ဘာ့ကြောင့်ရေးရလဲ
“မဲမပေးခင် စဉ်းစားဖို့” ဆိုတဲ့ခေါင်းစဉ် နဲ့ ဆောင်းပါးတွေ ဘာ့ကြောင့် ရေး တာလဲ လို့ မီဒီယာတစ်ခုကမေးလို့ ဖြေခဲ့တယ်။ ဒါပေမယ့် အချိန်ကန့်သတ်ချက်ကြောင့် အများကြီး ရှင်းမပြနိုင်ခဲ့ဘူး။ ဒီဆောင်းပါးကတော့ မီဒီယာကို ဖြေခဲ့တဲ့အချက်တွေကို ထပ်ရှင်း ပြတဲ့ သဘောဖြစ်ပါတယ်။
မဲမပေးခင် စဉ်းစားဖို့ ဆောင်းပါးတွေကို ရည်ရွယ်ချက်သုံးခုနဲ့ ရေးပါတယ်။
ပုဂ္ဂိုလ်အခြေပြုနိုင်ငံရေး မှ မူဝါဒ အခြေပြုနိုင်ငံရေးသို့
ကျွန်တော်တို့နိုင်ငံက လွတ်လပ်ရေးကြိုးပမ်းမှုကာလထဲက ပုဂ္ဂိုလ်အခြေပြုနိုင်ငံရေး နဲ့စခဲ့တာ အခုထိပဲ။ မဲပေးမယ်ဆိုရင် ပါတီမူဝါဒထက် သူ့ကို ချစ်လို့ ၊ သူ့ကိုကြိုက်လို့ ၊ သူ့ကို မုန်းလို့ ဆိုတဲ့အကြောင်းတရားကို အခြေခံတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် ဆိုပေမယ့် ပုဂ္ဂိုလ်ကို သာ ထောက်ခံနေတာ အဲဒီပုဂ္ဂိုလ်ခေါင်းဆောင်တဲ့ပါတီရဲ့ မူဝါဒ ၊ လုပ်ဆောင်ချက် အမှား အမှန် ကို သိလည်းမသိဘူး။ လေ့လာမှုလည်း မလုပ်ဘူး။
အဲဒီပုဂ္ဂိုလ်ရဲ့ တပည့်တွေဆိုရင် ခြောက်ပြစ်ကင်း သဲလဲစင်ပဲလို့ ယုံကြည်တယ်။ ခေါင်းဆောင်ဘာဖြစ်နေနေ မဝေဖန်ရဘူးလို့ ထင်တယ်။ တကယ်တော့ ဒါဟာ ဘိုးတော် ကိုးကွယ်သလို ကိုးကွယ်တဲ့ အဆင့် ၊ နတ်မကြိုက်တာ မပြောနဲ့ဆိုတဲ့ အဆင့်ပဲရှိတယ်။ နိုင်ငံ ရေးမဟုတ်ဘူး။
အဲဒီအခြေအနေကနေ မူဝါဒအခြေပြုနိုင်ငံရေးကို ပြောင်းနိုင်မှ ဒီမိုကရေစီ အခြေခိုင်မယ်၊ နိုင်ငံ အတွက် အကျိုးရှိမယ်လို့ ယုံကြည်တယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့မဲပေးနေရင် ဟစ်တလာ လို ၊ မူဂါဘီလို ရွေးကောက်ပွဲအာဏာရှင်စနစ်ဖြစ်လာမှာကို စိုးရိမ်တယ်။ ဒါ့ကြောင့် တံဆိပ်မကြည့်နဲ့ လူကြည့်ရွေးဖို့ဆိုတဲ့ ရှုထောင့်ကနေ ရေး ပါတယ်။
အကြောက်တရားနဲ့ မဲဆွယ်ခြင်း
ငယ်ငယ်တုန်းက ပြည်ထောင်စုကြီးပြိုကွဲလိမ့်မယ် ဆိုတာနဲ့ ဖက်ဒရယ်ဆိုတဲ့ စကား မပြောရဲ အောင်၊ မကြားချင်အောင် သင်ကြားခံခဲ့ရဖူးတယ်။ အခုမဲပေးတဲ့ခေတ်ရောက်လာတော့ ငါတို့ကို မဲ မပေးရင် စစ် အာဏာရှင် စနစ် အောက်ပြန်ရောက်မယ်၊ အမျိုးဘာသာ သာသနာ ထိခိုက် မယ် ဆိုပြီး အကြောက်တရားပြ မဲတောင်းတာ ကြုံရတယ်။ တကယ်တော့ အဲဒါဟာ ရိုးရာမတင် ရင် ခိုက်မယ် ဆိုတဲ့ အယူအဆမျိုးထက်မပိုဘူး။
အဲဒီလို အကြောက်တရားနဲ့မဲတောင်းတဲ့စနစ်အစား မိမိစွမ်းဆောင်နိုင်မှု နဲ့ မိမိ မူဝါဒကို နားလည် အောင်ရှင်းပြပြီး မဲဆွယ်တဲ့ ခေတ်ကို ရောက်ချင်တယ်။ ဒါ့ကြောင့် မူဝါဒ နဲ့ စွမ်းဆောင်နိုင်မှုကို ဆန်းစစ်ပြီးမှ မဲပေးဖို့ ဆိုတဲ့ ရှုထောင့်ကနေ ရေးပါတယ်။
( လူနည်းစု) တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့
ငယ်ငယ်က ပါတီစုံစနစ်က ပါတီတွေများ၊ စကားများ၊ စည်းလုံးမှုပျက်ပြားတယ်၊ နိုင်ငံအတွက် အကျိုးမရှိဘူး၊ ဆိုရှယ်လစ်ပန်းတိုင်ကိုရောက်ဖို့ တစ်ပါတီတည်းအောက်မှာ စိတ်တူ ကိုယ်တူ ပေါင်းလုပ်ရမယ်လို့သင်ကြားခံခဲ့ရတယ်။ ပါတီစုံခေတ်ရောက်တော့လည်း ပါတီကြီးတွေက ငါ တို့ ပါတီမှာလည်း တိုင်းရင်းသားတွေပါတာပဲ။ တိုင်းရင်းသားပါတီငယ်တွေက အစိုးရဖွဲ့နိုင်တာမဟုတ် ဘူး၊နိုင်ငံရေးအတွေ့အကြုံမရှိဘူး။ ငါတို့ပဲ ဦးဆောင်ရမှာ ဆိုတဲ့ စကားတွေကြားရပြန်တယ်။
၂၀၁၁ နောက်ပိုင်း တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံလာရတော့ ( လူများစု ဗမာတိုင်းရင်းသား) ပါတီကြီးတွေကပဲ တိုင်းရင်းသား တွေ အတွက်လုပ်ပေးနိုင်မယ်ဆိုတဲ့ အယူအဆဟာ “ ဗမာ ဆရာကြီးဝါဒ” သက်သက်ပဲ လို့ နားလည် လာတယ်။
တိုင်းရင်းသားပါတီတွေမှာ အားနည်းချက်တွေ၊ အစွန်းရောက်နေတဲ့ ခံစားချက်တွေ ရှိတာ အမှန်ပဲ။ ဒါပေမယ့် အဲဒီအချက်အများစုက နိုင်ငံရေးအရ နေရာမရတဲ့အခြေအနေပေါ်မှာ အခြေခံပြီးဖြစ် လာ တယ်ဆိုတာ ငြင်းလို့မရဘူး။
ဒီတော့ ဖက်ဒရယ်ပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် တိုင်းရင်းသားပါတီတွေ ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ချဲ့ထွင်ပေးရမယ်လို့ မြင်လာခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကလည်း အစိုးရ အဖွဲ့အတွင်းမှာ ပြောခွင့်ရတဲ့အခါ ဒီအယူဆကို ပြောခဲ့ဖူးတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့ဝင်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့အတွင်းဆွေးနွေးတာကို အပြင်မှာ ထုတ်ပြောလို့မရဘူး။ မပြောနိုင်ခဲ့ဘူး။
အခုတော့ ကျွန်တော်က လွတ်လပ်သူ၊ ယုံကြည်ရာကို ပြောခွင့်ရှိသူဖြစ်ပြီ။ ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ မှာ တိုင်းရင်းသားပါတီ တွေ နေရာအများကြီးနိုင်ရမယ်၊ တိုင်းရင်းသားပါတီတွေ ထောက်ခံမှုမပါရင် သမ္မတရွေးလို့ မရ တဲ့၊ ဥပဒေပြုလို့မရတဲ့ အခြေအနေရောက်ရမယ် ဆိုတဲ့ ရှုထောင့် နဲ့ ရေးပါတယ်။
ဒါဟာ ပြည်သူတွေကို မဲမပေးခင် စဉ်းစားနိုင်ဖို့ တိုက်တွန်းရတဲ့ အကြောင်းအရင်းသုံးခုပါပဲ။ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။ ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မိမိအယူအဆကို ပြောင်းလဲမှာမဟုတ်ဘူး။
“ မူရော၊လူပါ သုံးသပ်ပြီးမဲပေးနိုင်ကြပါစေ”