ဗန်ဗီယင်းမြို့ရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်မှုတွေထဲမှာ မီးပုံးပျံနဲ့ နေထွက်ချိန်၊ နေဝင် ချိန်ကို ကြည့်တဲ့အစီအစဉ်လည်းပါတယ်။ ကျွန်တော်တို့ အဖွဲ့အစီအစဉ်မှာ မီးပုံးပျံစီးဖို့မပါဘူး။ ဗန်ဗီးယင်းကိုရောက်တဲ့ညနေ နမ့်ဆောင်မြစ်ထဲမှာ စက်လှေ စီးတယ်။ အဲဒီအချိန်မှာ ညနေ နေဝင် ဆည်းဆာကို ကြည့်ဖို့အတွက် မီးပုံးပျံတွေ တက်လာတာတွေ့တယ်။
စုံစမ်းကြည့်တော့ ဗန်ဗီယင်းမှာ မီးပုံးပျံစီးရတာ အရှေ့တောင်အာရှမှာ ဈေး အသက်သာဆုံးပဲ တဲ့။ လူကြီးတစ်ယောက် ဒေါ်လာ ၉ ဝ၊ ကလေးတစ်ယောက် ဒေါ်လာ ၅၀ ပဲကျတယ်။ ပုဂံမှာဆိုရင် တစ် ယောက်ကို ဒေါ်လာ ၃၀၀/ ၄၀၀ ပေးရတယ်လို့ ကြုံဖူးသူတစ်ယောက်ကပြောတယ်။
ဒီလို နဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မနက် ဗီယန်ကျင်းမြို့ကို မသွားခင် မီးပုံးပျံစီးဖို့ စီစဉ်ကြတယ်။ မနက်ကျတော့ ငါးနာရီခွဲ ဟိုတယ်ကနေ ထွက်ရတယ်။ မြို့လယ်က လေယာဉ်ကွင်းဟောင်းနေရာ ကို မီးပုံပျံကွင်းလုပ်ထားတယ်။ အဲဒီနေ့က နေဟာ ၆နာရီ ၁၅ မိနစ်မှ စထွက်မယ်ဆိုတော့ ငါး နာရီ လေးဆယ့်ငါးလောက်မှာ စပြီးပြင်ဆင်ကြတယ်။ အဲဒီနေ့က ကျွန်တော်တို့ စထွက်တဲ့ နေ ရာကနေ မီးပုံးပျံလေးလုံးတက်တယ်။
ပထမဆုံး မီးပုံးပျံ ကိုယ်ထည်ကြီးကိုမြေပေါ်မှာ အလျားလိုက်ချထားတယ်။ ပွန်းပဲ့တာတွေမဖြစ် အောင် တာလပတ်စတွေအောက်က ခံထားတယ်။ အဲဒီလို နေရာချထားပြီးတော့ ပန်ကာကြီးတစ် လုံးနဲ့ လေမှုတ်သွင်းလိုက်တဲ့အခါ တစ်ဖြေးဖြေးနဲ့ ကိုယ်ထည်ကြီးက ဖောင်းလာတယ်။ သူတို့ လို ချင်တဲ့အနေအထားရောက်တဲ့အခါ မီးပုံးပျံခြင်းကြီးမှာ တပ်ထားတဲ့ ပရိုပိန်းဓာတ်ငွေ့သုံးမီးကို ဖွင့်ပြီး မီးပုံးပျံကိုယ်ထည်ထဲက လေတွေကို အပူပေးလိုက်တယ်။ မီးပုံးပျံ ပျံတက်နိုင်ဖို့ဆိုရင် အထဲက လေ ကို ၂၀၀ ဒီဂရီ အထိ အပူပေးရတယ်လို့ ဝန်ထမ်းတစ်ယောက်က ရှင်းပြတယ်။
ဒီလိုနဲ့ မီးပုံးပျံကြီးဟာ တစ်ဖြေးဖြေးရုန်းထလာတယ်။ အပေါ်တက်ဖို့ အသင့်ဖြစ်နေပြီ။ ဝန်ထမ်း တွေက ခြင်းကြီးကို ဝိုင်းထိန်းထားကြတယ်။ ဒီအချိန်မှာပဲ ခရီးသည်တွေ တက်လို့ရပြီလို့ပြော တယ်။ ညက အင်တာနက်မှာ လေ့လာတဲ့အခါ မီးပုံးပျံမစီးခင် ကိုယ်အလေးချိန်တွေကို တိုင်းတာ ပြီး လူခွဲပေးမယ်၊ ပြီးရင် ပိုင်းလော့က စည်းကမ်းချက်တွေကို ရှင်းပြတယ်၊ လေတိုက်နှုန်း နဲ့အရပ်မျက် နှာပေါ်မူတည်ပြီး ပျံသန်းဖို့လျာထားတဲ့ လမ်းကြောင်းကို ရှင်းပြမယ် စသည်ဖြင့် သိခဲ့ရတယ်။
ဒါပေမယ့် ဗန်ဗီယင်းမှာတော့ အဲဒီလိုလုပ်တာမတွေ့ရဘူး။ လှေစီးသလို၊ ကြားကားပေါ်တိုး တက်သလို ဆယ်ယောက်က ခြင်းကြီးတဲ့ဘက်တဲ့။ လေးယောက်က ငယ်တဲ့ဘက်တက်လို့ ပြော တယ်။ ဒါနဲ့ လူကိုယ် ကိုယ့်အချင်းချင်းကြည့်ခွဲလိုက်တာပါပဲ။ ဘာစည်းကမ်းချက်မှာလည်း ရှင်းပြ မနေဘူး။ ပံျသန်းမယ့်လမ်းကြောင်းကတော့ လေသယ်ဆောင်ရာပဲလို့ ကိုယ့်ဘာသာကိုယ် သဘောပေါက်လိုက်တယ်။
ဝန်ထမ်းတွေကတော့ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းကျွမ်းကျင်တဲ့ပုံပါပဲ။ ကျွန်တော်စီး မယ့် မီးပုံးပျံ ပိုင်းလော့ကတော့ လာအို နိုင်ငံသားပဲ။ အင်္ဂလိပ်လည်း နည်းနည်းရတယ်။ လူပုံကတော့ ဇာတ်လိုက်လုပ်ဖို့ကောင်းတဲ့ပုံ။ နောက်တစ်ဖွဲ့စီးမယ့် မီးပုံးပျံ ကတော့ နိုင်ငံခြားသားပိုင်းလော့ ပါ။ သူကတော့ အသက်နည်းနည်းကြီးပြီ။ ခရီးစဉ်ပြီးတော့ သူ့ဖေ့စ်ဘွတ်အကောင့်မှာ မြန်မာနိုင်ငံ က ခရီးသွားတွေနဲ့ ဆုံတဲ့အကြောင်းရေးထားသေးတယ်။
ခရီးသည် တွေကို တက်ခိုင်း ပြီးတော့ အောက် လူတွေက ထိမ်းပြီး တစ်ခြားမီးပုံးပျံတွေ ကားတွေ နဲ့ လွတ် မယ့်နေရာကို ရွှေ့တယ်။ ပိုင်းလော့က လေကြောင်းအခြေအနေကို ကြည့်တယ်။ ပတ်ဝန်း ကျင်ကို လေ့လာတယ်။ သူကျေနပ်ပြီဆိုတော့ အချက်ပြလိုက်တာနဲ့ ထိန်းထားတဲ့ လူတွေက ခြင်း ကြီးကို လွှတ်ပေးလိုက်တယ်။ မီးပုံးပျံဟာ ဝုန်းကနဲ့ ထိုးတက်သွားတာမဟုတ်ဘူး။ တစ်ဖြေးဖြေး ချင်း တစ်အိအိ ထိုးတက်သွားတယ်။ ငုံ့ကြည့်လိုက်တဲ့အခါ လူတွေ၊အိမ်တွေက တစ်ဖြေးဖြေး သေး သေးသွားတယ်။
မီးပုံပျံစီးရတဲ့ အရသာကတော့ တိတ် ဆိတ် ခြင်း နဲ့ ရှုခင်းပဲ။တစ်ဖြေးဖြေးအမြင့်ကို ရောက် လာ တာ နဲ့လူသံ၊ ကားသံတွေမကြားရတော့ဘူး။ စက်သံ လည်းမကြားရ တော့မျက်လုံးမှိတ်ထားလိုက်တဲ့အခါ လူက လေထဲမှာ တွယ်ရာမဲ့ လွင့်မျောနေသလို ခံစားရ တယ်။ ဟိုး အရှေ့ ဘက်တောင် တွေ ကြား ထဲကနေမင်းကြီး တစ်ရွေ့ရွေ့တက်လာတယ်။ ဗန်ဗီယင်း လွင်ပြင် ကကျောက် တောင် တွေကြား ထဲမှာ၊ မြောက်ဘက်လွင်ပြင်အဆုံးမှာလည်း မြူတွေ၊ တောင် ဘက် လွင်ပြင် အဆုံး မှာလည်း မြူတွေ။ မြူတွေ ကြားက ကျောက်တောင်တွေထိုး ထွက်နေပုံ က လည်း ပင်လယ်ထဲက ကျွန်းတွေ လိုပဲ။ မီးပုံးပျံတွေကတော့ အဲဒီကျွန်းတွေထဲမှာ ရွက်လွှင့်နေတဲ့ ရွက်လှေတွေပေါ့။
မီးပုံးပျံပေါ်ကနေ မြို့ကို လက်ဖဝါးပေါ်တင်ကြည့်သလိုမြင်နေရတယ်။ နမ့်ဆောင်မြစ်ကမ်းနားမှာ ဟိုတယ်ကြီးတွေ၊ မြို့ရဲ့ အခြားနေရာတွေမှာတော့ အိမ်ပုလေးတွေ၊ မြို့ဟာ ရှိတဲ့ဧည့်သည်တွေနဲ့ မရှိတဲ့ ဧည့်သည် တွေကြောင့်နှစ်ခြမ်းကွဲနေတယ်။ မြို့အရှေ့ဘက်ခြမ်းမှာ ဖဲကြိုးပြားချထားသလို ကွန်ကရစ် လမ်းမကြီးရှိတယ်။ ဒါဟာ လာအိုနိုင်ငံအရှေ့မြောက်ဘက် တရုတ် နယ်စပ်နေ တောင်ဘက် ထိုင်းနယ်စပ်ကို သွားမယ့် မြန်နှုံးမြင့်ရထားလမ်းကြီးပဲ။ ဒီရထားလမ်းက ကူမင်းကနေ စင်္ကာပူအထိဖောက်မယ့် မြန်နှုံးမြင့်ရထားလမ်းစီမံကိန်းရဲ့ အစိတ်အပိုင်းလည်းဖြစ်တယ်။ အဲဒီ လမ်း ဘက်မှာ ဂိုဒေါင်ကြီး တွေ၊ ဝန်ချီ စက်တွေနဲ့ စီမံကိန်းနေရာတစ်ခုရှိတယ်။ အခုတော့ ရထားလမ်း ဖောက်လုပ်ရေး အတွက် စီမံကိန်းနေရာပေါ့။ နောင်မှာတော့ ဘူတာရုံကြီးဖြစ်လာမယ်လို့ ဆို တယ်။
၃၆၀ ဒီဂရီ ရှုခင်းကို ကောင်းကင်ကနေ တိတ်တိတ် ဆိတ် ဆိတ်ငေးမောနေရ တာ အေးချမ်း လှတယ်။ ရှုခင်းကောင်းတွေမြင်လို့ ဓာတ်ပုံရိုက်မိပေမယ့် အမှန် တကယ်ကတော့ ကင်မရာ မယူ ဘဲ အတွေးရယ်၊ ခံစားမှုရယ် နဲ့ မီးပုံးပျံစီးတာအကောင်းဆုံးပဲ။
နမ့် ဆောင်မြစ် အနောက်ဘက်ကမ်းကလည်း မီးပုံးပျံ သုံးလုံးတက်လာတယ်။ သူတို့က ကျောက် တောင်တွေရှိတဲ့ဘက်မှာ ပျံသန်းတာဖြစ်တဲ့အတွက် ကျွန်တော်တို့ထက် ရှုခင်းပိုကောင်းမယ်။ ကျွန် တော်တို့က မြို့တည်ရှိရာ လွင်ပြင်ပေါ်မှာပဲ ပျံသန်းရတာဖြစ်လို့ မြို့ရှုခင်းကိုပဲ မြင် ရတယ်။ ကျောက်တောင်တွေကြားမှာ၊ ကျောက်တောင်တွေပေါ်မှာ ဖြတ်ပြီး ပျံသန်းရတာမျိုး မရှိဘူး။ တကယ်လို့ ဗန်ဗီယင်းမှာ မီးပုံးပျံစီးမယ်ဆိုရင် မြစ်အနောက်ဘက်ခြမ်းက တက်တဲ့ မီးပုံပျံကို စီးဖို့ တိုက်တွန်းချင်ပါတယ်။
ကျွန်တော်တို့အဖွဲ့မီးပုံးပျံနှစ်လုံးက တစ်နေရာတည်းက တက်လာပေမယ့် တစ်ဖြေးဖြေး တစ်နေရာ စီ ဝေးသွားကြတယ်။ ပိုင်းလော့ဟာ မီးပုံးပျံကို တက်အောင်၊ နိမ့်ဆင်းအောင်ပဲလုပ်နိုင်တယ်။ ကျန် တာကတော့ လေကြောင်းသင့်ရာအတိုင်းလိုက်သွားရတာပဲ။ မီးပုံးပျံမတက်ခင်မှာ ဘယ်ဘက်ကို တော့ သွားနိုင်ကောင်းရဲ့လို့ မေ ျှာ်မှန်းထားပေမယ့် အထက်ရောက်တဲ့အခါ လေကြောင်းအခြေ အနေအမျိုးမျိုးပြောင်းသွားတဲ့အပေါ်မူတည်ပြီး လွင့်ပါသွားတာပါပဲ။ မီးပုံးပျံ တစ်ခုနဲ့တစ်ခုတောင် မ တူဘူး။
မိနစ်လေးဆယ်လောက်ကြာတော့ ပိုင်းလော့က အောက်ပြန်ဆင်းဖို့ နေရာရှာတယ်။ မီးပုံးပျံ လွင့် ပါနေတဲ့နေရာကို အကဲခတ်ပြီး သစ်ပင်ကြီးတွေ ၊ လ ျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ လွတ်မယ့် နေရာ ကို ရှာတယ်။ အဲဒီနေရာကို တွေ့တဲ့အခါ မြေပြင်က အဖွဲ့တွေကို ဆက်သွယ်ရေးစက်နဲ့လှမ်းပြော တယ်။ အောက်က အဖွဲ့တွေက ကားနဲ့အဲဒီနေရာကို သွားစောင့်တယ်။
ပိုင်းလော့က လေကြောင်းအခြေအနေကို ကြည့်ပြီး မီးပုံပျံကို တစ်ဖြေးဖြေးနိမ့်ဆင်းလိုက်တယ်။ မီးပုံးပျံ နိမ့်ဆင်းတယ်ဆိုတာက ထိပ်မှာရှိတဲ့ လေပေါက်ကို ကျဉ်းလိုက်၊ ကျယ်လိုက်လုပ်ပေးပြီး ကစားတာပါပဲ။ ဒါ ပေမယ့် စက်မဲ့ယာဉ်ဆိုတော့ လိုချင်တဲ့နေရာကို ဒက်ထိ မရောက်ပါဘူး။ မီးပုံးပျံ ရွေ့နေတဲ့အခြေအနေပေါ်မူတည်ပြီး မြေပြင်က လူတွေက ပြေးလိုက်ကြတယ်။ မြေပြင်နဲ့ ပေ လေး ငါး ဆယ်လောက် အမြင့်ရောက်တော့ ပိုင်းလော့က ကြိုးခွေကြီးကို ပစ်ချပေးလိုက်တယ်။ မြေပြင်က လူတွေက အဲဒီကြိုးကို ဆွဲပြီး ဆင်းလို့ အဆင်ပြေမယ့်နေရာရောက်အောင် ခေါ်သွားတယ်။
အားလုံးအဆင်ပြေပြီဆိုတော့မှာ ပိုင်းလော့က မြေပြင်နဲ့ထိအောင်နှိမ့်ချလိုက်တယ်။ လေယာဉ်ပျံ ဆင်းတာကို ကြည့်ပြီး ပိုင်းလေ့ာရဲ့ ကျွမ်းကျင်မှုကို ခန့်မှန်းနိုင်သလိုပဲ မီးပုံးပျံ မြေကြီးနဲ့ ထိတာ ဘယ်လောက်ညင်သာသလဲဆိုတာလည်း မီးပုံးပျံ ပိုင်းလော့ရဲ့ ကျွမ်းကျင်မှုပဲ။ ကျွန်တော်တို့ မီးပုံးပျံ ကတော့ ညင်ညင်သာသာလေးပဲ မြေပေါ်ကို ဆင်းနိုင်ခဲ့တယ်။
ပထမဆုံး ခရီးသည်တွေကို ဆင်းခိုင်းတယ်။ ပြီးတော့ မီးပုံးပျံကြီးကို လုံးဝလေလေ ျှာ့လိုက်တယ်။ ခင်းထားတဲ့တာလပတ်ပေါ်မှာ ပုံကျသွားတဲ့ မီးပုံးပျံကြီးကို ဖိပြီး လေထွက်သွားအောင်လုပ်လိုက် တယ်။ နောက်ဆုံးတော့ ပတ်စာခွာဖျာသိမ်းပြီး ကားပေါ်တင်လိုက်တယ်။
ကျွန်တော်တို့ အဖွဲ့တွေစီးတဲ့နောက်မီးပုံးပျံတစ်လုံးကတော့ မြို့အရှေ့မြောက်ဘက်မှာ ဆင်း ရ တယ်လို့ ပြောတယ်။ ကျွန်တော်တို့က မြို့ အရှေ့တောင်ဘက်မှာ ဆင်းရတယ်။ တစ်နေရာတည်း က အတူ ခရီးစထွက်တယ်၊ တစ်ဖွဲ့ထဲလည်း ဖြစ်ပါရဲ့။ ပိုင်းလော့တွေကလည်း တစ်ဖွဲ့တည်းပဲ။ ဒါပေမယ့် လေသယ်ဆောင်ရာကို မလွန်ဆန်တဲ့အခါကျတော့ တောင်နဲ့ မြောက် ဆန့်ကျင်ဘက်မှာ ခရီးဆုံး ခဲ့ရတယ်။
ဉာဏ်နဲ့ ဝိရိယသာ ကိုယ်တိုင်တတ်နိုင်ပြီး ကံကို မစီမံနိုင်တဲ့ ဘဝမှာ ခရီးဆုံးမတူကြတာ သဘာ ဝပါပဲ။