ရွှေတိဂုံ အရိပ်အောက်မှာ (၂)


ကရင်လူမျိုး စာကြည့်ပိဋကတ်တိုက်
ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ် က နေ အာဇာနည် ဗိမာန်လမ်း အတိုင်းလာရင် အရှေ့ဘက် မုခ် ယာဉ်ရပ်နားကွင်းနဲ့ မျက်နှာချင်းဆိုင်နေရာလောက်မှာ“ ရွှေတိဂုံစေတီတော် ပိဋကတ်တိုက် သို့” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ လမ်းကြားလေးရှိတယ်။ ရွှေတိဂုံဘုရားကလာတဲ့ ဂျိုးဖြူပိုက်ကြီးရှိလို့ အဲဒီလမ်းကြားလေးကို ပိုက်လုံးလမ်းလို့ ခေါ် တယ်။ အဲဒီလမ်းကြားလေးက တစ်လမ်းမောင်း၊ ဗဟန်း(၃) လမ်းဘက်က ဝင်ရတယ်။ အာဇာနည် ဗိမာန် လမ်းဘက်က ဝင်လို့မရဘူး။ ဒီလမ်းကြားလေး အတိုင်းသွားရင် စိန်ပန်းကျောင်းတိုက်ဆိုတဲ့ ဘုန်းတော်ကြီးကျောင်းရဲ့ နံရံမှာ ရွှေတိဂုံစေတီတော် ဝတ္တကမြေနယ်နမိတ်လို့ စာတမ်းထိုးထားတယ်။ ရွှေတိဂုံ စေတီတော် ရဲ့ ဝတ္တကမြေဟာ ဒီကျောင်းနံရံမှာ ဆုံးတယ်ဆိုတဲ့ သဘောပေါ့။
အဲဒီ ပိုက်လုံးလမ်းအတိုင်းဆင်းသွားတဲ့အခါ စိန်ပန်းကျောင်းတိုက်မရောက်ခင် ညာ ဘက်မှာ လမ်းကြားလေးတစ်ခု ရှိတယ်။ အဲဒီ လမ်းကြားလေးအတိုင်းဝင်သွားရင် ကရင်လူမျိုး စာကြည့် ပိဋကတ်တိုက်ကိုရောက်တယ်။
အဝင်၀ မုခ်ဦးမှာ “ ဦးကျော်ထွန်း ဥက္ကဋ္ဌ၊ သမ္မာသမ္ဗုဒ္ဓဘာသာ ကရင်လူမျိုး စာကြည့် ပိဋကတ်တိုက်” လို့ ရေးထားတယ်။ အဝင်၀ ညာဘက်မှာ ပိဋကတ်တိုက် တည်ဆောက်ရတဲ့ သမိုင်း ကို ရေးထိုးထားတဲ့ ကျောက်စာရှိတယ်။ ကျောက်စာရေးထိုးတဲ့ နှစ်က ကောဇာက္ကရာဇ် ၁၂၉ ၇ ခုနှစ်။ ကျောက်စာတိုက်ကို သံပန်းနဲ့ သေသေချာချာ ကာထားတယ်။ တိုက်နံရံမှာ တော့ ကောဇာသက္ကရာဇ် ၁၂၉ ၂ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ နေ့ ၁၂ နာရီ ၅ မိနစ်မှာ ရှေးဦး ပန္နက် စိုက်ထူတဲ့အကြောင်း ဂြိုလ်ခွင်နဲ့တကွ တိတိကျကျ ရေးသားထားတဲ့ကျောက်ပြားတစ်ချပ် ကပ်ထားတယ်။
ကရင်လူမျိုးစာကြည့်ပိဋကတ်တိုက် အလှုရှင်က မအူပင်မြို့နယ် တရုတ်လပ်ကျေးရွာဇာတိ ဦး စောကျော်ထွန်း၊ဒေါ် နော်ကြာနွယ်ပါ။ သာမန်လယ်သမားလေးဘဝကနေ ကြိုးစား လုပ်ကိုင်ရင် လယ်ပိုင်ရှင် ဖြစ်လာတယ်။ မအူပင်မှာ သာသနိကအဆောက်အဦတွေလှုဒါန်းတယ်။ နောက်တော့ မအူပင်ကနေ ရန်ကုန် အလုံ၊ စူပါပင်လမ်းကို ပြောင်းရွှေ့လာတယ်။ ရန်ကုန် ရောက် တော့လည်း ညောင်ရမ်းဆရာတော်ဘုရားကြီး ဦးရေဝတရဲ့ ကျမ်းစာအုပ်ကို ရိုက်နှိပ်လှုဒါန်းသလို မင်္ဂလာတောင်ညွှန့်မြို့နယ် မြရာကုန်း ရွှေကျင်ကျောင်းတိုက်မှာလည်း နှစ်ထပ်သိမ်ကျောင်း တစ် ဆောင်လှုဒါန်းခဲ့တယ်။
နောက်တော့ ရွှေတိဂုံစေတီတော်မှာ ရေမလုံလောက်တာကို တွေ့တဲ့အတွက် ရေရရှိရေး အတွက် လှုဒါန်းဖို့ ကြိုးစားတယ်။ အဲဒီအချိန်က ဂေါပက အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လှုလို့မရ ဘူး။ ဂေါပကအဖွဲ့က ဂေါပက အဖွဲ့စည်းမျဉ်းနဲ့အညီ ပိဋကတ်တိုက်ဆောက်မယ်ဆိုရင် မြေပေး မယ်ဆိုတာနဲ့ အခုနေရာမှာ ကရင်လူမျိုးစာကြည့်ပိဋကတ်တိုက်ကို ကောဇာသက္ကရာဇ် ၁၂၉ ၂ မှာ ပန္နက်ချတယ်။ ၁၂၉ ၃ မှာစတင်ဆောက်လုပ်တယ်။ ၁၂၉ ၄ ခုနှစ်နွေရာသီမှာ ပြီးတယ်။ မြေကွက် အကျယ်က ၈၅ ပေပတ်လည်၊ အဆောက်အဦအမြင့်က ပေ ၅၀ လို့ ဆိုတယ်။ အဆောက်အဦ ဆောက်တာ ၅၄၃၇၀ကျပ်၊ ၉ ပဲ ၊၆ ပြားကုန်တယ်။
အလှုရှင် ဦးစောကျော်ထွန်း နဲ့ ဒေါ် နော်ကြာနွယ်တို့က ၂၁၅၀၀ ကျပ်မတည်တယ်။ ကျန်တဲ့ အလှုရှင်တွေထဲမှာ ၅ ကျပ်နဲ့ အထက်လှုဒါန်းသူ ၂၅ ဦးရှိတယ်။ အများဆုံးလှုဒါန်းတာက ၅၃၁၀ ကျပ်။ ၅ ကျပ်အောက် လှုဒါန်း သူ အရေအတွက်တော့ မသိရဘူး။ဒါပေမယ့်ငါးကျပ်အောင် လှုဒါန်းသူတွေထံစုစုပေါင်း ၈၃၁ ကျပ်၊ ၉ ပဲ ၊ ၆ ပြား ရတယ်လို့ ဖော်ပြထားတယ်။
ပိဋကတ်တိုက်ကို ဆောက်တဲ့အချိန်မှာ ရန်ကုန်ကို ဘုရားဖူးလာတဲ့ ကရင်တိုင်းရင်းသားများပါ တည်းခိုနေထိုင်နိုင်ဖို့အတွက်ပါ ရည်ရွယ်ပြီး သုံးထပ်ဆောက်တယ်။ အောက်ဆုံးထပ်က လူပုဂ္ဂိုလ် တွေတည်းခိုဖို့၊ အလယ်ထပ်က သံဃာတော်တွေတည်းခိုဖို့ နဲ့အပေါ် ဆုံးထပ်က ပိဋကတ်တော် တွေထားဖို့ဖြစ်ပါတယ်။ ပိသုကာက မအူပင်မြို့နယ် လယ်ကိုင်းရွာသား ဦးဘိုးဦး နဲ့ ပန်းရန် ဦးမောင်ကလေးတဲ့။
ပိဋကတ်တိုက်တော်တွေကို အပေါ်ထပ် အခန်းရဲ့အလယ်မှာ ဘုံအဆင့်နဲ့ထားတယ်။ ပိဋကတ်တော်တွေထားတဲ့နေရာကို မှန်ကာထားတယ်။ အောက်ခြေမှာ နတ်မင်းလေး ပါး စောင့်တယ်။ အပေါ်ဆုံးမှာ ဗုဒ္ဓရုပ်ပွားတော်နဲ့ ရဟန္တာ ပုံတော်တွေရှိတယ်။ ရွှေတိဂုံ စေတီတော်ကို မျက်နှာမူထားတဲ့ဘက်မှာ ဘုရားခန်းရှိတယ်။ ပိဋကတ်တော်တွေ ထားတဲ့နေရာအပေါ်တည့်တည့် ပြဿဒ်မှာ အလင်းဝင်ပေါက်လုပ်ထားတယ်။
အလယ်ထပ်မှာတော့ ခန်းမကြီးရှိတယ်။ ပတ်လည်မှာ အခန်းတွေဖွဲ့ထားတယ်။ သံဃာတော်တွေ တည်းခိုဖို့ ရည်ရွယ်ထားပုံရတယ်။ ခန်းမကြီးအလယ်မှာ တိုင်လုံးကြီးတစ်ခုရှိတယ်။ ကနုတ်ပန်း တွေနဲ့ အလှဆင်ထားတယ်။ကားလမ်းက ဝင်ရင် အလယ်ထပ်ကိုရောက်တယ်။ အောက်ဆုံးထပ်က ကမ်းပါးစောင်းမှာဆောက်ထားတော့ မြေအောက်ခန်းလို ဖြစ်နေတယ်။
အောက်ဆုံးထပ်ကလည်း ဒီလိုပုံပဲ၊ အလယ်မှာ တိုင်လုံးကြီးနဲ့ ခန်းမတစ်ခုရှိတယ်။ ဘေးပတ်ဝန်း ကျင်မှာ အခန်းလေးတွေဖွဲ့ထားတယ်။ ဒီအောက်ထပ်မှာ ဧည့်သည် ၂၀၀ လောက်အထိ တည်းခို ဖူးတယ်လို့ သိရတယ်။
ဒီအဆောက်အဦတစ်ခုလုံးမှာကြမ်းခင်းတွေကို သံယက်မကြီးတွေနဲ့ တည်ဆောက်ထားတယ်။ တိုင်ဆိုလို့အလယ်တိုင်တစ်ခုပဲရှိတယ်။ ဒီတိုင်တစ်လုံးတည်းထည့်ပြီးတည်ဆောက်ရတဲ့ အကြောင်းအရင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။
ဒီအဆောက်အဦးဆောက်မယ့်နေရာမှာ ကျွန်းပင်ကြီးတစ်ပင်ရှိတယ်။ မြေရှင်းတော့ ဒီကျွန်းပင် ကြီးကို လှဲဖို့ လုပ်တိုင်း တစ်ခုခုဖြစ်တယ်။ သက်ဆိုင်ရာတွေနဲ့ မေးမြန်းတော့ ကျွန်းပင် စောင့် မောင်နှမက ဝင်ပူးပြီး သူတို့အတွက်နေစရာပေးရင် မနှောင့်ယှက်တော့ဘူး လို့ ပြောတယ်။ ဒါနဲ့ ဒီအဆောက်အဦမှာပဲ ဆက်ပြီးစောင့်ရှောက်ပါ၊သူတို့အတွက်နေစရာပေးပါ့ မယ်လို့ တောင်းပန်ပြီး ကျွန်းပင်ကြီးအစား အလယ်တိုင်လုံးကြီးတစ်လုံးကို ထည့်ဆောက်ပေး ခဲ့တယ်။
အဲဒီတိုင်ကြီးက အောက်ထပ်ကနေ အပေါ်ဆုံးထပ်အထိရှိတယ်။ အပေါ်ထပ်ရောက် တော့ ပိဋကတ်တော်တွေထည့်တဲ့ စင်ဖြစ်သွားတယ်။ အလယ်ထပ်မှာ ထည့် ထားတဲ့ပန်းခက်တွေက ကျွန်းရွက်တွေကို သရုပ်ဖော်ထားတာလို့ ဆိုတယ်။ သဘောက တော့ ကျွန်းပင်ကြီးကို ခုတ်လိုက်ရတဲ့အတွက် အစားပြန်ထိုးပေးထားတာပေါ့။
