ဖောင်တော်ဦး
ဒီတစ်ခေါက် ကျွန်တော့ခရီးစဥ်က ကလော- ပင်းတယ- ရွာငံ – ဘော်ဆိုင်း ခရီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ အဲဒီဒေသကို ရောက်နေချိန်ဟာ အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ဒေသစာရီကြွချီ အပူဇော်ခံတဲ့ အချိန်ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် အင်းလေးကို တစ်ရက်သွားခဲ့ပါတယ်။ ဖောင်တော်ဦးဘုရားရုပ်ပွားတော် များ ဒေသစာရီကြွချီတဲ့ ကာလ ကအောက်တိုဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ ဖြစ်ပါတယ်။
ကျွန်တော့်နဲ့ ကျွန်တော့် ခရီးသွားဖော်မိတ်ဆွေကို ပင်းတယ က မိတ်ဆွေတစ်ယောက်က ပင်းတယ – ဟဲဟိုးလမ်း အတိုင်း လိုက်ပို့ပါတယ်။ အဲဒီလမ်းက တောင်ကြီး ဒါမှမဟုတ် ဟဲဟိုးလေယာဥ်ကွင်းကနေ ပင်းတယ ကို သွား ချင်တဲ့ ခရီးသွားများအတွက်အဆင်အပြေဆုံးလမ်းကြောင်းပါ။ ဟဲဟိုးကနေ ပင်းတယအထိ ၂၂ မိုင်ပဲ ရှိပါတယ်။ လမ်းဘေးဝဲယာမှာလည်း စိုက်ခင်းတွေ၊ တောင်ကုန်းလေးတွေ နဲ့ ရှုခင်းလှပါတယ်။ ကလောကို ရောက်တိုင်း သူ့ ဟိုတယ်မှာတည်းခိုနေကြ၊တောတွင်းခရီးကြမ်းသွားမယ်ဆိုရင်လမ်းပြအဖြစ်သုံးနေကြကိုမျိုးဇော်က (#motherlandhotel , 09789713458) က ကလော တောင်ကြီးကားလမ်း နဲ့ ပင်းတယဟဲဟိုကားလမ်းဆုံမှာ ကားနဲ့ စောင့်နေတယ်။ ကျွန်တော်တို့က ဟဲဟိုးကနေ ညောင်ရွှေကို ခေါင်တိုင်လမ်းခွဲက တဆင့်သွားတယ်။ ဒီလမ်းက ရွှေညောင်-ညောင်ရွှေလမ်းထက် ကားပိုရှင်းတယ်၊လမ်းခွဲကနေညောင်ရွှေစက်လှေဆိပ်ထိ၈ မိုင်ပဲ ရှိတယ်။ ညောင်ရွှေ ရောက်တော့ ကြိုချိတ်ထားတဲ့ စက်လှေနဲ့ အင်းလေးကို ဆက်သွားတယ်။
ဖောင်တော်ဦး ဘုရား ရုပ်ပွားတော်တွေက ကျွန်တော်တို့ သွားတဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ အင်းတိန်ကနေ ဟဲယာ ရွာမကို ဒေသစာရီကြွချီမှာြဖစ်ပြီး အင်းတိန်ကနေ မွန်းလွဲ နှစ်နာရီခွဲလောက်မှာ စထွက်လာမှာ ဖြစ်တဲ့ အတွက် မနက်ပိုင်းမှာ အင်းထဲလည်ပတ်ဖို့ အချိန်ရတယ်။ ဒါ့ကြောင့် မိုင်းသောက်တံတား၊ ရေခြံစိုက်ခင်းများ၊ ယက်ကန်းလုပ်ငန်းနဲ့ ပန်းပဲ လုပ်ငန်းတွေကို အရင်သွားလေ့လာပါတယ်။
နေ့လယ်စာကိုတော့ အင်းထဲက စားသောက်ဆိုင်တစ်ဆိုင်မှာစားတယ်။ ဆိုင်အပြင်အဆင်ကတော့ ကောင်းပါ တယ်။ အစားအသောက်ကတော့ ပေးရတဲ့ဈေးနဲ့ မတန်ဘူး၊ လက်ရာကလည်း သာမန်ပါပဲ။ အင်းထဲမှာ ရွေးချယ် စရာ နည်းတော့လည်း အလုပ်ဖြစ်နေတာပေါ့။ ဟဲယာရွာမကို မွန်းလွဲနှစ်နာရီမှာအရောက်သွားလိုက်တယ်။ အချိန် စောနေသေးပေမဲ့ စက်လှေသမားက နောက်ကျသွားရင် လှေဝင်ရတာခက်မယ် လို့ ပြောတယ်။
ဟဲယာရွာမ ကို ဖောင်တော်ဝင်လာမယ့်ရေလမ်းကြောင်းကို ရောက်သွားတော့ ကြည်ညိုပူဇော်ဖို့ စောင့်နေတဲ့ လှေနည်းနည်းပဲ ရှိသေးတယ်။ ဘုန်းကြီးကျောင်းရှေ့မှာတော့ ကရဝိတ်ဖောင်တော်ကြီး အသင့်စောင့်နေတာကို တွေ့ရတယ်။ အင်းတိန်ကနေ ဒေသစာရီကြွလာမှာက ဖောင်တော်အသေးဖြစ်ပြီး ရွာမ ရောက်မှ ဖောင်တော် အကြီးပေါ် ပင့်ဆောင်ပြီးစံကျောင်းကို သွားမှာလို့ သိရတယ်။
ကျွန်တော်တို့ကတော့ ဘုန်းကြီးကျောင်း အနောက်ဘက် အထက်တန်းကျောင်းနားမှာရှိတဲ့ လူကူးတံတားနေရာက သွားစောင့်တယ်။ အဲဒီနေရာက ရွာမ အဝင်ရေလမ်းကြောင်းအဝမှာရှိတဲ့အတွက် အပေါ်စီးကနေ မြင်ကွင်း ကောင်းကောင်းနဲ့ ရိုက်လို့ရတယ်။ တံတားကတော့ ရေလယ်အပိုင်းမရှိဘူး။ ဖောင်တော်ဝင်လို့ ရ အောင် ခဏ ဖျက်ထားတာထင်တယ်။ ကျွန်တော်တို့ ရောက်ပြီးမကြာခင်မှာပဲ ဓာတ် ပုံဆရာတွေထပ်ရောက်လာတယ်။ သူတို့ က တော့ ညောင်ရွှေဒေသခံတွေဆိုတော့ သူတို့ဆီက ဓာတ်ပုံရိုက်ရမဲ့ အနေအထား၊ ရှုထောင့်၊ ကင်မရာ ဆက်တင် တွေ ကို မေးရတယ်။ အခုရိုက်မဲ့နေရာက ရွာအဝင်ရေလမ်းဆိုတော့ အရှိန်နှေးသွားတဲ့အတွက် ဆွဲလှေပေါ်က လှေလှော်သားတွေတက်ညီလက်ညီအားသွန်ခွန်စိုက်လှော်ခတ်နေတာကိုတော့ရိုက်လို့မရဘူး။ဒါပေမဲ့ ဖောင်တော် နဲ့ ဆွဲလှေတွေကိုအနီးကပ်အပေါ်စီးက ရိုက်လို့ရတယ်။ အင်းရေ ပြင်ကျယ်ကို ဖြတ်တဲ့ အချိန် ဆိုရင်တော့ လှေလှော်တဲ့မြင်ကွင်းကို ရိုက်လို့ရတယ်၊ ဒါပေမဲ့ အဝေးကပဲ ရိုက်နိုင်တယ်။ သူတို့ကတော့ နောက် နှစ်ဆိုရင် အင်းထဲမှာတည်းပြီး ဒေသစာရီကြွချီတဲ့နောက်ကို လိုက်ရိုက် ဖို့ အကြံပေးတယ်။
ကျွန်တော်တို့ရောက်စက လှေတွေ၊ လူတွေမများသေးပေမဲ့ နှစ်နာရီခွဲလောက်က စပြီး လှေတွေ တဖြည်းဖြည်း များလာတယ်။ တရုတ်အင်ဂျင်၊ ကားအင်ဂျင်တပ်လှေတွေပါသလို ဂျွန်ဆင် နဲ့ ယာမာဟာ စက်တပ်လှေတွေ လည်း ပါတယ်။ အဲဒီလှေတွေကတော့ နည်းနည်းအရွယ်ငယ်ပြီး ကိုယ်ပိုင်အိမ်သုံးလှေတွေဖြစ်ပုံရတယ်။ အရွယ် မျိုးစုံလှေတွေ ရေလမ်းကြောင်းဘေးမှာ အစီအရီဆိုက်ကပ်ထားတာကို မြင်ရတာ ကျန်တဲ့ ဒေသက ဘုရားပွဲ တွေမှာ ထွေလာဂျီ၊ လိုက်ထရပ်၊ ဆလွန်း ကားမျိုးစုံလာတဲ့မြင်ကွင်းနဲ့တူတယ်။ လှေတွေပေါ်က လူတွေကလည်း ဒီဇိုင်းမျိုးစုံပါပဲ။ တချို့လှေတွေမှာတော့ ဘုရား ပန်းတွေ တင်လာတာတွေ့တယ်။ တချို့လှေတွေမှာတော့ ဗန်းလေး တွေနဲ့လှူဖွယ်ပစ္စည်းတွေယူလာတယ်။ကျွန်တော်တို့စောင့်နေတဲ့ တံတားနားမှာတော့ လှေကြီးနှစ်စီးက ရေသန့်ဘူး တွေ အပြည့်တင်ပြီး စောင့်နေတယ်။ သူတို့ကတော့ ဖောင်တော်ကို ဆွဲလာတဲ့ လှေတော်သားတွေကို ရေသန့်ဘူး လှူဒါန်းမဲ့အဖွဲ့တွေပါ။ ဘုရာဖူးလှေတွေကြားထဲမှာ လူးလာဆန်ခတ်သွားနေတာကတော့ စျေးလှေတွေပေါ့။ အများ ဆုံးရောင်းရတာကတော့ ကွမ်းယာ နဲ့ အအေးဘူးတွေပဲ။
ဖောင်တော်ဦးဘုရားတွေဒေသစာရီမကြွနိုင်တာသုံးနှစ်ရှိပြီဆိုတော့လူတိုင်းစိတ်လှုပ်ရှားနေကြတယ်။ ဖောင်တော် ကြွလာမဲ့ဘက်ကို မျှော်ကြည့်နေကြတယ်။ ဖုန်း နဲ့ သတင်းလှမ်းမေးသူလည်း ရှိတယ်။ တစ်ချို့လှေတွေကတော့ ဖောင်တော်လာမဲ့လမ်းဘက်ကို အခြေအနေသွား ကြည့်ကြတယ်။
လေးနာရီထိုးတော့ လှေတော်သားတွေ သီချင်းဆိုသံ၊ အိုးစည်ဗုံမောင်းတီးသံတွေ စကြားရပြီး မကြာခင်မှာပဲ ဆွဲ လှေတွေ စဝင်လာတယ်။ အနားကလူတစ်ယောက်ကတော့ ဒီနှစ် ဆွဲလှေပေါင်း နှစ်ဆယ်ကျော်ရှိတယ်၊ ဟိုး အရင်နှစ်တွေကဆို သုံးဆယ်ကျော်တယ်လို့ ပြောတယ်။ လှေတော်သားတွေက ရိုးရာဝတ်စုံတွေနဲ့ ၊ အိုးစည် ဗုံမောင်း သံတွေနဲ့အတူ စည်းချက်ကျကျ သံပြိုင်တေးတွေ ဆို နေပြီး စင်လိုလုပ်ထားတဲ့အမြင့်နေရာလေးမှာ လေးငါးဆယ်ယောက်က ရိုးရာအကကို ကနေတယ်။ တစ်ခါတစ်ခါ လှေတော်သားတွေက ညာသံပေးပြီး လှေပေါ်မှ စည်းချက်ညီညီခြေထောက်တွေကို ဆောင့်ချကြတယ်။ ဘုရားဖူး တွေကတော့ လှေတွေပေါ်ကနေ လက်အုပ်ချီသူချီ၊ ဖုန်းတွေနဲ့ မှတ်တမ်းတင်သူတင်ပေါ့။ လှေတွေအားလုံးပြီးတော့ နောက်ဆုံးမှာဓမ္မပူဇာတေးတွေ ဖွင့်ထားတဲ့ ဖောင်တော်ရောက်လာတယ်။ ဖောင်တော်ဝင်လာချိန်ခံစားချက်ကတော့ ပြောမပြ တတ်အောင် ထူးခြား လှပါ တယ်။ လေထုထဲမှာ ကြည်ညိုသဒ္ဓါစိတ်တွေ ပျံ့လွင့်နေတာကို ခံစားလို့ရတယ်။ လူ တွေက ပျော်ဖို့၊ ပျော်လို့ လာမဟုတ်ဘူး။ နှစ်စဥ် သူတို့ ကြည်ညိုပူဇော်လာတဲ့ ဘုရား၊ ခေတ်ပျက်လို့ သုံးနှစ်လောက် ပူဇော် ခွင့်မရတဲ့ ဘုရား ကို သဒ္ဓါတရားအပြည့်နဲ့ လာရောက်ဖူးမျှော်ပူဇော်ကြတယ်ဆိုတာ သူတို့ မျက်နှာမှာ၊ သူတို့ ကိုယ်ဟန်အမူအရာမှာ အထင်သားမြင်တွေ့နေရတယ်။
ဖောင်တော်နှစ်စင်း ဆုံမိချိန်မှာတော့ ဖောင်တော်အသေးပေါ်က ဖောင်တော်ဦး ရုပ်ပွားတော်များကို ဖောင်တော် အကြီးပေါ်ကို ပင့်ဆောင်တယ်။ ပြီးတော့ ဆွဲလှေတွေနဲ့ အကလှေကြီးတစ်စီးက ဦးဆောင်ပြီး စံကျောင်းရှိရာ ဘက် ကို ဆက်သွားတယ်။ ဖောင်တော်နောက်က ဘုရားဖူးလှေတွေလိုက်သွားကြတာ ရေလမ်းကြောင်းနဲ့ အပြည့်ပဲ။ ဒီ လောက်များတဲ့ လှေတွေ၊ လူတွေကြားမှာ တချို့ဘုရားပွဲတွေမှာ မြင်ရ၊ ကြားရတဲ့ အမြင်မတော်တဲ့ လုပ်ဆောင် မှုတွေ၊ အော်ဟစ်နောက်ပြောင်တာတွေ လုံးဝမရှိဘူး။ ဟောဒီအခမ်းအနားမှာ ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်တွေကို ကြည်ညိုသဒ္ဓါစိတ်ကလွဲလို့ ဘာမှ မရှိဘူး။
ကျွန်တော်တို့ကတော့ ဖောင်တော်နောက်ကို မလိုက်တော့ဘူး။ မမှောင်ခင် ညောင်ရွှေ အရောက်ပြန်ရမှာဖြစ်တဲ့ အတွက် လှေစောင့်နေတဲ့နေရာကို ပြန်သွားတယ်။ အပြန်လမ်းမှာ ရေလမ်းကြောင်းဘေး မြေပြင်မှာ ပလတ်စတစ် ဖျာလေးခင်းပြီး ထိုင်နေတဲ့ အမေကြီးသုံးယောက်ကို တွေ့တယ်။ ကျွန်တော်က “အဖွား၊ ဘုရားပွဲစည် တယ်နော် ” လို့လှမ်းပြောတော့ တစ်ယောက်က လေသံဝဲဝဲနဲ့ “ ဘုရားတန်ခိုးလေ” လို့ ပြန်ပြောတယ်။
သူပြောတာကြားတော့ “ အဖွားရေ၊ ဘုရားတန်ခိုးကြောင့်ဆိုပေမဲ့ လောကကြီးမှာ လူတွေ ဘုရားဖူးလာတာကို သူချော လို့ လှလို့ သူ့ကြောင့် ဘုရားလာဖူးတယ်လို့ ထင်နေတဲ့ ဘုရားစျေးသည်လို လူမျိုးတွေလည်း ရှိ သေး တယ်။” လို့ ပြန်ပြော ချင်ပေမဲ့ အဖွားစိတ်ရှုပ်သွားမှာ စိုးရိမ်လို့ မပြောတော့ဘူး။







Beautiful.
LikeLike