ပန်းဆိုးတန်း

ဇရာရဲ့ လက္ခဏာ က ဘာလဲလို့မေးရင် ဆံဖြူတာ၊ မျက်စိမှုန်တာ၊ သွားကျိုးတာ၊ အထိုင် အထ ခက်တာတွေကိုပဲပြောမှာသေချာတယ်။ ကျွန်တော့်ကတော့ ဇရာရဲ့ ထင်ရှားတဲ့လက္ခဏာ တွေ ထဲမှာ ခြေသည်းညှပ်လို့မရတော့တာလည်းပါတယ်လို့ထင်တယ်။

အသက်ကြီးတော့ ဗိုက်ပူ၊ အထိုင်၊အထ ခက်၊ ခါးကုန်းလို့လည်းမလွယ်။ဗိုက်ကလည်းခံနေတော့ ခြေသည်း ညှပ်ရတာ အတော်ခက်တယ်။ မျက်လုံးနဲ့ ခြေထောက်အကွာအဝေးက စာကြည့်မျက်မှန် နဲ့ လည်း အဆင် မပြေ၊ အဝေးကြည့်နဲ့လည်း စကော စက။ ဒီလိုနဲ့ ခြေသည်းတစ်ခါညှပ် ပြီးတိုင်း ခြေသည်း ဟာ ကြွက်ကိုက်ခံထားရသလိုဖြစ်ကျန်ခဲ့ရော။

တစ်ခါကနာမည်ကြီးဆံပင်ညှပ်ဆိုင်မှာဆံပင်ညှပ်ရင်း ခြေသည်းလည်းညှပ်ကြည့်ဖူးတယ်။ ကောင်း တော့ ကောင်းတယ်။ ဒါပေမယ့် ခြေထောက်ကို သန့်ရှင်းရေးလုပ်တာရော၊ ခြေသည်းအတွက် အားဆေးဆို လား ဘာလား ထည့်တာရော ဈေးက မသေးဘူး။ ကိုယ်က ခြေသည်းတစ်ခုပဲ ညှပ် ချင်တာ၊ ခြေသည်းကျန်းမာရေးတို့၊ ခြေထောက်ကျန်းမာရေးတို့က အရေးမပါဘူး။ ဒီထက်ဆိုး တာ က ကိုယ်ခြေထောက်ကလည်း နှစ်ပေါင်းများစွာ ရွံ့ထဲ ၊ ဗွက်ထဲ သွားလာခဲ့၊ ပစ်စလက်ခတ်ထားခဲ့ တာဆိုတော့ စာရေးဆရာမတွေရဲ့ ဝတ္ထုတွေထဲက ဇာတ်လိုက်လို ခြေဖမိုးဖြူဖြူ ပေါ်မှာ ကတ္တီပါ ဖိနပ်သဲကြိုးလေးထင်းနေတဲ့ခြေထောက်မျိုးမဟုတ်တဲ့အခါ ဆိုင်က ကလေးမလေးတွေ မြင်မှာ ရှက် တာလည်းပါတာပေါ့လေ။

ဒီလိုနဲ့ ငါ့ခြေသည်းကို ဘယ်သူမှ မြင်တာမဟုတ်ဘူးဆိုပြီး ဇရာကို အံ့တုလာရင်း ကြွက်ကိုက် ခြေသည်းနဲ့နေခဲ့တာအတော်ကြာခဲ့ပေါ့။ တစ်နေ့က ပန်းဆိုးတန်းမှာ စာအုပ်ဆိုင်တွေ လိုက် မွှေတော့ ကားရပ်စရာနေရာရှာရင်း ကုန်းတံတားအောက်ကိုရောက်သွားတယ်။ ကုန်းတံတား အောက်မှာ ထိုင်ခုံလေးတွေနဲ့ ခြေသည်း၊ လက်သည်းညှပ်၊ နားကလော်တဲ့သူတွေရှိနေတာ နှစ် ပေါင်းမနည်းတော့ဘူး။ ပြည်တွင်းဂျာနယ်တစ်စောင်မှာတောင် အဲဒီလုပ်ငန်းလုပ်နေတဲ့ အမျိုး သမီးကြီးတစ်ယောက်အကြောင်းပါဖူးသေးတယ်။

တစ်ခါတစ်လေ အဲဒီဆိုင်တွေမှာခြေသည်းညှပ်ရင်ကောင်းမလားလို့ စဉ်းစားဖူးတယ်။ ဒါပေမယ့် ဓားထိရင်ဘယ်လိုလုပ်မလဲ၊ သန့်ရဲ့လားဆိုတဲ့အတွေးတွေဝင်လာတာနဲ့ မညှပ်ဖြစ်ခဲ့ဖူး။ ဒီတစ်ခါ တော့ အရိပ်ထဲမှာ စကားတပြောပြောနဲ့အေးအေးလူလူ ခြေသည်းလက်သည်း ညှပ်နေတဲ့သူ တွေ၊ ခေါင်းလေးစောင်းပြီး နားဖာကလော်တာကို ဇိမ်ခံနေတဲ့သူတွေကို ကြည့်ပြီး အားကျသွား တယ်။

ကျွန်တော်က ဆံပင်ညှပ်ရင်တောင် အေးအေးဆေးဆေး စကားလေးတပြောပြော ညှပ်တဲ့ ဆံပင် ညှပ်ဆရာမျိုးနဲ့ ညှပ်ချင်တာ။ ဟိုးတစ်ချိန်ကတော့ ဆံပင်ညှပ်ဆိုင်မှာ ဆံသဆရာနဲ့ လေပစ်ရတာ၊ ဆိုင်မှာ ဇယ်တောက်၊ ကျားထိုးလုပ်ရတာကိုက စည်းစိမ်တစ်ခုပဲလေ။ အခုတော့ ဆံသဆိုင်အများစု ကလည်း တစ်ယောက်ဆင်း၊ တစ်ယောက်တက်၊ လူတွေကလည်း စားသုတ်သုတ်၊ သွားသုတ်သုတ် နဲ့ ဆံသဆိုင်မှာ စည်းစိမ်ခံဖို့ အခွင့်အရေး အတော်နည်းသွားပြီ။

ဒီလိုနဲ့ အသားညိုညို၊ လူကောင်သေးသေး၊ မျက်မှန်နဲ့ လူတစ်ယောက်ဆီရောက်သွားတယ်။ သူ ညှပ်တာကောင်းမကောင်းမသိပါဘူး။ ကိုယ့်ကားရပ်ထားတဲ့ နေရာအနားမှာ ဖောက်သည်မရှိသေး တာ သူတစ်ယောက်ပဲရှိလို့ ရွေးလိုက်တာ။ လက်သည်းကောညှပ်မလားလို့မေးတော့ မညှပ်ဘူး လို့ဖြေလိုက်တယ်။ နား ရောဆိုတော့ ဟင့်အင်းပေါ့။ ဆံပင်ညှပ်တဲ့သူကိုတော့ ဆံသဆရာ၊ ဒီလူ ကို ဘယ်လိုခေါ်ရမလဲ။ လက်သည်းခြေသည်းညှပ်၊ နားလည်းကလော်ဆိုတော့ ညှပ်ကလော်ဆရာ လို့ ခေါ်ရမယ်ထင်တယ်။

ကျွန်တော့်ကို တစ်ချိန်က ပလတ်စတစ်ထိုင်ခုံအဖြူဖြစ်ခဲ့တဲ့ ခုံပေါ်မှာထိုင်ခိုင်းတယ်။ သူက ပလတ် စတစ်ခွေးခြေအပုမှာထိုင်တယ်။ ပြောက်ကျားရောင် ဘေးလွယ်အိတ်ကို ဖွင့်တယ်။ အဲဒီထဲက ပလတ်စတစ်ဘူးတစ်ခုထုတ်တယ်။ ဘူးကို ဖွင့်လိုက်တော့ ဓားနှစ်ချောင်း၊ စက္ကူဖြတ်တဲ့ ဓားအရွယ် လောက်ပဲ ။ ရောင်းတမ်းမဟုတ်ဘူး။ သံဖြတ်လွှနဲ့ ကိုယ်တိုင်လုပ်ထားတာ၊ လက်ကိုင်နေရာမှာ ပလတ်စတစ် ပတ်ထားတယ်။ ဓားသွားနေရာက မြင်လိုက်တာနဲ့ အလွန်ထက်မယ်ဆိုတာ သိသာ တယ်။ ကိုယ့် ဘာသာကိုယ်သွေးတာလားဆိုတော့ အရင်ကတော့ ဓားသွေး၊ ကပ်ကြေးသွေးတဲ့ ကုလားတွေဆီ မှာသွေးတယ်၊အခုတော့ဒီလူတွေရှားသွားလို့ တွင်ခုံမှာသွားသရတယ်။ နေ့စဉ် ကျောက်သင်ပုန်း နဲ့ သွေးရတယ်လို့ရှင်းပြတယ်။

ခွေးခြေပေါ်မှာထိုင်တယ်။ ဘေးလွယ်အိတ်ထဲက အရက်ပြန်ပုလင်းပုလေးကို ထုတ်ပြီး ခြေချောင်း တွေကို ပွတ်တယ်။ သူ့ဓားကိုလည်း ပွတ်တယ်။ ညာဘက် လက်ညှိုး၊ လက်မနဲ့ ဓားကို ထိန်းပြီးကိုင်တယ်။ ဘယ်ဘက် လက်က ကျွန်တော်ခြေထောက်ကိုထိန်းပြီး ခြေသည်းကို ဓားနဲ့ ဝိုက်ပြီးလှီးလိုက်တယ်။ သာသာ ယာယာပဲ။ ညီညီညာညာ လေးပြတ်သွားတယ်။ တံစဉ်း တောင် တိုက်စရာမလိုဘူး။ ကိုယ့်ဘာသာ ကိုယ်ညှပ်တဲ့အခါ ခြေမခြေသည်းထောင့် လေးတွေက အင်မတန်ညှပ်ရခက်တာ သူ့ကျတော့ ဘာ မှ မဟုတ်သလိုပဲ။ အဲဒီခြေသည်းထောင့် လေးတွေကို သေသေချာချာ မညှပ်လို့ ခြေစွယ်ငုတ်တာ လို့ ရှင်းပြတယ်။ ပြောနေရင်း နဲ့ ခြေသည်း ထောင့် ထဲက ချေး(ဂျီး)တွေကို ရှင်းထုတ်လိုက်တယ်။ အသားမာလို့ဖြစ်နေတာတွေကို ဖြတ်လိုက်တယ်။

ခြေမကို ညှပ်တာနဲ့တင် အတော်သဘောတွေ့သွားတယ်။ ကျွန်တော်က ဓားထိမှာစိုးရိမ်လို့ အရင် က ဒီလို မညှပ်ခဲ့ဘူးဆိုတော့ သူက ဒီလိုညှပ်မယ်ဆိုရင် လူကို ကြည့်လိုက်။ ပထမ ဓားကိုင်ထားတာ ငြိမ်နေရမယ်၊ ပြီးရင် ဖောက်သည် ခြေထောက်ကို ကိုင်တာ ငြိမ်နေရမယ်။ ငြိမ် နှစ် ငြိမ် နဲ့ ဆိုရင် စိတ်ချလိုက်။ ဘာမှမဖြစ်ဘူးတဲ့။

ဒီအလုပ်လုပ်တာ နှစ်သုံးဆယ်ကျော်ပြီ။ သူ့ကို ယောက်ဖက သင်ပေးတာ။ သင်ပေးတဲ့ ယောက်ဖ ကတော့ ရှပ်ကီနဲ့ပဲဆုံးသွားပြီတဲ့။ ခုခေတ် ကလေးတွေက ညှပ်ရင်းနဲ့ သင်တာ၊ သူတို့ခေတ်က ဓာတ်မှန်ကော်ပြားအဟောင်းနဲ့ နှစ်ပတ်လောက် သင်ပြီးမှ ခြေထောက်ကိုင်ရတာတဲ့။ ခြေ၊ လက် ကျွမ်းပြီဆိုမှ နားကို သင်ပေးတာဆိုပဲ။ ဒီအလုပ်ကလည်း ပရောက်ဖက်ရှင်နယ်ကျကျ သင်ခဲ့ရတာ ကိုး။

သူက ဒီမှာ ထိုင်ပြီး ညှပ်သလို အိမ်တွေကိုလည်း လိုက်ညှပ်ပေးတယ်။ ရေကျော် မြောင်းကြီးလမ်း၊ ၄၉ လမ်း၊ လမ်း ၅၀ ဘက်မှာ သူ့ဖောက်သည်တွေရှိတယ်။ ရန်ကုန်တိုင်းလွှတ်တော်ထဲရောက် ဖူး လားတဲ့။ ဟင့်အင်းဆိုတော့ ညံ့ပါပေ့ဆိုတဲ့ အကြည့်နဲ့မော့ကြည့်တယ်။ လွှတ်တော်ထဲကလည်း သူ့ ကို ခေါ်တယ်တဲ့။ ကွီးဖြိုးလားဆိုတော့ မဟုတ်ဘူး ။ ရဲမှူးနှစ်ယောက် နာမည်ရွတ်ပြတယ်။ ပါးစပ် က အဆက်မပြတ်ပြောသလို လက်ကလည်း ခြေချောင်းလေးတွေကို ကိုင်ပြီး ဓားနဲ့ လှီးနေတယ်။ သူ့ စကားထဲမှာ စီးမျောနေတာနဲ့ ဓားထိမှာတောင် မတွေးမိတော့ဘူး။ သူလုပ်ကိုင်နေပုံကလည်း စိုးရိမ် စရာမရှိဘူး။

နောက်က ဟွန်းတီးသံပေါ်လာတယ်။ ရပ်ထားတဲ့ ကားက ထွက်တော့မယ်တဲ့။ နှစ်ယောက်သား နေရာရွှေ့တယ်။ တံတားအောက်မှာရှိတဲ့ ကားစောင့်တွေက ဟိုတယ်ကလား၊ ဈေးဝယ်စင်တာက လားမသိဘူး။ ကားထွက်ဖို့ လမ်းပြတယ်။ နောက်တစ်စီးကိုနေရာပေးတယ်။ ကျွန်တော်တို့ နှစ် ယောက်နေရာပြန်ချပြီး လုပ်ငန်းဆက်လုပ်တယ်။

သုဝဏ္ဏဘက်မှာလည်း သူ့ဖောက်သည် လူကြီးတွေရှိတယ်တဲ့။ နာမည်တစ်ခု ရွတ်ပြတယ်။ အဲဒီ ပုဂ္ဂိုလ် အဲဒီမှာနေတာတော့ အမှန်ပဲ။ ဖောက်သည်ဟုတ် မဟုတ်တော့ မသိဘူး။ တစ်ချို့အိမ်တွေက တစ်ခါသွားရင် သုံးလေးယောက်လုပ်ရတယ်။ အဲဒီလိုဆိုရင်တော့ ပန်းဆိုးတန်းကို သူပြန်မလာ တော့ဘူး။ အိမ်ပြန်ပြီ။

ကျွန်တော့်ကိုလည်း ဖုန်းနံပါတ်ပေးတယ်။ ၂၅ နဲ့ စတဲ့ဖုန်း။ ဂျီ တဲ့။ တယ်လီနော၊ အော်ရီဒူးမပေါ်ခင် က ရပ်ကွက်ထဲမှာမဲဖောက်ပေးတာတဲ့။ ကိုယ်တောင် တောထဲရောက်နေလို့ မဲဖောက်တဲ့ ဖုန်း အကြောင်းမကြားဖူးဘူး။

သူ့ဝင်ငွေကလည်း တက္ကစီကားသမားတစ်ယောက်ရဲ့ ဝင်ငွေလောက်တော့ ရှိတာပဲ။ အုံနာခမပေး ရ တော့ သူကတောင် ပိုကောင်းဦးမယ်ထင်တယ်။ ဒါပေမယ့် နေ့တိုင်းပုံသေတွက်လို့တော့မရ ဘူး ပေါ့။ မိုးသည်းတဲ့နေ့တွေဆိုရင်တော့ လူပါးတာပဲ။

ဒီလိုနဲ့ ခြေသည်းတွေညှပ်ပြီးသွားတယ်။ ကြွက်ကိုက်တာတွေမရှိတော့ဘူး။ သဘောကျသွားတာ နဲ့ လက်သည်း ဆက်ညှပ်တယ်။ ဒီလိုပဲ ဓားလေးနဲ့ ဝိုက်ပြီး သာသာယာယာလေးပြီးသွားတယ်။ လွယ်တယ်မထင်နဲ့လေ။ ကိုယ့်ဘာသာကိုယ်လက်သည်းညှပ်နဲ့ညှပ်ရင်တောင် အသားထိတတ် တယ်မဟုတ်လား။ သူ့စကားကြားတော့ စက်ပြင် တာက ဘယ်လောက်မှ မကျဘူး။ ဘယ်နေရာ ပြင်ရမလဲဆိုတာကို သိတဲ့ပညာက ဈေးပိုကြီး တယ်လို့ပြောတဲ့ စက်ဆရာအဖိုးကြီး ပုံပြင်ကို သတိရမိတယ်။

ဒါပေမယ့် သူ့ပညာကို ဆက်ခံမယ့်သူတော့မရှိဘူး။ သားနဲ့သမီးက ဒီအလုပ်ကို ရှက်စရာကောင်း တယ်လို့ မြင်တယ်။ မလုပ်ဘူး။ တစ်ခြားအလုပ်တွေလုပ်တယ်။ တူမနှစ်ယောက်ကတော့ သူ့လို ပဲ တံတားအောက်မှာ ညှပ်တယ်လို့ လှမ်းပြတယ်။ သက်လတ်အရွယ်အမျိုးသမီးနှစ်ယောက် တစ် ယောက်က ခြေသည်းညှပ်နေတယ်။ တစ်ယောက်က နားဖာကလော်နေတယ်။

သူ့လက်ရာကို သဘောကျသွားတာမြင်တော့ နား လုပ်ဦးမလားတဲ့။ ဒါကိုတော့ မစမ်းရဲဘူးဗျာ လို့ တူးတူးခါးခါးငြင်းလိုက်တယ်။ ဘေးလွယ်အိတ်ထဲက နောက်ထပ် ဘူးလေးတစ်ဘူးဖွင့်ပြတယ်။ သံ ၊ ဝါး၊ သစ်သား နဲ့လုပ်ထားတဲ့ ကရိယာ ခုနှစ်ခုလောက်ထွက်လာတယ်။ ဆူဆေး လို့ ဆိုတဲ့ ပုလင်း ပုလေးတစ်လုံးလည်း တွေ့တယ်။ ထိပ်က အကောက်လေးနဲ့ ဟာက နားဖာချေးတွေ ခဲနေရင် ကလော်ထုတ်တဲ့ဟာတဲ့။ လက်နက်ပုန်းတွေမြင်တော့ ပိုကြောက်သွားတယ်။ သူကတော့ နှစ်သုံး ဆယ်ရှိပြီ။ ဘာမှမဖြစ်ခဲ့ဘူးလို့အာမခံတယ်။

ငယ်ငယ်ကတော့ အမေ့ပေါင်ကို ခေါင်းအုံး၊ အမေက ဆံညှပ်လေးနဲ့ နားဖာချေးကလော်ပေးတယ်။ စည်းစိမ်ရှိပုံကတော့ ပါးစပ်က သွားရည်တွေကျပြီး မှိန်းသွားတဲ့အထိပဲ။ ကြီးလာတော့ အဲဒီလို ကလော်တာကို လန့်လာတယ်။ စက္ကူလိပ်လေးနဲ့။ နောင်တော့ ဂွမ်းတံ လေးနဲ့ ပဲ ကလိဖြစ်တော့ တယ်။ ဒါတောင် ဆယ်ခါ တစ်ခါပါလေ။ ညှပ်ကလော်ဆရာကတော့ ဂွမ်းလိပ်တွေမသုံးနဲ့၊ ကျွတ် ကျန်ခဲ့ ရင် ဒုက္ခဖြစ်မယ်။ နားယားတယ် ၊ ကိုက်တယ်ဆိုရင် ဒီကိုလာခဲ့လို့ ခေါ်တယ်။

ပြန်ထွက်လာတော့ ညှပ်ကလော်ဆရာက ထိုင်ခုံပေါ်မှာ ထိုင်ပြီး နောက်ထပ်ဧည့်သည်မေ ျှာ် နေ တယ်။ ကျန်တဲ့သူတွေကလည်း မေ ျှာ်သူမေ ျှာ်၊ ညှပ်သူညှပ်၊ ကလော်သူကလော်ပေါ့။ ကားစောင့် တဲ့ လုံခြုံရေးတွေကလည်း သူ့အလုပ်သူလုပ်၊ ခရီးသွားတွေကလည်း တံတားအောက်က ဥဒဟို ဖြတ်သွားလို့။ ပန်းဆိုးတန်းတံတားဟာ နေ့ဘက်မှာ သူမဟုတ်သလိုပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: