ဂါဇာကမ်းမြှောင်ဒေသ အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်ပဋိပက္ခက ဒီနေ့ လူတိုင်းစိတ်ဝင်စားတဲ့ ကိစ္စ ဖြစ် နေတဲ့အတွက်ဂါဇာပဋိပက္ခနဲ့ပတ်သက်ပြီးသိသင့်သိထိုက်တဲ့အချက်အလက်များကိုမျှဝေပေးလိုက် ပါ တယ်။
ဂါဇာကမ်းမြှောင်ဒေသ
ဂါဇာကမ်းမြှောင်ဒေသဆိုတာက အစ္စရေးနိုင်ငံနဲ့ မြေထဲပင်လယ်ကြားထဲက စတုရန်းမိုင် ၁၄၁ မိုင်ပဲ ရှိတဲ့ နယ် မြေ ဖြစ်ပါတယ်။ ( မြေပုံကိုကြည့်ပါ) တစ်ဖက်မှာ မြေထဲပင်လယ်ကမ်းခြေရှိတယ်၊ အီဂျစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နမိတ်က ၆ ဒဿမ ၈ မိုင်ရှိပြီး အစ္စရေးနဲ့ ထိစပ်နေတဲ့နယ်နမိတ်က ၃၂ မိုင်ရှိတယ်။ စတုရန်းမိုင် ၁၄၁ မိုင်မှာ လူဦးရေ နှစ်သန်းကျော် နေထိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ တတိယမြောက် လူဦးရေ သိပ်သည်းမှု အများဆုံးဒေသ လည်းဖြစ်တယ်။
ဂါဇာကမ်းမြှောင်ဒေသဟာ ၁၆ ရာစုနှစ်ကနေ ၁၉၁၈ ခုနှစ်အထိ တူရကီအော်တိုမန်အင်ပါယာရဲ့ အစိတ်အပိုင်း ဖြစ်ပြီးပထမ ကမ္ဘာစစ်မှာ တူရကီစစ်ရှုံးသွားတဲ့အတွက် ၁၉၁၈ – ၁၉၄၈ ထိ အင်္ဂလိပ် လက်အောက် ခံနယ်မြေ ဖြစ်သွားတယ်။
၁၉၄၈ အာရပ်-အစ္စရေးစစ်ပွဲပြီးတော့ အီဂျစ်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်သွားတယ်။ ဒါပေမဲ့ အာရပ်လိဂ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ဂါဇာဒေသကိုအီဂျစ်နိုင်ငံရဲ့ကာကွယ်စောင့်ရှောက်မှုအောက်မှာရှိတဲ့ ပါလက် စတိုင်း အုပ်ချုပ်ရေးဒေသ အဖြစ် သတ်မှတ်ခဲ့တယ်။ အီဂျစ်အစိုးရက ဂါဇာဒေသမှာ ရှိတဲ့ ပါလက်စတိုင်း လူမျိုး တွေကို ပါလက်စတိုင်းနိုင်ငံသား အဖြစ် အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးခဲ့တယ်။ ၁၉၅၉ ခုနှစ်မှာ အဲဒီ ပါလက်စတိုင်းအုပ်ချုပ်ရေးဒေသကို အီဂျစ်သမ္မတ နာဆာက ဖျက်သိမ်းလိုက်တယ်။ ဒါပေမဲ့ အဲဒီဒေသက ပါလက် စတိုင်းတွေကို အီဂျစ်နိုင်ငံ သား အဖြစ်အသိအမှတ်ပြုတာမျိုးမလုပ်ခဲ့ဘူး။
၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲအတွင်းမှာ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက သိမ်းပိုက်ခဲ့တယ်။ ၁၉၇၉ ခုနှစ် မတ်လ ၂၆ ရက်နေ့ အီဂျစ်-အစ္စရေးငြိမ်းချမ်းရေးသဘောတူညီချက်အရ ဆနိုင်းကျွန်ဆွယ်ကို အီဂျစ်နိုင်ငံလက် ပြန်လည်ပေးအပ်ခဲ့ပေမဲ့ပါလက်စတိုင်းတွေနေထိုင်တဲ့ဂါဇာကမ်းမြှောင်ဒေသကိုတော့အစ္စရေးနိုင်ငံက ဆက်လက် သိမ်းပိုက်ထားခဲ့တယ်။
၁၉၉၃ ခုနှစ် အော်စလို သဘောတူညီချက်အရ ဂါဇာကမ်းမြှောင်ဒေသနဲ့ ဂျော်ဒန်မြစ်အနောက်ဘက် ကမ်း ဒေသ ကို ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်နဲ့သတ်မှတ်ပေးခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ဂါဇာဒေသက နေ အစ္စရေးတပ်တွေ လုံးဝရုပ်သိမ်းခဲ့ပေမဲ့ ဂါဇာကမ်းမြှောင် ဒေသရဲ့ မြေပြင်၊ ရေပြင်၊ ဝေဟင် နယ်နမိတ် တွေက အစ္စရေးနိုင်ငံရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတယ်၊အစ္စရေးတပ်ဖွဲ့တွေကလိုအပ်ရင်ဂါဇာကမ်းမြှောင် ဒေသကို အချိန် မရွေးဝင်ရောက်ခွင့်ရှိလို့ အတိအလင်းကြေညာထားတယ်။
အဲဒီလို ထိန်းချုပ်ထားမှုကြောင့် ကုလသမဂ္ဂက ဂါဇာဒေသကို အစ္စရေးသိမ်းပိုက်ခံ နယ် မြေ အဖြစ်ပဲသတ်မှတ် ထားတယ်။ ဒီလိုသတ်မှတ်ထားတဲ့အတွက်နိုင်ငံတကာဥပဒေများအရ သိမ်းပိုက်ထားသူဖြစ်တဲ့ အစ္စရေး နိုင်ငံဟာ မိမိသိမ်းပိုက်ဒေသမှာ နေထိုင်တဲ့ သူတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အစားအစာနဲ့ ဆေးဝါးလိုအပ်ချက် တွေကို ဖြည့် ဆည်းဖို့တာဝန်ရှိတယ်။
အဲဒီအချက်ကြောင့် အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ဖြစ်တိုင်းဂါဇာ ကမ်းမြှောင် ဒေသကို ပိတ်ဆို့လေ့ရှိတဲ့ အစ္စရေးနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကအငြင်းပွားစရာတွေဖြစ်ခဲ့ တယ်။ လူ့အခွင့် အရေးလှုပ်ရှားသူတွေကတော့ ၂၀၀၇ ခုနှစ်က စပြီး အစ္စရေးနိုင်ငံရဲ့ ပုံစံအမျိုးမျိုးနဲ့ တားဆီး ပိတ် ဆို့ ကန့်သတ်မှု တွေကို ခံနေရတဲ့ လူဦးရေနှစ်သန်းကျော်ရှိတဲ့ ဂါဇာကမ်းမြှောင်ဒေသကို ကမ္ဘာ့အကြီးဆုံး ထောင် အဖြစ်တင်စား ပြော ဆိုကြတယ်။
ဟားမားစ် ( HAMAS)
ဟားမားစ် ( HAMAS) ဆိုတာ အာရဗီဘာသာစကားနဲ့ Ḥarakah al-Muqāwamah al-ʾIslāmiyyah ( အစ္စလမ် ခုခံတော်လှန် ရေးလှုပ်ရှားမှု , Islamic Resistance Movement ) ကို အတိုကောက် ခေါ် တာဖြစ်ပါတယ်။ နောက် တစ်ခါ HAMAS ဆိုတဲ့ အသံထွက်က အာရဗီဘာသာမှာ ရဲရင့်မှု၊ အင်အားကြီးမားမှု၊ စိတ်အားထက်သန်မှု လို့ လည်း အနက်အဓိပ္ပါယ်ရတယ်။
ဟားမားစ်အဖွဲ့ကို ၁၉၇၃ ခုနှစ်မှာ ရှိတ်ခ်အဟ်မဒ် ယာစီးန် (Sheikh Ahmed Yassin)က အီဂျစ်နိုင်ငံအခြေစိုက် မူဆလင်ညီနောင်များအဖွဲ့ရဲ့ အဖွဲ့ခွဲအဖြစ်ဂါဇာဒေသမှာ စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီအချိန်က ဟားမားစ် အမည်မခံ သေးဘူး။ ၁၉၈၀ ပြည့်လွန်နှစ်များအစပိုင်းထိ ဒီအဖွဲ့က ဘာသာရေး၊ လူမှုရေးလုပ်ငန်းတွေ သက်သက်ပဲ ဆောင် ရွက်ခဲ့ပြီး ဂါဇာကို သိမ်းပိုက်ထားတဲ့ အစ္စရေးအာဏာပိုင်တွေကလည်း ဒီအဖွဲ့ဟာ အဲဒီအချိန်က စစ်သွေးကြွ အယူ အဆတွေ ပြင်းထန်နေတဲ့ အာရာဖတ်ရဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ( PLO, Fatah)ကို အင်အားချိန်ခွင် လျှာ ညှိပေးနိုင် မဲ့ အဖွဲ့ အဖြစ်သတ်မှတ်ထားခဲ့ပြီး အနှောင့်အယှက်မပေးခဲ့ဘူး။
ဂါဇာဒေသ မူဆလင်ညီနောင်များအဖွဲ့ခွဲဟာ ၁၉၈၄ ခုနှစ်ကစပြီး အစ္စရေးကိုလက်နက်ကိုင်တိုက်ခိုက်ဖို့ အတွက် စတင်ပြင်ဆင်လာခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှိတ်ခ်အဟ်မဒ် ယာစီးန် ကို အစ္စရေးက ဖမ်းဆီးခဲ့ပေမဲ့ ၁၉၈၅ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တယ်။ ၁၉၈၈ ခုနှစ် ပထမပါလက်စတိုင်းအရေးတော်ပုံ ( “Intifada”) စတင်ချိန်မှာတော့ မူဆလင်ညီနောင်များအဖွဲ့ဟာ ဟားမားစ်အဖြစ်တရားဝင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလနဲ့ မေလမှာ ဂါဇာ ဒေသမှာတာဝန်ထမ်းဆောင်နေတဲ့ အစ္စရေး စစ်သားနှစ်ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခြင်းနဲ့ သူတို့ ခုခံတော်လှန်မှုကို စတင်ခဲ့တယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ရှိတ်ခ်ယာစီးန် အပါအဝင် ဟားမားစ်ခေါင်းဆောင်အတော်များများအဖမ်းခံရတယ်။ ရှိတ်ခ်ယာစီးန်ကိုအစ္စရေးအာဏာပိုင်တွေကထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သလို ဟားမားစ်အဖွဲ့ကိုလည်း မတရား အသင်းအဖြစ်ကြေညာခဲ့တယ်။ ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာ ဂျော်ဒန် နိုင်ငံမှာရှိနေတဲ့ ဟားမားစ်ခေါင်းဆောင် တစ်ယောက် ကို အဆိပ်နဲ့လုပ်ကြံတဲ့ အစ္စရေး ထောက်လှမ်းရေးသမား နှစ်ယောက်ကို ဂျော်ဒန်အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တဲ့အတွက် အဲဒီ လူ နှစ် ယောက်နဲ့ လဲလှယ်နိုင်ဖို့ ရှိတ်ခ် ယာစီးန် ကို ပြန်လွှတ်ပေးခဲ့ရတယ်။
ဟားမားစ်အဖွဲ့က ပထမတော့ ဂါဇာဒေသမှာရှိတဲ့ အစ္စရေးစစ်သားတွေကို လုပ်ကြံသတ်ဖြတ်တာပဲလုပ်တယ်။ ၁၉၉၃ ခုနှစ်ဧပြီလ အစ္စရေးစစ်သားတွေတင်ဆောင်လာတဲ့ ထရပ်ကား နှစ်စီးကို အသေခံဗုံးခွဲ တိုက်ခိုက်ပြီး နောက်ပိုင်းမှာတော့ ဂါဇာဒေသတွင်းမှာရှိတဲ့ အစ္စရေးစစ်တပ်တွေကို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်မှု တွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်။
၁၉၉၄ ခုနှစ် အစ္စလမ်ဘာသာဝင်တွေရဲ့ ရာမာဒန်ဥပုသ်လအတွင်းမှာ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ဟီဘရွန် မြို့ က ဗလီတစ်ခုမှာ ဝတ်ပြုဆုတောင်းနေသူတွေကို ဂျူးဘာသာဝင်တစ်ယောက်က ပစ်ခတ်တိုက်ခိုက်တဲ့ အတွက် ဝတ်ပြုဆုတောင်းသူ ၂၉ ယောက်သေဆုံး၊ ၁၂၅ ယောက်ဒဏ်ရာရခဲ့ပြီး သေဆုံးဒဏ်ရာရသူ အများ စုကလည်း ပါလက်စတိုင်းလူမျိုးတွေဖြစ်တယ်။ အဲဒီဖြစ်စဥ်နောက်ပိုင်းမှာ ဟားမားစ်အဖွဲကလည်း အစ္စရေး အရပ်ဘက် ပစ်မှတ်တွေကို လက်စားချေတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်။
၂၀၀၁ ခုနှစ်ရောက်တော့ ဟားမားစ် အဖွဲ့ က အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေအစား သူတို့ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို လုပ်ဆောင် ခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေအပေါ် အစ္စရေး တပ် မတော်ကလည်း ပြင်းပြင်းထန်ထန် လက်တုန့်ပြန်ခဲ့ပြီး ၂၂ မတ် ၂၀၀၄ ရက်နေ့မှာ ဟားမားစ်ခေါင်းဆောင် ရှိတ်ခ် ဟာစီးန် ဟာ အစ္စရေးတိုက်ခိုက်ရေးရဟတ်ယာဥ်ကနေ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့တယ်။
၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ကြာတဲ့ ဒုတိယပါလက်စတိုင်းအရေးတော်ပုံ ( “Intifada”) အပြီး အစ္စရေး တပ်ဖွဲ့တွေ ဂါဇာဒေသကနေ လုံးဝရုပ်သိမ်းသွားချိန် မှာတော့ ဟားမားစ်အဖွဲ့ပေါ်လူထုထောက်ခံမှုပိုများလာပြီး ၂၀၀၆ ဂါဇာ ဒေသတွင်းလွှတ်တော်ရွေးကောက်ပွဲမှာ ဟားမားစ် အဖွဲ့က အမတ်နေရာ ၁၃၂ နေရာ အနက် ၇၄ နေရာ အနိုင်ရတယ်။ ဂျော်ဒန်မြစ်အနောက်ဘက် ကမ်း ဒေသမှာတော့ ဖာတာ အဖွဲ့က အနိုင်ရခဲ့တယ်။ အဲဒီနောက် ဂါဇာဒေသအုပ်ချုပ်ရေးက ယာဆာအာရာဖတ်ရဲ့ ဖာတာ အဖွဲ့လက်ကနေ ဟားမားစ် အဖွဲ့လက်ထဲကို ရောက်သွား တယ်။
၂၀၀၇ ခုနှစ်ထဲမှာ ဂါဇာဒေသမှာ ရှိတဲ့ ဖာတာ တပ်ဖွဲ့နဲ့ ဟားမားစ်တပ်ဖွဲ့တွေ ကြားတိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပြီးတဲ့နောက် ဖာတာ တပ်ဖွဲ့တွေ ဂါဇာဒေသက ဆုတ်ခွာသွားခဲ့ပြီး ဂါဇာဒေသမှာ ဟားမားစ်အဖွဲ့က လုံးဝစိုးမိုး ထား နိုင်ခဲ့တယ်။
လက်ရှိအခြေအနေမှာ အနောက်ဘက်ကမ်းဒေသကပီအယ်လ်အိုဖာတာအဖွဲ့ဦးဆောင်တဲ့ပါလက်စတိုင်း အုပ်ချုပ် ရေး အဖွဲ့ လက်အောက်မှာရှိပြီး ဂါဇာကတော့ ဟားမားစ်အဖွဲ့လက်အောက်မှာရှိတယ်။ ဒီနှစ်ဖွဲ့ပေါင်းပြီး တစ်ခု တည်းသော ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားမှုတွေရှိပေမဲ့အခုထိ မအောင်မြင်ဘူး။ ၂၀၁၄ ခု နှစ်နဲ့ ၂၀၂၁ခုနှစ်တွေမှာ ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသ ပါလက်စတိုင်းလွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပ ဖို့ အတွက် စီစဥ်ပေမဲ့လည်း အကောင်အထည်မဖော်နိုင်သေးဘူး။

They deserve each other. Equally evil. No consideration for innocent citizens.
LikeLike