ဝန်ကြီးဌာနတွေ အသစ်ဖွဲ့၊ ဒုဝန်ကြီးတွေ အသစ်တိုးခန့်တဲ့သတင်းတွေကို ဖတ်ရတိုင်း ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပြောတဲ့မိန့်ခွန်းကို ပြန်ပြန် နားထောင်မိတယ်။
အဲဒီမိန့်ခွန်းမှာ သမ္မတ ဦးထင်ကျော်က ဝန်ကြီးဌာနတွေလျော့ချတာနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့တယ် —
အခုလို ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ လျော့နည်းသွား ခြင်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ မှာဖြစ်စေ၊ အစိုးရရဲ့ မူဝါဒများကို ဖော်ဆောင်ရာမှာဖြစ်စေ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုတွေ များစွာလျော့နည်းသွားမှာဖြစ်ပါတယ်။ xx
ဒါ့အပြင်လျော့နည်းသွားတဲ့ ဝန်ကြီးများရဲ့ လစာငွေ နဲ့ အဆောင်အယောင်အသုံးစရိတ်ဟာ အစိုးရ ငါးနှစ်သက်တမ်းအတွင်း သန်းပေါင်းငါးထောင်ခန့် နိုင်ငံအတွက် ချိုးခြံချွေတာပြီးလည်း ဖြစ်ပါ လိမ့် မယ်။ xx
ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး ၊ အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများချိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည် ပြည့်ဝ၍ ကျစ်လစ် ခိုင်မာသော ပြည်ထောင်စုအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး ကိစ္စ တို့ကို ဦးတည်၍ ဆောင်ရွက်ပါမယ် xxx
( ရုပ်သံလင့်ခ် https://www.facebook.com/v.o.jamesmint/videos/489342275286683/)
အင်န်အယ်လ်ဒီအစိုးရသစ်တာထွက်တော့ ဝန်ကြီးဌာနတွေ ချုံ့လိုက်တာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင်ဝန်ကြီးဌာနလေးခု တာဝန်ယူတဲ့အထိ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အစိုးရ လုပ်ငန်းတွေပိုမိုသွက်လက်အောင်၊ ထိရောက်အောင်လို့ အကြောင်းပြပြီး ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေ ထပ်မံခန့်အပ်ခဲ့တယ်။ ဝန်ကြီးဌာနတွေအသစ်ဖွင့်ခဲ့ရတယ်။
ဒီတော့ ဝန်ကြီး၊ ဒုဝန်ကြီးတွေမခန့်တဲ့အတွက် လစာ၊စရိတ်သန်းငါးထောင်လောက် ချွေတာနိုင် တယ်လို့ ဆိုပေမယ့် ဝန်ကြီးတစ်ယောက်ထဲက ဌာန တစ်ဒါဇင်ကျော်ကို တာဝန်ယူရ၊ မနိုင်မနင်းတွေဖြစ်လို့ ဆုံးရှုံးသွားတဲ့ ပြည်သူ့ဘဏ္ဍာတွေ ဘယ်လောက်များခဲ့လဲ။ ဝန်ကြီးဌာန တွေက အဆုံးအဖြတ်မပေးနိုင်လို့ လန်ထွက်သွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဘယ်လောက် ရှိပြီလဲ ဆိုတာနဲ့ နှိုင်းယှဉ်လိုက်ရင် ချွေတာနိုင်တာထက် ဆုံးရှုံးတာက ပိုများနေမှာ သေချာပါ တယ်။
ဝန်ကြီးအဖွဲ့အနေနဲ့ စွမ်းဆောင်ရည်ထက်မြက်ပြီး ကျစ်လစ်ခိုင်မာနေပြီလို့ ပြောဖို့ ကလည်း အခုအချိန်ထိ ဝန်ကြီးဌာနတွေ ပေါင်းလိုက် ခွဲလိုက်လုပ်နေတုန်း၊ ဒုဝန်ကြီးတွေ ထပ်ခန့်နေတုန်းဆိုတော့ ပြောရခက်ပါတယ်။ ဒီအထဲမှာ ပြည်တွင်း ၊ ပြည်ပ က အံ့အား သင့်ရတဲ့ စီမံ၊ဘဏ္ဍာ နဲ့ စက်မှု လို့ သဘာဝမတူတဲ့ ဝန်ကြီးဌာနတွေကို ပေါင်းလိုက်တာမျိုးလည်းပါတယ်။
ပညာရှိတွေက အခြားသူတွေရဲ့ အမှားက နေ သင်ခန်းစာယူတယ်။ လူမိုက်တွေက ကိုယ်တိုင် လုပ်ကြည့်ပြီး မှားမှန်းသိမှ သင်ခန်းစာယူတတ်တယ်လို့ ပြောတဲ့စကားကြားဖူးတယ်။
Likey so much sir “ပညာရှိတွေက အခြားသူတွေရဲ့ အမှားက နေ သင်ခန်းစာယူတယ်။ လူမိုက်တွေက ကိုယ်တိုင် လုပ်ကြည့်ပြီး မှားမှန်းသိမှ သင်ခန်းစာယူတတ်တယ်လို့ ပြောတဲ့စကားကြားဖူးတယ်။”
LikeLike