ဂရင်းဗီးလ်

သင်္ဘောတစ်စီးမှာ ရေယာဥ်မှူးဆိုတာက ရာထူးအကြီးဆုံး၊  သင်္ဘောတစ်စီးလုံး ဘေးရန် ကင်း ကင်းနဲ့ လိုရာ ခရီး  ရောက်ဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်၊ နိုင်ငံရေး၊ စီးပွားရေး လောကမှာတောင် သူတို့ ခေါင်းဆောင် တွေကို  ပဲ့ကိုင် ရှင် ကြီး ဆိုပြီး တင်စားရအောင် ရေယာဥ်မှူးရဲ့ အခန်းကဏ္ဍက ကြီးမားလှတယ်။ ဒါပေမဲ့ ပဲ့ကိုင်ရှင်ကြီး အမှားမှား အယွင်းယွင်း ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီမေးခွန်းကို ဂရင်းဗီးလ် ရေငုပ် သင်္ဘေဖြစ်စဥ်မှာ အဖြေရှာ လို့ရပါ တယ်။ 

ဂရင်းဗီးလ်ဆိုတာက အမေရိကန် ရေတပ် က အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ် အက်စ် ဂရင်းဗီးလ် ( USSGreeneville) ကို ပြောတာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မနက် ရှစ်နာရီမှာ  ဂရင်းဗီးလ် ရေငုတ်သင်္ဘောက ဟာဝိုင်ယီကျွန်း ပုလဲဆိပ်ကမ်းကနေ ထွက်လာတယ်။ သူ့ ခရီးစဥ်က သာမန် လေ့ကျင့်ရေး ခရီးစဥ်၊ ပုံမှန်ကင်းလှည့်ခရီးစဥ်မျိုးမဟုတ်ဘူး။အရေးကြီး ဧည့်သည်တွေကို  ရေငုပ် သင်္ဘော ရဲ့ စွမ်းဆောင်နိုင် မှု တွေ ရှင်းလင်းပြသတဲ့ ခရီးစဥ် ဖြစ်ပြီး အမေရိကန်ရေတပ်မတော်ရဲ့  သတ် မှတ်ချက်အရ  Distinguished Visitor Embarkation (DVE) လို့ သတ်မှတ်ထားတဲ့ ခရီးစဥ်ဖြစ်ပါတယ်။ ဒီရေငုတ် သင်္ဘော ရဲ့  စစ်ရေယာဥ်မှူးက ဗိုလ်မှူးကြီး စကော့ ဝက်ဒဲလ် (Scott Waddle) ဖြစ်ပါတယ်။   

ဒီခရီးစဥ်မျိုးက လွှတ်တော်အမတ်တွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ သတင်းထောက်တွေ၊  လူထု သဘောထား အမြင် အပေါ်မှာ ဩဇာသက်ရောက်တဲ့ပုဂ္ဂိုလ်တွေကို ‌ရေတပ်သင်္ဘောတွေပေါ်ခေါ်သွားပြီး ရေတပ်ရဲ့ စွမ်းဆောင် နိုင်မှု တွေကို ပြသတဲ့ခရီးစဥ်ဖြစ်ပါတယ်။ တနည်းအားဖြင့် ရေတပ်အတွက် လိုအပ်တဲ့ ဘတ်ဂျက်တွေ၊ လူထု ထောက်ခံ မှုတွေ ရအောင် မဲဆွယ်စည်းရုံးတဲ့ ခရီးစဥ်လို့ပြောလို့ရပါတယ်။ အဲဒီနေ့က ဂရင်းဗီးလ် ရေငုပ်သင်္ဘော ပေါ်မှာ စီးပွားရေးလုပ်ငန်းရှင် ရှစ်ယောက်၊ သူတို့ ဇနီးခြောက်ယောက် နဲ့  အားကစားသတင်းထောက် ဇနီးမောင် နှံ နှစ်ယောက် အားလုံးပေါင်း ၁၆ ယောက်ပါတယ်။ 

အဲဒီနေ့ နေ့လယ် ၁၂ နာရီမှာပဲ ဂျပန်နိုင်ငံက အဲဟိမဲမာရု  (Ehime Maru ) ငါးဖမ်းသင်္ဘောကလည်း ဟိုနိုလူလူ ဆိပ်ကမ်းကနေ ထွက်လာတယ်။ အဲဟိမဲမာရုကလည်း သာမန်ငါးဖမ်းသင်္ဘောမဟုတ်ဘူး။ ဂျပန်နိုင်ငံ အဲဟိမဲ ခရိုင် အစိုးရငါးဖမ်းသင်တန်းကျောင်းကပိုင်တဲ့လေ့ကျင့်ရေးသင်္ဘောဖြစ်ပြီးသ‌င်္ဘောသားနှစ်ဆယ်၊သင်တန်းသား ဆယ့် သုံး ယောက်၊ ဆရာနှစ်ယောက်ပါတယ်။ သင်တန်းသားတွေက ကမ်းဝေးငါးဖမ်းလုပ်ငန်းကို လက်တွေ့လုပ်ကိုင် သင် ကြားဖို့ အတွက် လိုက်လာဖြစ်ပါတယ်။ 

ဂရင်းဗီလ်းရေငုပ်သင်္ဘော က   မနက် ၁၀ နာရီ ၁၇ မိနစ်မှာ သရုပ်ပြလေ့ကျင့်မဲ့ ပင်လယ်ပြင်သတ်မှတ်နေရာကို ရောက်တယ်။  ဧည့်သည်တွေကို သိသင့်သိထိုက်တာတွေရှင်းပြပြီး နေ့လယ်စာကျွေးတယ်။ မူလသတ်မှတ်ချက် ကနေ့လယ်စာကိုနေ့လယ် ၁၂ နာရီခွဲမှာ အပြီးသတ်ရမယ်၊ ပြီးရင် လက်တွေ့ သရုပ်ပြလေ့ကျင့်ခန်းတွေဆောင်ရွက် ပြီး မွန်းလွဲ နှစ်နာရီခွဲမှာ ပုလဲဆိပ်ကမ်းကို ပြန်ဝင်ရမယ်။ 

ဒါပေမဲ့ နေ့လယ်စာက ၁၂ နာရီခွဲမှာ မပြီးဘူး။ လက်အောက်အရာရှိတွေက ရေယာဥ်မှူးကို သွားသတိပေးတော့ မှ သရုပ်ပြလေ့ကျင့်ခန်းကို မွန်းလွဲ  ၁ နာရီ ၁၀ မိနစ်မှာ စနိုင်တယ်။ သရုပ်ပြလေ့ကျင့်ခန်းစမယ်ဆိုတဲ့အချိန်မှာ စစ်ရေယာဥ်မှူး စကော့ဝက်ဒဲလ်က ရေယာဥ် ထိန်းကျောင်းကွပ်ကဲမှုကို ပဲ့စင်တာဝန်ကျအရာရှိဆီကနေ လွှဲယူ လိုက် တယ်။  ဂရင်းဗီးလ်ရေငုပ်သင်္ဘောက သတ်မှတ်ထားတဲ့ ရေအောက်စစ်ကစားလှုပ်ရှားမှုတွေကို သရုပ်ပြသ ပြီး တဲ့အခါ နောက်ဆုံးလှုပ်ရှားမှုနှစ်ခုဖြစ်တဲ့ အ‌ရေးပေါ်အမြန်ရေငုပ်ခြင်းနဲ့ ‌ ရေပေါ်သို့ အမြန်တက် ခြင်း နှစ်ခုကို သရုပ်ပြတယ်။ ရေပေါ်သို့ အမြန်တက်ခြင်းဆိုတာက ပေလေးရာအနက်ကနေ ရေပေါ်ကို စက္ကန့် ပိုင်းနဲ့ ရောက် အောင် ထိုးတက်တာ။ ကျွန်တော်တို့  ရုပ်ရှင်တွေ၊ ရုပ်သံမှတ်တမ်းတွေမှာ တွေ့ဖူးတဲ့ ရေငုပ်သင်္ဘော ခေါင်းပိုင်း က ရေပေါ်ကို ထိုးထွက်လာပြီးမှဝုန်းကနဲ ပြန်ကျသွားတဲ့ အဖြစ်အပျက်မျိုးပေါ့။ 

အဲဒီလှုပ်ရှားမှုက မကြုံဖူးသေးတဲ့ အရပ်သားဧည့်သည်တော်တွေအတွက် အသည်းအေးကနဲ ဖြစ်သွားတဲ့ လှုပ်ရှား မှု၊ သူတို့ဘဝမှာ ပြောလို့ မဆုံးဖြစ်စေတဲ့ ပြကွက်ပေါ့။ ဒါပေမဲ့ ဖေဖော်ဝါရီ ၉ ၊ ၂၀၀၁ ရက်နေ့ သရုပ်ပြမှုကတော့ စိတ်လှုပ်ရှားစရာမဟုတ်ပဲ တစ်သက်မမေ့နိုင်တဲ့ ကြေကွဲစရာဖြစ်သွားခဲ့တယ်။ 

အရေးပေါ်အမြန်ရေငုတ်တဲ့ သရုပ်ပြမှုက မွန်းလွဲ ၁ နာရီ ၄၀ မိနစ်မှာ ပြီးတယ်။ အဲဒီတော့ ရေပေါ်သို့ အမြန် တက် ခြင်းလေ့ကျင့်ခန်းကို သရုပ်ပြတယ်။ ဖြစ်ချင်တော့ ဂရင်းဗီးလ်က ဂျပန်ငါးဖမ်းသင်္ဘော အဲဟိမဲမာရု ရဲ့ အောက် တည့်တည့်ကနေ ထိုးထွက်လာပြီး သင်္ဘော နှစ်စီးတိုက်မိသွားတယ်။ ဂရင်းဗီးလ်က ငါးဖမ်းသင်္ဘော ဝမ်း ဗိုက်ကို ထိုးခွဲလိုက်သလိုဖြစ်တဲ့အတွက်တိုက်မိပြီးဆယ်မိနစ်အကြာမှာငါးဖမ်းသင်္ဘောလုံးဝမြှုပ်သွားတယ်။ သင်္ဘော ပေါ် မှာ လိုက် လာတဲ့ ခရီးသည်တွေထဲက  ကျောင်းသားလေးယောက်၊ ဆရာနှစ်ယောက် နဲ့  သင်္ဘောသား သုံးယောက်   စုစုပေါင်း ကိုးယောက် သေတယ်။ 

ဒီအဖြစ်အပျက်က အမေရိကန်ရေတပ်မတော်ကိုရော၊ အမေရိကန်အစိုးရကိုပါ အရှက်ရစေတယ်။ အင်မတန် မှ ခေတ်မီတဲ့ ထောက်လှမ်းရေးကရိယာတွေတပ်ဆင်ထားတဲ့ အဏုမြူစွမ်းအင်သုံးရေငုပ်သင်္ဘောက သူ့ အနားက ‌ရေပြင်ပေါ်မှာအရပ်ဘက် ငါးဖမ်းသင်္ဘောတစ်စင်းရှိနေတာကို ဘ့ာကြောင့်မသိရတာလဲဆိုတဲ့မေးခွန်းတွေနဲ့ ရင်ဆိုင် ခဲ့ရတယ်။အမေရိကန်အစိုးရက တရားဝင်တောင်းပန်ခဲ့ရပြီး သေဆုံးသူတွေနဲ့  နစ်မြှုပ်သွားတဲ့  သင်္ဘော အတွက် လျော်ကြေးပေးခဲ့ရသလို သင်္ဘောထဲမှာ ကျန်နေတဲ့ရုပ်အလောင်းတွေရှာဖွေနိုင်အောင် ဆောင်ရွက် ပေးခဲ့ ရတယ်။ 

 အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အမေရိကန်ရေတပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်ဆေးခဲ့တယ်။ ကျွန်တော်တို့ နဲ့ အလှမ်းဝေးတဲ့ ရေတပ်သုံးဝေါဟာရတွေ၊ နည်းပညာတွေကို ဖယ်ထားပြီး အများနားလည်နိုင်မဲ့စကားနဲ့ ပြန် ရေးပြရရင် ခုံရုံးတွေ့ရှိချက်တွေထဲက အရေးကြီးတဲ့အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ 

၁။ ဒီခရီးစဥ်မစတင်မီမှာ သင်္ဘောမှာရှိတဲ့ ဆိုနာနဲ့ပတ်သက်တဲ့ ကရိယာတစ်ခုပျက်စီးနေတာကို စစ်ဆေးတွေ့ရှိ ပေမဲ့ အချိန်မရလို့ဆိုပြီး မပြင်ခဲ့ဘူး။ အဲဒီကရိယာမရှိလည်း ရပေမဲ့ သူမရှိရင် ပိုပြီး ဂရုစိုက်လုပ်ဆောင်ရမဲ့ လုပ် ငန်းစဥ်တွေကို လုပ်ဖို့ ပျက်ကွက်ခဲ့တယ်။ 

၂။ စစ်ရေယာဥ်မှူးက သူ့လုပ်ငန်းထက် အရေးကြီးဧည့်သည်တွေကို ဧည့်ခံဖို့ပိုအာရုံများနေတယ်။ နေ့လယ်စာ စားပွဲမှာလည်း ဧည့်သည်တွေနဲ့ စကားပြော၊ အော်တိုလက်မှတ်ထိုးတာတွေလုပ်နေတဲ့အတွက် နောက်ကျ ခဲ့ရ သလို့ ရေယာဥ်စစ်ကစားလှုပ်ရှားမှုတွေကို ကွပ်ကဲနေချိန်မှာလည်း ဧည့်သည်တွေရဲ့ တုန့်ပြန်မှုတွေကို အာရုံ ထား နေခဲ့တယ်။ 

၃။  စစ်ရေယာဥ်မှူးကနေ့လယ်စာစားချိန်နောက်ကျသွားတဲ့ အတွက် အချိန်မီပြန်နိုင်အောင်ဆိုပြီး  သရုပ်ပြ လေ့ကျင့်မှုတွေဆောင်ရွက်ချိန်မှာ  လုပ်ငန်းအဆင့်လိုက် စစ်ဆေးရမယ့်အချက်တွေကို အပြည့်အဝ မဆောင်ရွက် ဘူး။ လေ့ကျင့်ခန်း လုပ်နေတဲ့ရေပြင်တဝိုက်မှာရှိနေတဲ့သင်္ဘောတွေရဲ့ နောက်ဆုံးအခြေအနေတွေကို ကွပ်ကဲ ထိန်းချုပ်ရေးအခန်း ထဲမှာ ရှိတဲ့ တာဝန်ကျ စစ်သည်တွေဆီကနေ ရယူဖို့ ပျက်ကွက်ခဲ့တယ်။  

၄။   လေ့ကျင့်နေတဲ့နေရာ ပတ်ဝန်းကျင်မှာ ငါးဖမ်းသင်္ဘော အဲဟိမဲမာရု ရှိနေတာကို ဆိုနာ‌ထောက်လှမ်းရေး ကိုင်တဲ့စစ်သည်နဲ့ အနားမှာ ရှိတဲ့ ဒုစစ်ရေ ယဥ်မှူးက သိတယ်။ ဒါပေမဲ့ ရေပေါ်သို့ အမြန်တက်ခြင်း လေ့ကျင့်ခန်း မစခင်မှာ အဲဒီသင်္ဘောနောက်ဆုံးနေရာကို တိတိကျကျ သိနိုင်ဖို့အတွက် အချိန်ယူထောက်လှမ်းရမယ်။ ဒါပေမဲ့ စစ်ရေယာဥ်မှူးက အချိန်မပေးတော့ဘူး။ သူတို့ကလည်း အချိန်ပေးဖို့ မတောင်းဆိုဘူး။

၅။  ပစ်မှတ်ရှာဖွေရေးစနစ်ကို ကိုင်တွယ်တဲ့ စစ်သည်ကလည်း ဂျပန်သင်္ဘော သူတို့ဘက်ကို ဦးတည်လာနေတာ ကို သိတယ်။ အဲဒါကို မြေပုံသွားတင်ရမဲ့ကိစ္စကို မလုပ်ဘူး။ တကယ်တော့ အပိုဒ်တစ်မှာ ပြောထားတဲ့ ကရိယာ ပျက်နေရင် အဲဒီအလုပ်ကို မဖြစ်မနေလုပ်ရမဲ့အပြင် စစ်ရေယာဥ်မှူးနဲ့ ဆိုနာကိုင်တယ်စစ်သည်ကိုလည်း ပြောရ မယ်။ ဒါပေမဲ့ သူ့နေရာနဲ့ မြေပုံတင်ရမဲ့နေရာကြားမှာ ဧည့်သည်တွေ ရှိနေလို့ ဆိုပြီး မလုပ်တော့ဘူး။ ဆိုနာ သမား က သတင်းပို့လိမ့်မယ်လို့ပဲ ယူဆထားလိုက်တယ်။ 

နောက်ဆုံးတော့ ခုံရုံးက  စစ်ရေယာဥ်မှူး၊ ပဲ့စင်တာဝန်ကျအရာရှိ၊ နဲ့ ဆိုနာ/ပစ်မှတ်ရှာဖွေရေးစနစ် တာဝန်ကျ စစ်သည်တွေ ကို တာဝန်ဝတ္တရား ပျက်ကွက်မှုနဲ့ အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ဒုစစ်ရေယာဥ်မှူးကိုလည်း အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒု စစ်ရေယာဥ်မှူးကို အရေးယူတာနဲ့ပတ်သက်ပြီး  ခုံရုံးက သင်္ဘော ကို စစ်ရေယာဥ်မှူးကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲ မောင်းနေ တယ် ဆိုပေမဲ့ စစ်ရေယာဥ်မှူး လုပ်သင့်တဲ့အလုပ် ကို မလုပ် လို့သင်္ဘောတစ်စီးလုံး အန္တရာယ်ဖြစ်မဲ့ အခြေအနေဆိုရင် ဒုစစ်ရေယာဥ်မှူးက လုပ်သင့်တာလုပ်ဖို့ သတင်းပို့ရမယ်၊ တောင်းဆိုရမယ်။လိုအပ်ရင်တာဝန်လွှဲယူပြီး လမ်းကြောင်း မှန်အောင် ပြန်လုပ်ရမယ်၊ အဲဒီလိုလုပ်ခွင့်ရှိကြောင်း အမေရိကန်ရေတပ် လုပ်ထုံးလုပ်နည်း တွေမှာ လည်း ပြဋ္ဌာန်း ထားပြီးဖြစ်တယ်လို့  ထောက်ပြခဲ့တယ်။ 

ခေါင်းဆောင်မှုသင်ခန်းစာ ဆိုင်ရာ ဂုရုကြီး ဂျွန်မက်စ်ဝဲလ်ကတော့ ဂရင်းဗီးလ်ဖြစ်စဥ်နဲ့ပတ်သက်ပြီး  မာလိန် မှူး ကြောင့် သင်္ဘောဒုက္ခရောက် တော့ မယ်ဆိုရင်   မာလိန်မှူးကို တားဖို့ လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ သ‌ဘော တရား ဟာ ဂရင်းဗီးလ်က ပေးတဲ့ သင် ခန်းစာပဲ၊ ဒီသင်ခန်းစာဟာ အဖွဲ့အစည်းတိုင်းနဲ့ သက်ဆိုင် တယ်လို့  သုံးသပ် ခဲ့တယ်။ 

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ ဟိုနိုလူလူကျွန်းကမ်းခြေမှာ အဲဟိမဲမာရုသင်္ဘောကသေဆုံးသွားသူ များအထိမ်းအမှတ်ကို ဖွင့်လှစ်ခဲ့ပြီး အဲဒီအခမ်းအနားကို အဲဟိမဲမာရုသင်္ဘောက ကျန်ရစ်သူမိသားစုတွေ၊ အမေရိ ကန်နဲ့ ဂျပန်အစိုးရတာဝန်ရှိသူတွေတက်ရောက်ကြတယ်။ အဲဒီ အခမ်း အနားကို ဂရင်းဗီးလ် ရေငုပ်သင်္ဘောက အရာရှိ၊ စစ်သည်တွေ တက်ရောက်ခြင်းရှိ၊မရှိ မသိရဘူး။ တကယ်လို့တက်ခဲ့တယ်ဆိုရင်  ဒုစစ်ရေယာဥ်မှူး ဗိုလ်မှူး ဂျရယ် ကေပီဖာ တစ်ယောက် “ ငါတားလိုက်မိရင်အကောင်းသား” လို့ တွေးနေမယ်ထင်ပါရဲ့။ 

One thought on “ဂရင်းဗီးလ်

  1. My opinion is its all down to military traing. Never question superior officer. And the top brasses pretend that they know everything, which they don’t. Total sham.

    Like

Leave a comment