အလှုရှင်ဦးစောကျော်ထွန်းက စာကြည့်ပိဋကတ်တိုက်တင်မဟုတ်ဘူး။ ကရင်တိုင်းရင်းသား ရဟန်းတော်တွေ သီတင်းသုံးဖို့ ကရင်ပရိယတ္တိ စာသင်တိုက်ကိုလည်း ပိုက်လုံးလမ်း နဲ့ ဗဟန်း (၃) လမ်းထောင့်နားလေးမှာ ဆောက်လုပ်လှုဒါန်းခဲ့တယ်။ အဲဒီကျောင်းဆောက်မယ်ဆိုတော့ ရေ ပိုက်လုံးနဲ့နီးတဲ့အတွက် ခွင့်မပြုသင့်ဘူးဆိုပြီး ကန့်ကွက်မှုတွေရှိခဲ့တယ်။ အဲဒီကိစ္စက မြန်မာ ဥပဒေပြုလွှတ်တော် နဲ့ ဘုရင်ခံ အဆင့်မှာတင် မပြီးပြတ်ပဲ အင်္ဂလန် ပါလီမန်အထိရောက်သွား ခဲ့တယ်။ အင်္ဂလန်ပါလီမန်က ဘာသာရေးအတွက် အသုံးပြုခွင့်ရှိကြောင်းဆုံးဖြတ်လိုက်မှ ၁၂၉ ၇ ခုနှစ်မှာဆောက်လုပ်ခွင့်ရတယ်။
စာသင်တိုက်ကို ပန္နက်ချတာက အဲဒီခေတ်က ဝန်ကြီး ဘကြီးဘဘေ နဲ့ ဒေါက်တာသိန်းမောင်တို့ ပါ။ ကုန်ကျစရိတ်က ရှစ်သောင်းကျပ်၊အလှုရှင်တွေထည့်ပြီး လိုတဲ့ငွေကို ဦးစောကျော်ထွန်းက တာ ဝန်ယူခဲ့တယ်လို့ဆိုတယ်။ ဒီမြေဂရန်အတွက် မြူနီစပါယ်ကိုပေးသွင်းရတဲ့ငွေက ၁၅၄၂ ကျပ်ဖြစ် ပြီး မြေခွန်ကင်းလွတ်ခွင့်ရတယ်လို့ သိရပါတယ်။
ပိဋကတ်တိုက်လည်း ပြီးပြီ၊ စာသင်တိုက်လည်းပြီးပြီဆိုတဲ့အခါ ဒီအဆောက်အဦနှစ်ခုလုံး ရေရှည် တည်တံ့ဖို့အတွက် “သမ္မာသမ္ဗုဒ္ဓဘာသာကရင်အမျိုးသားအဖွဲ့” ကို ၁၂၉ ၇ ခုနှစ်မှာပဲ ဖွဲ့စည်း ခဲ့ ပါတယ်။ အခုအချိန်အထိ ပိဋကတ်တိုက်နဲ့ စာသင်တိုက်ကို ဒီအဖွဲ့ကပဲ ထိန်းသိမ်းစောင့်ရှောက် လ ျှက်ရှိပါတယ်။ ဒီအဖွဲ့က ဒီအဆောက်အဦနှစ်ခုရဲ့ ဂေါပကအဖွဲ့လည်း ဖြစ်ပါတယ်။
အခု ပိဋကတ်တိုက်မှာ နေထိုင်ပြီး ထိန်းသိမ်းစောင့်ရှောက်နေတာ ဖထီး ဦး စောကျော်ရင်၊ ညောင်တုန်းမြို့ နယ် ညောင်ရွာဇာတိ၊ အသက် ၇၁ နှစ်ရှိပြီ။ ဒါပေမယ့် ပေါ့ပါးသွက်လက်နေတုန်းပဲ။ ဖထီးက ၂၀၁၀ ထဲက စပြီး တာဝန် ယူခဲ့ တယ်။ အဲဒီအချိန်က ပိဋကတ်တိုက်အခြေအနေက အတော်ပျက်စီးယိုယွင်း နေ ပြီ။ အဲဒါကြောင့် အလှုခံပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ခဲ့ရတယ်။ ကုန်ကျစရိတ်သက်သာအောင် လို့ ကန်ထရိုက်မအပ်ဘဲ ရွာက တူသားမောင်မယ်တွေကို ခေါ်ပြီး လုပ်ခဲ့ရတယ်။ အခုတော့ ပိဋကတ်တိုက်အဆောက်အဦက သပ်သပ်ရပ်ရပ်ဖြစ်နေပါပြီ။
ပိဋကတ်တိုက်မှာ ဝါတွင်းဆိုရင် အဘိဓမ္မာသင်တန်းရှိတယ်။ တရားစခန်းရှိတယ်။ တစ်နှစ်ပတ်လုံး လစဉ် လရဲ့ ဒုတိယပတ်မှာ သံဃာတော်ငါးပါးနဲ့ သီလရှင်ငါးပါးကို ဆွမ်းကပ်တယ်။
ပိဋကတ်တိုက်မှာ ရှေးဟောင်းဓာတ်ပုံတွေရှိတယ်။ “သမ္မာ သမ္ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့” ကို အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ ဓာတ်ပုံနှစ်ပုံရှိတယ်။ အဲဒီ ဓာတ်ပုံ ထဲက မုခ်ဦးက အခုမြင်နေရတဲ့ မုခ်ဦး နဲ့မတူဘူး။ ပိုပြီးလက်ရာမြောက်တယ်။
နောက်တစ်ခါ “ OFFICE STAFF OF THE PRINCIPAL, UNIVERSITY COLLEGE , RANGOON” နဲ့ “ Group Photograph of the University College Office Staff taken on the Retirement of U Ne Dun, A.T.M, K.S.M as Bursar” လို့ရေးထားတဲ့ ဓာတ်ပုံနှစ်ပုံရှိတယ်။ ၁၉ ၂၃ ခုနှစ် လို့ရေးထားတဲ့ အမျိုးသားတစ်ဦးထိုင်နေတဲ့ပုံရှိတယ်။ အလှုရှင် ဦးစောကျော်ထွန်းရဲ့ ပုံလို့ ယူဆရပါတယ်။ အဲဒီဓာတ်ပုံတွေက ကိုလိုနီခေတ် ရုံးဝန်ထမ်းတွေ၊ အရပ်သားတွေရဲ့ ဝတ်စားဆင်ယူမှုတွေကို ဖော်ပြနေပါတယ်။
ဒီဘက်ခေတ်မှာတော့ ပိဋကတ်စာပေတွေကို ပုံနှိပ်မူအဖြစ် နဲ့ ရော၊ ဒစ်ဂျစ်တယ်အဖြစ်နဲ့ရော အလွယ်တကူရှာဖွေဖတ်ရှုနိုင်နေပြီဖြစ်တဲ့အတွက် သီးခြားလာပြီး ဖတ်ရှုသူမရှိတော့ဘူး။ ဒါပေ မယ့် ပိဋကတ်တိုက်ဟာ နယ်ဘုရားဖူးတွေအတွက် တည်းခိုဆောင်အဖြစ် ရှိနေဆဲပါပဲ။ အလားတူ နယ် ကဆေးလာကုတဲ့သူတွေလည်း တည်းခိုခွင့်ပေးပါတယ်။ တည်းခိုသူတွေအတွက် လိုအပ်တဲ့ စောင် ၊ ခြင်ထောင်၊ ခေါင်းအုံးတွေလည်းရှိတယ်။ စားရေးသောက်ရေးကတော့ မိမိအစီအစဉ်နဲ့မိမိပေါ့။ ဒါကတော့ ပိဋကတ်တိုက်စတည်ထောင်ချိန်ထဲက ရှိတဲ့ အစဉ်အလာကောင်းဖြစ်ပါတယ်။
အလွန်ခေတ်မီ၊အမြင်ကျယ်တဲ့ အလှု့ဒါယက ဦးစောကျော်ထွန်းကတော့ ၁၉ ၄၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ ဓာတ်ပုံကိုတော့ ပိဋကတ်တိုက်အလယ် ထပ်မှာ တွေ့နိုင်ပါသေးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: