ငှက် ကြည့်သူ (၁)

နှစ်သစ် ကို ငှက်ကြည့်ခြင်း နဲ့ ကြိုဆိုဖို့အတွက် မနေ့ ( ဇန်နဝါရီ ၃ ရက်) မနက်လေးနာရီ ဆယ်ငါးမိနစ်မှာ အိမ်ကထွက်တယ်။ ကိုယ့်ကိုကိုယ် အစောဆုံးလို့ထင်ပေမယ့် အကြောင်း ကြောင်း နဲ့ သွားလာနေတဲ့ကားတွေ လမ်းပေါ်မှာ ရောက်နေပါပြီ။ ရန်ကုန်ဟာ တရားဝင် ထုတ်ပြန် ထားတဲ့ အိမ်မှာပဲ နေထိုင်ရန် အမိန့်ရယ်၊ မဖြစ်မနေ သွားလာဖို့လိုအပ်ချက်ရယ်၊ ပျင်းလို့၊ ငြီးငွေ့ လို့ အကြောင်းရှာပြီး အပြင်ထွက်တာရယ် ကြားမှ သဟဇာတဖြစ်အောင်နေတတ်နေပါပြီ။ဒါဟာ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေရဲ့ နေထိုင်မှုပုံစံသစ်ပါပဲ။

ထောက်ကြံ့လမ်းဆုံကျော်တော့ လမ်းညာဘက်မှာ ကုန်ကားတွေ၊ ဆီသယ်ယာဉ်တွေ နှစ်ထပ် ရပ်ထားတာတွေ့တယ်။ ကိုဗစ်ကြောင့် မျက်နှာငယ်နေရတဲ့ ရန်ကုန်သားတွေ တစ်မြို့တစ်ရွာ မသွားခင်ဆေးစစ်ဖို့စောင့်နေကြတာတဲ့။ အမြန်လမ်းပေါ်မှာတော့ အိမ်စီးကားငယ်လေးတွေ တွေ့တယ်။ ဒိုင်နာကားလေးတွေလည်းတွေ့တယ်။

မိုင်တိုင် ၁၀ ကနေ ၃၀ ကြားမှာ မြူနှင်းတွေ ပိတ်တယ်။ တစ်နေရာမှာ ဘယ်လို မှ ဆက်သွားလို့ မရတော့တဲ့အတွက် ရပ်လိုက်ရတယ်။ ကျွန်တော်တို့ရှေ့မှာ ဗင်ကားတစ်စီးလည်းရပ်ထားတယ်။ ကားရှေ့ခန်းက ခရီးသည်တစ်ယောက်၊ နောက်ခန်းက သုံးယောက်၊ နောက်ဖုံးထဲက နှစ်ယောက် ထွက်လာပြီး ခြေညောင်းလက်ဆန့်လုပ်တယ်။ ကားဆရာက ဆေးလိပ်ဖွာနေတယ်။

ကားအခြေအနေက ခရီးသည်ပို့ဆောင်ရေးပုံစံပေါက်နေလို့ ကားသမားကို နှုတ်ဆက်ရင်း စနည်း နာကြည့်တယ်။ ခရီးသည်ပို့ဆောင်ရေးယာဉ်ကြီးတွေမထွက်ရဘူးဆိုပေမယ့် အကြောင်းကြောင်း ကြောင့် မဖြစ်မနေခရီးသွားရမယ့်သူတွေက ရှိနေတာကိုး။ အဲဒီကွက်လပ်ကို သူတို့တွေက ဖြည့် ပေးနေတာပေါ့။ ဒါပေမယ့် ခရီးသည်ပေးရတဲ့ ကားခကတော့ သုံးလေးဆ တက်သွားတယ်။

သူသွားမယ့် မြို့ဆိုတာကလည်း အတားအဆီး အစစ်အဆေး နာမည်ကြီးတဲ့မြို့ပဲ။ ဒီလူတွေကို မြို့ထဲရောက်အောင် ဘယ်လိုပို့မလဲလို့ မေးတော့ ကားဆရာက စီးကရက်ခဲထားရင် ပြုံးတယ်။ သူ့အပြုံးကိုမြင်တော့ မှောင်ခိုခေတ်က ကုန်သည်တွေ ပြောလေ့ရှိတဲ့ ဘယ်လောက် ဖမ်းဖမ်း ၊ ဘယ်လောက်ပိတ်ပိတ် ၊ လူရှိရင် လမ်းပေါက်တယ် ဆိုတဲ့စကားကို ပြန်သတိရမိတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာ အဝေးပြေးခရီးသည်တင်ကားတွေလည်း အထိနာတာပဲ။ ကားမထွက်ရဘူး ဆိုပေမယ့် ယာဉ်မောင်း/ယာဉ်နောက်လိုက် လစာ၊ ရုံးခန်း၊လိုင်းကြေး စသည်ဖြင့် ကုန်ကျစရိတ် တွေက ရပ်မနေပြန်ဘူး။ ဘဏ်ချေးငွေနဲ့အရစ်ကျဝယ်ထားတဲ့ကားတွေ ဆိုရင် ပိုပြီးအခက်တွေ့ တာပေါ့။ တစ်ချို့ကားတွေကတော့ ထိုင်ခုံတွေဖြုတ်ပြီး ကုန်တွေပဲတင် နေကြတယ်လို့ဆိုတယ်။

အဝေးပြေးလမ်း မိုင်လေးဆယ်အကျော်မှာ လမ်းလွှဲလုပ်ပြီး လမ်းပြင်နေတာတွေ့တယ်။ ဒုတိယ လှိုင်းအစမှာ ကုန်ကားကြီးတွေကို အဝေးပြေးလမ်းပေါ်မှာ သွားခွင့်ပြုခဲ့တဲ့ အကျိုးဆက်တွေ တွေ လို့ ဆိုတယ်။ အခုတော့ သွားခွင့်မပြုတော့ဘူး။ ကုန်ကားကြီးတွေ သွားခွင့်ပြုတဲ့အချိန်တုန်းက တော့ အမြန်လမ်းရဲတွေလည်း နေ့ရော၊ညပါ လမ်းပေါ်မှာ အလုပ်များနေခဲ့တယ်လို့ ဆိုတယ်။

၈၃ မိုင်ရောက်တော့ မြို့ချောင်း – မင်းလှ ပဲခူးရိုးမဖြတ်လမ်းကို ချိုးဝင်ပြီးဆက်သွားတယ်။ မြို့ချောင်း နဲ့မင်းလှက ၇၂ မိုင်ဝေးပြီး မိုင်တိုင်က မင်းလှဘက်ကစတယ်။ အဲဒီလမ်းခွဲ အတိုင်း ဝင်ပြီး မိုင်တိုင် ၆၉ နေရာ လမ်းဘယ်ဘက်မှာ “ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ကျရောက် နေ သော ဥပဒေအရ လုံးဝကာကွယ်ထားသည့် အောင်လောင်ငှက်နှင့် အောက်ချင်းငှက်များ အား ကာကွယ်စောင့်ရှောက်ကြပါစို့ ” လို့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုနဲ့ “ အောင်လောင် ငှက် နဲ့ အောက်ချင်းငှက်တွေကို သတ်ဖြတ်ခြင်း ၊ ရောင်းဝယ်ခြင်း စတဲ့ ပြစ်မှုတွေကို ကျူးလွန်ရင် ထောင်ဒဏ် သုံးနှစ် ကနေ အများဆုံးဆယ်နှစ် အထိ အရေးယူနိုင်ကြောင်း သတိပေးထားတဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်။

အောင်လောင်ငှက်တွေက အဲဒီနေရာ ကားလမ်းဘေးမှာ ရှိတဲ့ညောင်ပိန္နဲပ င်မှာလာပြီး အစာစားတာဖြစ်ပါတယ်။ ကားလမ်းဘေးမှာ ဓာတ်ပုံရိုက်သူတွေ နားဖို့ တဲတစ်လုံးရှိတယ်။ ငှက်တွေအနှောက်အယှက်မ ဖြစ်စေဖို့ အနားထိ သွားလို့မရအောင် ခြံစည်းရိုး လည်းခတ် ထားတယ်။ ဆိုင်းဘုတ်နားမှာ ရွာသား တစ်ယောက် နဲ့ ကလေးနှစ်ယောက်တွေ့တယ်။ သူ့ကို ငှက်ကြည့်တဲ့ အဖွဲ့နဲ့ သစ်တောဦးစီးဌာနက ထောက်ပံ့ကြေးပေးပြီး ဒီစားပင်ကို လာနေတဲ့ အောင်လောင်ငှက်တွေကို စောင့်ရှောက်ဖို့အတွက် တာဝန်ပေးထားတာလို့ သိရတယ်။ ဒီတဲကိုလည်း ငှက်ကြည့်တဲ့သူတွေက လုပ်ပေးထားတာလို့ ဆို တယ်။

ဒီအပင်ကို အရင်က အောင်လောင်ငှက် သုံးလေးဆယ်လောက်လာလေ့ရှိပေမယ့် အခုတော့ ဆယ်ကောင်ကျော်ကျော်ပဲ လာတော့တယ်တဲ့။ ဒီငှက်တွေကို ဒေသခံ မုဆိုးတွေ က ဒူးလေးနဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ရောင်းစားကြတဲ့အတွက် မျိုးတုန်းတော့မယ့် အခြေအနေ နဲ့ရင် ဆိုင်နေရ တယ်။ ဥပဒေအရ ထောင်ဒဏ် သုံးနှစ်ကနေ ဆယ်နှစ်အထိ အပြစ်ပေးလို့ရတယ်ဆို ပေမယ့် အဲဒီဥပဒေနဲ့ အရေးယူခံရတဲ့သူလည်း ရှိပုံမရဘူး။ ဒေသခံတွေက လည်း မျိုးရိုး စဉ် ဆက် အမဲလိုက်လာတာဆိုတော့ သူတို့ အတွက် အောင်လောင်ငှက်ဆိုတာ သားကောင်တစ်မျိုး အဆင့် ထက်ပိုပြီး ထူးခြားမှုရှိပုံမရဘူး။ တားမြစ်ထားတဲ့ ဥပဒေရှိမှန်းတောင်သိမယ်မထင်ဘူး။ သစ်တော ဦးစီးဌာနမှာလည်း ကာကွယ်ထိန်းသိမ်းဖို့ လုံလောက်တဲ့ လူအင်အား ၊ ငွေအင်အား၊ အရင်းအမြစ်မရှိတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေ၊ ငှက်ကြည့်သူတွေ ရဲ့ အင်အားနဲ့ ပေါင်းစပ်ပြီး တတ်နိုင်သမ ျှ လုပ်နေရပုံပေါ်တယ်။

ကျွန်တော်ရောက်သွားတော့ မနက် ၇နာရီ ဆယ့်ငါးမိနစ်။ ငှက်ကြည့်သူတွေ၊ ဓာတ်ပုံရိုက် မယ့်သူတွေ မရောက်သေးဘူး။ အောင်လောင်ငှက်တွေနဲ့ အခြားငှက်မျိုးစုံရောက် နေတဲ့ အသံတွေကြားရတယ်။ ဒါပေမယ့် မြူ တွေဆိုင်းနေလို့ အကောင်မမြင်ရဘူး။ အစောင့်ရွာသား ကတော့ နေထွက်လာရင် ငှက်တွေ မြူး မှာပါလို့အားပေးတယ်။

နာရီဝက်လောက်ကြာအောင်စောင့်နေပေမယ့် မြူတွေဆိုင်းနေဆဲပဲ။ အဲဒီအချိန်မှာ သိန်းငှက် တစ် ကောင်ထိုးဆင်းလာတယ်၊ ငှက်လေးတွေ အုပ်လိုက် လန့်ပျံသွားကြတယ်။ သူတို့နောက်က အောင် လောင်ငှက်ကြီးလေးကောင် ထပျံသွားတယ်။ သိန်းငှက်ရန်ကြောင့် တော်တော်နဲ့ ပြန် လာမှာ မဟုတ်ဘူး လို့ အစောင့်ကပြောတယ်။ သူက ပြန်လာတော့မယ်ဆိုရင် ပထမဆုံး ငှက်လေးတွေ ပြန်လာလိမ့်မယ်။ အောင်လောင်ငှက်တွေက အဝေး ကနေ စောင့်ကြည့်နေ လိမ့်မယ်လို့ ရှင်းပြတယ်။

ငှက်လေးတွေ အန္တရာယ် ကင်းကင်းနဲ့ စားနေပြီ ဆိုမှ အောင်လောင်ငှက်တွေ ပြန်လာလိမ့်မယ်။ လာရင်လည်း ဒီအပင်ကို တိုက်ရိုက်လာမှာ မဟုတ် ဘူး။ ချောက်ကမ်းပါးက အပင်ကို အရင်လာ မယ်။ အဲဒီကမှ နောက်တစ်ပင်ကို ကူးမယ်။ ပြီးမှ စားပင်ကိုလာလိမ့်မယ် လို့ရှင်းပြတယ်။

အစောင့်ဦးလေးကြီးက အောင်လောင်ငှက်တွေ အဆင့်ဆင့်ကူးလာမယ့် အပင်တွေကို ပြ တယ်။ အဲဒီအပင် တစ်ပင်နဲ့ တစ်ပင် ပျံပြီး ကူးတဲ့အချိန်မှာ ဓာတ်ပုံရအောင်ရိုက်လို့ သင်ပေးတယ်။ ကျွန် တော်က အရိုင်းသဘာဝအတိုင်းနေထိုင်နေတဲ့ ငှက်တွေကို ၂၀၁၉ ခုနှစ် မိုးယွန်းကြီးအင်းမှာ တစ်ခါပဲ ရိုက်ဖူးတဲ့ အပြင် မှန်ဘီလူးကလည်း အားမကောင်းတဲ့အတွက် ပုံကောင်းရမယ်လို့တော့ မမေ ျှာ်လင့်ပါဘူး။ ဒါကြောင့် အောင်လောင် နဲ့ အောက်ချင်းငှက်တွေ သဘာဝအတိုင်းနေထိုင်တာကို ကြည့်ရရင်၊ ငှက်တွေကို ကာကွယ် ထိန်းသိမ်းဖို့ လိုအပ်တဲ့အကြောင်း လူတွေသိအောင် ရေးနိုင် ရင် လုံလောက်ပြီလို့ပဲ သဘော ထားတယ်။

ရှစ်နာရီလောက်ကျတော့ နေထွက်လာတယ်။ ဒါပေမယ့် ငှက်လေးတွေရော၊ အောင်လောင် ငှက်တွေရော ရောက်မလာသေးဘူး။ တစ်ဖက်တောင်ကြောပေါ်က အောင်လောင် ငှက်အော်သံတော့ ကြားနေရပြီ။ ရန်ကုန်ဘက်က ကားတစ်စီးရောက်လာတယ်။ မိသားစုတစ်စု။ ကင်မရာ တွေဘာတွေနဲ့၊ နာရီဝက်လောက်စောင့်ပြီးတော့ ငှက်တွေရောက်မလာတာနဲ့ ရှေ့ဘက်ကို ဆက် ထွက်သွားတယ်။

ခဏနေတော့ ရန်ကုန်က ဓာတ်ပုံဆရာတွေ ရောက်လာတယ်။ သူတို့ကတော့ တကယ့် ပရော်ဖက်ရှင်နယ်တွေ၊ သူတို့ထဲမှာ ဓာတ်ပုံနဲ့ပတ်သက်ရင် ကျွန်တော့်ရဲ့ မြင်ဆရာ နှစ်ယောက်လည်း ပါတယ်။ သူတို့လည်း ကင်မရာ တွေဘာတွေဆင်ပြီး စောင့်တယ်။

ငှက်တွေပြန်လာဖို့အတွက် ဘယ်လောက်အထိ စောင့်ရဦးမလဲ။

( ဆက်လက်ဖော်ပြပါမည်။ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: