အိပ်မက်ပျက်ပြယ်

  ဈေးဝယ်စင်တာကြီးတွေကို ရောက်ရင် ဒီလူငယ်လေးတွေကို တွေ့နေကြ။ တူညီဝတ်စုံလေးတွေနဲ့ ၊ ဈေးဝယ် လာတဲ့ ကားတွေကို သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ကလေးတွေပေါ့။ ကားဆေးတဲ့လူငယ်လေးတွေဆိုရင် အခြေခံလစာတစ်သိန်းခွဲ၊ ရက်မှန်ကြေးက သုံးသောင်း၊ စုစုပေါင်း တစ်သိန်းရှစ်သောင်းရတယ်။ တစ်နေ့ ကားလေးစီးရေဆေးနိုင်ရင် နှစ်ထောင်၊ ခုနစ်စီး လေးထောင့်နှစ်ရာ၊ ဆယ်စီး ကိုးထောင် ဘောက်ဆူးထပ်ရတယ်။  လေးစီးမပြည့်ရင် တစ်ပြားမှ မရဘူး။ ခုနစ်စီးမပြည့်ရင် နှစ် ထောင်ပဲ။ တစ်ခါတစ်လေ ခြောက်စီး ရထားနဲ့နေ့ ဆိုရင် ခုနစ်စီးရဖို့ အသေအလဲကြိုးစားပေမဲ့ မရတဲ့ နေ့ လဲ ရှိတယ်။  

ကားဆေးတဲ့ အဖွဲ့အပြင် ရေဆေးမဲ့ကားကို လိုက်ရှာပေးတဲ့ လူငယ်လေးတွေလည်း ရှိသေးတယ်။ သူတို့ကတော့ မိန်းကလေးတွေများတယ်။ သူတို့က အခြေခံလစာ တစ်သိန်းခွဲ၊ ရက်မှန်ကြေးမရှိဘူး။ ကားတစ်စီး ရှာနိုင် ရင် ၁၅၀ ရတယ်။ တကယ်လို့ ရေဆေးတဲ့ကလေးကပဲ ကိုယ့်ဘာသာ ဖောက်သည်ရှာနိုင်ရင် တစ်စီးတစ်ရာရတယ်။ 

သူတို့အလုပ်ကလည်းမလွယ်ဘူး။ ကားများများဆေးရမှ ကိုယ့်အတွက် ဝင်ငွေကောင်းမှာဆိုတော့ ပန်းခင်းထဲမှာ  ဝတ်ရည်စုတဲ့ ပျားလေးတွေလိုပဲ ကားတွေကြားမှာ ပျားပန်းခတ်အောင် ပြေးလွှား နေရ တယ်။ ကား တစီး ရပ်တော့မယ်ဆိုရင် ရှေ့တိုး/နောက်ဆုတ် အဆင်ပြေအောင် အချက်ပြပေးရတယ်။ ကားရပ် သွားတဲ့အခါ ယာဥ်မောင်းကို အကိုတန် အကို ၊ ဦးလေးတန် ဦးလေး၊ အမတန်အမ၊ အန်တီ တန် အန်တီ ခေါ်ပြီး ကားရေဆေး မလားမေးရတယ်။ ဆေးမယ်ဆိုရင် ပျော်တာပေါ့၊ မဆေးသေးဘူးဆိုတော့လည်း နောက် တစ်စီး ဆီပြေးပေါ့။ 

အခု ရက်ပိုင်းအတွင်း ကျွန်တော်က ဈေးဝယ်စင်တာတစ်ခုကို မနက်တိုင်းလိုလို ‌ရောက်ဖြစ်နေတော့ အဲဒီလို လူငယ်လေးတစ်ယောက်နဲ့ မျက်မှန်းတန်းမိနေတယ်။  ကျွန်တော်ရောက်တဲ့အချိန်က မနက်စောစောဆိုတော့ ကားရှင်းတဲ့အတွက် ကျွန်တော်က စက်လှေကားနဲ့ အနီးဆုံး နေ ရာမှာ ရပ်တယ်။ သူကလည်း အဲဒီနားမှာ အမြဲလို လို ရှိနေတော့ ကားထဲက ထွက်လိုက်တာနဲ့  ကားရေဆေးမလားလို့ မေး တယ်။ 

ကျွန်တော်ကလည်း “ မိုးဆက်တိုက်ရွာနေတယ်ကွာ၊ ဆေးရင်လည်း ပြန်ပေမှာပဲ၊ နောက်မှ ဆေးတော့ မယ်” လို့  ပြန်ဖြေတယ်။လေးငါးရက် ကြာလာတော့ ကျွန်တော် ကားမဆေးဘူး လို့ ပြောလိုက်တိုင်း သူ့မျက်လုံးတွေထဲမှာ မြင်လိုက်ရတဲ့အရိပ်တစ်ခုကို သတိထားမိတာနဲ့၊ကားဆေးမယ်လို့ပြောလိုက်တဲ့အခါ  ဝမ်းသာ အားရ နဲ့  ပစ္စည်း ထည့်တဲ့ ပုံးယူလာပြီး အလုပ်စ တယ်။

ကျွန်တော်ကလည်း အချိန်ပိုနေတာနဲ့ အပေါ်မတက်သေးပဲ သူလုပ်တာကို ကြည့်ရင်း သူနဲ့ စကားပြောဖြစ် တယ်။  သူ့ကို ကြည့်လိုက်ရင် အသားဖြူဖြူ ကိုယ်လုံးကိုယ်ထည်သေးသေးနဲ့ ၁၆ နှစ်၊ ၁၇ နှစ်လို့ထင်ရပေမဲ့ တကယ်တော့ အသက် ၂၂ နှစ်ရှိနေပြီ။  ပညာအရည်အချင်းကလည်း ကိုးတန်းအောင် ဆယ်တန်း။ ဘာဖြစ်လို့  သူဒီအလုပ်ကို လုပ်နေသလဲဆိုတာကို စိတ်ဝင်စားတာနဲ့ စကားဆက်ပြောဖြစ်တယ်။ 

သူဟာ မိတ္ထီလာနယ် ရွာလေးတစ်ရွာ ကနေ ရန်ကုန်တက်လာတာ။ သူမိဘတွေက အရင်ကတော့ တောင်သူပဲပေါ့။ နောက် ရွှေတောတွေ ခေတ်စားလာတော့ သူအသက် ခုနစ်နှစ်လောက်မှာ ယာကို အငှားချပြီး ရွှေတောတက် စျေး  ရောင်းတယ်။ သူ့မိဘတွေရောင်းတဲ့ရွှေတောက သာစည်-ရွှေညောင်ရထားလမ်း လယ်ပြင်ဘူတာကနေ တဆင့် သွားရတယ်။ သူ့မိဘတွေက စျေးရောင်းတယ်ဆိုတာက ရွှေတောမှာ ဆိုင်ဖွင့်ပြီးရောင်းတာမျိုးမဟုတ်ဘူး။ ရွှေ တောမှာ ရှိတဲ့ ဆိုင်တွေ၊ အလုပ်သမားတွေက မှာတဲ့ ပစ္စည်းတွေကို ဝယ်ပြီး ရွှေတောကို သွားပို့၊ အရင် ပို့ထားတဲ့ ပစ္စည်းတွေအတွက် ငွေကောက်၊ နောက်တစ်ခေါက်ပြန်တက်၊ အဲဒီလိုမျိုးလုပ်တာ။

ပြောရရင် တော်တော်အဆင်ပြေတယ်ပေါ့။ ကလေးပညာရေးကိုလည်း ဂရုစိုက်တော့ သူလည်း ၁၀ တန်းအထိ အေးအေးချမ်းချမ်း ပညာသင်နိုင်တယ်။ သူကလည်း ထူးချွန်သူထဲမှာမပါပေမဲ့ တစ်နှစ်တစ်တန်းတော့ မှန်မှန် အောင်တယ်။ သားကြီးဆိုတော့မိဘတွေက ဆယ်တန်း ပြီးရင်လည်းတက္ကသိုလ်တက်ဖို့တိုက် တွန်း တယ်။ သူက တော့စက်မှုလက်မှုဝါသနာပါတော့ဂျီတီအိုင်လိုမျိုးတက်၊ပြီးရင်စက်ရုံတွေမှာလုပ်၊ အတွေ့ အကြုံ ရလာတဲ့ အခါ ကိုယ်ပိုင်တွင်ခုံ၊ ဝပ်ရှော့တွေလုပ်ချင်တာတဲ့။

ဒါပေမဲ့ သူဆယ်တန်းတက်တဲ့ နှစ်မှာ ကိုဗစ်ဖြစ်တယ်။ ကျောင်းတွေက ပိတ်လိုက်ဖွင့်လိုက်။နောက်တော့ ရွေး ကောက်ပွဲ ၊ သူ့ဘဝမှာ ပထမဆုံးမဲပေးရတာပေါ့။ အင်န်အယ်လ်ဒီကိုမဲပေးပေးတယ်။ ဘာ့ကြောင့်ပေးတာလဲ လို့ မေးတော့ သူမွေးထဲက ဒီမျက်နှာတွေပဲ မြင်ခဲ့ရတာ၊ နောက်ထပ်ပြန်မမြင်ချင်တော့ဘူး တဲ့။ ၂၀၂၀ ရွေးကောက်ပွဲ အကြိုစာရင်းဇယားတွေအရ ပထမဆုံးအကြိမ်မဲပေးမဲ့သူက ( ၄.၇  ) သန်းကျော် ရှိတယ်။ အဲဒီ လူငယ်လေး တွေရဲ့ ရင်ထဲက ဆန္ဒကို သတိမထားမိတဲ့သူတွေ အများကြီးပဲ။ အဲဒီလိုပြောရင်လည်း ဒီကလေးတွေ နိုင်ငံရေး မသိပဲ မဲပေးတယ်လို့ပြောတဲ့လူရှိဦးမယ်။အဲဒီလိုလူတွေကို “နိုင်ငံရေးအကြောင်းနားလည်တဲ့သူကရော ခင်ဗျားတို့ ကို ထောက်ခံလို့လား”လို့မေးရင် ဘယ်လိုပြန်ဖြေမလဲမသိဘူး။ ဒီမိုကရေစီရွေးကောက်ပွဲ ဆိုတာ လူတစ်ကိုယ် မဲ တစ်ပြားနဲ့  အားလုံးတန်းတူဖြစ်အောင် တန်းညှိပေးတာ၊ မဲဆန္ဒရှင်တိုင်းကို တန်းဖိုးထားစည်းရုံးရတယ်ဆိုတာ ဒီလူ တွေနားလည်ပုံမရဘူး။

၂၀၂၁ ဖေဖော်ဝါရီ တစ်ရက်နေ့ နောက်ပိုင်းမင်းဘာလုပ်လဲလို့ မေးတော့ ချက်ခြင်းမဖြေဘူး၊ မကြောက်ပါနဲ့ ကွ၊ ငါက သိချင်ရုံသက်သက်ပါလို့ ပြောလိုက်မှ အသံတိုးတိုးနဲ့ ကျွန်တော်လည်း ဘယ်နေမလဲ၊ လမ်းပေါ်ထွက်တာ ပေါ့တဲ့။ ဘာဖြစ်လို့တုံး လို့မေးတော့ “ ကျွန်တော်တို့ မဲပေးထားတာလေဗျာ”တဲ့ ၊ ဒီတစ်ခါတော့ အသံမတိုးတော့ ဘူး။ ကလေးရုပ်ပေါက်နေတဲ့ မျက်နှာက ခပ်တင်းတင်းဖြစ်သွားတယ်။ 

ဖေဖော်ဝါရီ တစ်ရက်နေ့နောက်ပိုင်းမှာ သူ့မိဘတွေ အခြေအနေယိုင်သွားတယ်။ ရွှေတောက လူတွေ ထွက်သွား ကြတယ်။ ဆိုင်တွေပိတ်သွားကြတယ်။ သူ့မိဘတွေပေးထားတဲ့ အကြွေးအားလုံးလိုလို ဆုံးတယ်။ လူမရှိတော့ လို့ ဆုံးတာရှိသလို လူရှိပေမဲ့ မပေးတာလည်းရှိတယ်။ ဘယ်သူ့ကိုမှလည်း တိုင်လို့ မရဘူး။ နောက်ဆုံးတော့ ရွာမှာ ယာပြန်လုပ်ရတဲ့ဘဝရောက်သွားတယ်။ 

‌ကျောင်းတွေပြန်ဖွင့်တော့ သူကျောင်းပြန်မတက်တော့ဘူး။ အဖေအမေကို တစ်လှည့်ပြန်ကြည့်ရဦးမယ်ဆိုပြီး  အလှကုန်၊လူသုံးကုန်ဖြန့်တဲ့ဆိုင်မှာဝင်လုပ်တယ်။လခတစ်သိန်းကျော်ရပေမဲ့တက်ပြီးရင်းတက်နေတဲ့ကုန်ဈေးနှုန်း နဲ့ဆိုတော့အိမ်အတွက် လောက် လောက် လား လားမရဘူး။ ဂျီတီအိုင်တက်မယ်ဆိုတဲ့ သူ့အိပ်မက်လည်း မဖြစ်နိုင် တော့ဘူး။

အဲဒီအချိန်မှာပဲ  သူ့အတွက် ကယ်တင်ရှင်ပေါ်လာတယ်။ မြို့က အမျိုးသမီးတစ်ယောက်က ရွာကကလေးတွေကို ထိုင်းမှာ အလုပ်ရအောင်ကူညီပေးမယ်လို့ပြောတယ်။ တကယ်တော့ သူက သူ့မောင်ရယ်၊ ဆွေနီးမျိုးစပ် ကလေး တွေရယ်အတွက် အလုပ်ရှာရင်း အဆက်အသွယ်ကောင်းကောင်းရတဲ့အတွက် ရွာက ကလေးတွေကို ကူညီတာ လို့ ဆိုတယ်။ သူပို့ပေးမယ်ဆိုတဲ့ သူ့အမျိုးနှစ်ယောက်သုံးယောက်လောက်က ရွာတွေမှာရှိတာဆိုတော့ ယုံပြီး ပတ်ဝန်းကျင်ရွာ လေးငါးရွာလောက်က လူငယ်တွေ စာရင်းပေးကြတာပေါ့။

အဲဒီအမျိုးသမီးက ဒီနှစ် ဇူလိုင်လမှာ မြဝတီကတဆင့် သွားရမယ်၊ တစ်ယောက် ၃၅ သိန်းပေးရမယ်၊ အကုန်ပေး နိုင်ရင်ပေး။ မပေးနိုင်ရင် ၁၀ သိန်း စရန်ချ၊ စာအုပ်ရပြီးရင်ကျန်တဲ့ငွေပေးလို့  ပြောတယ်။ တချို့ က အကုန် ပေး တယ်။ သူကတော့ ၁၀ သိန်းပဲပေးနိုင်တယ်၊ ဒါတောင် မိဘတွေက အတိုးနဲ့ ချေးပြီး ပေးရတာ။ 

ငွေရပြီးတော့ အဲဒီအမျိုးသမီးက မြဝတီမှာ သွားစီစဥ်မယ်ဆိုပြီး ထွက်သွားတယ်။ သူတို့ကို ဗိုင်ဘာကနေပဲ ဘာလုပ် နေတယ်၊ ညာလုပ်နေတယ်ဆိုပြီး အသိပေးတယ်။ နောက်ဆုံးတော့ ထိုင်းဘက်က လိမ်သွားလို့ ငွေတွေ ပါသွား ပြီ ဆိုပြီး ဇာတ်သိမ်းသွားတယ်။ သူသိသလောက်ဆိုရင် လူ ခုနစ်ဆယ်နီးပါး ပိုက်ဆံ ဆုံးသွားတယ်။ သူ့အတွက်လည်း နိုင်ငံခြားမှာ အလုပ်လုပ်ပြီး မိဘကိုထောက်ပံ့မယ်ဆိုတဲ့ နောက်ထပ်အိပ်မက်တစ်ခု ပျက်ပြန် ပြီပေါ့။  

အမျိုးသမီးကတော့ ခပ်ပြောင်ပြောင်ပဲ၊ အိမ်ပြန်လာပြီး အသွားအလာမပျက်ဘူး။ ငွေပြန်တောင်းရင် ငါတို့ အမျိုး တွေလည်း အလိမ်ခံရတာပဲ၊ မပေးနိုင်ဘူး၊ ကြိုက်တဲ့နေရာတိုင်လို့ ပြောတယ်။ သူ့အမျိုးတွေ တကယ်ပဲ ပိုက်ဆံ ပါသွားလား၊ အမျိုးတွေကပါ အလံရှူးလုပ်ပြီး ပေါင်းလိမ်သလားမသိဘူး။ ရဲစခန်းသွားတိုင်တဲ့ သူတချို့ရှိပေမဲ့ အခုထိ ဘာမှ မထူးသေးဘူး။ အရင်ခေတ်ကဆိုရင်တော့ ခံရတဲ့လူတွေစုပြီး လိုင်းပေါ်တက်အော်တာတို့၊ ဂျာနယ် ကို ပြောတာတို့နဲ့ လူသိ အောင်လုပ်လို့ရပေမဲ့ အခုအချိန်မှာ ဘယ်သူမှ မလှုပ်ရဲဘူး။ 

သူကတော့ မိဘတွေ မပြေလည်တဲ့ ကြားထဲမှာ ထပ်ပြီး ဒုက္ခပေးသလို ဖြစ်သွားတဲ့အတွက် ဝမ်းနည်းတာပေါ့။ အဲဒါကြောင့် ရန်ကုန်တက်လာပြီး ဒီအလုပ်ကို လုပ်ရင်း နိုင်ငံခြားထွက်ရမဲ့ နည်းလမ်းကို ရှာတာ။ လက်ရှိက တော့ အဆောင်မှာနေတယ်။ အဆောင်ဆိုပေမဲ့ အခန်းကျယ်ထဲမှာ ကြမ်းပြင်ပေါ် ပလတ်စတစ် ဖျာ ခင်းပြီးအားလုံးပြား အိပ်ရတာ။ဈေးတော့သက်သာတယ်။စားတာကတော့လမ်း‌ဘေးဆိုင်ပေါ့။ ချွေချွေ တာတာသုံး ပြီး မိဘတွေဆီ ငွေပြန် ပို့မယ်။ အနည်းဆုံးအတိုးပေးဖို့ရတာပေါ့။

ဒီလူငယ်လေးရန်ကုန်ရောက်တာ တစ်လကျော်လေးပဲရှိသေးတယ်။ ဘာအဆက်အသွယ်မှ မရှိသေးဘူး။ ဒါနဲ့ ကျွန် တော်သိတဲ့တရားဝင်အေဂျင်စီတစ်ခုရဲ့လိပ်စာကိုပေးပြီး၊ပိုက်ဆံပေးစရာမလိုပဲ အလုပ်ရမှ ပြန်ဆပ် တဲ့နည်းလမ်း ရှိ၊မရှိ  စုံစမ်းကြည့်ပေါ့လို့ ပြောလိုက်တယ်။ လူငယ်လေးကတော့ သူ့အိပ်မက်ကို လက်မလျှော့သေးဘူး။ စက်ရုံ တွေမှာလုပ်ရရင်ကောင်းမယ်။ ပညာရတာပေါ့လို့ ပြောတယ်။ 

သူ့စကားကိုကြားလိုက်တော့ စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမဲ့  လူငယ်တွေရဲ့ အိပ်မက်တွေပျက်စီး၊ လူကြီး တွေ ရဲ့ လောဘတွေအတ္တတွေကြီးထွား၊ အိပ်မက်တွေရှင်သန်ရမဲ့ အစား ပျောက်ဆုံးနေတဲ့ နိုင်ငံမှာ ငါပြောတဲ့ အေဂျင်စီမှာ စုံစမ်းကြည့်ပါကွာ၊ မင်းကံကောင်းမှာပါ လို့ အားပေးတာပဲတတ်နိုင်တယ်။

Leave a comment