ဖေဖော်ဝါရီလ ၅ ရက်နေ့အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဗန်ဗီယင်းမြို့ ကို နေ့လည် တစ်နာရီမှာရောက်တယ်။ လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းကနေ လေးနာရီ ခရီးဝေး တဲ့ ဗန်ဗီယင်းမြို့တည်နေပုံက ကရင်ပြည်နယ်နဲ့တူတယ်။ မြို့လယ်မှာ နမ့်ဆောင်မြစ်က ဖြတ်စီးနေ တယ်။ မြို့ပတ်ဝန်းကျင် မြေပြန့်ထဲမှာ ထုံးကျောက်တောင်ကြီးတွေ မှိုလိုပေါက်နေတယ်။ လှိုဏ်ဂူ တွေရှိတယ်။ ရေပြာအိုင်တွေရှိတယ်။
ဒီမြို့ဟာ အနောက်နိုင်ငံတွေကလာတဲ့ ပေါချောင်ခရီးသွား( Backpacker) တွေရဲ့ မြို့ အဖြစ် နာမည်ကြီးခဲ့တဲ့မြို့ဖြစ်ပါတယ်။ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ လာအိုနိုင်ငံ တံခါးဖွင့်လိုက်တော့ ပေါချောင်ခရီးသွားတွေ အလုံးအရင်းနဲ့ရောက်လာတယ်။ တောင်တက်တယ်၊ လှိုဏ်ဂူတွေထဲကို ဝင်လေ့လာတယ်။ နမ့်ဆောင်မြစ်အတိုင်း ကားတာယာကွင်းစီးပြီးခရီးနှင်တယ်။ ပေါချောင်ခရီးသွားတွေနဲ့အတူ မူးယစ်ဆေးပြဿနာတွေပါလာတယ်။ ဒေသ ခံတွေ ရဲ့ ဓလေ့ထုံးစံတွေပျက်လာတယ်။ နမ် ဆောင်မြစ်တစ်လေ ျှာက်မှာ အရက်ဆိုင် တွေပေါလာတယ်။ ဘောကွင်းစီးလိုက်၊ ကမ်းပေါ်တက်အရက်သောက်လိုက်နဲ့ ရေနစ်သေတဲ့သူ များလာတယ်။
၂၀၁၂ မှာတော့ လာအိုအစိုးရက ဝင်ထိန်းတယ်။ ဒေသခံတွေကို ပညာပေးတယ်။ ကမ်းနားက အရက်ဆိုင်တွေကို ဖျက်ပစ်တယ်။ ခရီးသည်ဆွဲဆောင်နိုင်မယ့် ခရီးစဉ်အသစ်တွေကို ဖော်ထုတ် တယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမယ့်စည်းကမ်းတွေကို ထုတ်ပြန်တယ်။ အဲဒီ လို လုပ်တဲ့အတွက် ပေါချောင်ခရီးသွားတွေ နည်းနည်းလျော့သွားတယ်။ ဒါပေမယ့် အဲဒီလူတွေနေ ရာမှာ တောင်ကိုရီးယားနဲ့ ဂျပန်က ခရီးသွားတွေ ဝင်လာတယ်။ မြို့လယ်လမ်းမမှာ အနောက် တိုင်းပုံစံ ဘားတွေနဲ့ အတူ ဂျပန်၊ ကိုရီယားစားသောက်ဆိုင်တွေနေရာယူလာတယ်။ ဂျပန် ၊ ကိုရီး ယားတွေက ဟိုတယ်ကောင်းကောင်းမှ တည်းချင်တော့ နမ့်ဆောင် မြစ်ဘေးတစ်လေ ျှာက်မှာ ဟိုတယ်အသစ်ကြီးတွေပေါ်လာတယ်။
ဗန်ဗီယင်းမှာ ခရီးသွားဧည့်သည်တွေ အများဆုံးလုပ်လေ့ရှိတာ ခုနှစ်မျိုးရှိတယ်။
၁။ မြစ်အတိုင်း ကားတာယာကွင်းနဲ့ စုန်ဆင်းတာ။
၂။ မြစ်အတိုင်း လက်လှော်လှေနဲ့ ခရီးနှင်တာ။
၃။ All-Terrain Vehicle (ATV) , Buggy တွေနဲ့ ခရီးသွားတာ။
၄။ မီးပုံပျံစီးတာ။
၅။ ကျောက်လှိုဏ်ဂူတွေကို ဝင်လေ့လာတာ။
၆။ ရေပြာအိုင်တွေမှာ အပန်းဖြေတာ။
၇။ နေဝင်ချိန် မြစ်ထဲမှာ လှေစီးတာ။
ကျွန်တော်တို့ကတော့ တစ်ညပဲအိပ်တဲ့အတွက်အချိန်မရှိဘူး။ ဒါ့ကြောင့် ရေပြာအိုင် ကို သွားကြည့်တယ်။ လာအိုမှာ ရေပြာအိုင် ဆိုတာကို အထူးအဆန်းလုပ်၊ ခြံစည်းရိုးခတ် ကိုးကွယ် ထားတာမဟုတ်ဘူး။ ဒုတ္ထာကြောင့် ရေပြာတယ်ဆိုတာ နားလည်ပြီး ခရီးသွားတွေ အပန်းဖြေနိုင် ဖို့ အတွက်လုပ်ထားတာ။
ကျွန်တော်တို့ သွားတဲ့ရေပြာအိုင်က Phu Kham ထုံးကျောက်လှိုဏ်ဂူ နားက ရေပြာအိုင်။ ရေပြာ အိုင် အမှတ် သုံး လို့ ဆိုင်းဘုတ်တတ်ထားတော့ ဒီပတ်ဝန်းကျင်မှာ အနည်းဆုံး ရေပြာအိုင် သုံးခု ရှိတဲ့ သဘောပဲ။ ရေပြာအိုင်က ရေစီးတယ်။ အပန်းဖြေဖို့လုပ်ထားတဲ့နေရာက ကိုက် ၂၀၀ လောက်ရှည်တယ်။ အပေါ်ဆုံးမှာ နားဖို့တဲတွေရှိတယ်။ ကလေးလေးတွေ ရေစိမ်လို့ရ အောင်လုပ်ပေးထားတဲ့ နေရာလေးရှိတယ်။ ချောင်းဖြတ်တဲ့ တံတားတစ်ခုရှိတယ်။ အဲဒီ တံတား အောက်ပိုင်းကတော့ ရေနက်တဲ့အတွက် ရေကူးတဲ့သူတွေရှိတယ်။
အဲဒီနေရာမှာ ချောင်းပေါ်ကို ကိုင်းကျနေတဲ့ သစ်ပင်ကြီးပေါ်ကနေ ချောင်းထဲကို ခုန်ချတဲ့သူတွေရှိတယ်။ ခုန်ချဖို့ နေရာ ကလည်း သီးခြားလုပ်ထားတာမဟုတ်ပါဘူး။ ခနော် ခနဲ့ ဝါးလုံးတွေ သစ်သားပြားတွေရိုက်ထားတဲ့အပေါ်တက်ပြီးခုန်ချရတာ။ သစ်ပင်ပေါ်မှာ အရက် သောက်ရင် ရေမကူးနဲ့။ ရေကူးမယ်ဆိုရင် အသက်ကယ်အကျီ ၤ ဝတ်ပါ ဆိုတဲ့ ဆိုင်းဘုတ်လေးချိတ်ထားတယ်။ ဒီလိုပဲ ကြိုးနဲ့လွှဲပြီး ချောင်းထဲကို ခုန်ဆင်းနိုင်ဖို့ ကြိုးတွေ တွဲလောင်းချပေးထားတယ်။ သက်ကယ်အကျီ ၤ ငှားရင် တစ်နာရီကို လာအိုငွေ တစ်သောင်းပေး ရတယ်။
ကျွန်တော်တို့ ရောက်သွားတော့ ကိုရီး ယားမလေးတစ်ယောက် ခုန်ချတော့မလိုလို၊ ကြောက်သလိုလို လုပ်နေတာတွေ့တယ်။ အောက် က လူတွေက ခုန်ချဖို့ အော်ပြီးအားပေးနေကြတယ်။ သူကလည်း အဲဒါကို သဘောကျပြီး မူဟန်နွဲ့နွဲ့ နဲ့ လုပ်ပြ နေတာ အမြင်ကပ်စရာပဲ။ ခဏနေတော့မှ ငယ်သံပါအောင်အော်ပြီး ခုန် ချလိုက်တယ်။ ဆယ်နှစ်အရွယ် သမီးငယ်လေးလည်း အဖေနဲ့အတူ အပင်ပေါ်တက်ပြီးခုန်ချတယ်။ သူ့အဖေကတော့ သူများထက် ထူးပြီး နောက်ဂျွမ်း ပစ်ပြီး ရေထဲကျလာတယ်။
တစ်ချို့သူတွေကတော့ ရေထဲမဆင်းဘူး။ ကမ်းပေါ်ကနေထိုင်ပြီး ကြည့်နေကြတယ်။ ဘီးတပ် ကုလားထိုင်နဲ့ ထိုင်နေတဲ့ အသက်ကြီးကြီးလူတစ်ယောက်လည်းတွေ့တယ်။ သူဘာတွေ တွေး နေလဲ၊ ငယ်ရွယ်ကျန်းမာသန်စွမ်းချိန်ကို လွမ်းနေသလား၊ ဒါမှမဟုတ် လမ်းမလေ ျှာက်နိုင်ပေမယ့် ခရီးသွားနိုင်သေးတယ်ဆိုတဲ့ဘဝကို ကျေနပ်နေသလား။
ချောင်းဘေးက ကွက်လပ်ထဲမှာတော့ ဥရောပတိုက်သားသုံးယောက်ဆော့နေတယ်။ သူတို့နား က ခုံတန်းလျားပေါ်မှာ ဥရောပတိုက်သူတစ်ယောက် တုံးလုံးပက်လက်အိပ်နေတယ်။ ဘီယာလား၊ ကြယ်သီးလား တစ်ခုခု ပဲ။ ဒီနေရာမှာ ရေကူးတာအပြင် Zip Line နဲ့ ကျောက်တောင် ပေါ်ကနေ ဆင်းလို့ရတယ်။ ကျောက်လှိုဏ်ဂူထဲကို ဝင်လို့ရတယ်။
ကျောက်လှိုဏ်ဂူကတော့ ကျွန် တော့်တို့ဆီမှာလို ဘုရားတွေ တည်မထားဘူး။ သဘာဝအတိုင်းပဲ။ ဒီဒေသက လှိုဏ်ဂူတွေ အားလုံး အဲဒီအတိုင်းပဲထိန်းသိမ်းထားတယ်လို့ဆိုတယ်။ လှိုဏ်ဂူအဝမှာ ဓာတ်မီးငှားလို့ရတယ်။ ရေပြာအိုင်တစ်ဝိုက်မှာ ချောင်း ပတ်ဝန်းကျင် ရော၊ ချောင်းထဲမှာပါ အမှိုက်တစ်စ မရှိအောင်ထိန်းသိမ်းထားတာကလည်း နမူနာ ယူစရာပါပဲ။
ညနေဘက် နမ့်ဆောင်မြစ်ထဲမှာလှေစီးတာကတော့ နေဝင်ချိန်ကို ကြည့်တာပါပဲ။ ပဲ့ထောင် လှေ စီးရတာပါ။ ရေတိမ်တဲ့အတွက် လှေတစ်စီးကို နှစ်ယောက်ပဲ စီးရတယ်။ လက်လှော်လှေ တို့၊ ကားတာယာကွင်းတို့နဲ့ ခရီးမနှင်ရဲသူတွေ၊ နှင်ဖို့ အချိန်မရသူတွေ အတွက် အာသာပြေ လုပ် ပေးထားတာပါ။
နမူနာယူစရာတွေခဲ့တာက ပဲ့ထောင်နဲ့ သွားတာနဲ့ တာယာကွင်းငှားတာကို လိုင်စင်စီပေးမထားဘူး။ ဒေသခံတွေကို အစုအဖွဲ့ ဖွဲ့ ပြီးလုပ်ခိုင်းထားတယ်။ အဲဒီလုပ်ငန်းမှာ အိမ်ထောင်စု တစ်ထောင့်ငါးရာကျော်ပါတယ်။ အဖွဲ့ ဆယ်ဖွဲ့ ဖွဲ့ထားပြီးတစ်ဖွဲ့ကို ဆယ်ရက် အလှည့်ကျလုပ်ခွင့်ပေးတယ်။ ခရီးသွားလုပ်ငန်း ထွန်းကားတဲ့နေရာတွေမှာ ခရိုနီရယ်၊ အာဏာရှိသူရယ်က အခွင့်အရေးတွေ၊ နေရာကောင်းတွေ ယူပြီး ဒေသခံက ကျူးကျော်ဈေးသည်ဖြစ်သွားလေ့ရှိတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် သင်ခန်းစာ ယူစရာပါပဲ။
ဒီမြို့ထဲမှာ ခရီးကြမ်းသွားတဲ့ ကားငယ်လေးတွေ အများကြီးတွေ့တယ်။ ငှားတဲ့ဆိုင်တွေလည်းများ တယ်။ တစ်ချို့ဆိုင်တွေက ဝင်းကျယ်ကြီးနဲ့ အစီးလေးငါးဆယ်ငှားတာတွေ့ရတယ်။ ဒီကားလေး တွေငှားပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားလည်းရတယ်။ နည်းပြငှားပြိးမောင်းရင်လည်း ရတယ်။ ဒါမှ မဟုတ် သူတို့ စီစဉ်ပေးတဲ့ ယာဉ်တန်းနဲ့ လိုက်မောင်းလို့လည်းရတယ်။
ဒီလိုကားတွေရှိတဲ့အတွက် မြို့လယ်လမ်းတွေကလွဲရင် ကျန်တဲ့နေရာတွေမှာ မြေသားလမ်းတွေပဲ ထားတယ်။ နမ်ဆောင်မြစ်ကို ဖြတ်တဲ့တံတားတောင် ခေတ်ဟောင်းကြိုးတံတားပဲ။ မြို့ပြင် ရောက် သွားတာနဲ့ ဖုန်တထောင်းထောင်းနဲ့။ အတူပါတဲ့လမ်းညွှန်ကို လမ်းမပြင်ဘူးလားလို့မေးတော့ လမ်းပြင်လိုက်ရင် ဒီကားတွေစီးတဲ့သူ ဘယ်ရှိတော့မလဲ လို့ ပြန်ဖြေတယ်။
တစ်နေရာမှာတော့ ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်ရှည်ရှည်နဲ့ ဥရောပတိုက်သားတစ်ယောက် မြင်း နှစ်ကောင်ကို ဆွဲပြီး လမ်းကြားထဲက ထွက်လာတာတွေ့တယ်။ မြင်းတစ်ကောင်ပေါ်မှာ အထုပ် အပိုးတွေနဲ့ နောက်တစ်ကောင်ကတော့ စီးမြင်းဖြစ်မယ်။ ဘယ်ကိုများ ခရီးနှင်မလဲလို့ ဆင်းပြီး မေးချင်တာ ဒါပေမယ့် ယာဉ်တန်းနဲ့ဆိုတော့ မေးခွင့်မရဘူး ။
ဒီမြို့မှာလည်း စနစ်ကျတဲ့ ညဈေးတန်းရှိတယ်။ ရောင်းတဲ့ပစ္စည်းတွေကတော့ လွန်ပရာဘန် နဲ့ မကွာဘူး။ ဒါပေမယ့် ချည်ထည် ပန်းထိုးလက်ရာတွေကတော့ ပိုကောင်းတယ်။ နမ့်ဆောင် မြစ်ထဲမှာ ရေပေါ်စားသောက်ဆိုင်တွေအတွက်နေရာသတ်မှတ်ပေးထား တယ်။ ကျန်တဲ့နေရာတွေမှာရောင်းခွင့်မရှိဘူး။ မြစ်ကမ်းစပ်မှာ၊ မြစ်ထဲမှာ အမှိုက်မရှိဘူး။ စား သောက် ဆိုင်တွေက သပ်ယပ်သန့်ရှင်းတယ်။ ဒါပေမယ့် သီချင်းအကျယ်ကြီးဖွင့်နေတဲ့ ဆိုင်တစ်ဆိုင် ကြောင့် စားရတာ အရသာပျက်တယ်။
ဗန်ဗီယင်းမြို့မှာ ခရီးသွားလုပ်ငန်းကို စနစ်တကျဖွံ့ဖြိုးအောင်ဆောင်ရွက်နေတယ်ဆိုပေမယ့် လိုအပ်ချက်တွေက ရှိနေဆဲပဲ။ မူးယစ်ဆေးပြဿနာကို မထိန်းနိုင်သေးဘူး။ ခရီးသွားတွေကို အရက်ထဲမှာ ဆေးခတ်ပြီး ငွေယူတာမျိုးတွေရှိနေသေးတယ်။ မြစ် ထဲမှာ အုပ်စုလိုက် ကားတာယာကွင်းစီးတဲ့သူတွေကို ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်း တွေကို လိုက်နာဖို့အတွက် အခက်အခဲရှိတုန်းပဲ။
ဘာပဲဖြစ်ဖြစ် ဗန်ဗီယင်းက သဘာဝအခြေခံ စွန့်စားသွားရတာကို နှစ်သက်တဲ့သူတွေအတွက် မဖြစ်မနေသွားသင့်တဲ့နေရာပဲ။ တည်းခိုဖို့ကုန်ကျစရိတ်ကလည်း လွန်ပရာဘန်တို့၊ ဗီယန် ကျင်း တို့ထက် အများကြီးသက်သာတယ်။ ဒီမြို့ကနေ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အထိလည်း ဘတ်စ် ကားနဲ့ သွားလို့ရတယ်။ ၂၅ နာရီ မောင်းရတယ်။ ရိုးရိုး ဘတ်စ်ကားရှိသလို Sleeping Bus လို့ ခေါ်တဲ့ အိပ်စင်နဲ့ အိပ်ပြီးသွားလို့ရတဲ့ကားလည်းရှိတယ်။
အနောက်ကမ္ဘာက ပေါချောင်ခရီးသွား တွေကတော့ ထိုင်းနိုင်ငံကနေ ဗီယန်ကျင်း၊ ဗီယန်ကျင်းကနေ ဗန်ဗီယင်း၊ ပြီး ရင် ဗီယက်နမ် ဘက် ကို ခရီးဆက်ကြတယ်ပြောတယ်။ တစ်ချို့ကလည်း ထိုင်းနယ်စပ်ကနေ လွန်ပရာဘန် ကို မြစ် အတိုင်း စုံဆင်း၊ လွန်ပရာဘန်ကနေ ဗန်ဗီယင်းကို ဘတ်စ်ကားနဲ့လာ၊ ပြီးရင် ဗီယက်နမ်ကို ဆက်သွားကြတယ်။ ကျွန်တော်လည်း သူတို့ခြေရာနင်းပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်ကို အိတ်တစ်လုံးနဲ့ ခရီးဆက်နိုင်အောင်ကြိုးစား ဦးမယ်။
One thought on “မဲခေါင် ခရီးသည် (၁၅)”