရုတ်ပြည်သူတွေ ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကို ကွက်ကွက် ကွင်း ကွင်းမြင်လာအောင်ရေးပြနိုင်ပါတယ်။ တချို့အဖြစ်အပျက်တွေ ဘာ့ကြောင့်ဖြစ်လာရသလဲဆိုတာကို တွေးဆ အဖြေထုတ်ထားတယ်။ အသက်အရွယ်နဲ့ ဖြတ်သန်းရတဲ့ခေတ် အပါ်မူတည်ပြီး အတွေးအခေါ်တွေ ပြောင်းလဲလာ ပုံတွေကို ခြေရာကောက်ထားတယ်။ မူရင်းစာအုပ်ကို မဖတ်ဖူး ပေမဲ့ ဘာသာပြန်သူ ဘိုဘိုဟန် ဟာ မူရင်း စာရေး ဆရာရဲ့ လေ ကို ရအောင်ဘာသာြပန်နိုင်တယ်လို့ ခံစားရပါ တယ်။
ကျွန်တော့်အတွက်ကတော့ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ အရင်က တိန်ရှောက်ဖိန်ရဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲ မှုတွေ စတင်ပြီးတဲ့နောက်ပိုင်းမှာ ယဥ်ကျေးမှုတော်လှန်ရေးရဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ အမူအကျင့်တွေ တဖြည်း ဖြည်းပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တာ မှားနေတယ်ဆိုတာကို သိလိုက်ရတယ်။ ဒါ့အပြင် အခန်း ၇၊ ၈၊ ၉၊ ၁၀ ကို ဖတ်ပြီးတဲ့အခါ လက်ရှိ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင့်ဖျင်က ဘာ့ကြောင့် တရုတ် နိုင်ငံ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပါတီရဲ့ ထိန်းချုပ်မှုနဲ့ ပါတီအခန်းကဏ္ဍကို မြှင့်တင်နေသလဲဆိုတာ ပိုနားလည်လာမိတယ်။
“စကားလုံး ၁၀ လုံး နဲ့ ယုဟွာပြောတဲ့ တရုတ်ပြည်” စာအုပ်
ဘိုဘိုဟန် ဘာသာပြန်တယ်။
နှစ်ကာလများစာအုပ်တိုက်က ၂၀၂၃ ခုနှစ် ဇွန်လမှာ ထုတ်ဝေတယ်။
စာမျက်နှာ ၃၆၀ ရှိပြီး စာအုပ်တန်ဖိုး ၉၀၀၀ ကျပ်။
