ရွှေတိဂုံ အရိပ်အောက်မှာ (၇)

မဟာဗုဒ္ဓဝင်ပြခန်း

အောင်ခြင်းကျောင်းတိုက်က ထွက်ပြီး ကုန်းတော်အခြေက ပတ်လမ်းလေးအတိုင်းသွားရင် မဟာ ဗုဒ္ဓဝင်ပြခန်းကိုရောက်ပါတယ်။ ဒီပြခန်းက ၁၉ ၉ ၀ ပြည့်လွန်နှစ်များက ရွှေတိဂုံစေတီတော် ဘက်စုံ ပြုပြင်မွမ်းမံရေးလုပ်ငန်းတွေလုပ်တဲ့အချိန်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

၁၉ ၇၄ ကနေ ၁၉ ၇၈ ခုနှစ်အထိ ကျွန်တော့်မိဘတွေက ဂျူဗလီဟောအနားက အရှေ့ဈေးလမ်း မှာ နေခဲ့တာဆိုတော့ ရွှေတိဂုံစေတီကို မကြာခဏရောက်ခဲ့တယ်။ သွားစရာမရှိရင် ဘုရားပေါ်သွားထိုင် နေတယ်လို့တောင်ပြောလို့ရပါတယ်။ အဲဒီအချိန်က အခု ဗုဒ္ဓဝင်ပြတိုက်ရှိတဲ့နေရာ၊ နဲ့ အလယ်ပစ္စယံနေရာတွေက လူနေရပ်ကွက်တောင်ဖြစ်နေပါပြီ။ ဘုရားဝန်ထမ်းတွေရော၊ အပြင်လူ တွေရော တရားဝင်ရော၊ ကျူးကျော်ရော အကြောင်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးမှာ နေထိုင်ကြ၊ ဆိုင်တွေ ဖွင့်ကြနဲ့ပေါ့။ ဘုရားကြီးရပ်ကွက်လို့တောင် သတ်မှတ်ခဲ့ပြီး အဲဒီအချိန်က တောင်ဘက် စောင်းတန်းဘက်မှာ ဘုရားကြီးရပ်ကွက် သမဝါယမဆိုင်ဆိုပြီးရှိခဲ့တယ်။ အဲဒီခေတ်က စာအုပ်နဲ့ ဆန်၊ ဆီ၊ သကြား၊ ဖယောင်းတိုင်တွေ ခွဲတမ်းနဲ့ဝယ်ရတဲ့နေရာပေါ့။ သံပုံချိုင့်ဆိုတာက စိုက်ခင်း တွေ၊ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ အင်မတန်လူပြတ်တဲ့နေရာ။

၁၉ ၉ ၀ နောက်ပိုင်းကျမှ အဲဒီအချိန်က နဝတ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့် ဦးစီးပြီး ရွှေတိဂုံဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါကျတော့မှာ ရှင်းသင့်တာရှင်း၊ နေရာပြန်ချသင့်တာတွေပြန်ချ လုပ် ခဲ့တဲ့အတွက် အခုလိုအနေအထားကိုရောက်လာတာဖြစ် ပါတယ်။ ဒီနေရာမှာတော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရမှာပါ။

ရွှေတိဂုံစေတီ ရင်ပြင်တော်မှာ ရှိတာက သုံးထပ် ဗုဒ္ဓပြတိုက်ဖြစ်ပြီး အောက်ပစ္စယံမှာရှိတာက မဟာ ဗုဒ္ဓဝင်ပြခန်းဖြစ်ပါတယ်။ ဒီနေရာလေးက အရိပ်ရသစ်ပင်ကြီးတွေ၊ မြက်ခင်းတွေနဲ့ အတော်သာသာ ယာယာရှိပါတယ်။ ကျွန်တော်ရောက်သွားတော့ နယ်က ဘုရားဖူးကားနှစ်စီး သစ်ပင်ရိပ်မှာ နား နေ ကြတယ်။ တစ်စီးကတော့ ဝိုင်းဖွဲ့ထမင်းစားနေပြီး နောက်တစ်စီးမှာပါတဲ့ သီလရှင်ဆရာလေးတွေ ကတော့ အနားက စေတီငယ်တစ်ဆူကို သန့်ရှင်းရေးလုပ်နေကြတယ်။

ဗုဒ္ဓဝင်ပြခန်းရှေ့ လမ်းတစ်ဘက်ခြမ်းက စေတီငယ်လေးက ပြန်ပြုပြင်မွမ်းမံထားတာပါ။ မူလစေတီ ပုံစံ မဟုတ်တော့ဘူး လို့ ယူဆရပါတယ်။ စေတီလေးရဲ့ တောင်ဘက်မုခ်ဦးမှာ “ အောင်မင်းအောင် စေတီ – မူလ ကမ္ဗည်းစာ အဘမင်းအောင် နှင့် အများကောင်းမှု” လို့ရေးထားတဲ့ ကျောက်ပြားတစ်ချပ်ရှိပါတယ်။

ဗုဒ္ဓဝင်ပြခန်းအဝင် ဘယ်ဘက်မှာ မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ် သာယာဝတီမင်းလက်ထက် တောင်ဘက်စောင်းတန်းမှာ သုံးခဲ့တဲ့ ကျွန်းတိုင်အဟောင်းကြီးတွေကို ပြသထားတယ်။ ညာဘက် မှာတော့ မြန်မာသက္ကရာဇ် ၁၂၈၆ ခုနှစ် အရှေ့ဘက်စောင်းတန်းမှာ သုံးခဲ့တဲ့ ကျောက်ပြားကြီးတွေ ကို ပြထားတယ်။ ပြခန်းအဝင်မှာ ပြခန်းဖွင့်၊ပိတ်ရက်/ အချိန်တွေကိုရေးထားတဲ့ဆိုင်းဘုတ်တစ်ခု ထောင်ထားတယ်။ ( ဖွင့်ပိတ်ချိန်တွေကို ဓာတ်ပုံရိုက်တင်ထားပါတယ်။ )

ပြတိုက်က နှစ်ထပ်ပါ။ မြေညီထပ်မှာ ဖွား၊ပွင့်၊ဟော၊ စံ အပါအဝင် ဗုဒ္ဓဝင်ပါ ဖြစ်စဉ်တွေကို ပြသထား တယ်။ပြသထားပုံက ဖြစ်စဉ်တစ်ခုခြင်းအတွက်သီးခြားအခန်းလေးတွေနဲ့ ဖြစ်ပြီး ရုပ်လုံး၊ရုပ် ကြွ တွေ၊ နောက်ခံပန်းချီကား တွေ နဲ့ ပုံဖော်ထားပါတယ်။ မီးအလင်းအမှောင် တွေနဲ့စနစ်တကျ ပြသထားသလို နောက်ခံအသံနဲ့ လည်း ဖြစ်စဉ်ကို ပြောပြပေးတယ်။ စီစဉ်ထားပုံ အလွန်ကောင်း ပါ တယ်။ ဒါပေမယ့် ပြကွက်တိုင်းက ဇာတ်ကြောင်းပြောပြနေတဲ့အသံတွေက ပြတိုက်ထဲမှာ ပဲ့တင် ထပ်နေတာလေးကိုတော့ ပြင်သင့်တယ်။ နိုင်ငံခြားက ပြတိုက်တွေမှာလို နားထောင်ချင်တဲ့သူက နားကြပ်တပ်ပြီး နားထောင်လို့ရအောင်စီစဉ်ပေးတာမျိုးဆိုရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်လိုရ မယ်လို့ထင်ပါတယ်။

အပေါ်ထပ်မှာက ဗုဒ္ဓဝင်ပန်းချီကားတွေရှိတယ်။ ပထမ သင်္ဂါရတနာကနေ ဆဌသင်္ဂ ါရတနာ အထိ သင်္ဂ ါ ရတနာတင်တဲ့အခမ်းအနားတွေကို ပုံဖော်ထားတဲ့ ပန်းချီကားကြီးတွေရှိတယ်။ ဗုဒ္ဓဂါယာ မြေပုံ ကို အပေါ်ကနေ ငုံ့ကြည့်လို့ရအောင်လုပ်ထားတာရှိတယ်။ နှစ်ထပ်လုံးမှာ ရွှေတိဂုံစေတီတော် ပန်းချီကားတွေရှိတယ်။

ဒီပြခန်းမှာ ဆရာကြီးဦးလွန်းကြွယ်၊အမ်တင်အေး၊ ဦးဘလုံလေးတို့အပါအဝင် ထင်ရှားတဲ့ ပန်းချီ ဆရာကြီးများရဲ့ လက်ရာပန်းချီကားကြီးတွေရှိတယ်။ တစ်ချို့ ပန်းချီကားတွေမှာ အလှုရှင်အမည်ကို ဖော်ပြထားသလို ပန်းချီဆရာရဲ့ အမည်ကိုလည်းဖော်ပြထားတယ်။ တစ်ချို့ ပန်းချီကားတွေမှာ အဲဒီ လိုဖော်ပြထားတာမရှိဘူး။ ပန်းချီကားတိုင်းမှာ ဖော်ပြပေးနိုင်ရင်တော့ အနုပညာမှတ်တမ်းတစ်ခုပါ ကျန်ခဲ့မှာဖြစ်ပါတယ်။

ပြခန်းမှာ ဝန်ထမ်းတွေရှိတယ်။ အမျိုးသမီးဝန်ထမ်းပိုများတယ်။ ဒါပေမယ့် ဒီဝန်ထမ်းတွေကို ကြည့် ရတာ ပြခန်းဝန်ထမ်းထက် ရုံးဝန်ထမ်းနဲ့ပိုတူတယ်။ ပြခန်းထဲမှာ ပြထားတဲ့ ပန်းချီကားတွေ၊ အကြောင်းအရာတွေဟာ သူတို့နဲ့မဆိုင်သလိုဘဲ။ ပြခန်းအဝင်ဝမှာ ဗုဒ္ဓဝင်ပြခန်းအတွက် လှုဒါန်း ဖို့ ဖိတ်ခေါ်နေတဲ့ ဝန်ထမ်းအမျိုးသမီးရဲ့ အသံက လမ်းဘေးဈေးသည်တွေသုံးတဲ့ အသံချဲ့စက် က ထွက်တဲ့အသံလိုပဲ အနိမ့်အမြင့်မရှိဘူး၊ ခံစားချက်မရှိဘူး၊ စက်ရုပ်အသံပဲ။

တစ်ချို့တာဝန်ကျ ဝန် ထမ်းတွေက ဖုန်းပွတ်နေတယ်။ တစ်ချို့က နောက်ပြောင်နေတယ်။ တစ်ချို့ က ပစ္စည်းတွေနဲ့ ရှုပ်ပွ နေတဲ့ ရုံးခန်းထဲမှာ။ ပြခန်းထဲမှာ ကရင်တိုင်းရင်းသားလို့ယူဆရတဲ့ ဘုရား ဖူးတစ်စုရှိတယ်။ အဖွားကြီးတစ်ချို့က ပန်း ချီ ကားကြီးတွေကိုမော့ကြည့်နေတယ်။ စာဖတ် တတ်ပုံ မရဘူး။ သူတို့ကို ကုသိုလ်ယူရှင်းပြပေးမယ့် ဝန်ထမ်းမရှိဘူး။ စည်းကမ်းထိန်းဖို့အတွက် စောင့်ကြည့်နေတဲ့ မျက်နှာထားတင်းတင်းနဲ့ ဝန်ထမ်းပဲရှိတယ်။

ပြခန်းထဲက ပြန်ထွက်လာခဲ့တယ်။ ဗုဒ္ဓဝင်ပြခန်းကို တည်ဆောက်ပေးခဲ့သူများ၊ လှုဒါန်းခဲ့သူများရဲ့ စေတနာ သဒ္ဒါတရားကို ခံစားလို့ရတယ်။ ပြခန်းတာဝန်ကျဝန်ထမ်းတွေရဲ့ စေတနာ သဒ္ဒါတရားပါ ထပ်ပေါင်းနိုင်ရင်တော့ မဟာဗုဒ္ဓဝင်ပြခန်းဟာ ဘုရားဖူးတွေအတွက် ကုသိုလ်သဒ္ဒါပွားနိုင်မယ့် အကြိမ်ကြိမ်လာလေ့လာချင်စိတ်ဖြစ်စေမယ့်နေရာတစ်ခုဖြစ်လာမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: