လော်မယ်ဆိုရင်လေ

လတ်တလောဖေ့စ်ဘွတ်ပေါ်တွင်ခေတ်စားနေတာက “လော်” ဆိုသည့်စကား
ဖြစ်သည်။ လော် ဆိုတာ အရပ် စကားအရတော့ လော်စပီကာ ဒါမှမဟုတ် အသံချဲ့စက် ဒါမှမဟုတ် အော်လံကြီးကို ပြောတာ ဖြစ်သည်။

ထို့အတူ အင်္ဂလိပ်ဘာသာမှာ လော်ဘီ Lobby ဆိုတာရှိသည်။ လော်ဘီ Lobby ရဲ့ မူရင်း အနက်က ဧည့်သည်တွေစောင့်တဲ့ ခန်းမကြီးဖြစ်သည်။ နိုင်ငံရေးအနက်ကတော့ အစိုးရ သို့မဟုတ် ဥပဒေပြုအမတ်များကို မိမိတို့ ဆန္ဒများကို အကောင်အထည်ဖော်ပေးဖို့ ဆွဲဆောင်ခြင်းဖြစ်သည်။

အဲဒီအသုံးအနှုန်းဖြစ်လာပုံက ဗြိတိသ ျှ ပါလီမန်အဆောက်အဦ အဝင်က ဧည့်ခန်းမ
ကြီးမှာ မဲဆန္ဒ ရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေက
အမတ်တွေကို ပါလီမန်အစည်းအဝေး မစခင်မှာ တွေ့ဆုံပြီး ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီး သူတို့ ဆန္ဒတွေကို တင်ပြတာ၊ အခြား ကိစ္စ များနဲ့ ပတ်သက်ပြီး အမတ်တွေဆီက အကူအညီတောင်းရာကနေစပြီး အဲဒီလိုလုပ်တာကို လော်ဘီ Lobby
လုပ်တယ်ဟု ခိုင်းနှိုင်းသုံးစွဲခဲ့ခြင်းဖြစ်သည်။ နောင်တော့ အမတ်တွေ၊ အစိုးရအရာရှိတွေ ကို ဒီလိုမျိုးတွေ့ဆုံရှင်းပြတာကို ပရောဖက်ရှင်နယ်လုပ်ပေးတဲ့ လုပ်ငန်းတွေပေါ်လာတော့ သူတို့ကို Lobbyist လို့ခေါ်ကြသည်။

ဒါပေမယ့် မြန်မာနိုင်ငံက ဖေ့စ်ဘွတ် ဒါမှမဟုတ် ဖွဘုတ် ပေါ်က လော် ကတော့ အပေါ်က အနက် နှစ်မျိုးကို ပေါင်းထားတာလို့ဆိုရမည်။ မိမိ ထောက်ခံသူ
ဒါမှမဟုတ် ချစ်ခင်အားပေးသူ ဒါမှမဟုတ် အဖွဲ့အစည်းအကြောင်းကို အခြားသူတွေ သိအောင်၊ ထောက်ခံလာအောင် လူမှု
ကွန်ယက်စာမျက်နှာပေါ်မှာ ကျယ်ကျယ်အော်ပြီး ချီးမွမ်းခန်းဖွင့် ခြင်းပဲဖြစ်သည်။

အင်တာနက်ခေတ်ကြီးမှာ လော်ဘီလုပ်ဖို့အတွက် သတင်းစာ၊ဂျာနယ်တွေ၊
ရုပ် မြင်သံကြားတွေကို အားကိုးဖို့မလို၊ အဲဒီမှာ ဖော်ပြခံရဖို့ဆိုရင် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိဖို့ လို သလို သက်ဆိုင်ရာမီဒီယာရဲ့ အယ်ဒီတာမူဝါဒတွေ၊ ကျင့်ဝတ်တွေနဲ့လည်း ညီရဦးမည်။

ဖွဘုတ် အကောင့်တစ်ခုရှိရင် ကိုယ်ရေးချင်တာရေးလိုရနေတဲ့ခေတ်ကြီးမှာ
ဘာ့ကြောင့် အဲဒီလို မီ ဒီယာတွေမှာ အလုပ်ရှုပ်ခံပြီး သွားရေးမလဲ။ ဒီမှာ စိတ်ပါရင် ရေး၊ စိတ်မပါရင် ကိုယ့်ကြိုက်တာ ရှယ်။ အားမရသေးရင် မန့်လိုက်ဦး။ လော်ရင်
လည်း ရ ၊ ဆဲရင်လည်းရ ၊ ငါ့ဝေါ်လ်မှာ ငါဘုရင်ပဲလေ။

ဒီလိုနဲ့ ဖွဘုတ်စာမျက်နှာပေါ်မှာ အားပါးတရလော်ကြတော့သည်။ အစိမ်းအကျက်မရွေး။ အနု ပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဝန်ထမ်းတွေ ထဲက မိမိကြိုက်တဲ့သူဆို မိမိ ကြိုက်သလို ဖွဲ့နွဲ့ချီးမွမ်းကြတော့သည်။ ဘာရေးရမှန်းမသိရင်တောင် သူများ လော်ထားတဲ့ အောက်မှာ ချစ်ဖို့ ကောင်းလိုက်တာ မွ မွ
လောက်တော့ ရေးလို့ရသည်။ ကိုယ်မကြိုက်တဲ့သူ တုန်း က နှစ်ပြား
မတန်အောင်ပြောခဲ့တဲ့အလုပ်ကိုပဲ ကိုယ်အားပေးတဲ့သူက လုပ်တော့ ကြည့်စမ်းပါဦး၊ အိုင်ဒီယာကောင်းလိုက်တာတို့၊ လိုက်မမှီဘူးလို့ ရေးလို့ရသည်။

တစ်ခုတော့ ရှိသည်။ ကိုယ်လော်နေတဲ့သူကိုတော့လာမထိနဲ့ မီးပွင့်သွားမည်။ အနုပညာမြတ်နိုးသူ တွေဆို သူ အကြိုက် ၊ ကိုယ့်အကြိုက်အပြန်အလှန်အုပ်စုဖွဲ့ပြီး လော်ကြ၊ ဆော်ကြတာ ဖွဘုတ် ပေါ်မှာ တတိယကမ္ဘာ စစ် ဖြစ်နေသလားထင်ရသည်။

တစ်ချို့ကတော့ အဲဒီလို ဖြစ်နေတာကို ဘဝင်မကျ၊ အလွန်အကျွံ တွေဖြစ်ကုန်ပြီဟု ယူဆကြသည်။ သတိပေးရေးသားကြသည်။ကျွန်တော်ကတော့ အခုရေးနေတာတွေက နည်းသေးတယ်လို့တောင် စောဒကတက်ချင်သည်။

ကြည့်လေ။ မြန်မာတွေလော် တယ်ဆိုတာ လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ
ကောင်းကြောင်း ၊ အလွန် သဘောကျကြောင်း လောက်ပဲ ပြောတာဖြစ်သည်။
လော် တဲ့နေရာမှာ မြန်မာတွေထက် စကေး ကြမ်း သောနိုင်ငံတွေရှိသေးသည်။

အာဏာရှင်စနစ်နဲ့အုပ်ချုပ်နေသော နိုင်ငံတစ်ခုဆိုရင် စကေးကြမ်းချက်က ကိုး
လောက်ရှိသည် ဟု ဆိုရမည်။ အဲဒီနိုင်ငံက ခေါင်းဆောင်တွေက အခုလက်ရှိအချိန်သာ တော်တာ၊ ကောင်းတာ မဟုတ် ၊ မွေးလာထဲက တော်လာတာဖြစ်သည်။

သူတို့လော်ပုံကိုကြည့်ပါ။

အခုကွယ်လွန်သွားပြီးဖြစ်တဲ့ခေါင်းဆောင်တစ်ယောက်ဆိုရင် မွေးတော့မယ့်အချိန်မှာ ပျံလွှားတွေ အုပ်ဖွဲ့ပျံလာပြီးကောင်းကင်မှာ သက်တန့်နှစ်စင်းပေါ်လာ
သည်။မွေးပြီးတော့ကောင်းကင်မှာ ကြယ် အသစ်တစ်လုံးပေါ်လာသည်။ပါရမီ
ထူးချွန်တဲ့အတွက်သုံးပတ်သားမှာစကားစပြောသည်။ အလယ် တန်းကျောင်းသားဘဝရောက်တော့ သမိုင်းဘာသာရပ် မှာ ဆရာတွေမှားတာကို ထောက်ပြဝေဖန် ပြင်ဆင်ပေးခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝမှာ စာအုပ်၊ စာတမ်းပေါင်း တစ်ထောင့်ငါးရာရေး ခဲ့သည်။ အနုပညာမှာလည်း ထူးချွန်တော့ နှစ်နှစ်အတွင်းအော်ပရာ
ခြောက်ပုဒ်ရေးခဲ့ပြီး အဲဒီ အော် ပရာတွေက သူတို့နိုင်ငံရဲ့ အနုပညာသမိုင်းမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သည်

အားကစားမှာလည်း ထူးချွန်သည်။ ငယ်စဉ်က ဂေါက်ကစားနည်းမသင်ခဲ့ရသော်
လည်း အသက် ငါး ဆယ်အရွယ်မှာ သူ့နိုင်ငံရဲ့ တစ်ခုတည်းသော ဂေါက်ကွင်းမှာ
စပြီး ကစားခဲ့သည်။ ပထမအကြိမ်မှာပဲ သတ်မှတ်ရိုက်ချက်ထက် ၃၈ ချက်လေ ျှာ့
ရိုက်ပြီး ကျင်းပေါင်း ၁၁ ကျင်းကို တစ်ချက်ထဲနဲ့ ကျင်း ဝင်အောင်ရိုက်ပြခဲ့သည်။
ဒါပေမယ့် အဲဒီတစ်ခါပဲ ဂေါက်ကစားပြီးနောက်တော့ ဒီကစားနည်းမှာ သူ အကုန်သိသွားပြီ လို့ ဆုံးဖြတ်ခဲ့ကာ ဂေါက်လောကမှ အနားယူသွားခဲ့သည်။

သူ့အရိုက်အရာကို ဆက်ခံတဲ့ခေါင်းဆောင်ကလည်း မညံ့လှပါ။ အသက် သုံးနှစ်အရွယ်မှာ ဒရိုင်ဘာ ရဲ့ ပေါင်ပေါ်မှာထိုင်ပြီး ကားမောင်းနိုင်ပြီ။ အသက်ကိုးနှစ်ကျတော့ သက်ကြီးရွက်လှေသမားတွေကို ပြိုင်ပြီး အနိုင်ရခဲ့သည်။ အားကစားမှာ အလွန်ထူးချွန်ပြီး ဂီတပညာမှာလည်း ဂုဏ်ထူးရခဲ့သည် ဟု ဆိုသည်။

သူတို့တွေတောင် ဒီလောက် လော်နေရင်ဖြင့် ကျွန်တော်တို့လည်း ကိုယ့်ချစ်ခင်အားပေးတဲ့သူ တွေ အတွက် အခုထက်ပိုပြီး လော် လို့ ရသေးသည်ဟုထင်သည်။ လက်ရှိ လုပ်နေတာကိုပဲ အားပေး လော် နေလို့မလုံလောက်တော့ ဟိုလူတွေလိုပဲ ငယ်စဉ်တောင်ကျေး ကလေးဘဝက ထူးချွန်ခဲ့တာ တွေ၊ နမိတ် ပြခဲ့တာတွေကိုပါ သုတေသနလုပ်ပြီး လော် ဖို့လိုနေပြီ။

တစ်ခုပဲ လော်သံ အသံကျယ်လွန်းရင် ကိုယ်နှစ်သက်တဲ့ သီချင်းတောင် နားမခံသာ တာရှိသလို လှုချင်ပေမယ့်လည်း လော်သံ ကျယ်လွန်းလို့ စေတနာပျက်ပြီး မလှုဖြစ် ခဲ့ တာတွေလည်း ရှိတာ ကို သတိပြုစေချင်သည်။

ပြီးရင်တော့ဆက်ပြီး လော် နိုင်ကြပါပြီ။ မကြားလို မမြင်လိုသူများ ဇူကာဘက်ကိုသာ အပြစ်တင် ကြပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: