ကျောက်တန်းမြို့နယ်ထဲက ဇွဲဘာကမ်းခြေ၊ သံတဲ ကမ်းခြေ တွေ အကြောင်း ဖေ့စ်ဘွတ်စာမျက် နှာတွေမှာတွေ့နေတာကြာပြီ။ ဒါ့ကြောင့် ဇွဲဘာကမ်းခြေဘက်ကို သွားဖို့အတွက် သတင်း စုံစမ်းကြည့်တယ်။ ကမ်းခြေတွေပိတ်ထားလို့ စားသောက်ဆိုင်တွေမရှိဘူး၊ လမ်းဝဲယာ ကျေးရွာ တစ်ချို့ကလည်း Stay Home အစီအစဉ် ကြောင့် ဧည့်သည်တွေ ရွာတွင်း ဝင်ထွက်တာကို ကန့်သတ်ထားတယ်လို့ ဆိုတယ်။
ဒါပေမယ့် မြို့ထဲမှာ ပိတ်လှောင်နေရာကနေ လွတ်မြောက်ဖို့အတွက် သွားမယ်။ ဝင်လို့ ရတဲ့နေရာဝင်ကြည့်မယ်။ မရရင်လည်း ကျေးလက်ရှုခင်းတွေကြည့်ရတာအမြတ်ဆိုပြီး ခရီးထွက်ဖို့ ပြင်တယ်။ ကိုယ်တိုင်မောင်းသွားမယ့်အစား ဒေသခံကားကို ငှားသွားဖို့ စီစဉ်တော့ သံလျင် မြို့ခံ ကားဆရာတစ်ယောက်နဲ့ ဆက်မိတယ်။
ရန်ကုန်ကိုလာကြိုမယ်။ ကျောက်တန်း၊ ဇွဲဘာကမ်းခြေ၊ သံတဲကမ်းခြေ နဲ့မီးပြရွာတွေကို ပို့မယ်။ လမ်းမှာ ကျွန်တော်ဝင်ကြည့်ချင်တဲ့နေရာ ဝင်ကြည့်၊ အပြန်မှာ သံလျင်တံတားအမှတ် ၂ ဘက်က ပြန်မယ်။ စားဖို့ သောက်ဖို့ ကားသမားက စီစဉ် လာ၊ စားတာကတော့ အဆင်ပြေတဲ့နေရာမှာ ကားထိုးပြီး စားမယ်လို့ ညှိလိုက်တယ်။
နိုဝင်ဘာ ၁၃ ရက်နေ့မနက် ကားဆရာလာကြိုတယ်။ အတော်စနစ်ကျတဲ့ ကားဆရာပဲ။ ကားထဲမှာ Mask မတပ်မနေရ၊ ကားထဲမှာ Mask အပို၊ လက်သန့်ဆေးရည်တွေပါတဲ့ အပြင် Oximeter တောင်ပါလိုက်သေးတယ်။ စားစရာက ဝက်နံရိုးကြော်၊ ငါးကလေးကြော်၊ ဝက်သား သုံးထပ်သားကို သရက်သီးနဲ့ချက်ထားတာတစ်ခွက်၊ ကြက်သားဟင်းတစ်ခွက်၊ ငါးပိရည်၊ တို့စရာ။ သောက်စရာက ဘီယာ၊ ကိုကာကိုလာ၊ ရေသန့်။ ကြိုက်ပြီလေ။ အစီအစဉ် ကတော့ ကားမထွက်ခင် တစ်ခွက်တစ်ဖလားတောင် ဆွဲရမယ့်ပုံပဲ။
သံလျင်မြို့ကို မရောက်တာ ငါးနှစ်ကျော်ပြီ။ ဂျပန်အကူအညီနဲ့ ပြုပြင်ထားတဲ့မြို့တွင်းလမ်းတွေ ရန်ကုန်ထက်တောင် ကောင်းတယ်လို့ ပြောနိုင်တယ်။ ဒါ့အပြင် မြို့တွင်းလမ်းဝဲယာသန့်ရှင်းရေး က လည်း အသိအမှတ်ပြုလောက်အောင်ကို ကောင်းပါတယ်။
ကျောက်တန်းရောက်တော့ ပါဒကြီးဘုရားကို ဝင်ဖူးတယ်။ ဘုရားပိတ်ထားလို့ သံတံခါး အပြင်က ပဲဖူးခဲ့တယ်။ ဘုရားဝင်းထဲက ဇရပ်လေးတွေမြင်တော့ ရွှေတိဂုံ အောက်ပစ္စယံက ဇရပ်လေးတွေ အကြောင်း စာရေးခဲ့တာ သတိရတယ်။
သံလျင် ၊ ကျောက်တန်းလမ်းတစ်လေ ျှာက်မှာတော့ ရွေးကောက်ပွဲနိုင် အင်န်အယ်လ်ဒီပါတီ အောင်ပွဲခံထားတဲ့အလံတွေ၊ အမှတ်အသားတွေ ရှိနေဆဲပဲ။ အောင်ပွဲခံတယ်ဆိုတာ အနိုင်ရ သူရဲ့ အခွင့်အရေး၊ ဘယ်လိုပုံစံနဲ့ အောင်ပွဲခံမလဲဆိုတာ အနိုင်ရသူရဲ့ စိတ်ထားပေါ့။ ဒီလိုပဲ အရှုံးကနေ ပြန်ထပြီး အောင်ပွဲရအောင်ကြိုစားနိုင်တာကလည်း ရှုံးနိမ့်သူရဲ့ မှတ် ကျောက်ပဲလေ။
ဒုတိယကမ္ဘာစစ် ပစိဖိတ်စစ်မျက်နှာမှာ ဂျပန်တပ်မတော်ကို အနိုင်ယူခဲ့တဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး မက်အာသာကတော့ သူ့သား အတွက် ဘုရားသခင်ထံမှာ ဆုတောင်းတဲ့အခါ
“ အရှုံးကနေ အားမာန်ဖြင့် ပြန်လည်ထူမတ်နိုင်တဲ့သား၊ အောင်မြင်မှုကို ရိုးသား နှိမ့်ချစွာခံယူ နိုင်သော သား ဖြစ်အောင် စောင့်ရှောက်တော်မူပါ” ဟုရေးခဲ့ဖူးတယ်။
ကျွန်တော့်ကို ဦးရဲထွဋ် မှန်းသိသွားတဲ့ ကားဆရာက ရွေးကောက်ပွဲအကြောင်း မနားတမ်းပြော တယ်။ သူက အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းတွေကို မဲထည့်ခဲ့တယ်။ တံဆိပ်ကြည့်ထည့် တာမဟုတ်ဘူး၊အဲဒီလူတွေအကြောင်း သူကောင်းကောင်းသိတယ်တဲ့။ ပြည်ခိုင်ဖြိုး ကို ဘာ့ကြောင့် မထည့်တာလဲမေးတော့ သံလျင်မှာ ရာထူးကြီးသူတွေ မြေကွက်တွေ လက်သင့်သလို ခွဲေ၀ တဲ့ အကြောင်း၊ မယက ဥက္ကဋ္ဌတွေအကြောင်း၊ နိုင်ငံရေးမှုနဲ့ တစ်ခါထောင်ကျဖူးတာနဲ့ နောင် ဘာဖြစ် ဖြစ် လာခေါ်စစ်တဲ့ထောက်လှမ်းရေးတွေအကြောင်းပြောပြတယ်။
အဲဒါတွေက သမ္မတ ဦးသိန်းစိန်လက်ထက်မှာဖြစ်ခဲ့တာမဟုတ်ဘူးလေ လို့ ထောက်ပြတော့ အတူတူပဲလေ။ အဲဒါလည်း ပြည်ခိုင်ဖြိုးတွေပဲလို့ ဆိုတယ်။ ပုံရိပ် ပြောင်းရမယ်လို့ ကျွန်တော် ပြောတဲ့အခါတိုင်း လက်မခံတဲ့မိတ်ဆွေတစ်ချို့ ကားဆရာ စကားကို ကြားစေချင်တယ်။
ကျောက်တန်းကနေ ဇွဲဘာကမ်းခြေအထိ ကားလမ်းက ပီလခတ်၊ ပန်းချောင်း၊ ရွာသစ်ကြီး၊ ဝဲကြီး၊ စင်မကော်၊ ခနောင်မြကိုင်း၊ မင်္ဂလွန်း၊ ဇွဲကနာ၊ ကမာကလုတ်၊ ကွနှီး၊ ဇွဲဘာ ကုန်းတန်းရွာတွေ ကို ဖြတ်သွားရတယ်။ ဇွဲဘာကမ်းခြေက ဇွဲဘာကုန်းတန်းရွာ ကမ်းခြေပါပဲ။ ဒါပေမယ့် ဇွဲဘာ ကမ်းခြေ ဆိုတဲ့ အမည်က ပိုလှလို့ ဇွဲဘာကမ်းခြေလို့ခေါ်ပုံရတယ်။
ကျောက်တန်း- ဇွဲဘာကုန်းတန်း ကားလမ်းက ကွန်ကရစ်လမ်း ၊ လမ်းကျဉ်းတယ်။ ကားနှစ်စီးတွေ့ရင် သတိထားမောင်းရတယ်။ တစ်ချို့နေရာတွေမှာ မူလ ကွန်ကရစ် လမ်းပျက်နေလို့ ပြန်ပြင်နေတယ်။ မင်္ဂလွန်းနဲ့ ဇွဲကနာကြား ကိုက်တစ်ထောင် လောက်ကတော့ လမ်းတော်တော်ဆိုးတယ်။ ဒီဒေသမှာ ရွာချင်းဆက်လမ်းတွေ နဲ့ ရွာတွင်းလမ်းတွေ ကလည်း ကွန်ကရစ် လမ်းတွေ။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ လူထုဗဟိုပြုစီမံကိန်းအရ လုပ်ထားတာတွေလို့ပြောတယ်။
ခနောင် မြကိုင်းကနေ ဇွဲဘာကုန်းတန်းကြား ရွာတွေက ရှေးဟောင်းစေတီတွေ၊ လယ်ကွင်းတွေ၊ ကြာကန်တွေနဲ့၊လှည့်လေ့လာဖို့ ကောင်းတဲ့နေရာတွေပဲ။ စီးပွားရေးလည်းကောင်းတဲ့ပုံပေါ် တယ်။ ဒါပေမယ့် ကိုဗစ် ကာလဖြစ် တဲ့အတွက် ရွာတွေဝင်မကြည့်နိုင်ခဲ့ဘူး။
ဇွဲဘာကုန်းတန်းရွာထဲဝင်တော့ ဘက်ဘက်မှာ ဇွဲဘာကမ်းခြေသို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ် ရှိတယ်။ ရွာတွင်းကွန်ကရစ်လမ်း ကွေ့ကွေ့ကောက်ကောက်လေးအတိုင်းဝင်သွားတဲ့ အခါ ဇွဲဘာ ကမ်းခြေကိုရောက်တယ်။
ဇွဲဘာကမ်းခြေက တစ်မိုင်ကျော်ကျော်လောက် ရှည်မယ်ထင်တယ်။ ကမ်းခြေအစပ်မှာ တံငါတဲစုလေးရှိတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ၊ လှမ်းထားတဲ့ အဝတ်တွေ ကြားက ခြေတံရှည်၊ ယိုင်နဲ့နဲ့ တဲအိမ်လေးတွေ။ ကမ်းခြေဘယ်ဘက်အခြမ်းမှာ ရွှေလရောင်ငါးရောင်းဝယ်ရေးဆိုတဲ့ သွပ်မိုးအဆောက်အဦလေး ရှိ တယ်။ အဲဒီအဆောက်အဦအလွန်မှာ မြက်ခင်းစိမ်းစိမ်း နဲ့သစ်တောအုပ်လေးရှိတယ်။ လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်ကဆို နေပြောက်မထိုးဘူးလို့ပြောတယ်။ အခုတော့ သစ်ပင်ကြီးတွေရှိတော့ ရှိတယ်။ ခပ်ကျဲကျဲပဲ။ ပျော်ပွဲစားထွက်လို့ကောင်းမယ့်၊ နေဝင်ချိန်ရှုခင်းကြည့်လို့ကောင်းမယ့် နေရာပဲ။ ဇွဲဘာကမ်းခြေက ရန်ကုန်မြစ်ဝနဲ့ နီးတော့ ရေနောက်တယ်။ ရေချိုးဖို့ထက် ဒေသန္တရဗဟုသုတ ဆည်းပူး၊ ကမ်းခြေမှာ ပျော်ပွဲစား ဖို့ပဲကောင်းပါတယ်။
ကမ်းစပ်မှာ မုန့်နဲ့ ကော်ဖီမစ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ပဲရှိတယ်။ ကိုဗစ် မကိုက်ခင်ကတော့ သင်္ကြန် နဲ့ ရုံးပိတ်ရက်တွေဆိုရင် ဈေးဆိုင်တွေအများကြီးပဲ။ တစ်နေ့ လေးငါးသိန်းဖိုးရောင်းရသတဲ့ ။ အခု တော့ ကမ်းခြေမှာ ကျွန်တော်တို့ ကားတစ်စီး နဲ့ ဒေသခံလို့ထင်ရသူ လေးငါးယောက်ရဲ့ ဆိုင် ကယ် သုံးလေးစီးပဲရှိတယ်။ ပင်လယ်ကမ်းစပ်မှာ ဘဲတစ်အုပ်ရှိတယ်။ ရေဆင်းဆော့နေတဲ့ ခွေး တစ်ကောင်ရှိတယ်။ ငါးဖမ်းလှေတွေအတွက် ရေချိုပေးဖို့ ဆိုင်ကယ်နဲ့တွဲထားတဲ့ ရေစည် လှည်းတစ်စီးရှိတယ်။
ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ငါးဖမ်းလှေတွေပြန်လာကြပြီ။ ရောင်စုံအလံတလူလူနဲ့ ငါးဖမ်းလှေတွေ၊ တစ်ချို့က ကမ်းနဲ့ဝေးဝေး၊ တစ်ချို့က ကမ်းခြေမှာ ငါးတောင်းတွေကို ချ လို့၊
ငါးလှေတွေမှာပါလာတာက ငါးသလောက်နဲ့ ငါးပုဏ္ဏားတွေများတယ်။ ငါးသလောက်တွေကတော့ ရန်ကုန်ဈေးတွေမှာတွေ့ရခဲတဲ့ တစ်ပိဿာ၊ တစ်ပိဿာကျော်အကောင်ကြီးတွေ။ ကိုဗစ် မဖြစ်ခင် ကတော့ ပြည်ပပို့တယ်လို့ပြောတယ်။ကိုဗစ်ဖြစ်တော့ ငါးလုပ်ငန်းလည်းကျဆင်းသွားတာ ဒီလ ထဲရောက်မှ ဈေးက နည်းနည်းပြန်မော့လာတာတဲ့။
ငါးလှေတွေကိုဓာတ်ပုံရိုက်၊ မုန့်ဆိုင်လေးထဲမှာ ထိုင်ထမင်းစားပြီးတော့ ကမ်း ခြေမှာ လုပ်စရာကုန်ပြီ။ ဒါနဲ့ ငါးဒိုင်ထဲ ဝင်ပြီး တစ်ပိဿာနီးပါးရှိတဲ့ ငါးသလောက်ကြီးတစ်ကောင် ဝယ်ပြီး ပြန်ခဲ့တယ်။ သောင်းဂဏန်းဖြစ်နေတဲ့ ငါးသလောက်ဈေးကို ကြားတော့ မောင်ချောနွယ် ရဲ့ “ လူကြိုက်နည်းတဲ့ကောင်” ကဗျာကို သတိရတယ်။
အခုတော့ ငါးသလောက်ဟာ လူကြိုက်များနေပါပြီ။