Xieng Thong ဘုန်းတော်ကြီးကျောင်းက လွန်ပရာဘန်မြို့ စွန်မှာရှိတယ်။ Xieng Thong ဆိုတာ “ ရွှေမြို့တော် ဘုန်းကြီးကျောင်း” လို့လာအိုလို ခေါ်တာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်း ကို ၁၅၅၉ ခုနှစ်မှာ လာအိုဘုရင် Setthathirath က လှုဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီဘုန်းကြီးကျောင်းဟာ လာအို နိုင်ငံမှာရှိတဲ့ တော်ဝင်ဘုန်းတော်ကြီးကျောင်းသုံး ခု အနက်တစ်ခုဖြစ်ခဲ့တဲ့အတွက် အနုပညာလက် ရာတွေအတော်ကောင်းတယ်။ ပန်းပုလက်ရာအပြင် ယွန်းပန်းချီတွေ၊ မှန်စီပန်းချီတွေလည်းရှိတယ်။ ကျောင်းတိုက်က မဲခေါင်မြစ် ဘေးမှာ ရှိတယ်။ ရှေးခေတ်ကတော့ ဘုရင်က နန်းတော်ကနေ လှေတော်နဲ့ ဘုန်း တော်ကြီးကျောင်းကိုလာတယ်လို့ ဆိုတယ်။ အခုတော့ အဲဒီဘက် ဝင်ပေါက်က ပိတ်ထားတယ်။ ခရီးသွားဧည့်သည်တွေက ကားလမ်းဘက် ဝင်ပေါက်နေပဲ ဝင်ရတယ်။ ဝင်ကြေးပေးရတယ်။ လာအိုငွေ ကစ် နှစ်သောင်းဆိုတော့ မြန်မာကျပ် သုံးထောင်ကျော်ပေါ့။
၁၈၈၇ ခုနှစ်မှာ တရုတ်စစ်သွေးကြွ အုပ်စု ဖြစ် တဲ့ အလံနက်တပ်ဖွဲ့ (Black Flag ) တွေ လွန်ပရာဘန်မြို့ကို ဝင်တိုက်တဲ့ပြီး နန်းတော်အပါအဝင် မြို့တော်ကို မီးရှို့ဖျက်ဆီးတဲ့အချိန် မှာ ဒီဘုန်းတော်ကြီးကျောင်း ဖျက်ဆီးမခံခဲ့ရဘူး။ အဲဒီလို မခံခဲ့ရတာက အလံနက်တပ်ဖွဲ့ခေါင်းဆောင် Đèo Văn Trị ငယ်စဉ်က ဒီဘုန်းတော်ကြီးကျောင်းမှာ ကိုရင်ဝတ်ခဲ့ဖူးတဲ့အတွက်ကြောင့်လို့ ဆို တယ်။ လွန်ပရာဘန်မြို့ကို သိမ်းထားချိန်မှာ Đèo Văn Trị က ဒီဘုန်းတော်ကြီးကျောင်း ကို သူ့ဌာနချုပ်အဖြစ်သတ်မှတ်ပြီးအခြေပြုခဲ့ သလို မြို့ကို ဖျက်ဆီးပြီး ပြန်ထွက်ချိန်မှာလည်း ကျောင်း တိုက် နဲ့ သံဃာတွေကို လက်ဖျားနဲ့တောင်မတို့ဘဲထားခဲ့တယ်။
ဒီကျောင်းတိုက်ဝင်းထဲမှာ ၁၉ ၅၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ လာအိုဘုရင် Sisavang Vong ရဲ့ အရိုး ပြာကို သယ်ဆောင်ခဲ့တဲ့ ရထားကိုလည်း ပြထားတယ်။ ရထားက နဂါး ဦးခေါင်း ငါးခု နဲ့ တန်ဆာဆင်ထားတယ်။
ကျောင်းတိုက်ထဲက အဆောက်အဦတွေရဲ့ အပြင်နံရံတွေမှာ မှန်စီပန်းချီတွေရှိတယ်။ ဒါတွေက သာသနာ ၂၅၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ရေးဆွဲထားတာလို့ ဆိုတယ်။ ပန်းချီကား တွေရဲ့ အပေါ်ပိုင်းမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ရုပ်ပုံတွေ ရှိပြီး အောက်ပိုင်းမှာတော့ လာအိုပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို ဖော်ပြထားတဲ့ပုံတွေရှိတယ်။ တောရိုင်းတိရိစ္ဆာန်တွေပုံတွေရှိတယ်။
တစ်နေရာမှာ ထူးထူးခြားခြား လူတစ်ယောက်က သစ်ပင်ကြီး တစ်ပင်ကို ခုတ် လှဲနေတဲ့ပုံ၊ အဲဒီလူကို ရဲမက်တစ်ယောက်က ဖမ်းသွားတဲ့ပုံ၊ ရဲမက်ကို သံဃာတော်တစ်ပါးက မေတ္တာရပ်ခံနေပုံ၊ ရဲမက်က အဲဒီလူကို ခေါင်းဖြတ်လိုက်ပုံ နဲ့ သံဃာတော်က ဝမ်းနည်းစွာနဲ့ ထွက်သွားတဲ့ပုံတွေကို ရေးဆွဲထားတယ်။ ကိုယ့်ဘာသာကိုယ် အနက်ဖော်ကြည့်တာတော့ သစ်ခိုး ထုတ်လို့အပြစ်ပေးတာကို ရေးထားတယ်လို့ ထင်တာပဲ။
အဲဒီဘုန်းတော်ကြီးကျောင်းက ရှေးဟောင်းလက်ရာတွေကို တောင်ကိုရီးယားနိုင်ငံ Korea International Cooperation Agency အကူအညီနဲ့ ပြုပြင်ထိန်းသိမ်းထားကြောင်းဖော်ပြ တဲ့ မှတ်တမ်းတစ်ခုကိုလည်းတွေ့ခဲ့ရသလို လာအိုနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ လှုဒါန်းငွေ နဲ့ ပြုပြင်ထားကြောင်းဖော်ပြတဲ့ မှတ်တမ်းတစ်ခုလည်းမြင်ခဲ့ရတယ်။
ကျောင်းတိုက်က Sakkaline လမ်းမကြီးပေါ်ကနေ လမ်းကြားလေးအတိုင်း ဝင်သွားရတယ်။ အဲဒီ လမ်းကြားနဲ့မျက်နှာချင်းဆိုင်မှာ ဝါးနဲ့လုပ်ထားတဲ့ အသုံးအဆောင်တွေရောင်းတဲ့ဆိုင်ရှိတယ်။ ဝါး အပြင် အခြားလက်မှုပစ္စည်းတွေလည်းရောင်းတယ်။ ဝါးနဲ့လုပ်ထားတဲ့ခြင်းတွေ၊ ပုံးလေးတွေ က မြန်မာငွေ ငါးထောင်လောက်နေ သုံးလေးသောင်းအထိ ဈေးရှိတယ်။ လက်ရာတွေက အတော် ကောင်းတယ်။ အနောက်နိုင်ငံသားဧည့်သည်တွေ နှစ်သက်မယ့် လက်ရာနဲ့ အရည်အသွေးရှိ တယ်။ လာအို အစိုးရ က ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုသင်တန်းကျောင်းတွေဖွင့်ပေးထားတယ်လို့ သိ ရတယ်။ ပုဂံမှာ ယွန်းသင်တန်းကျောင်းဖွင့်တဲ့ပုံစံမျိုးဖြစ်မယ်ထင်ပါတယ်။ ထိုင်းမှာလည်း ကျေးရွာ တစ်ခု ထုတ်ကုန်တစ်ခု စီမံကိန်းနဲ့ပတ်သက်ပြီး အဲဒီလို သင်တန်းတွေဖွင့်ပေးနေတယ်လို့သိရ တယ်။
ဒီဆိုင်မှာ ကျေးရွာတွေမှာသုံးတဲ့ ပလိုင်း အဟောင်းတွေလည်းရောင်းတယ်။ အဲဒါတွေကတော့ ဈေးမြောက်တယ်။ ပလိုင်းတွေမှာ သက်တမ်းနဲ့ အမေရိကန်ဒေါ်လာနဲ့ ကျသင့်ငွေကို ဖော်ပြထား တယ်။ ဈေးအကြီးဆုံးက ကစ် ငါးသိန်း ၆၃ ဒေါ်လာ။
ကျွန်တော်တို့ နိုင်ငံနဲ့ မတူတာကတော့ လာအိုမှာ ဘတ်နဲ့ရော၊ ဒေါ်လာနဲ့ပါ ဝယ်လို့ရတယ်။ လက်မှု ပစ္စည်းရောင်းတဲ့ ညဈေးတန်းမှာဆိုရင် တစ်ဒေါ်လာတန် ပစ္စည်းလေးတွေ သီးခြားရောင်းတယ်။ ဘာကန့် သတ် ချက်မှမရှိဘူး။ လမ်းဘေး ခေါက်ဆွဲ ဆိုင်၊ အအေးဆိုင်ဆိုရင်တော့ ဒေါ်လာနဲ့ပေးရတာခက်တယ်။ ဘတ်ကတော့ နေရာတိုင်းရတယ်။ ဒါပေမယ့် ငွေပြန်အမ်းရင်တော့ လာအိုငွေနဲ့ပဲ အမ်းတယ်။ ဒီတော့ ဘတ်နဲ့၊ ဒေါ်လာနဲ့ ဝယ်ရင် မိအေးနှစ်ခါနာဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ လာအိုငွေလဲသုံးတာ အကောင်းဆုံးပဲ။ ငွေလဲ တဲ့နေရာတွေ ကလည ်း ကျွန်တော်တို့ဆီမှာ ကွမ်းယာဆိုင်ပေါသလိုပေါပါတယ်။
လာအိုနိုင်ငံတောင် ကမ္ဘာလှည့်ခရီးသွားတွေ အိတ်ကပ်ထဲက ငွေတွေ ထွက်လာ အောင် ဘယ်လို ဆွဲဆောင်ရမလဲ၊ ဘယ်လိုဝန်ဆောင်မှု ပေးရမလဲ၊ ဒေသထုတ်ကုန်တွေကို ဘယ်လို တန်ဖိုးမြှင့်တင်ရမလဲ၊ ဒေသခံတွေ ဝင်ငွေကောင်းအောင် ဘယ်လို ပျိုးထောင်ပေး ရမလဲ ဆိုတာ ကောင်းကောင်းသိနေပြီ။