မီးပြ ရွာ

မီးပြရွာကလည်း ဇွဲဘာကမ်းခြေကနေ မိနစ်နှစ်ဆယ်လောက်ပဲသွားရတယ်။ ကွန်ကရစ်လမ်း ၊ လမ်းကျဉ်းတယ်။ ဒါပေမယ့် လမ်းကောင်းတယ်။ ရွာနာမည်က မီးပြဆိုပေမယ့် မီးပြတိုက် မရှိ ဘူး။ မွန်ဘုရင်တွေလက်ထက်က ကမ်းခြေဒေသမှာ ပုန်ကန်ထကြွနေသူတွေ နှိမ်နင်းပြီးတဲ့အခါ ဒီနေရာ မှာ စခန်းချပြီး စစ်အောင်တဲ့အကြောင်း သံလျင်ကို မီးဖို အချက်ပြတဲ့အတွက် မီးပြ ရွာလို့ ခေါ်တယ်လို့ ဘုရားသမိုင်းစာရွက်မှာတွေ့တယ်။

တကယ်တော့ ဒီရွာနေရာကနေ မီးဖိုပြရင်လည်း သံလျင် ကနေ မြင်ဖို့အကြောင်းမရှိဘူး။ ဒ့ါကြောင့် ၁၅ ရာစု သံလျင်က အဓိက ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်လာတဲ့အချိန်မှာ ရန်ကုန် မြစ်ထဲကို ဝင်မယ့် ရွက်လှေတွေကို မီးပြခဲ့တဲ့နေရာဖြစ်လို့ မီးပြလို့ ခေါ်တာများလားလို့ တွေးမိတယ်။

မီးပြရွာမှာ လည်ပတ်ဖို့က ရွှေဘုံသာ ရေလယ်ဘုရားပဲရှိတယ်။ ဒီစေတီကို မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်မှာ မီးပြရွာက ပျက်စီးနေတဲ့ ရှေးဟောင်းစေတီ ကိုး ဆူ က ဌာပနာ တွေ စုစည်းပြီး တည်ခဲ့တာလို့ ဆိုတယ်။ စေတီတော်က ရွာထဲမှာတည်ခဲ့တဲ့စေတီ။ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်ကစပြီး ကမ်းပါးပြိုတာနဲ့ တစ်ဖြည်းဖြည်းချင်း ရေလယ်စေတီ ဖြစ်သွားတာ။

ကျွန်တော်တို့ရောက်သွားတော့ စေတီမုခ်ဦးမှာ ဘုရားဖူးခွင့် ယာယီပိတ်ထားကြောင်း ဆိုင်ဘုတ်ထောင်ထားတယ်။ မုခ်ဦးဘေးမှာ တပ်မတော်လုံခြုံရေးစခန်းတစ်ခုရှိတယ်။ ကားလှည့်ပြီး ပြန်မယ်လုပ်တော့ စစ်သည်တစ်ယောက်ထွက်လာပြီး ဘုရားဖူး နှစ်ယောက်၊ သုံးယောက်ထဲ ဆိုရင် တော့ ဝင်ဖူးလိုက်ပါ။ လူအုပ်ကြီးနဲ့တော့ ဖူးလို့မရဘူးလို့ပြောတယ်။

စေတီတော်ကို ဒီရေတောထဲက ဖြတ်ဖောက်ထားတဲ့ ကွန်ကရစ်လေ ျှာက်လမ်း အတိုင်း သွားရတယ်။ စေတီရင်ပြင်မှာ ဘုရားဖူးနှစ်ယောက်တွေ့တယ်။ ရင်ပြင်ကျောက်ပြားခင်းနေ တဲ့ အလုပ်သမားတစ်ယောက်ရှိတယ်။ အာရုံခံတန်းဆောင်းထဲမှာအလှုခံပုဂ္ဂိုလ်တစ်ယောက်ရှိတယ်။ ရေတက်ချိန် ဆိုတော့ လှိုင်းတွေက ရင်ပြင်ပေါ်အထိ ရောက်တယ်။

စေတီရင်ပြင်ကနေ မြင်ရတဲ့ ရှုခင်းက အလွန်လှတယ်။ ဒါပေမယ့် ကျွန်တော်ရောက်သွားတဲ့အခိျန် က မွန်းလွဲချိန်ဆိုတော့ နေအတော်ပူတယ်။ မနက်စောစော ၊ ဒါမှမဟုတ် ညနေ နေဝင်ချိန်ဆိုရင် အတော်လှမယ်။ စေတီရင်ပြင်ကနေ ကြည့်ရင် ရန်ကုန်မြစ်ထဲကို ဝင်နေတဲ့ ပင်လယ်ကူး သဘောၤ ကြီးတွေကို လှမ်းမြင်နေရတယ်။ မီးပြကမ်းခြေတစ်လေ ျှာက်မှာ ဒီရေတောတွေအတော်ကျန် နေ သေးတာလည်းမြင်ရတယ်။

မီးပြရွာကမ်းခြေက ဒီရေတောတွေပဲရှိတယ်။ တံငါလှေတွေက ရွာဘေးက ချောင်းထဲမှာ။ မီးပြ ရွာမှာ ငါးခြောက်ပေါတယ်လို့ ကြားခဲ့ပေမယ့်ကျွန်တော်ရောက်သွားတဲ့ အချိန်မှာ ငါး ခြောက် ရောင်းဝယ်ရေး ဆိုင်းဘုတ်တင်ထားတဲ့ ဆိုင်ကြီးကြီးတစ်ခုပဲတွေ့တယ်။ ဆိုင်က ပိတ်ထား တယ်။ အိမ်ဆိုင်တစ်ဆိုင် ရှေ့ မှာ ငါးခြောက်တောင်းတွေတွေ့လို့ ဆင်းမေးတော့ ဆိုင်ရှင်မရှိဘူး။ ဆိုင်ကြည့်ထားဖို့ အပ်သွား တဲ့ ဘေးဆိုင်က အမကြီးကလည်း ငါးခြောက်ဈေးမသိဘူး။ ခေါင်းမိုးပေါ်မှာ ငါးခေါင်းတွေ လှန်းထားတဲ့အိမ်ကို မေးတော့ ငါးခေါင်းတွေပဲရှိတယ်တဲ့။ အိမ်ရှင်ကတော့ ဘေးက လမ်းကြား ကို ပြပြီး အဲဒီအတိုင်းဝင်သွားရင် ငါးခြောက် ရောင်းတဲ့အိမ်တွေရှိတယ်လို့ပြောတယ်။ ကိုဗစ် ကာလ ဆိုတော့ တစ်အိမ်တက်ဆင်းမေးရမှာ အားနာတာနဲ့ ငါးခြောက်မဝယ်နိုင်ခဲ့ဘူး။

ဒီခရီးစဉ်မှာ ကျွန်တော်လမ်းကြောင်းရွေးတာ နည်းနည်းမှားသွားတယ်။ တကယ်တော့
ရန်ကုန်ကနေ ကျောက်တန်း – ဇွဲကဘာ ကုန်းတန်း ကားလမ်းအတိုင်းလာတဲ့အခါ ဇွဲကဘာ ကုန်းတန်းရွာကနေ ညာ ဘက်လမ်းခွဲအတိုင်းသွားရင် မီးပြရွာကို ရောက်တယ်။ ဘယ် ဘက် လမ်းခွဲအတိုင်းသွားရင် သံတဲ ကမ်းခြေကို ရောက်တယ်။

ကျွန်တော် က ဇွဲဘာ ကမ်းခြေကို သွား။ ပြီးမှ သံတဲကမ်းခြေကို သွား။ သံတဲကနေ ဇွဲဘာကို ပြန် လာပြီး မီးပြရွာကို သွားခဲ့တယ်။ အဲဒီလို သွားတာက အဆင်မပြေဘူး။ တကယ်တော့ မီးပြရွာကို အရင်သွား၊ ဘုရားဖူး၊ ပြီးရင် သံတဲကမ်းခြေကို သွား ၊ အပြန်မှာ ဇွဲဘာကမ်းခြေကို ဝင် နေ့လယ် စာစား၊ ကမ်းစပ်က တောအုပ်ထဲမှာ အနားယူ၊ အချိန်ရရင် နေဝင်ချိန်ကို စောင့်ကြည့်တာက ပို အဆင်ပြေတယ်။

မီးပြကျေးရွာ၊ ဇွဲဘာကမ်းခြေ နဲ့ သံတဲ ကမ်းခြေ သုံးခုပေါင်းလိုက်ရင်တော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး ရေးဇုန်တစ်ခုဖြစ်လာနိုင်တယ်။ ဒီဒေသက ပင်လယ်ထဲဆင်းဖို့ထက် သဘာဝအလှနဲ့ ကျေးလက် ရှုခင်းတွေကို ခံစားဖို့ပိုကောင်းတဲ့နေရာပါ။ ဟိုတယ်တွေဆောက်တဲ့အဆင့်ထိ ရောက်ဖို့ တော့ မလွယ်လှဘူး။ ရန်ကုန်က နေ့ချင်းပြန်လာသူတွေ နားနေဖို့ ၊ စားသောက်ဖို့ စားသောက် ဆိုင်တွေ၊ View Point တွေ ထားတဲ့အဆင့်လောက်ပဲဖြစ်မှာပါ။ နောက်တစ်ခုက ဧည့်သည် တွေ များလာရင် ရေချိုပြဿနာလည်းရှိနိုင်တယ်။

လမ်းအနေနဲ့တော့ ကျောက်တန်း ပန်းတော တံတားထိုးနိုင်ရင်ပိုကောင်းမယ်။ အခုအခြေ အနေ ကတော့ လမ်းနည်းနည်းဆိုးတာရယ်၊ ဝဲကြီးတံတားဘက်က ပတ်သွားရတာရယ်ကြောင့် ဇွဲဘာ ကမ်းခြေကနေညနေ လေးနာရီနောက်ဆုံးထားပြီးထွက်မှ အဆင်ပြေတယ်။ နေဝင်ဆည်းဆာ ကြည့်ဖို့ မဖြစ်နိုင်ဘူး။

ဒီဒေသမှာ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့်လုပ်ငန်းတွေ အများကြီး ကျန်သေးတယ်။ လုပ်လည်း လုပ်ကြမှာပါ။ အရေးအကြီးဆုံးတစ်ခုတော့ သတိပြုစေ ချင်တယ်။ အဲဒါကတော့ အရင်အစိုးရ အဆက် ဆက်မှာ ဖြစ်ခဲ့တဲ့ ပင်လယ်ကမ်းခြေတစ်ခုမှာ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် လုပ်ငန်းရှင် ကြီးတွေကပဲ နေရာကောင်းတွေ၊ အခွင့်ရေး ကောင်းတွေရပြီး ဒေသခံတွေက ပျံကျဈေးသည်၊ လမ်းဘေးဈေးသည်ဘ၀ နဲ့ ပြီး သွားတဲ့ အခြေအနေမျိုးမဖြစ်ဖို့ပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: