ဆရာမင်းသိင်္ခစာတွေထဲမှာ သူ့ဇာတ်ကောင် ရွှေတိဂုံဘုရားမှာ ပုတီးစိတ်တဲ့ အကြောင်းရေးတဲ့အခါ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယံ ကမွန်ထမင်းဆိုင် တစ်ဆိုင် မှာ ထမင်းစားတဲ့ အကြောင်း ပါလေ့ရှိတယ်။ မင်းသိမ်းခိုင်ရဲ့ ဆရာ မင်းသိင်္ခ ဘဝဇာတ်ကြောင်းစာအုပ်မှာလည်း ဆရာမင်းသိင်္ခ ရွှေတိဂုံ ဘုရား မှာ တစ်နှစ်တိတိ အဓိဋ္ဌာန် ပုတီးစိတ်တဲ့အချိန်ကလည်း မွန်ထမင်းဆိုင်မှာ ထမင်းစားလေ့ရှိတယ်၊ အဲဒီအချိန်က ဆရာမင်းသိင်္ခမှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရလို့ တစ်ခါတစ်လေ အကြွေးစားရတယ်၊ ငံပြာရည်ချက်နဲ့ တို့စရာကို အားပြုစားလွန်းလို့ ဆိုင်ရှင်အဒေါ်ကြီးကတောင် မေးယူရတဲ့အကြောင်းပါခဲ့တယ်။
ဘာ့ကြောင့်မှန်းမသိ စိတ်ထဲမှာ အလယ်ပစ္စယံက မွန်ထမင်းဆိုင်ဆိုတာကို ကောင်း ကောင်းမှတ်မိနေ ခဲ့တယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး ရွှေတိဂုံ စေတီတော် အောက်ပစ္စယံနဲ့ အလယ်ပစ္စယံမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဇရပ်တွေအကြောင်းကို လေ့လာ တဲ့အခါ ကျွန်တော့်ကို ကူညီပေးနေတဲ့ ရွှေတိဂုံစေတီဂေါပကအဖွဲ့က ဝန်ထမ်းလေးကို အရှေ့ဘက်စောင်းတန်းမှာ မွန်ထမင်းဆိုင်ရှိလားလို့မေးတော့ မရှိဘူး၊ အရှေ့ဘက် မုခ် နားက ပိုက်လုံး လမ်း မှာတော့ မွန်ထမင်းဆိုင်ကောင်းကောင်းရှိတယ်ဆိုလို့ ရောက်သွားခဲ့တယ်။ အဲဒီ အကြောင်းကို မွန်ထမင်းဆိုင် ဆိုပြီး ဆောင်းပါးလေးရေးတင်ခဲ့တယ်။
အဲဒီဆိုင်ကိုရောက်သွားတဲ့ အချိန်က အောက်ပစ္စယံက ကျောင်းတွေကို လေ့လာနေတဲ့အချိန်ပေါ့။ အခုတော့ အလယ်ပစ္စယံက ဇရပ်တွေကို လေ့လာတဲ့အခါကျတော့ မွန်ထမင်းဆိုင်ဆိုတာကို ခြေရာကောက်ချင်စိတ်ပေါ်လာပြန်ရော။ ဒါနဲ့ ဇရပ်တွေမှာ နှစ်ပေါင်းများ စွာနေထိုင် စောင့်ရှောက်နေသူတွေကို အလယ်ပစ္စယံက မွန်ထမင်းဆိုင်ဆိုတာကို သိလားလို့ မေး ခဲ့တယ်။
ဒီတော့မှ ကျွန်တော်စားခဲ့တဲ့ ၊လက်ရာကောင်းတယ်လို့ ချီးမွမ်းခဲ့တဲ့ “ မိုးမခ” ဆိုတဲ့ မွန်ထမင်းဆိုင် လေးဟာ မူလလက်ဟောင်း အလယ်ပစ္စယံက မွန်ထမင်းဆိုင်ပိုင်ရှင်ရဲ့ မြေး တွေ ဖွင့်ထားတယ်ဆို တာကို သိလိုက်ရတယ်။
ဆရာမင်းသိင်္ခစားခဲ့တဲ့ဆိုင်နာမည်က နဂါး ကမ္ဘာလုံး ပါ။ ဆိုင်ပိုင်ရှင်တွေက ဦးဘခင်၊ ဒေါ်မြတင်၊ မော်လမြိုင်ဘက်က မွန်တိုင်းရင်းသားတွေပါ။ သူတို့က မူလက ထမင်းဆိုင်ဖွင့်တာမဟုတ်ပါဘူး။ ကန်တော်ကြီးနတ်မောက်လမ်းမှာ ရှိတဲ့ မိုးကုတ်ဝိပဿနာတရားရိပ်သာမှာ ချက်ပြုတ်ရေးတာဝန် ယူထားသူတွေပါ။
၁၉ ၇၀ ပြည့်လွန်နှောင်းပိုင်နှစ်တွေမှာ မန္တလေး နဂါး ကမ္ဘာလုံးဆေးလိပ်ခုံပိုင်ရှင် ဦး ပု ၊ ဒေါ်စစ တို့က ဦးဘခင်တို့ ဇနီးမောင်နှံရဲ့ ရိုးသားမှုကို သဘောကျလို့ အလယ်ပစ္စယံမှာ ဖွင့်ထားတဲ့ ဦးဖိုး သွယ်ရဲ့ လက်ဖက်ရည်ဆိုင်ကို ဝယ်ပြီး ထမင်းဆိုင်ဖွင့်ခိုင်းတယ်။ ဆိုင်ခန်းဖိုးကို စိုက်ထားပေးပြီး နောင်မှ ဖြေးဖြေးချင်းပြန်ဆပ်ခိုင်းတယ်။ အဲဒီအချိန်ကတော့ ဦးဖိုးသွယ်ဆိုင်ဆိုတာ ဂရန်ရဆိုင် ပေါ့။ ဦးပု၊ဒေါ်စစ ဆိုတာက မန္တလေး မြောက်ပြင် လှေတန်းရပ်က လို့ ပြောတယ်။
ဦးဘခင်တို့ကလည်း ကျေးဇူးရှင်ကို အလေးထားတဲ့အနေနဲ့ ဆိုင်နာမည်ကို နဂါး ကမ္ဘာလုံး ဆိုပြီး အမည်ပေးခဲ့တယ်။ သားသမီးဆယ်ယောက်ရှိတော့ မိသားစုဝိုင်းလုပ်တယ်။ အလုပ်သမားဆိုရင် လည်း ကိုယ့်ရပ်ကိုယ့်ရွာက လူငယ်လေးတွေကိုပဲ ခေါ်ပြီး အလုပ်ပေးတဲ့အတွက် ဒီဆိုင်ကို မွန် ဆိုင်ဆိုပြီး လူသိများခဲ့တယ်။ အဲဒီအချိန်က မြေးတွေက ဆယ်ကျော်သက်လေးတွေပေါ့။
ဆရာမင်းသိင်္ခ မြောက်ဘက်စောင်းတန်းမှာ ဗေဒင်ဟောတဲ့အချိန်မှာ နဂါး ကမ္ဘာလုံး ထမင်းဆိုင်မှာ ပုံမှန်စားခဲ့တယ်။ ဆိုင်ရှင်တွေနဲ့ရော၊ သားသမီးတွေနဲ့ ပါ ခင်မင်ရင်းနှီးခဲ့ တယ်။ ဒါ့ကြောင့်လည်း ဆရာ့စာတွေထဲမှာ အဲဒီထမင်းဆိုင်အကြောင်းပါနေတာဖြစ်ပါတယ်။ တစ်နေရာမှာတော့ ဆိုင်နာမည်တောင်ထည့်ရေးခဲ့ဖူးတယ်လို့ဆိုတယ်။ ကျွန်တော်တော့ မဖတ် ဖူး ဘူး။
၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ ရွှေတိဂုံဘုရား ဘက်စုံပြုပြင်မွမ်းမံရေးတွေလုပ်တဲ့ အချိန်မှာ ဈေး ဆိုင်တွေလည်းနေရာရွှေ့ပြောင်းခံရတယ်။ ဦးဘခင် တို့ နဂါးကမ္ဘာလုံး ဆိုင်ကလည်း ဂရန်ရ ဆိုင် ဆိုပေမယ့် ရွှေ့တဲ့အထဲပါတာပါပဲ။ ပထမတော့ အလယ်ပစ္စယံ ဒေါ်နိုင်ဇရပ် ရှေ့က ကွက်လပ် ကို ရွှေ့တယ်။ နောက်တစ်ခါ ဝေနေယျသုခရေချမ်းစင်အသင်းနားကို ရွှေ့တယ်။ အဲဒီကနေ မြောက်ဘက်မုခ် ယာဉ်ရပ်နားကွင်းအောက်က ဆိုင်ခန်းတွေနေရာကို ရွှေ့ရပြန်တယ်။
အဲဒီနေရာကိုရောက်တော့ ဦးဘခင်တို့လည်း အသက်ကြီးပြီ၊ ဆိုင်နေရာကလည်း အလယ်ထဲ ရောက်နေတော့ ဘုရားဖူးတွေအလာနည်းလာတယ်။ ဆိုင်ခန်းတွေကလည်း လေလံဆွဲရတာ ဆို တော့တစ်နှစ်ထက်တစ်နှစ် ဈေးပိုကြီးလာတယ်။ ဒီလိုနဲ့ နဂါးကမ္ဘာလုံး ဆိုင်ကို ပိတ်လိုက် တော့တယ်။ ဒါပေမယ့် သမီးတစ်ယောက်ကတော့ အဲဒီဆိုင်ခန်းတွေနားမှာပဲ ထမင်းဆိုင် သေး သေးလေးတစ်ခု ပြန်ဖွင့်ခဲ့သေးတယ်။ ဒါပေမယ့် ဆိုင်နေရာက နောက်ဘက် ထဲ ရောက်နေတော့ မအောင်မြင်ဘူး။
၂၀၀၈ ခုနှစ်မှာတော့ လက်ရှိ မိုးမခ ဆိုင်နေရာကို ရွှေခဲ့တယ်။ သမီးဖြစ်သူကတော့ အသက်အရွယ် ရလာတော့ ကိုယ်တိုင်မချက်တော့ဘူး။ မြေးအငယ်မကို လက်ထပ်သင်ပေးခဲ့တယ်။ အခုတော့ မြေးအငယ်က ဟင်းချက်၊ မြေးအကြီးက ဆိုင်မှာ ဒိုင်ခံရောင်း၊ ညီအမနှစ်ယောက်တက်ညီ လက်ညီ နဲ့ ချီတက်နေကြတယ်။
နဂါးကမ္ဘာလုံးဆိုင်အကြောင်းမေးဖို့မိုးမခကို နောက်တစ်ခေါက်ပြန်ရောက်တဲ့အချိန်မှာ နေ့ လယ် နှစ်နာရီ ထိုးတော့မယ်။ စားတဲ့သူရှိနေဆဲပဲ။ ကိုယ်တိုင်လည်း ထမင်းမစားရသေးတော့ ငါးတန် ဟင်းတစ်ပွဲနဲ့ ထမင်းမှာစားရင်းစောင့်ခဲ့ရတယ်။ နှစ်နာရီခွဲလောက် လူနည်းနည်းရှင်းသွားမှာ ဆိုင်ရှင် အမကြီးကို မေးခွင့်ရခဲ့တယ်။
ဆိုင်ရှင်အမကြီးက သူက ငယ်ငယ်ထဲက ဈေးရောင်းတာပဲ ဝါသနာပါလို့ ဆိုင်ကို တာဝန်ယူ တယ်။ ညီမကတော့ ဟင်းချက်တာဝါသနာပါလို့ အမေ့ဆီက နည်းယူပြီး နောက်ကနေ ဒိုင်ခံချက် တယ်လို့ဆိုတယ်။ အမေက အဖိုးအဖွားလက်ထက်ထဲက မီးဖိုချောင်ဝင်ခဲ့တာဆိုတော့ အဖွားလက်ရာကို အမွေဆက်ခံ ခဲ့တာပေါ့။ ဒါ့ကြောင့် “ မိုးမခ”ဟာ ဆရာမင်းသိင်္ခစားခဲ့တဲ့ “ နဂါးကမ္ဘာလုံး” လက်ရာအတိုင်းပဲလို့ ဆိုရင် မမှားဘူး။
ကျွန်တော်ကတော့ ဒီဆိုင်လေးရဲ့ ငါးဟင်းတွေကို ပိုပြီးခံတွင်းတွေ့တယ်။ လေးလေးပင်ပင်နဲ့ အရသာရှိတယ်။ ဟင်းအမယ်တစ်ခုနဲ့တစ်ခု ဟင်းအနှစ်ပုံစံမတူတာကို သဘောကျတယ်။ ဆိုင်ရှင် အမကြီးက ဟင်းချက်နည်းအတိအကျကိုမပြောပေမယ့် သားငါးတွေကို လုံးချက်တာမျိုးမလုပ်ဘူး၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အချိန်ယူနှပ်ထားပြီးမှ ချက်တယ်။ ငါးပိစိမ်းစားလေးနည်းနည်း ထည့်တယ်လို့ဆိုတယ်။
အဲဒီလို အချိန်ယူပြီးချက်တာကြောင့်ထင်ပါရဲ့။ မနက် ၁၁ နာရီကျော်ဆိုရင် ဟင်းမစုံသေးဘူး။ ဟင်းချက်တဲ့နေရာက ဆိုင်မှာမဟုတ်ဘူး။ ပိုက်လုံးလမ်းအောက်ဘက် လမ်းကြားထဲက အိမ် မှာ ချက်ပြီး ဗန်းတွေနဲ့ ပို့တာဆိုတော့ ၁၂ နာရီလောက်မှ ဟင်းစုံတယ်။
ဒီဆိုင်မှာ ငါးဟင်း၊ဘဲဥဟင်းတို့နဲ့တစ်ခါပြင် ၈၀၀ ဆိုတော့ ဝန်ထမ်းတွေ၊ အရှေ့ဘက် စောင်း တန်းပတ်ဝန်းကျင်မှာ နေထိုင်သင်တန်းတက်နေသူတွေ လက်လှမ်းမီ စားနိုင်ကြတယ်။ ထမင်း တစ်ပွဲ ၃၀၀၊အရန်ဟင်းပွဲတစ်ပွဲ နှစ်ရာ၊ ငါးပိရည်၊တို့စရာ၊ ငါးပိထောင်း အခမဲ့ ပေါင်း ငါးရာ နဲ့ စားသွားတဲ့လူလည်းတွေ့ခဲ့တယ်။
သူ့ဈေးနဲ့ဆိုရင် အမြတ်အများကြီးရမယ့်ပုံတော့မရှိဘူး။ ဒါပေမယ့် ဆိုင်ရှင်အမကြီးကတော့ အဖွားက “မလှုတတ် ဈေးရောင်း” လို့ မှာခဲ့တယ်လို့ဆိုတယ်။
မင်းသိင်္ခ စားခဲ့တဲ့ဆိုင်ကို ခြေရာကောက်ရှာပုံတော် ဖွင့်ခဲ့တာ အောင်မြင်ခဲ့ပြီ၊ သူစားတဲ့ဆိုင်မှာ စားခွင့်မရှိတော့ပေမယ့် သူစားခဲ့တဲ့ လက်ရာကိုတော့ စားခွင့်ရခဲ့တယ်၊ လက်ရာကောင်းတဲ့ ဆိုင် တစ်ဆိုင်ကိုလည်း ရှာတွေ့ခဲ့တယ်။