ပုဂံ အလှ နဲ့ ဘ၀ (၇)

ဝေဒနာမြင်းလှည်း

“မြင်းလှည်းတွေကတော့ လုပ်ငန်းတစ်ခုပေါ်လာလိုက် “အ” သွားလိုက်ပါပဲ။ အရင်က လူ လည်း ပို့၊ ညောင်ဦးဘက်ကို ကုန်လေးဘာလေးလည်းပို့ပေါ့။ ထွေလာဂျီတွေပေါ်လာတော့ ကုန်မပို့ရ တော့ ဘူး။ ဧည့်သည်တွေများလာလို့မောင်းကောင်းတုန်း အီးဘိုက်ပေါ်လာတော့ “အ”သွားပြန် ရော၊ အခု တုတ်တုတ်တွေပေါ်လာတော့ ငုတ်တုတ်မေ့တော့တာပဲ”

မြင်းလှည်းဆရာလေးက လေသံပျော့ပျော့လေးနဲ့ ရှင်းပြနေတယ်။ မြင်းလှည်းမောင်းတာ ခြောက် နှစ်ရှိပြီ၊ ဆယ်တန်းစာမေးပွဲကျတော့ စားသောက်ဆိုင်မှာ ခဏဝင်လုပ်တယ်။ နောက်တော့ အဘက အသက်ကြီး ၊မျက်စိလည်းမှုန်လာတော့ မြင်းလှည်းမောင်းလို့ မကိုက်တော့ဘူး၊ ဧည့် သည်တွေ ဘာတွေ စပ်တာလည်း အဆင်မပြေတော့ဘူး။ ဒါ့ကြောင့် မြင်းလှည်းပေါ်တက်လိုက် တာ လို့ ပြောပြတယ်။

အရင်ကတော့ ပုဂံရောက်ဧည့်သည်တွေဟာ စက်ဘီးငှားစီးရင်စီး၊မစီးရင် မြင်းလှည်းစီးပေါ့။ အခု တော့ အီးဘိုက် တစ်စီး တစ်နေ့ခြောက်ထောင်၊ ဒါမှမဟုတ် တုတ်တုတ် တစ်စီး တစ်နေ့ နှစ်သောင်းနဲ့ ဘုရားစုံလှည့်ဖူးနေကြတော့ မြင်းလှည်းတွေက ဂိတ်မှာ ငုတ်တုတ်မေ့နေတော့ တာပဲ။ မြင်းလှည်းက တစ်နာရီ ဆိုရင် တစ်သောင်းသုံးထောင်၊ တစ်နေကုန်ဆိုရင် သုံးသောင်း ခွဲ လောက်မှာ လိုက်နိုင်တယ်။ လူစာ၊ မြင်းစာ တွက်ရသေးတာကိုး။ နောက်ပြီး မြင်းက နေပူ တဲ့ အချိန်ဆိုရင် အနားပေးရတာရှိသေးတယ်။ ဒီတော့ တုတ်တုတ် နဲ့ အီးဘိုက်ကို ဘယ်လိုမှ မပြိုင် နိုင်ဘူး။

သဗ္ဗညု ဘုရား နားက ဂိတ်မှာ မြင်းလှည်း အစီးခြောက်ဆယ်နီးပါးလောက်ရှိတယ်။ ဒီလှည်းတွေက သဗ္ဗညုဘုရားနဲ့ ရွှေဂူကြီးဘုရား ( နန်းဦး ဘုရား ) အသွားအပြန်ကို ငါးထောင်နဲ့စီးမယ့် ခရီးသည် တွေကို လည်ပင်းညောင်ရေအိုးဖြစ်တဲ့အထိ စောင့်နေရတယ်။ မြင်းလှည်းတွေက မနက်ခြောက် နာရီ မထိုးခင် ဂိတ်ကို အရောက်လာရတယ်။ ခြောက်နာရီထိုးရင် စီနီယာမဲနှိုက်တယ်။ နံပါတ် နှစ် ဆယ်နောက်ပိုင်းဆိုရင်တော့ အခုလို ဧည့်သည်ပါးတဲ့ရာသီမှာ ခရီးသည်ရဖို့မသေချာတော့ဘူး။ အဲဒါဆိုရင်တော့ စီနီယာဖြုတ်ပြီး ပတ်မောင်းရင်း ဧည့်သည်ရှာရတယ်။ ဒါကလည်းကံကောင်းလွန်း မှ ဧည့်သည်ရတာပါ။

မြင်းစာဖိုးက တစ်နေ့ ငါးထောင်ကျော်လောက်ကုန်တယ်။ ပြောင်းရိုးက လေးထောင့်ပုံးတစ်ပုံး ကို ခုနှစ်ရာ၊ သုံးပုံးကျွေးရတယ်။ မြင်းက အစာအစို မပါရင် မစားတော့ မြက်ဝယ်ရတယ်။ မြက်က လည်း လက်တစ်ဆုပ်စာလောက်တစ်ထုံးကို တစ်ရာ၊ အဲဒါက တစ်ထောင့်ငါးရာဖိုးလောက်ကျွေး မှ။ ကုလားပဲဆံကတော့ မကျွေးနိုင်တာကြာပြီ။ ကုလားပဲမှုန့်ကျွေးရတယ်။တစ်ထုတ် တစ်ထောင် နဲ့ နှစ်ထောင်ဖိုးတော့ ကျွေးရတာပဲ။ အခုတော့ ချွေတာတဲ့သဘောနဲ့ မနက်လေးနာရီ လောက်ထ ပခုက္ကူဘက်သွားပြီး မြက်ရိတ်ကျွေးနေကြတယ်။ မြက်များများကျွေးနိုင်ရင်တော့ ကုလားပဲမှုန့် လေ ျှာ့ လို့ ရတာပေါ့။ မြင်းလှည်းဆရာတွေက မြင်းကို ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဘက် သဘောထား တာ ဆိုတော့ ကိုယ်သာ ဗိုက်မှောက်နေရင် နေမယ်၊ မြင်းကိုတော့ အဝကျွေးနိုင်အောင် ကြိုးစားရ တာပဲ။

ကိုဗစ်ကြောင့် ဧည့်သည်တွေလုံးဝမ၀င်တဲ့အချိန်တုန်းကတော့ ရှိတာလေး ထုခွဲစား၊အကြွေး ယူ စားပေါ့။ တစ်ချို့လည်း မြင်းနဲ့လှည်းရောင်းပြီး လမ်းဘေးထမင်းဆိုင်၊ အသုပ်ဆိုင်၊ အကြော်ဆိုင် ထွက်တဲ့ဘဝရောက်သွားတယ်။ ကျန်တဲ့ မြင်းလှည်းသမားတွေက အခုမှ ဧည့်သည်နည်းနည်း ဝင်လာလို့ အသက်ရှုချောင်လာတာ။

မနှစ်ကတော့ နိုင်ငံခြားသား နည်းတယ်တယ်၊ တရုတ် ဧည့်သည်တော့ များ တယ်၊ မြင်းလှည်းဆရာက အနောက်နိုင်ငံသားတွေ၊ ဂျပန်၊ကိုရီးယားတွေကို နိုင်ငံခြား သား လို့ သုံးတယ်။ ဇီးရိုး ဘတ်ဂျက် တရုတ်တွေကိုတော့ တရုတ်လို့သီးခြားခေါ်တယ်။

တရုတ်တွေက ကျန်တဲ့ဆိုင်တွေမှာသာ ပိုက်ဆံမသုံးတာ မြင်းလှည်းတော့ စီးတယ်။ ဒါ့ကြောင့် မနှစ်ခရီးသွားရာသီမှာ မြင်းလှည်းတွေ နည်းနည်းအဆင်ပြေတယ်။ ဒါပေမယ့် တရုတ်တွေကို လိုက်ပို့ရတာလည်းမလွယ်ဘူး။ နိုင်ငံခြားသားဧည့်သည်တွေက မြင်းကို ညှာတယ်။ တစ်ခါ တစ်လေ မြင်းစာဖိုးဆိုပြီး သီးခြားပေးခဲ့တာတောင် ရှိတယ်။ အထူးသဖြင့် ဂျပန်ခရီးသွားတွေ က အဲဒီလိုပေးလေ့ရှိတယ်။ တရုတ်တွေကတော့ အမိုးဖွင့်စီးတယ်။ လမ်းကြမ်းကြမ်းမှာ မြင်းလှည်း ဒုံးဒိုင်းနဲ့ မောင်းမှ ဝေးဝေးဝါးဝါးအော်ပြီး သဘောကျသတဲ့။ အဲ တစ်ပ်မန်းနီးကတော့ ဘယ်တော့ မှမပေးဘူးဆိုပဲ။

ပြည်တွင်းခရီးသွားတွေလည်း ပုဂံရောက်ရင်တော့ မြင်းလှည်းစီးဖြစ်အောင်စီးဖို့ တိုက်တွန်း ချင်တယ်။ ရှေးခေတ်ထဲက ပုဂံ လမ်း တွေပေါ်မှာ သွားလာခဲ့တဲ့ယာဉ်ဆိုလို့ မြင်းလှည်းပဲ ကျန်တော့တာမဟုတ်လား။ မြင်းလှည်းလေးတွေ ပုဂံလမ်းပေါ်က ပျောက်ကွယ်မသွား ဖို့ ကျွန်တော်တို့မှာလည်း တာဝန်ရှိတာပေါ့။ နာရီနဲ့မငှားနိုင်ရင်တောင် သဗ္ဗညု နဲ့ ရွှေဂူကြီး ဘုရား တစ်ခေါက်လောက်တော့ စီးပြီးအားပေးသင့်တယ်။

မြင်းလှည်းစီးရတာ တုတ်တုတ်ထက်အရသာပိုရှိပါတယ်။ မြင်း လှည်း စီးရင်း ယာခင်း တွေကြားထဲက လမ်းလေးတွေကို ဖြတ်သွားလို့ရတယ်။ လူအသွားအလာ နည်းပြီး ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ဘုရားတွေကို ရောက်မယ်။ မနက်စောစော ဒါမှမဟုတ် ညနေစောင်း ယာခင်းတွေ၊ ဘုရားပျက်တွေကြားထဲမှာ ခြူသံ၊မြင်းခွာသံလေးတွေနားထောင်ရင်း မြင်းလှည်း စီး၊ဝါသနာပါရင် ဗညားဟန် နဲ့ စိုးစန္ဒာထွန်းလို “ ခင် မြင်းလှည်းလေးနဲ့ တူပျော်ပျော် ၊ ဘုရားပွဲတော်သွားစို့နော် ၊ အို မြင်းလှည်းလေးနဲ့ မောင် လာခေါ်” စုံတွဲတေးသွားလည်းဆို လို့ ရပါတယ်။

ပုဂံဒေသက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတာဝန်ရှိသူတွေလည်း မြင်းလှည်းတွေရဲ့ အနာဂတ် ကို စဉ်းစားပေးစေချင်တယ်။ ပုဂံမြို့ဟောင်း ဘုရားတွေကြားမှာ မြင်းလှည်းပဲသွားလို့ရတဲ့ လမ်း ကြောင်းလေးတွေသတ်မှတ်ပေးတာမျိုးလုပ်ပေးနိုင်ရင် အဆင်ပြေနိုင်မယ်ထင်ပါတယ်။ ပုဂံ ဘုရားတွေကြားမှာ မြင်းလှည်းလေးတွေသွားနေတဲ့ မြင်ကွင်းအမြဲရှိနေစေချင်တယ်။ ရိုးရာ အစဉ် အလာနဲ့ ဆိုင်တဲ့ကိစ္စတစ်ချို့မှာ ဈေးကွက်သဘောတရားပဲဆိုပြီး ပစ်ထားဖို့ မသင့်ဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: