မိုမိုရေ

 


ဟိုးတစ်ချိန်ကတော့ တိရစ္ဆာန်ဥယျာဉ်ကို သုံးဘီးကားနဲ့ သွားရင် ပြားခြောက်ဆယ်ပဲ ပေးရတဲ့ အကြောင်း သီချင်းထဲမှာတောင် ထည့်ဆိုခဲ့ကြတယ်။ အခုတော့ နှစ်ထောင်ပေးရတယ်။ မနက် ခြောက်နာရီ ခွဲကျော်ကျော်ပဲရှိသေးတော့ ကားရပ်နားကွင်းထဲက ဈေး ဆိုင်တွေမဖွင့်သေးဘူး။ အဝင်ဝက ဆိုင်တစ်ဆိုင်ပဲ ဆိုင်ခင်းဖို့ ပြင်ဆင် နေတယ်။ ကားဝင်းထဲမှာလည်း ကားတစ်စီးမှ မရှိသေးဘူး။
တိရစ္ဆာန်ရုံက မနက် ၇ နာရီဖွင့်တယ်ဆိုလို့ မနက်ပိုင်းလူရှင်းတဲ့ အချိန် ဓာတ်ပုံရိုက်ချင်တာနဲ့ ဖွင့်ဖွင့်ချင်း ဝင်နိုင်အောင် စောစောထွက်လာခဲ့တယ်။ ဆိုင်ခင်းနေတဲ့ အမကြီးကို မေးတော့ ၇ နာရီခွဲမှလို့ ပြော တယ်။ အင်တာနက်မှာ ၇ နာရီလို့တွေ့တယ်လို့ စောဒကတက်တော့ သွားကြည့်လေလို့ စိတ်မ ရှည်တဲ့အသံနဲ့ပြောတယ်။ အဝင်ဝကို ၇ နာရီအတိရောက်အောင်သွားတယ်။ လုံခြုံရေး အစောင့် တစ် ယောက်ရှိတယ်။ အမကြီးတစ်ယောက်ရှိတယ်။ ကောင်တာတွေမဖွင့်သေးဘူး။ မေးလိုက် တော့လက်မှတ်ထုတ်တာ၊ ဘာညာနဲ့ဆို ၇ နာရီ ၁၅ လောက်မှ ကောင်တာဖွင့်မယ်လို့ပြော တယ်။ အင်း ထမင်းဆိုင်က အမကြီးပြောတဲ့အတိုင်းပဲ လို့ တွေးမိတယ်။ သင်ခန်းစာကတော့ လက်တွေ့ ဘဝထဲက လူတွေရဲ့ အသံကို နားထောင်ဖို့ပဲ။
ခဏနေတော့ လုံခြုံရေးနှစ်ယောက်ရောက်လာတယ်။ နေ့ဆိုင်းတာဝန်ကျတွေဖြစ်မှာပေါ့။ သူတို့ နောက်က အမျိုးသမီးတစ်ယောက်လိုက် လာတယ်။ ဝင်ပေါက်က စက်တွေကို ပါဝါဖွင့် တယ်။ ကောင်တာခန်းထဲဝင်တယ်။ ကွန်ပျူတာကို ဖွင့်တယ်။ ဘာပြဿနာပေါ်လဲမသိဘူး။ ပထမရောက် နေတဲ့အမျိုးသမီးကို လှမ်းခေါ်တယ်။ နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးတယ်။ ဝါယာကြိုးတွေ ကို ဟိုကိုင်၊ ဒီကိုင်လုပ်တယ်။ ဘာမှ မထူးဘူး။ ဒီတော့ ဦးလေး ဒီအတိုင်းဝင်သွားလိုက်၊ ပြန်ထွက် လာမှ ဝင်ကြေးပေးတော့ ။ စက်က အလုပ်မလုပ်ဘူးလို့ ပြောတယ်။ အဲဒီလိုတော့ မဝင်ချင်ဘူး၊ စောင့်ပါ့မယ်လို့ပြောနေတုန်းမှာပဲ စက်က အသံမည်လာတယ်။ နောက်တော့ လက်မှတ်တစ်စောင် ထွက်လာတယ်။
ဝင်ပေါက်ကိုသွားတယ်။ အပေါက်မှာက ခေတ်မီစက်တွေနဲ့ပဲ။ လက်မှတ်ကို စကင်လုပ်လိုက်ရင် မီးစိမ်းလေးလင်းပြီး တွန်းဝင်သွားရုံပဲပေါ့။ ဒါပေမယ့် ပြဿနာက စက်က အလုပ်မလုပ်ဘူး။ ကောင် တာထဲက အမျိုးသမီးပြန်ထွက်လာတယ်။ မနက်စောစောဆိုရင် ဒီလိုပဲတဲ့။ ဟိုပုတ်၊ ဒီပုတ်လုပ်လိုက် တော့ မီးစိမ်းလေးလင်းလာပြီး ဝင်လို့ရတယ်။ အအေးလှိုင်းကြောင့် စက်တွေ ထိုင်းမှိုင်းနေတဲ့ ပုံ ပဲ။
ငယ်ငယ်တုန်းကတော့ မိသားစုတနင်္ဂနွေဆိုတဲ့ သီချင်းကြားရင် တိရစ္ဆာန်ရုံသွားချင်တော့တာပဲ။ တိရစ္ဆာန်ရုံထဲရောက်တာနဲ့ မှော်ဆရာမှန်ရှေ့မှာ သွားရပ်မယ်။ ပုံပျက်ပန်းပျက်ပေါ်နေတဲ့ ကိုယ့်ပုံ ကို ကြည့်ပြီး သဘောတွေကျလို့ ။ ပြီးရင် ရေမြင်းနဲ့ ဖျံတွေဆီကို သွားမယ်။ ဆင်ကြီးမိုမိုဆီ ချီ တက်မယ်။ ကျားတွေ၊ ခြင်္သေ့တွေ၊ ငှက်တွေ၊ မြွေတွေ ကလေးလေးတစ်ယောက်အတွက် အမြဲတမ်း အံ့သြစရာ၊ ကြောက်စရာ၊ ပျော်စရာတွေ အပြည့်နဲ့ နေရာ၊ အခုတော့ ဓာတ်ပုံရိုက်လို့ ကောင်း မယ့် နေရာပေါ့။
အဝင်ဝနားမှာသစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနရဲ့ ၂၅-၁-၂၀၁၆ ရက်နေ့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကျောက်စာတိုင်ကိုတွေ့ တယ်။ သစ် တော ရေးရာ ဝန်ကြီးဌာနလို့ခေါင်းစဉ်တပ်ထားပေမယ့် နှစ်တရာပြည့် တဲ့အချိန်မှာ တိရစ္ဆာန် ဥယျာဉ်က သစ် တော ရေးရာဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိပါဘူး။ ၂၀၁၀ ထဲက ထူးကုမ္ပဏီအုပ်စု က ငှားရမ်းပြီး စီမံခန့်ခွဲနေတာပါ။
ဝင်ဝင်ချင်းမျောက်ရွာကို သွားတယ်။ အစာရောင်းတဲ့သူတွေမရှိတော့ မျောက်တွေက ဧည့်သည် လာကြည့်လည်း ထူးထူးခြားခြား မတုန့်ပြန်တော့ဘူး။ ဟိုတုန်းကတော့ ငှက်ပျောသီး၊ ပဲလှော် ဝယ် ကျွေးတော့ မျောက်တွေက မြူးတာပေါ့လေ။ မိသားစုတနင်္ဂနွေ သီချင်းထဲမှတောင် မျောက်လေး တွေအသံနဲ့ ပဲလှော် ကျွေးလို့ ကျေးဇူးတင်တဲ့အကြောင်းထည့်ဆိုရတယ်။အခန်းတစ်ခန်း မှာ တော့ ခေါင်းကြီးကြီး၊ ကိုယ်လုံး ဖိုင့် ဖိုင့်နဲ့ မျောက်တစ်ကောင် စိတ်ပျက်တဲ့ပုံနဲ့ မလှုပ် မရှက်ထိုင် နေလေရဲ့။ အနားက ဝန်ထမ်းကို မေးကြည့်တော့ အဲဒါ အာသံမျောက်မျိုး၊ အထီးကောင်တဲ့။ အမ မရှိလို့ မှိုင်နေတာဆိုပဲ။
မျောက်ရွာအလွန်က ရေမြင်းတွေထားတဲ့နေရာမှာတော့ ချမ်းချမ်းစီးစီး ရေမြင်းက ရေစိမ်နေတယ်။ အရင်က ဒီနေရာမှာ ပါးစပ်ကြီးဟပြီး ကန်စွန်းရွက်ကျွေးဖို့ အစာ တောင်းတဲ့ ရေမြင်းကြီးရှိခဲ့ဖူးတယ်။ ကြံ့တွေထားတဲ့နေရာမှာတော့ ကြံ့နှစ်ကောင်က ခေါင်းချင်းဆိုင်ပြီး အားစမ်းနေတယ်။ နှစ်ကောင်ထဲရှိတာတောင် ဗိုလ်လုနေတုန်းလား မသိဘူး။
ကျား၊ ခြင်္သေ့၊ ကျားသစ်လှိုဏ်ဂူဆိုတာ တစ်ချိန်က တိရစ္ဆာန်ဥယျာဉ်မှာ ခေတ်အမီဆုံး၊ အလှဆုံး၊ လူကြည့်အများဆုံးနေရာပေါ့။ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ ဇာတ်လိုက်အဲဒီပေါ်ကနေ ကျား လှောင်အိမ် ထဲကို ကျသွားတဲ့အခန်း ရိုက်ဖူးတာမှတ်မိတယ်။ မင်းသားက မြတ်လေးထင် တာပဲ။ အခု ကျားလှိုဏ်ဂူဟာ နာမည်ပဲ ကျန် တော့တယ်။အပေါ်ထပ်လေ ျှာက်လမ်း တစ်စိတ်တစ်ပိုင်းကိုတောင် ပျိုးဥယျာဉ်လုပ်ခံထား ရ တယ်။ ကျားတစ်ကောင်ကို ဝန်ထမ်းက ရေချိုးပေးနေတယ်။ ကျန်တဲ့ကျားတွေက ဆောင်းတွင်းဆိုရေကြောက်ပေမယ့် ဒီကောင်ကတော့ ရေကြိုက်တယ်တဲ့ ။
မြွေပြခန်းဆိုရင်လည်း ဒီလိုပဲ၊ တစ်ချို့အခန်းတွေမှာ ဘာကောင်မှ မရှိဘူး။ နံရံမှာ ထည့်ထားတဲ့ ငါး ကန်တွေက ပျက်စီးနေပြီ။ ရေလည်းမရှိ၊ ငါးလည်းမရှိတော့ဘူး။ ငယ်ငယ်ကတော့ ကန်ထဲက မြွေ အများကြီးကို ကြည့်ပြီး ကြောက်ခဲ့ရတာ။ အခုတော့ ရှိတဲ့မြွေတွေကလည်း မလှုပ်မရှက်။
ရေကန်တွေထဲမှာလည်း ရေပျော်ငှက်တွေ နည်းနေသလိုပဲ။ သဘာဝသမိုင်းပြတိုက်နားက ငှက် လှောင်ရုံထဲမှာတော့ ရေပျော်ငှက်တွေများတယ်။ ဒီငှက်လှောင်ရုံထဲမှာတော့ ငှက်တွေ လွတ်လွတ် လပ်လပ် ပျံနိုင်သေးတယ်။ ဒါပေမယ့် သံဆန်ကာတွေ၊ သံတိုင်တွေကတော့ တော်တော် ဟောင်း နေပြီ။ ငယ်ငယ်က အကြီးကြီးလို့ ထင်ရတဲ့ ငှက်လှောင်ရုံက အခုတော့ သေးသေးလေးလို့ပဲ ခံစားရတယ်။
မဆီမဆိုင် ရေပျော်ငှက်တွေကြားထဲမှာ ဟိမဝန္တာ လင်းတတစ်ကောင်ရောက်နေတယ်။ မျိုးမတူတွေကြားထဲရောက်နေလို့ထင်ပါရဲ့။ လင်းတက ရေ စပ်နားမှာထိုင်မှိုင်နေတယ်။ သူ့အနားမှာတော့ စစ္စလီတွေ ရေကူးပြီး မြူး နေကြလေရဲ့။
သဘာဝသမိုင်းပြတိုက်မှာ ပြီးခဲ့တဲ့ မတ်လကမှ အသစ်ဖွင့်ထားတဲ့ ဆင်ပြတိုက်လည်း ရှိတယ်။ ဒါပေမယ့် ဝင်ကြေးကောက်လို့ထင်တယ်။ ကြည့်တဲ့သူနည်းတယ်။ ဆင်ပြတိုက်ရည်ရွယ်ချက် က ဆင်တွေကို တန်ဖိုးထားတတ်အောင်၊ ဆင်သတ်တာ၊ ဆင်အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းဝယ်တာတွေကို တားဆီးဖို့အတွက်ပညာပေးဖို့ဆိုတော့ ဝင်ကြေးမကောက်တာက ပိုကောင်းမယ် ထင် တယ်။ ကျန်တဲ့ပြခန်းတွေလည်း အခမဲ့ဝင်ခွင့်ပေးထားတော့ ဒီတစ်ခုထဲငွေကောက်တာက တစ်မျိုး ဖြစ်နေတယ်။
သဘာဝသမိုင်းပြတိုက် မှာ ပြထားတဲ့ သက်ဦးကပ်၊ သက်လယ်ကပ်၊ သက်နှောင်း ကပ် ပြခန်းတွေက အတော်ကောင်းတယ်။ ဒါပေမယ့် ဘီဒိုနဲ့ ပြထားတဲ့ ပြခန်းစနစ်က ဟိုးတုန်းထဲ က အတိုင်းပဲ။ ခေတ်နောက်ကျနေပြီ။ ပြတိုက်ဘေးမှာ ရုပ်လုံးသွင်းအခန်းလို့ ဆိုင်းဘုတ်တပ် ထား တဲ့ တစ်ထပ်တိုက်လေးရှိတယ်။ အထဲမှာ ငှက်တွေ၊ ဆတ်တွေ၊ကျားသစ်ပေါက်လေးတွေရဲ့ ရုပ်လုံး တွေနဲ့ အပြည့်ပဲ။ အပြင်မှာ ပြထားတဲ့အရိုးစုကတော့ ဘို့တစ်လုံးကုလားအုပ်လို့ ပြောတယ်။ အရုပ်အားလုံးက ဒီဥယျာဉ်မှာ သေဆုံးသွားတဲ့အကောင်တွေရဲ့ ရုပ်လုံးတွေပဲ။ အဲဒီအရုပ်တွေကို သာ ပြတိုက်ထဲမှာ ပြနိုင်ရင်အတော်ကောင်းမယ်။ အခုတော့ အခန်းကျဉ်းလေးထဲမှာ စုပြုံထည့် ထားတာ နှမြောစရာ။
တိရစ္ဆာန်တွေဆိုရင်လည်း မှတ်မှတ်သားသားအသစ်တိုးလာတာက ကျားဖြူတွေပါပဲ။ သစ်ကုလား အုပ်ကြီးကတော့မရှိတော့ဘူး။ ကွယ်လွန်သွားရှာပြီ။ တစ်ချို့အကောင်တွေကတော့ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို ခွဲပေးလိုက်ရတယ်လို့ဆိုတယ်။ အကောင်ရေများလာတာကတော့ သမင်၊ ဒရယ်၊ ဂျီ နဲ့ဆတ်တွေပါပဲ။ နံနက်နေရောင်ခြည်အောက်မှာ သမင်တွေ၊ ဒရယ်တွေကို မြင်ရတာ ကြည်နူးဖို့ကောင်းတယ်။
တိရိစ္ဆာန်ဥယျာဉ်မှာ နောက်ဆုံးပေါ်ခေတ်စားနေတာကတော့ Zip-Line ပေါ့။ ထူးကုမ္ပဏီက အသစ် တည်ဆောက်ထားတာဆိုလို့ Zip-Line နဲ့ စားသောက်ဆိုင်တန်းနှစ်ခုပဲတွေ့မိတယ်။ ။ Zip-Line ရဲ့တိုင်တစ်တိုင်က ကိုလိုနီခေတ် လက်ရာ အဆောက်အဦရှိတဲ့ကုန်းပေါ်မှာထောင်ထားတယ်။ အဲဒီ နေရာက Zip-Line စ ထွက်တဲ့ နေရာလည်းဖြစ်တယ်။ ဟိုတုန်းကေ တာ့ ဒီကုန်းလေးပေါ်မှာ နားနေလို့၊ အပန်းဖြေလို့ကောင်းတယ်။ အခုတော့ အဲဒီ အဆောက်အဦလေးကလည်း လက်မှတ် ရောင်းတဲ့နေရာဖြစ်၊ နောက်မှာလည်း သံမဏိ မေ ျှာ်စင်ကြီးနဲ့အလှပျက်နေပေါ့။ နောက်ပြီး ရေ ပျော်ငှက်တွေထားတဲ့ ကန်ကို ဖြတ်ပြီး Zip-Line လုပ်သင့်လားဆိုတာလည်း စဉ်းစားစရာပဲ။
Zip-Line စီးခြင်း, နံရံတွယ်တက်ခြင်း၊ ကြိုးဆိုင်းနဲ့ ခုန်ချခြင်းဆိုတဲ့ ကစား နည်းတွေနဲ့ အခြားအပျော်ဆော့ကစားတာတွေကို တောင်ဘက်ဂိတ်( ဖဆပလဘက်) က ကလေးကစားကွင်း အဟောင်း နေရာမှာရွှေ့ပြီးထားလိုက်တာက ပိုသင့်တော်မယ်ထင် တယ်။
တိရစ္ဆာန်ဥယျာဉ်ထဲက အဆောက်အဦတွေက ၁၉ ၆၀၊ ၁၉ ၇၀ နှစ်တွေကအတိုင်းပဲ ၊ ဘာမှ တိုး တက်ပြောင်းလဲလာတာမရှိဘူး။ ကျိုးပဲ့နေတဲ့ ကြမ်းပြင်တွေ၊ လှေကားထစ်တွေ၊ သံချေးတက်နေတဲ့ သံဆန်ကာတွေကို နေရာတိုင်းမှာတွေ့နေရတယ်။ တိရစ္ဆာန်တွေပြသမှုပုံစံကလည်း ငယ်ငယ်က မြင်ခဲ့တာတွေနဲ့ ဘာမှ မထူးဘူး။
၁၉ ၈၈ နောက်ပိုင်းမှာ ပန်းခြံတွေ၊ တိရစ္ဆာန်ဥယျာဉ်တွေကို အစိုးရက ဝင်လုပ်ရင် ရှုံးတယ်။ ပုဂ္ဂလိ က ကို ငှားပြီးလုပ်ခိုင်းတာက ငှားခရတယ်။ တွက်ခြေကိုက်တယ်ဆိုတဲ့ အယူအဆပေါ်လာတာ အတော်ဆိုးတယ်။ ရိုးရိုးလေးတွေးကြည့်ရင် တာဝန်ရှိတဲ့အစိုးရတောင်မှ အရှုံးခံ မလုပ်နိုင်တာ ပုဂ္ဂလိက ဆိုလည်း ဘယ်လုပ်မလဲ။ ဒီတော့ နေ့စဉ် ကုန်ကျ စရိတ်ကာမိအောင် ဖျော်ဖြေရေးအစီအစဉ်တွေ၊ စားသောက်ဆိုင်တွေပို ထည့် တယ်။ ရေရှည် ရှင်းနှီးမြှုပ်နှံရမယ့် အဆောက်အဦသစ်တွေ၊ပြခန်းသစ်တွေကို ဦးစားမပေးနိုင်ဘူး။လူထု အပန်းဖြေ ရေးကအဓိကမဟုတ်တော့ဘူး။ တိရစ္ဆာန်ဥယျာဉ်လည်း ဒီအဖြစ်မျိုးနဲ့ ရင်ဆိုင်နေရပုံပဲ။
ပြသမှုတွေ၊အဆောက်အဦထိန်းသိမ်းမှုတွေနဲ့ပတ်သက်ပြီး ပြောစရာတွေများပေမယ့် ကုမ္ပဏီကိုအသိအမှတ်ပြုရမှာကဥယျာဉ်အတွင်းသန့်ရှင်းရေးပဲ။ အကောင်တွေထားတဲ့နေရာ ရော၊ လူတွေ သွားလာနေထိုင်တဲ့နေရာတွေအားလုံးမှာ စွန့်ပစ် အမှိုက်တွေမတွေ့ခဲ့ရဘူး။ တိရစ္ဆာန် တွေကို ပြင်ပအစာကျွေးခွင့်မပြုတော့တာလည်း မှန်ကန်တဲ့ အလုပ်ပဲ။
နောက်ဆုံးမရောက်မဖြစ်ရောက်ခဲ့ရတာကတော့ ဆင်ကြီး မိုမိုဆီကိုပေါ့။ မှတ်တမ်းတစ်ခုမှာတော့မိုမို ဟာ လွိုင်ကော်မြို့က ဦးခွန်စန္ဒ က လှုဒါန်းတဲ့ အတွက် ၁ ၉၆၁ ခုနှစ်မှာ တိရစ္ဆာန်ရုံကို ရောက်ခဲ့ တာလို့ ဖတ်ဖူးတယ်။ သူရောက်တော့အသက်ခုနှစ်နှစ်၊ အခု ၆၆ နှစ်။ သူ့ကို လှုခဲ့တဲ့ ဦးခွန်စန္ဒ နဲ့ မိသားစု တွေ ရော လွိုင်ကော်မှာရှိသေးလား။ မိုမိုရဲ့ မွေးနေ့တွေမှ ာ သူတို့ကို ရောဖိတ်လား ။ သူလှုခဲ့ တဲ့ ဆင်လေးဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ လူသိအများဆုံး သင်္ကေတဖြစ်နေပြီဆိုတာ သိရင် ပျော်ရှာမှာပဲ။
ဇရာထောင်းလာတဲ့ မိုမိုဟာ သူ့အဖော်ဆင်တွေလို လှုပ်လှုပ်ရှားရှားမလုပ်နိုင်တော့ ဘူး။ သံတန်း ပေါ်မှာ မေးတင် ပြီး ငြိမ်ငြိမ်လေးပဲ ရပ်နေတယ်။ တွေးနေတာလား၊ မောနေတာလား။ မိုမိုရေ ၊ အသက်ရှည်ရှည် နေပါဦး။
မိသားစုတနင်္ဂနွေသီချင်းထဲကလိုပဲ သွားမယ်ဟေ့ မိုမိုရေ နောက်တစ်ခါရောက်လာရင်လေတို့ကို စောင့်ကြို နေ လို့ နှုတ်ဆက်ခဲ့တယ်။ အပြင်ထွက်တော့ ကားဝင်းထဲမှာ ကားတွေ ပြည့် နေပြီ။ နယ်ကလာတယ်လို့ထင်ရတဲ့ လိုက်ထရပ်တစ်စီး ဆိုက်လာတယ်။ လူတွေဆင်းတယ်။
ဈေးတန်းထဲကနေ “ လာနော်၊ ရခိုင်မုန့်တီ ၂၀၀၊ မုန့်ဟင်းခါး ၃၀၀၊ ဘဲဥနဲ့ထမင်းတစ်ပွဲ ၁၀၀၀၊ ဟင်းရည်၊ ငါးပိရည်၊ တို့စရာအစုံပါတယ်” ဆိုတဲ့ အသံတွေ တစ်ပြိုင်တည်းပေါ်လာတယ်။ ကား ပေါ်က လူတွေကတော့ အဲဒီအသံတွေကို စိတ်မဝင်စားဘူး။ ဂိတ်ဝကို ပြေးတဲ့ ကလေးတွေနောက်ကို အဖေ အမေတွေက အပြေးလိုက်သွားကြတယ်။
တိရစ္ဆာန်ဥယျာဉ်ဟာ လူတွေရဲ ရင်ထဲမှာ ရှိနေဆဲပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: