မဲခေါင်ခရီးသည် (၅)

ဆူခိုထိုင်းမှာ တည်းခိုတဲ့ဟိုတယ်က လေယာဉ်ကွင်းကို သွားတဲ့လမ်းဘက်မှာ။ မြို့ထဲနဲ့ နည်းနည်း လှမ်းတယ်။ ဟိုတယ်နဲ့ ဆယ်ကီလိုမီတာလောက်ဝေးတဲ့နေရာမှာ မြို့လေးတစ်မြို့ရှိတယ်။ ဒါနဲ့ ကျွန်တော်နဲ့ မိတ်ဆွေတစ်ယောက် မနက်အစောကြီး အဲဒီမြို့ဈေးဘက်ကို ကားတစ်စီးနဲ့ ထွက်ခဲ့ တယ်။ ခရီးသွားအေဂျင်စီက စကားပြန်တစ်ယောက်လိုက်လာတယ်။

ကျွန်တော်တို့ ရောက်တော့ မြို့လေးက အိပ်ပျော်နေတုန်း။ မြို့လယ်လမ်းမကြီး ဘေးက ဆိုင်တွေ မဖွင့်သေးဘူး။ ဒါပေမယ့် ဈေးလေးကတော့ အသက်ဝင်နေပြီ။ ဈေးက လမ်းမကြီးကနေ တစ်ကွက် ငုတ်နေရာမှာရှိတယ်။ ဈေးရုံကြီးတစ်ခုရှိတယ်။ ဈေးရုံလေးဘက် လေးတန်က လမ်းကြားမှာ ဈေး ဗန်းခင်းရောင်းသူတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာလို ပျံကျဈေးသည်တွေကို ရန်မရှာ ဘူး။ ပစ်မထားဘူး။ ရာသီမရွေးရောင်းလို့ရအောင် လမ်းကြားလေးတွေကို သံတန်းတွေနဲ့ အမိုး လုပ်ထားပေးတယ်။ ဈေးရုံမျက်နှာစာနဲ့ ပျံကျဈေးသည်တွေကြားမှာ ဆိုင်ကယ်ရပ်ဖို့နေရာလုပ် ထားပေးတယ်။

ဈေးလေးအဝင် ဘယ်ညာ တိုက်ခန်းနှစ်ခုမှာ အထည်ဆိုင်တစ်ခုနဲ့ သံထည်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်နှစ်ဆိုင်ရှိတယ်။ အခင်းအကျင်းက ၁၉ ၇၀ ပြည့်လွန်နှစ်တွေက ပုံစံအတိုင်းပဲ။ အဲဒီဆိုင် တွေမှာ တရုတ်နွယ်ဖွားလို့ ယူဆရတဲ့ အဖိုးကြီးနှစ်ယောက်တွေ့တယ်။ အထည်ဆိုင်ရှေ့မှာ ခေတ်ဟောင်း ဆင်းဂါး အပ် ချုပ်စက်တစ်လုံးရှိတယ်။ ဆိုင်က အိုဟောင်းနေပေမယ့် ဆိုင်ရှင်တွေကတော့ အို ဟောင်းမသွားဘူး။ အပ်ချုပ်ဆိုင်က အဖိုးကြီးက ဗီယက်နမ်မြေပုံကို ကြည့်နေတယ်။ မတ်လ မှာ ခရီးသွားဖို့လေ့လာနေတာတဲ့။ မြန်မာနိုင်ငံလည်းရောက်ပြီးပြီ၊ ကျိုက်ထီးရိုးလည်း ဖူးခဲ့တယ်တဲ့။ သံဆိုင်ထဲက အဖိုးကြီးကတော့ စားပွဲတင်ကွန်ပြူတာတစ်လုံးနဲ့ အလုပ်လုပ်နေတယ်။

အပြင်တန်းကဈေးသည်တွေက ဟင်းသီးဟင်းရွက်၊ မုန့်တွေရောင်းတာများတယ်။ ငရုတ်သီး မျိုးစုံ ကို ခြင်းလေးတွေနဲ့ထည့်ရောင်းတဲ့ဆိုင်လည်းရှိတယ်။ ညာဘက် အစွန်ဆုံးက အစပ်ဆုံးတဲ့။ ရှေ့ တန်းက ငရုတ်သီးအကြီးတွေက ငရုတ်ချိုတွေတဲ့။ မုန့်အုပ်ကလေး လုပ်ရောင်းတဲ့ဆိုင်လည်းရှိ တယ်။ တစ်နေရာမှာတော့ ဟင်းသီးဟင်းရွက်သည် အမကြီးက သတင်းစာတစ်စောင်ကို စိတ်ဝင် တစားဖတ်နေတယ်။

ကွမ်းရွက်လေးတွေထုတ်နေတဲ့ဆိုင်တွေ့တယ်။ ကွမ်းယာဆိုင်လို့ထင်ပေမယ့် မဟုတ်ဘူး။ ထန်း လျက်ရည်၊ မြေပဲ၊ အုန်းသီးဆံ တွေနဲ့ ထုတ်တာ။ စိတ်ပါရင် သံပုရာသီးစိတ်၊ ကြက်သွန်နီလည်း ထည့်လိုရတယ်။ အဲဒီကွမ်းရွက်ထုတ်လေးသုံးထုတ်ကို သီတံနဲ့ သီထားတယ်။

အပြင်ဘက်တန်းမှာ ကျွန်တော်တို့ဆီမှာလိုပဲ ဟင်းတွေရောင်းတယ်။ ငါးပိချက်ကိုပဲ အမျိုးမျိုးချက် ပြီးရောင်းတာလည်း မြင်ခဲ့ရတယ်။ ဈေးအတွင်းဘက်မှာ သားငါး ဆိုင်တွေရှိတယ်။ ကုန်စုံဆိုင်တွေ ရှိတယ်။ ငါး ၊ ငါးပိ၊ မျစ်ချဉ်ဆိုင်တွေရှိတယ်။ ဈေးရုံထဲမှာ တော်တော်သန့်ရှင်းတယ်။ အသားဆိုင် တွေက ဝက်နဲ့ ကြက်ပဲတွေ့တယ်။ ငါးဆိုင်ကတော့ အပြင်တန်းမှာ တစ်ဆိုင်ပဲတွေ့တယ်။ ဒါ တောင် များများစားစားမဟုတ်ဘူး။ ငါးခူဆယ်ကောင်လောက်ကို ပုံးနဲ့ထည့်ရောင်းတာပါ။

သားငါးဆိုင်တွေမှာ ဝက်ခေါင်းသက်သက်ရောင်းတဲ့ ဆိုင်တွေလည်းရှိတယ်။ ဝက်ခေါင်းကို ကိုင်ပြီး၊ ပြုတ်ပြီးရောင်းတာ။တစ်ခေါင်းကိုဘတ် ငါးရာတဲ့။ ကြက်ကိုလည်း အဲဒီလိုပဲ ကိုင်ပြီး ပြုတ်ပြီးရောင် း တာတွေ့တယ်။ ဘတ် ၂၀၀ တဲ့။ အကြီးအသေး ပေါ်မူတည်ပြီး ဈေးတော့နည်းနည်းကွာတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နဲ့ အခြားဟင်းခတ် အမွှေးအကြိုင်တွေ၊ အချိုမှုန့် တွေကို ရောင်းတဲ့ ဆိုင်တွေကတော့ မြန်မာနိုင်ငံမှာလိုပဲ အထုတ်လေး တွေအသင့်ထုတ်ထားတယ်။အချိုမှုန့်စားရင် အန္တရာယ်မရှိဘူးလားဆိုတော့ အာဂျီနိုမိုတို အချိုမှုန့် ကို ဂျပန်နိုင်ငံက ထုတ်တာ၊ ဂျပန်က အန္တရာယ်ရှိရင် ထုတ်ပါ့မလား။ နည်းနည်းပဲသုံးဘာမှမဖြစ်ဖူး တဲ့။ အများကြီးထည့်ရင်တော့ ဆား တို့ ၊ သကြားတို့လည်း အန္တရာယ်ရှိတာပဲတဲ့။ သူပြောတာ လည်း ဟုတ်တာပဲလေ။

ငါးပိဆိုင်တွေမှာ ရေကျိုငါးပိသုံးလေးမျိုးရောင်းတယ်။ ဟိုအကောင်တွေမပေါက်ဘူးလားဆိုတော့ သဘာဝအလျောက်နည်းနည်းတော့ပါတာပေါ့တဲ့။ အဲဒါမပါရင် ဆေးသုံးထားလို့ပဲလို့ပြောတယ်။ ငါးခြောက်ဆိုင်လည်းရှိတယ်။မ ျှစ်ချဉ်ရောင်းတဲ့ဆိုင်လည်းမြင်ခဲ့ရတယ်။လက်ဖက်ရည်ဆိုင် တစ် ဆိုင် ရှိတယ်။ အီကြာကွေး ကြော် နေတာလည်းမြင်ခဲ့ရတယ်။ သူတို့ အီကြာကွေးကကျွန်တော်တို့ ဆီမှာလို အရှည်ကြီးမဟုတ်ဘူး။ ပုတိုတိုလေးတွေ။အချိုပွဲရောင်းတဲ့ဆိုင်တွေလည်းရှိတယ်။

ဒီဈေးမှာ အထူးခြားဆုံးကတော့ ဗာဂျီးနီးယားဆေးရောင်းတဲ့ဆိုင်တွေပါ။ ဒီဒေသထွက် ဗာဂျီးနီး ယားဆေးက နာမည်ကြီးတယ်လို့ပြောတယ်။ ဒါးလှီးဆေး၊ ဆေးမှုန့်မျိုးစုံကို အိတ်ကြီးတွေနဲ့ ထည့် ရောင်းသလို၊ ကိုယ်တိုင်စီးကရက်လိပ်သောက်နိုင်ဖို့အတွက် စက္ကူ၊ အစီခံ စတဲ့ ဆက်စပ်ပစ္စည်း မျိုးစုံရောင်းတယ်။ ဒါတွေကိုမြင်တော့ စီးကရက်ကို ကိုယ်တိုင်လိပ်သောက်နေတဲ့ ရန်ကုန်က မိတ် ဆွေကြီးကို သတိရတယ်။

နေထွက်လာတော့ ဈေးဝယ်တွေလည်းများလာတယ်။ ဆိုင်ကယ်တွေက လမ်းကြားထဲကို ဝင်လာ တယ်။ ဆိုင်ကယ်နဲ့ ဈေးဝယ် မေတ္တာနဲ့ရှောင်ရင်း အဆင်ပြေအောင်လုပ်နေကြတယ်။ တစ်ချို့ ကတော့ ဆိုင်ကယ်ပေါ်ကနေ လှမ်းဝယ်ပြီးဆက်ထွက်သွားတယ်။ ထရပ်ကားတစ်ချို့ လမ်းထိပ် မှာ ရပ်ပြီး ပစ္စည်းတွေချနေတယ်။ ကားတန်းက မနက်ကိုးနာရီထွက်မှာဆိုတော့ ကျွန်တော်တို့လည်း ပြန်ချိန်တန်ပြီပေါ့။

ဈေးမြင်ကွင်းဟာ သူ့မြို့ရဲ့ လူမှုစီးပွားအခြေအနေကို ထင်ဟပ်တယ်တဲ့။ ဈေးလေးက ပြန်တော့ ကိုယ့်နိုင်ငံက ဆူညံရှုပ်ထွေးနေတဲ့ ရပ်ကွက်ဈေး၊ မြို့ဈေးတွေအကြောင်းတွေးနေမိတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: