မနှင်း အသုပ်ဆိုင်၊ မင်္ဂလာဆောင်မုန့်ဟင်းခါး
ပုဂံရောက်ဧည့်သည်တွေ ရန်ကုန်မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ ၊နန်းကြီးသုပ် စတာတွေ စားေ နတာ မြင်ရင် အသည်းယားမိတယ်။ ရန်ကုန်ကလာပြီး ရန်ကုန်မုန့်ဟင်းခါး စားဖို့လိုသလား။ ပုဂံက ရန်ကုန်မုန့်ဟင်းခါး က ရန်ကုန်ထက်ပိုကောင်းလို့လား။ ရှမ်းခေါက်ဆွဲ၊ နန်းကြီးသုပ် ဆိုလည်း ဒီ လိုပါပဲ။ အဲဒီအစားအစာတွေအစား ပုဂံ၊ ညောင်ဦးဒေသခံတွေစားလေ့ရှိတဲ့ နံနက်စာလေးတွေကို စားမယ်ဆိုရင် ပုဂံခရီးစဉ်က ပိုပြီး ပြည့်စုံသွားမှာပေါ့။ ကျွန်တော်ကတော့ ပုဂံ ရောက်ချိန်မှာ အခု လို စားခဲ့ပါတယ်
မနှင်း အသုပ်ဆိုင်
အစဉ်အလာအရ မနှင်းလို့ခေါ်နေပေမယ့် ဒေါ်နှင်းဖြစ်နေပါပြီ။ ဆိုင်ဖွင့်ခဲ့တာ တစ်ပွဲနှစ်ကျပ်ခေတ် ထဲက ဆိုတော့ နှစ်သုံးဆယ်ကျော်၊လေးဆယ်နီးပါးရှိလောက်ပြီ။ အသုပ်ဆိုင်ဆိုပေမယ့် မုန့်ဟင်း ခါးသုပ်တစ်မျိုးပဲရောင်းပါတယ်။
ဆိုင်က ညောင်ဦး၊ ရုံးညောင်ပင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားထောင့်မှာရှိတယ်။ ညောင်ဦး လမ်းမတော်အတိုင်းလာတဲ့အခါ မဏိစည်သူဈေးရှေ့ အဝိုင်းရောက်ရင် ဘယ်ဘက်လမ်းအတိုင်း သွား၊ ခရိုင်ပြန်ဆက်ရုံးကျော်ရင် ဘယ်ဘက်ထဲချိုးပြီး ဆုတောင်းပြည့်ဘုရားနားက မနှင်း အသုပ် ဆိုင်လို့မေးရင် လမ်းညွှန်ပေးပါလိမ့်မယ်။
မုန့်ဟင်းခါးသုပ်ဆိုပေမယ့် မုန့်ဖတ်က ရန်ကုန်မှာ မုန့်တီသုတ်လုပ်တဲ့ နန်းသေး လိုမုန့်ဖတ် ဖြစ် ပါတယ်။ ကြက်သားဟင်း၊ ပဲမှုန့် ၊ ဘဲဥထည့်ပြီးသုပ်ပေးတယ်။ ညောင်ဦးသားတွေကတော့ မုန့် ပျားသလက်ထည့်စားတယ်။ ကျွန်တော်လည်း ထည့်စားကြည့်တယ်။ စားလို့ကောင်းတယ်။
မုန့်ဟင်းခါးသုပ်ကို ကြက်အူချောင်းကျော်၊ ရိုးရိုးအကြော်တွေနဲ့ တွဲစားရတယ်။ ကြက်အူချောင်း ကိုက်လိုက်၊ မုန့်ဟင်းခါးသုပ်တစ်ဇွန်းစားလိုက်ရင် အတော်အစပ်တည့်တယ်။ ဒီဆိုင်မှာ ဟင်းရည် နှစ်မျိုးချပေးတယ်။ တစ်မျိုးက ကျွန်တော်တို့ နန်းကြီးသုပ်စားရင် ပါနေကျ ဟင်းချိုမျိုး၊ နောက် တစ်မျိုးက ကုလားပဲ ဟင်းရည်။ ပဲမှုန့်ကို ချက်တာမဟုတ်ဘူး။ ကုလားပဲကို ပြုတ်ပြီးချက်ထား တာဖြစ်လို့ အတော်ဆိမ့်တယ်။
မုန့်ဟင်းခါးသုပ်တစ်ပွဲ ၇၀၀၊ မုန့်ပျားသလက်ထည့်ရင် ၇၅၀၊ ကြက်အူချောင်းတစ်ချောင်း ၁၅၀။ မနက် ၁၁ နာရီလောက်အထိပဲဖွင့်တယ်။ ပုဂံမြို့သစ် ဒေါ်မှတ်ကြီး ခေါက်ဆွဲသုပ်ထက် ပိုကောင်း တယ်။
မင်္ဂလာဆောင်မုန့်ဟင်းခါး
ညောင်ဦး လမ်းမတော်အတိုင်း E Bike စီးတဲ့အခါ “ မင်္ဂလာဆောင် မုန့်ဟင်းခါး ရသည်” လို့ ရေး ထားတဲ့ ဆိုင်းဘုတ်တစ်ခုတွေ့တယ်။ မင်္ဂလာဆောင်အတွက် အော်ဒါလက်ခံတယ် လို့ထင်တယ်။ မဟုတ်ဘူး။ ပုဂံ၊ ညောင်ဦးဒေသ မင်္ဂလာဆောင်တွေမှာ ကျွေးတဲ့ မုန့်ဟင်းခါးကို ပြောတာ၊ ရန်ကုန် မုန့်ဟင်းခါးနဲ့ ဟင်းချက်ပုံမတူဘူးလို့ပြောတယ်။
ညောင်ဦးမှာက မင်္ဂလာဆောင်မုန့်ဟင်းခါးကို မွန်းလွဲပိုင်းကျမှရောင်းတာများတယ်။ မနက် ပိုင်း ရောင်းတာကို ရှားရှားပါးပါး သံတဲဟိုတယ်လမ်းဆုံ နားမှာ ရှာတွေ့တယ်။
မင်္ဂလာဆောင်မုန့်ဟင်းခါးဆိုတာက ကုလားပဲနဲ့ ကြက်သားနဲ့ချက်တာ။ မင်္ဂလာ ဆောင်အတွက်ချက်တဲ့အခါ ဒယ်ကြီး တစ်ဒယ် ဆိုရင် ကုလားပဲလေးပြည်၊ ကြက်သားနှစ်ပိဿာ ( ငွေတတ်နိုင်ရင် သုံးပိဿာအထိထည့်တယ်)၊ မုန့် ဖတ် အချိန်အစိတ်။ ဒါဟာ လူတစ်ရာစာအတွက် စံသတ်မှတ်ချက်ပဲ။
ဟင်းရည်ချက်တော့ ကုလားပဲလေးပြည်ထဲက တစ်ပြည်ကို အမှုန့်ကြိတ်တယ်။ သုံးပြည်ကို ပြုတ်ပြီးတော့ ချေတယ်။ ပဲမှုန့်ကို အဆာပလာတွေနဲ့ ဆီသတ်၊ ပြီးရင် ပြုတ်ပြီး ချေထားတဲ့ ကုလားပဲကို ထည့်မွှေ၊ မွှေးလာရင် ကြက်သားချက်ထား တာကို ထည့်၊ လိုတဲ့အနေအထားရပြီဆိုတော့မှ ဒယ်အိုးနှုတ်ခမ်းအထိ ရေထည့်ပြီးမွှေ၊ လက်လေး လုံးလောက်ရေကျသွားရင် ဟင်းရည်ရပြီ။
ညောင်ဦး မင်္ဂလာဆောင်မုန့်ဟင်းခါးက မုန့်ဖတ်အမ ျှင်ကြီးတယ်။ ပြီးတော့ ပျစ်ပျစ်စားတာ။ ကျွန်တော်တို့အတွက်တော့ ဟင်းရည်ထပ်တောင်းဖို့လိုမယ်။ ရန်ကုန်မုန့်ဟင်းခါးနဲ့ ကွာတာ ကတော့ ဟင်းရည်အရသာပဲ။ ပျစ်ပျစ်နှစ်နှစ်ရှိတယ်။ လေးလေးပင်ပင်နဲ့ ဆိမ့်တယ်။ ဟင်းရည် လိုက်ပွဲတောင်းရင်လည်း ရန်ကုန်ဆိုင်တွေလို နည်းနည်းလေးထည့်ပေးတာမဟုတ်ဘူး။ အားပါး တရထည့်ပေးတယ်။ အကြော်ကတော့ ကျွန်တော်တို့အခေါ် မန္တလေးပဲကြော်နဲ့တွဲစားတယ်။ တစ်ပွဲမှ ငါးရာ ၊ တန်ချက်ကတော့ ပြောမနေနဲ့။
တောင်ဘီ ငချိတ်ပေါင်း
ညောင်ဦး လမ်းမတော်အတိုင်း စည်ပင်သာယာ ပန်းခြံ ကျော်ပြီးနည်းနည်းလေးသွားလိုက်ရင် လမ်းညာဘက် အခြမ်း မှာ တောင်းလေးနဲ့ချရောင်းတာ။ မနက်စောစော ထွက်တယ်။ တောင်ဘီရွာက လာရောင်းတာ။ ဒီလမ်းဘေးနေရာလေးမှာ အဖွားလက်ထက်ထဲက ရောင်းလာတာ အခုမြေးလက်ထက် အထိပဲ။ ငချိတ်ပေါင်းကောင်းတယ်။ ကျွန်တော်ကတော့ ငချိတ်ပေါင်းကို မနှင်းဆိုင်ကို ယူသွား၊ အဲဒီဆိုင် မှာ ဆီလေးနဲ့နယ်ပြီး မုန့်ဟင်းခါး သုပ်၊ ကောက်ညှင်းပေါင်း ၊ ကြက်အူချောင်းကြော် ပေါင်းစားလိုက် တဲ့ အခါ ဘာပြောကောင်းမလဲ။
ရွှေစည်းခုံ အကြော်ဆိုင်
ရွှေစည်းခုံတောင်ဘက်စောင်းတန်းကွင်းပြင်ထဲမှာရောင်းတယ်။ ဒီဆိုင်က ပခုက္ကူဘက်က ဆိုင်၊ အရင်က ဘုရားပွဲတွေလှည့်ရောင်းတာ၊ အခု ကိုဗစ်ကြောင့် ဘုရားပွဲတွေမရှိလို့ ရွှေစည်းခုံမှာ ဆိုင် ဖွင့်ထားတာ။ ဘူးသီးကြော်ကောင်းတယ်။ ဘယာကြော်ကောင်းတယ်။ မုန့်ပျားသလက် လည်း ရတယ်။ ညောင်ဦးက မုန့်ပျားသလက်က ပဲစေ့တွေဘာတွေမထည့်ဘူး။ ဆန်မှုန့်သက်သက် ပလိန်း။ မုန့်ပျားသလက်ကို မန်းကျည်းအချဉ်ရေနဲ့တို့စားတာ ပထမဆုံးအကြိမ်စားဖူးတာပဲ။ မစားဖူးသေးရင် စမ်းစားကြည့်ပါ။ ကျွန်တော်ကတော့ အကြော်စားတဲ့ အပြင် ညစာ အတွက် မန်းကျည်းအနှစ်ရေနဲ့ စပ်စပ်လေးသုပ်ထားတဲ့ ဘူသီးကြော်သုပ် တစ်ပွဲ ပါဆယ်ဆွဲပြီး ထမင်းနဲ့စားခဲ့သေးတယ်။
အကြော်တစ်ပွဲ ငါးရာ၊ မုန့်ပျားသလက်တစ်ခု ငါးဆယ်။ ဆိုင်က မွန်းလွဲပိုင်းမှ ဖွင့်တယ်။ ခြောက် နာရီလောက်ဆိုရင်ကုန်ပြီ။
လက်ဖက်ရည်
ရန်ကုန်ကို လွမ်းမိတာတော့ လက်ဖက်ရည်ပဲ။ ပုဂံ၊ ညောင်ဦးမှာ ကျွန်တော်ကြိုက်တဲ့ လက်ဖက် ရည် သန့်သန့်လေးရောင်းတဲ့ဆိုင်ရှာမတွေ့ခဲ့ဘူး။