မဲခေါင် ခရီးသည် (၂၁)


ဖေဖော်ဝါရီလ ၈ ရက်နေ့မနက် ၈ နာရီ ၅ မိနစ်မှာ ကျွန်တော်တို့ယာဉ်တန်းက ဗီယန်ကျင်းကနေ ထိုင်းနိုင်ငံ ခေါက်ရိုင် ( Khao Yai) ကို ထွက်တယ်။ ဒီနေ့ခရီးစဉ်က ၅၀၇ ကီလိုမီတာရှိတဲ့အတွက် ခရီးစဉ်တစ်ခုလုံးမှာ အဝေးဆုံးကားမောင်းရတဲ့နေ့ဖြစ်ပါတယ်။
ဗီယန်ကျင်းက ထိုင်းနိုင်ငံနဲ့ မဲခေါင်မြစ်ဘဲ ခြားပေမယ့် မြို့ထဲကနေ ထိုင်းနယ်စပ်ကို တိုက်ရိုက် ဖြတ်လို့မရဘူး။ နောင်ခိုင် နယ်ခြားဂိတ်ကနေဖြတ်ရတယ်။ မြို့ကနေ နယ်စပ်ထို ၂၅ ကီလို မီတာ ဝေးတယ်။ အဲဒီနေရာမှာ အမှတ် ၁ ချစ်ကြည်ရေးတံတားရှိတယ်။
ဗီယန်ကျင်းကနေ တံတားကို လေးလမ်းသွား လမ်းသစ်ဖောက်ထားတယ်။ ဗီယန်ကျင်းမြို့ လယ် မှာ အထပ်မြင့် အဆောက်အဦတွေ မတွေ့ရပေမယ့် လမ်းသစ်ဘက် မြို့စွန်ကိုရောက်တာနဲ့ အထပ်မြင့်အဆောက်အဦ စီမံကိန်းတွေ စပြီးတွေ့လာရတယ်။ တံတားမရောက်ခင် အထိ လမ်း ဘေးဝဲယာမှာလည်း ဟိုတယ်စီမံကိန်း၊ စက်မှုဇုန်၊ ထောက်ပံ့ပို့ဆောင်ရေး ဂိုဒေါင် တွေ တွေ့ရတယ်။ တစ်ချို့နေရာတွေမှာ မြေကွက်နေရာတွေကို ဖော်ပြထားတဲ့ ဆိုင်းဘုတ်တွေ ထောင် ထားတယ်။ ဒီနေရာမှာ အထူးစီးပွားရေးဇုန်တစ်ခုများထူထောင်နေသလားလို့ တွေးမိတယ်။
နောင်ခိုင် နယ်စပ်ဖြတ်ကျော်ဂိတ်က ကျွန်တော်တို့ လာအိုထဲကို ဝင်ခဲ့တဲ့ ဂိတ်နဲ့မတူဘူး။ နှစ်နိုင်ငံ ကြားမှာပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေပါဖြတ်သန်းတဲ့အတွက် အလွန်စည်ကားတယ်။ လာအို နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ နယ်စပ်ဖြတ်ကျော်ဂိတ်တွေအနေနဲ့ လာအို – ဗီယက်နမ် ၇ ဂိတ်၊ လာအို – တရုတ် ၁ ဂိတ် ၊ လာအို – ထိုင်း ၈ ဂိတ်၊ လာအို – မြန်မာ ၁ ဂိတ် ၊ လာအို – ကမ္ဘောဒီးယား ၁ ဂိတ် စုစုပေါင်း ၁၈ ဂိတ်ရှိတယ်လို့ဆိုတယ်။ လာအိုနိုင်ငံအနေနဲ့ ခရီးသွား လုပ်ငန်းကနေ ဝင်ငွေရဖို့ ကြိုးစားနေမှုအခြေအနေကို နယ်စပ်ဂိတ်အရေအတွက်ကို ကြည့် တာ နဲ့ ခန့်မှန်းနိုင်ပါတယ်။
နယ်စပ်ဖြတ်ကျော်တာကတော့ အခက်အခဲမရှိဘူး။ လာအိုကတော့ အထွက်ဖြစ်တဲ့အတွက် တစ် ယောက်ချင်းတောင် မပြရတော့ဘူး။ ခရီးသွားအေဂျင်စီကပဲ ပတ်စ်ပို့အားလုံးယူသွား ပြီး တုံး ထုခဲ့တယ်။ ထိုင်းဘက်ကတော့ အဝင်ရော၊ အထွက်ပါ တစ်ယောက်ချင်းတန်းစီ တုံးထုရတယ်။ လာအိုဘက်ဂိတ်ကို ဖြတ်ပြီး ချစ်ကြည်ရေးတံတားပေါ်တက်တာနဲ့ လက်ယာကပ်မောင်းကနေ လက်ဝဲကပ်မောင်းပြန်ဖြစ်သွားတဲ့အတွက် ခရီးသွားလမ်းညွှန်အဖွဲ့ကတော့ ဆက်သွယ်ရေး စက် ကနေ သတိထားဖို့ ဆက်တိုက်ပြောနေရတယ်။ တစ်နာရီလောက်မောင်းလိုက်တော့ ပြန်ပြီး အသားကျသွားတဲ့အတွက် အခက်အခဲမရှိတော့ပါဘူး။
နောင်ခိုင်ဂိတ်ကနေ ခေါက်ရိုင်အထိ ခရီးစဉ်ကတော့ အာရှ လမ်း မကြီးအမှတ် ၁၂ အတိုင်းမောင်း ရတဲ့အတွက်လမ်းကောင်းတယ်။ ထူးခြားတာကတော့ အမြန်လမ်းမကြီးဘေးမှာ ဆိုင်းဘုတ်တွေ ထောင်ထားတဲ့ လမ်းဘေးဆိုင်လေးတွေ မကြာခဏတွေ့ရတယ်။ တစ်ခါတစ်ခါကျတော့လည်း ဈေးတန်းကြီးတွေတွေ့ရတယ်။
အဲဒီဆိုင်တွေက ထိုင်းနိုင်ငံရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်တဲ့ဒေသတစ်ခု ထုတ်ကုန်တစ်ခု စီမံချက် ( One Tambon One Product ,OTOP) အရ ဒေသထွက်ကုန်တွေကို ရောင်းချတဲ့ဆိုင်လေးတွေ၊ တစ်ချို့နေရာမှာ ဝက်အူချောင်းတွေ ၊ တစ်ချို့နေရာမှ ကောက်ညှင်းထုတ်တွေ၊ တစ်ချို့နေရာမှာ သစ်သီးယိုတွေ စသည်ဖြင့် မျိုးစုံပဲ။ စားသောက် ဆိုင်လေးတွေလည်း ရှိတယ်။ ထိုင်းက ဒေသခံလူထု စီးပွားရေးအတွက် အမြန် လမ်းဘေးမှာ စနစ်တကျရောင်းချနိုင်အောင် စီစဉ် ပေးတာတွေ့တော့ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးဘေးက ကျေးရွာတွေအတွက်လည်း စနစ်တကျ စီစဉ်ပေးနိုင်ရင် မကောင်း ဘူးလားလို့ တွေးမိတယ်။
ထိုင်းနယ်စပ်ကို ဖြတ်ပြီးတော့ ဆယ်နာရီ မိနစ်နှစ်ဆယ်။ ခေါက်ရိုင်ကို ရောက်တော့ ည ခုနှစ်နာရီ။ လမ်းကောင်းပေမယ့် ကားတွေကျပ်တယ်။ ခေါက်ရိုင်ဘက်နီးလာတော့ မိုးပျံလမ်းစီမံကိန်းတစ်ခု တွေ့တယ်၊ လာအိုနယ်စပ်အထိ ဖောက်မယ့်စီမံကိန်းလို့သိရတယ်။ အမြန်ရထားလမ်းစီမံကိန်း နဲ့ ဒီမိုးပျံလမ်းစီမံကိန်းဟာ၊တရုတ်၊ ထိုင်း၊မလေးရှား နဲ့စင်္ကာပူ ခရီးသွားတွေ လာအိုနိုင်ငံကို ကုန်ကျစရိတ် နည်းနည်းနဲ့ရောက်နိုင်အောင် အထောက်အကူပေးမှာသေချာတယ်။
၂၀၁၇ ခုနှစ်မှာ လာအိုနိုင်ငံ ခရီးသွားလုပ်ငန်းရဲ့ ဝင်ငွေက ဒေါ်လာ ၂ ဘီလျံရှိပြီး ဂျီဒီပီရဲ့ ၁၃.၇ % ဖြစ်ပါတယ်။ World Travel & Tourism Council (WTTC) ရဲ့ စာရင်းဇယားအရဆိုရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၄.၆ ဘီလျံရခဲ့ပြီး ဂျီဒီပီရဲ့ ၆.၆% ရှိတယ်လို့ဆိုပါတယ်။ ကိန်းဂဏန်းအရ မြန်မာက များတယ်လို့ထင်ရပေမယ့် လာအိုရဲ့ လူဦးရေ၊ နိုင်ငံ အရွယ်အစားနဲ့ ယှဉ်လိုက်ရင် မြန်မာက ခရီးသွားလုပ်ငန်းမှာနောက်ကျန်နေတာကို တွေ့နိုင် ပါတယ်။
ခေါက်ရိုင်ကို မရောက်ခင်ကတော့ ကလောလို တောင်ပေါ် အပန်းဖြေမြို့ထင်မိတယ်။ တကယ် တော့ မဟုတ်ဘူး။ ခေါက်ရိုင်က ဟဲဟိုးလွင်ပြင်လို လွင်ပြင်ပဲ။ အဝေးပြေးလမ်း မကြီးကနေ အထဲကို ဝင်ရတယ်။ အပန်းဖြေစခန်းတွေ ဟို တယ်တွေက တစ်နေရာတည်းမှာ စုနေတာမဟုတ်ဘူး။ ခေါက်ရိုင်မြို့ဆိုပြီး သီးခြားရှိနေတာ မဟုတ်ဘူး။ တစ်ခုတစ်ခုကို ဧက ရာချီကျယ်ဝန်းတဲ့ အပန်းဖြေစခန်းတွေက တစ်နေရာနဲ့တစ်နေရာ အဝေးကြီး၊ ဒီဒေသမှာ ဘတ်စ်ကားမရှိဘူး။ တက္ကစီမရှိဘူး။ ကိုယ်ပိုင်ကား နဲ့ ၊ ဒါမှမဟုတ် ဘန်ကောက်ကနေ ကားငှား ပြီး လာမှ အဆင်ပြေတယ်။
ခေါက်ရိုင်ဒေသရဲ့ တကယ့်ဆွဲဆောင်မှုက ခေါက်ရိုင်အမျိုးသားဥယျဉ်ဖြစ်ပါတယ်။ ဒီ သဘာဝဘေးမဲ့တောကို ၁၉ ၆၂ ခုနှစ်ကတည်ထောင်တယ်။ စတုရန်း ကီလိုမီတာ ၃၀၀ ကျယ်ပြီး ထိုင်းနိုင်ငံမှာ တတိယအကြီးဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ခရီးသွားဧည့်သည်တွေအများစုကတော့ အမျိုးသားဥယျာဉ်ရှိတယ်ဆိုတာတောင်သိပုံမရဘူး။ ခေါက်ရိုင်မှာ ဓာတ်ပုံရိုက်ဖို့လာကြတာပါပဲ။
ခေါက်ရိုင်မှာ ဂေါက်ကွင်း၊ လုံးချင်းအိမ်ယာနဲ့ ဟိုတယ်တွဲထားတဲ့ အပန်းဖြေစခန်းတွေရှိတယ်။ ဗြိတိန်၊ ဂျာမနီ ၊ အီတလီ၊ အမေရိကန် အစရှိတဲ့ နိုင်ငံတွေက ရဲတိုက်တွေ၊ မြို့လေးတွေ၊ ပန်းခြံ တွေ၊ စိုက်ခင်းတွေကို နမူနာယူတည်ဆောက်ထားတဲ့ အပန်းဖြေစခန်းကြီးတွေရှိတယ်။ ဝိုင်စိုက်ခင်းတွေရှိတယ်။ လှလှပပကော်ဖီဆိုင်တွေရှိတယ်။ ချော့ကလက်ဆိုင်လေးတွေရှိ တယ်။ ကလေးကစားကွင်းတွေရှိတယ်။ Lord of the Rings ရုပ်ရှင်ရဲ့ Hobbit ရွာလေးလို ဆောက် ထား တဲ့ ဟိုတယ်ရှိတယ်။ အဲဒီနေရာတွေမှာ တည်းခိုလို့ရတယ်။ ဝင်ကြေးပေးပြီး ဝင်ကြည့်လို့ရတယ်။ ဥရောပမှာ ခရီးသွားသလို ခံစားရအောင် ဖန်တီးပြီး ခရီးသည်တွေ အိပ်ထဲက ငွေကို သဲ့ယူနိုင်ဖို့ လုပ်ထားတာကတော့ နမူနာယူစရာပဲ။
ဒီနေရာက ဘန်ကောက်နဲ့ ကီလိုမီတာ ၁၂၀ ပဲဝေးတော့ နေ့ချင်းပြန်လာကြသူတွေလည်း ရှိတယ်။ ဟိုတယ်တွေမှာတည်းပြီးဂေါက်ရိုက်သူတွေလည်းရှိတယ်။ အပန်းဖြေဖို့အတွက် ကိုယ် ပိုင်အိမ်ဝယ်ထားသူတွေလည်းရှိတယ်။ ဒါပေမယ့် ဥရောပတိုက်သား ခရီးသွားဧည့်သည်တွေက တော့ ဒီနေရာကို လာလေ့မရှိဘူး။ ဒီနေရာမှာရှိတာတွေက သူတို့နိုင်ငံက ရှိပြီးသားတွေကို ထပ် တူဖန်တီးထားတဲ့ အတုအယောင်တွေပဲလေ။ စစ်မှန်တဲ့ ယဉ်ကျေးမှုတန်ဖိုး၊ သမိုင်းတန်ဖိုး မရှိဘူး။ သူတို့ တွေ့ချင်၊ မြင်ချင်တဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေကိုမတွေ့နိုင်ဘူး။
ကျွန်တော်တို့က ခေါက်ရိုင်ကို ညဘက်ရောက်ပြီးနောက်တစ်နေ့မှာ လည်ပတ်ကြတယ်။ ပထမ ဆုံးရောက်သွားတဲ့ အိမ်ယာဝင်းနဲ့ အပန်းဖြေစခန်းတွဲထားတဲ့နေရာကို ရောက်တဲ့အချိန်မှာပဲ ကျွန်တော့်အတွက်လုံလောက်သွားပြီ။ ဒါ့ကြောင့်ညနေပိုင်းအစီအစဉ်တွေမှာ မလိုက်တော့ဘူး။ ဟိုတယ်ကိုပြန်တယ်။ ဟိုတယ်က စက်ဘီးတစ်စီငှားတယ်။ လေးနာရီအတွက် ဘတ် ၁၀၀ ပေး ရတယ်။ အဲဒီစက်ဘီးနဲ့ ဟိုတယ် ပတ်ဝန်းကျင်က ရွာတွေကို ခရီးထွက်ခဲ့တယ်။
ဟိုတယ်နေ တစ်ကီလိုမီတာလောက်အကွာမှာ လမ်းမကြီးကနေ အထဲကို ဝင်သွားတဲ့ လမ်း သွယ် လေးရှိတယ်။ လမ်းဘေးဝဲယာမှာ ခုတ်ထားပြီးသား ကြံခင်းတွေရှိတယ်။ ပလောပီနံ စိုက် ခင်းတွေရှိတယ်။ တစ်ချို့စိုက်ခင်းတွေက မြေပြင်ထားတယ်။ သရက်ခြံတွေရှိတယ်။ နှစ်ကီလိုမီတာလောက်သွားလိုက်တော့ ရွာလေးတစ်ရွာကို ရောက်တယ်။
ရွာလေးက မြန်မာနိုင်ငံအလယ်ပိုင်းက ရွာတွေလိုပါပဲ။ ခြေတံရှည်အိမ်တွေများတယ်။ ခြံဝင်း ကျယ်တယ်။ သရက်ပင်၊ မန်ကျည်းပင်ကြီးတွေရှိတယ်။ ခြံထဲမှာ အိမ် အောက်မှာ အသီးအနှံတွေ၊ လယ်ယာသုံးစက်ပစ္စည်းတွေ ရှိ တယ်။ ပစ္စည်းမျိုးစုံရောင်းတဲ့ အိမ်ဆိုင်လေးတွေရှိတယ်။ ကွာခြားတာကတော့ အိမ်တွေပိုကောင်း တယ်။ ရွာလမ်းက ကတ္တရာလမ်း၊ အိမ်တိုင်းမှာ ပစ်ကပ်ကားတစ်စီးတော့ရှိတယ်။ ထွန်စက် အကြီး ၊ ဒါ မှ မဟုတ်အသေးတစ်စီးရှိတယ်။ အိမ် အတော်များများမှာ ကွန်ကရိနဲ့လုပ်ထားတဲ့ စဉ့်အိုးကြီးတွေတွေ့တယ်။ ဘာလှောင်တာလဲ မသိဘူး။
အိမ်တစ်အိမ်မှာတော့ ဂိုဒေါင်လိုနေရာမှာ ကြက်သွန်နီတွေ အစည်း လိုက်တန်းပေါ်တင်ထားတယ်။ ထွန်စက်နောက်တွဲပေါ်မှာလည်း ကြက်သွန်တွေ အပုံလိုက်။ ပလောပီနံပင်တွေကို ခုတ်ပိုင်းပြီး တင် ထားတဲ့ ထရပ်ကားကြီးတစ်စီးလည်းရှိတယ်။ ကားဝပ်ရှော့လို့ ထင်ရတဲ့အဆောက်အဦထဲမှာ ထွန် စက်ကြီးတစ်စီးနဲ့ ကားလေးစီးရှိတယ်။ စိုက်ပျိုးရေးကို အကြီးအကျယ်လုပ်တဲ့ အိမ်လို့ထင်ရတယ်။
ရွာလယ်မှာ ကျေးလက် ဓာတ်ဆီဆိုင်လေးတစ်ဆိုင်ရှိတယ်။ ရွာကိုရေပေးတဲ့ ရေစင်နဲ့ ရေသန့်စက်တစ်လုံးရှိတယ်။ တော်တော်ကြီးတဲ့ စတိုးဆိုင်တစ် ဆိုင် ရှိတယ်။ သူဌေး အိမ်ဆိုတာ ရွာလယ်မှာ ရှိတယ်ဆိုတဲ့အတိုင်းပဲ ဒီတစ်ဝိုက်မှာ တစ်ထပ်အိမ်ကောင်းကောင်း၊ ခြံ ကျယ်ကျယ်တွေရှိတယ်။
ရွာတွေဘက်ကို ဧည့်သည်တွေလာလေ့မရှိဘူးထင်တယ်။ လူတွေက ဝိုင်းကြည့်တယ်။ ခွေးတွေက ဝိုင်းဟောင်တယ်။ ခရီးသွားလမ်းညွှန်မပါတော့ မေးချင်တာလည်းမေးခွင့်မရဘူး။ မေးခွင့်သာရရင် ဟိုတယ်တွေ၊ ဂေါက်ကွင်းတွေကြားထဲက ကျေးလက်တောင်သူတွေ ဘဝကို ပိုသိခွင့်ရမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: