ရွှေတိဂုံ အရိပ်အောက်မှာ (၆)

အောင်ခြင်း ပိဋကတ်တိုက် ဓမ္မာရုံ

အဖွားခက် ဇရပ် ( ဓမ္မာရုံ) ကနေ ထွက်လာတော့ ကျိုက်ထီးဆောင်းဓမ္မာရုံကိုရောက်တယ်။ ဒီဓမ္မာရုံကတော့ ၂၀၀၁ ခုနှစ်က မှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကျိုက်ထီးဆောင်း ဓမ္မာရုံ ကျော်တော့ အနောက်ဘက်စောင်းတန်းကို ရောက်ပြီ၊ စောင်းတန်းဘေး ယာဉ်ရပ်နား ကွင်း တစ်ဖက်မှာ အောင်ခြင်း ပိဋကတ်တိုက်ရှိပါတယ်။ အဝင်၀ သံတံခါးဘေးမှာ
“ သာယာဝတီ ကျေးဇူးတော်ရှင် ဦးညေယျ အောင်ခြင်းဆရာတော် ဦးဉာဏဝံသ အမှုးပြု၍ ရွှေတိဂုံ အောင်ခြင်းဆရာတော် ဦးသြသဓ ကြီးမှူးသော အောင်ခြင်း ပိဋကတ်တိုက် ဓမ္မာရုံ။ အောင်ခြင်း ဝိပဿနာ တရားပြဌာန” ဆိုတဲ့ဆိုင်းဘုတ်ရှိတယ်။

အောင်ခြင်းပိဋကတ်တိုက်က ဓမ္မာရုံ ပုံစံတည်ဆောက်ထားတဲ့ အုတ်ကျောင်းဆောင်ဖြစ်ပါတယ်။ အခု လက်ရှိ ဝင်ပေါက်က ပိဋကတ်တိုက်ဘေးကနေ ဝင်တဲ့အပေါက်ဖြစ်ပါတယ်။ မူလ တည် ဆောက်စဉ်က ယာဉ်ရပ်နားကွင်းဘက်ကနေ တိုက်ရိုက်ဝင်လို့ရပါတယ်။ အခုတော့ အဲဒီ ဝင်ပေါက်နေရာကို မီးစက်နဲ့ လုံခြုံရေးတဲတွေပိတ်နေပြီ။ အဲဒီ အပေါက်မှာ အုတ်လှေကား ရှိတယ်။ အဝင်တံခါးကြီးနဲ့ ဘေးပြူတင်းပေါက်နှစ်ခုလုံးမှာ အင်္ဂတေပန်းခက်တွေနဲ့ အလှဆင်ထားတယ်။ “ မြန်မာနိုင်ငံလုံးဆိုင်ရာ အောင်ခြင်းပိဋကတ်တိုက် တိုင်းသူပြည်သား အများကောင်းမှု” လို့ စာတမ်း ထိုးထားတယ်။ အခုတော့ အဲဒီဝင်ပေါက်ကို သော့ခတ်ပိတ်ထားလိုက်ပြီ။ ရှေ့မှာလုံခြုံရေးတဲ ကွယ် နေလို့ ဝင်ပေါက်မျက်နှာစာကိုတောင် ဓာတ်ပုံရိုက်ဖို့အတော်ခက်ပါတယ်။

လက်ရှိဓမ္မာရုံဘေးမျက်နှာစာအပေါ်ဘက်မှတော့ “ ၁၃၁၀ ပြည့်နှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သာယာဝတီဦးညေယျ ဆရာတော် ကြီးမှူးဆောင်ရွက်သော အောင်ခြင်းပိဋကတ်တိုက် ဓမ္မာရုံ တပေါင်းလတွင် ပြီးစီးသည်။ နတ်လူသာဓုခေါ်စေသောဝ်” လို့ စာတမ်းထိုးထားပါတယ်။

ဓမ္မာရုံရဲ့နောက်ဘက်နဲ့ ဘေးမှာတော့ သံဃာတော်တွေ သီတင်းသုံးဖို့နဲ့ ယောဂီတွေနေထိုင် နိုင် ဖို့အဆောင်တွေထပ်ချဲ့ထားပါတယ်။ ဒါကတော့ အောက်ပစ္စယံဓမ္မာရုံတွေမှာတွေ့ရတဲ့ ပုံစံအတိုင်း ပါပဲ။

သာယာဝတီဦးညေယျဆိုတာက ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထဲက နိုင်ငံကျော် ဓမ္မကထိက တစ်ဦး ဖြစ်ပါတယ်။ အဲဒီခေတ်က တရားဓာတ်ပြားခွေတွေထွက်ခဲ့ဖူးတယ်။ တရားတွေကို စာအုပ်ထုတ်ခဲ့ ဖူးတယ်လို့သိရပါတယ်။ ဆရာတော်ရေးသားပြုစုတဲ့ စာအုပ်တွေကို ဓမ္မာရုံမှာတော့ ရှာမတွေ့ခဲ့ ဘူး။ တောင်ဘက်စောင်းတန်းက ဘာသာရေးစာအုပ်ဆိုင်တွေမှာလည်း မရှိဘူး။ ပြန်မထုတ်တော့ ဘူးလို့ပြောတယ်။

ကျောက်ကွင်းအရေးတော်ပုံ(၁၉ ၃၆) အကြောင်းရေးသားတဲ့စာအုပ်မှာတော့ ကျောက် ကွင်းရွာသားတွေအနေနဲ့ သာယာဝတီ ဦးညေယျကို ပထမဆုံးအကူအညီတောင်းခဲ့တယ်၊ ဆရာ တော်က လက်မခံတဲ့အတွက် တောင်တွင်းကြီးဆရာတော် ရှင်ဥက္ကဌ က ပါဝင်ဆောင်ရွက် ခဲ့ရတာဖြစ်တယ် လို့ရေးထားတာတွေ့ရပါတယ်။

ဓမ္မာရုံထဲမှာ တရားဟောစင်နဲ့ ဘုရားစင်ကို အဖွားခက်ဇရပ်မှာလိုပဲ နှစ်ထပ်ဆောက်ထား တယ်။ ပုံစံတော့ နည်းနည်းကွာတယ်။ အောင်ခြင်းဓမ္မာရုံရဲ့ ပုံစံက တရားဟောပလ္လင်အပေါ်မှာ ဘုရား စင်တင်ထားတဲ့ ပုံစံ။ ဒါ့အပြင် အခုလက်ရှိဝင်ပေါက်စင်္ကမြှာလည်း နောက်ထပ် ဘုရားခန်းတစ်ခု သီးခြားလုပ်ထားတယ်။ ဒါကတော့ နောက်မှလုပ်ထားတာလို့ ယူဆရပါတယ်။

တရားဟောစင်အောက်က အကန့်လေးထဲမှာ ဝါးစုဘူးလေးတွေ တွေ့တယ်။ ယောဂီတွေက အိမ်မှာယူထားပြီး ငွေစုပေးတဲ့ စုဘူးလေးတွေပေါ့။ အခုတော့ ဖုန် အလိမ်းလိမ်းဖြစ်နေပြီ။ တစ်ချိန်ကတော့ ဒီဓမ္မာရုံမှာ အမြဲတမ်းတရားစခန်းဝင်တဲ့ ယောဂီတွေနဲ့ စည် ကားနေခဲ့ တယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစုဘူးလေးတွေက ဓမ္မာရုံရဲ့ အတက်နဲ့ အကျ ထင်ဟပ်နေတာပါ တယ်။

ဓမ္မာရုံကြမ်းခင်းက မူလက သမံတလင်းအခင်း၊ ယောဂီတွေက သစ်သားကုတင်ကြီးတွေနဲ့နေရ တယ်။ ဒုတိယဆရာတော်လက်ထက်မှာ သစ်သားကြမ်းခင်းခဲ့တယ်။ ကြမ်းခင်းနေချိန်မှာပဲ ၇၅ ကျပ်တန်တွေတရားမဝင်ကြေညာလို့အလှုငွေတွေ ဆုံးရှုံးခဲ့ရတယ်လို့ဆိုတယ်။

အလယ်ပစ္စယံနဲ့ အောက်ပစ္စယံမှာ နှစ်ပေါင်းများစွာနေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်း တဲ့အခါ ခုနှစ်တွေကို အတိအကျမပြောနိုင်ရင် ရည်ညွှန်းပြောတဲ့ ဖြစ်စဉ်လေးခု ရှိတာကို တွေ့ရ ပါတယ်။ ပထမက “ ဦးသန့်အရေးအခင်း” ၊ ဒုတိယက “ ၇၅ကျပ်တန်အပါအဝင်ငွေစက္ကူတွေ ကို တရားမဝင်ကြေညာတဲ့နှစ်” ၊ “ ၈၈ အရေးအခင်း” နဲ့ “ ဘက်စုံပြုပြင်မွမ်းမံထီးတင်တဲ့အချိန်” ဖြစ်ပါတယ်။ တကယ်တော့ ဒီဖြစ်စဉ်တွေထဲက ပထမသုံးခုက သူတို့ ကိုသာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ လူမှုဘဝတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြီးမား တဲ့ ရိုက်ခက်မှုရှိခဲ့ တော့ ကိုးကားစရာ ဘဝမှတ်တိုင်တွေဖြစ်နေတော့တာပါပဲ။

တရားဟောပလ္လင်ရှိတဲ့စင်မြင့်ပေါ်မှာ ဆရာတော် ဦးညေယျရဲ့ ရုပ်တုထည့်ထားတဲ့ မှန်ဘီဒို တစ်လုံး ရှိတယ်။ ဆရာတော်က ကိုယ်လုံးကိုယ်ထည် ပြည့်ပြည့် မေးရိုးကားကား နဲ့ တင်းမာပြတ်သားတဲ့ မျက်နှာတော်နဲ့ပါ။ အဲဒီ ဘီဒိုထဲမှာပဲ ဆရာတော်တရားဟောတဲ့အခါမှာ သုံးတဲ့ မိုက်တစ်လုံး တွေ့ တယ်။ “ Grampian” “Made in England” လို့ရေးထားတယ်။ ဆရာတော်က တရားဟောတဲ့ အခါ ထိုင်ဟောတာထက် မတ်တပ်ရပ်ပြီးဟောရတာကို ပိုကြိုက်တယ်လို့ ကြားဖူးကြောင်း ဓမ္မာရုံက သီလရှင်ဆရာလေးက ပြောပြတယ်။

ဆရာတော်ရုပ်တုထည့်ထားတဲ့မှန်ဘီဒိုမှာ “ ၁၂၅၄- ခု – တပေါင်းလ္ဆန်း(၇)ရက်- အင်္ဂါ – နံက် – ၉ – နာရီ – ဖွားမြင်တော်မူသှ်။ ” “ ၁၃၂၀ပြည့်နှစ်- ကျွတ်လ္ဆန်း-၄- ရက် – ကြာသာပတေး – နံက်- ၉ နာရီ ကွယ်လွန်သည်။” လို့စာတမ်းထိုးထားပါတယ်။

ဆရာတော်တည်ထောင်ခဲ့တဲ့ အောင်ခြင်းစာသင်တိုက်ဆိုတာလည်း ကိုးထပ်ကြီးဘုရားနားမှာ ရှိတယ်၊ ဆရာတော်က မြန်မာနိုင်ငံလုံးဆိုင်ရာ အောင်ခြင်းအဖွဲ့ချုပ်ကြီးဆို တာ ကိုလည်း တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။

အောင်ခြင်းပိဋကတ်တိုက်ကိုတော့ ဆရာတော်ပြီးတော့ ဆရာတော်ဦးဉာဏဝံသ ၊ ပြီးတော့ ဆရာတော် ဦး သြသဓတို့က အစဉ်အဆက်တာဝန်ယူခဲ့ပါတယ်။

လက်ရှိဆရာတော် ဦးသြသဓ သက်တော် ၆၈ ၊ ဝါတော် ၄၈ ကတော့ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က စပြီး ကျန်းမာရေးချို့တဲ့နေတယ်။ ကျောင်းမှာ ဆရာတော်အပြင် ဦးဇင်းတစ်ပါးနဲ့ သီလရှင်ဆရာ လေးတစ်ပါးရှိပါတယ်။

အောင်ခြင်းဓမ္မာရုံမှာ ဝါတွင်း၊ ဝါပ လပြည့်၊ လကွယ် ဥပုသ်စောင့်လို့ရပါတယ်။ ဆရာတော်ကျန်းမာရေးကောင်းစဉ် ကတော့ ဝါတွင်း၊ ဝါပ ဥပုသ်နေ့တိုင်းတရားပေးပါတယ်။ သင်္ကြန်တွင်းမှာလည်း တရားစခန်း ရှိပါတယ်။ မနှစ်ကတော့ တရားစခန်းဝင်သူ နှစ်ရာကျော်ရှိပြီး အဟာရကို ကျောင်းကပဲ တာဝန်ယူ ကျွေးမွေးပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: