တောင်နဝင်းချောင်း ဆိုတာက ပေါက်ခေါင်း – အုတ်တွင်း ကားလမ်း တောင်ဘက်ကနေ ကားလမ်း နဲ့ အပြိုင်လို စီးဆင်းနေတဲ့ချောင်းမကြီးဖြစ်ပါတယ်။ ပေါက်ခေါင်း နားရောက်တော့ တောင်နဝင်း ဆည်ဖြစ်သွားပါတယ်။ နဝင်းချောင်းဆိုတာလည်း ရာဇဝင်နဲ့ပဲ။
၁၉ ၆၃ ခုနှစ် တော်လှန်ရေးကောင်စီ နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားတော့ ၁၉ ၆၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဗကပ ပဏာမ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ကို ရန်ကုန်က နေ ပြည်အထိ တပ်မတော်လေယာဉ်နဲ့ ပြန်ပို့တယ်။ ပြည်ကနေ ပေါက်ခေါင်း ကို ကားနဲ့လိုက်ပို့တယ်။ ပေါက် ခေါင်းရောက်တော့ နယ်မြေခံတပ်မှာ ခဏ နားပြီး နဝင်းချောင်းကို ကားနဲ့လိုက်ပို့တယ်။ နဝင်း ချောင်းရောက်တော့ ဗကပ ကိုယ်စားလှယ်အဖွဲ့က ချောင်းကို ဖြတ်ပြီး ဗကပ ဗဟို ကို ခြေလျင် ခရီးနဲ့ပြန်သွားတယ်။
ဗကပ ကိုယ်စားလှယ်အဖွဲ့ မှာ ရဲဘော်ဌေး၊ (ရဲဘော်သုံးကျိပ်ဝင် ) ဗိုလ်ဇေယျ၊ ပီကင်းပြန် ရဲဘော် အောင်ကြီး ၊ ရဲဘော်ဘခက်၊ ပီကင်းပြန် ရဲဘော်သက်တင်၊ ပီကင်းပြန် ရဲဘော်ခင်ကြီး နဲ့ ပီကင်း ပြန် ရဲဘော်ညို တို့ပါတယ်။ နောက်ပြီး မဒညတ အဖွဲ့ဝင် ချင်းဦးစီး အဖွဲ့က ကိုယ်စားလှယ် သုံး ယောက်လည်းပါတယ်။
ဗကပ ကိုယ်စားလှယ်အဖွဲ့ကို နဝင်းချောင်းအထိ လိုက်ပို့တဲ့ အဖွဲ့ထဲမှာ ပေါက်ခေါင်းမြို့နယ် သတင်းထောက် ဦးအုန်းရှိန်လည်း ပါတယ်။ ဦးအုန်းရှိန်က ဗကပ ကိုယ်စားလှယ်အဖွဲ့ နဝင်း ချောင်းဖြတ်ပြီး ပြန်နေတဲ့ ပုံကို နောက်ဘက်ကနေ ဓာတ်ပုံရိုက်ခဲ့တယ်။
အဲဒီသတင်းဓာတ်ပုံဟာ တော်လှန်ရေးကောင်စီအတွက် အလွန်ကောင်းတဲ့ စိတ်ဓာတ် စစ်ဆင်ရေး လက်နက်ဖြစ်သွားပြီး သတင်းစာတွေမှာ ဗကပဟာ ငြိမ်းချမ်းရေးကို ကျောခိုင်းသွားပြီ လို့ ရေးခဲ့ ကြတယ်။ ( အဲဒီအချိန်က သတင်းဓာတ်ပုံကို ခရီးစဉ်ဓာတ်ပုံတွေနဲ့အတူပြထားပါတယ်။ )
ဗကပ ကိုယ်စားလှယ်အဖွဲ့ ပြန်တဲ့သတင်းနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေမှာ “ နဝင်းချောင်း” လို့ ပဲ ရေးထားတာတွေ့တယ်။ အဲဒါ တောင် နဝင်းချောင်းကို ပြောတာလား၊ ဟုတ်တယ် ဆိုရင် ဘယ်နေ ရာက ဖြတ်သွားတာလဲ ဆိုတာ စိတ်ဝင်စားပေမယ့် ဒီတစ်ကြိမ် ခရီးစဉ် မှာတော့ လေ့လာမေးမြန်း ခွင့်မရခဲ့ဘူး။ဒါပေမယ့် တောင်နဝင်းချောင်းတစ်လေ ျှာက်ကိုတော့ တောတွင်း ခရီးငါးနာရီ လောက်လေ ျှာက်ခွင့်ရ ခဲ့တယ်။
ကျွန်တော်ရောက်နေတဲ့ ပေါက်ခေါင်းမြို့နယ် ပဲခူးရိုးမတောင်ခြေ နဲ့ တောင်ပေါ် ဒေသမှာ ချောင်း ဘေး မြေပြန့်တွေကသီးနှံ စိုက်ခင်းနေရာတွေကို ခုံ ၊ တောင်ကြားလွင်ပြင်တွေက စိုက်ခင်းတွေကို ကုန်း ကွက်/တောင်ယာ ဆိုပြီးခေါ်တယ်။ အခု ကာလက တော်သလင်း၊ သီတင်းကျွတ်ဆိုတော့ နှမ်း တွေ သိမ်းပြီ၊ ပဲနောက်တွေ ဆွတ်နေပြီ။ ပဲတီစိမ်းအခင်းတွေက အသီးလိုက်နေပြီ၊ တောင် ယာစပါးတွေက စိမ်းညို့လို့၊ ဆောင်းမြေပဲစိုက်မယ့်တောင်သူတွေက အခင်းတွေပြင်နေပြီ။ ဒီဒေသက တောင်သူတွေ အကြောင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ “ တော နဲ့ တောင်သူ” ( https://myehtut.com/2019/11/27/တောနဲ့-တောငျသူ/ ) ဆိုပြီးရေးခဲ့ဖူးတယ်။
ကျွန်တော်တို့ ခရီးစဉ်ကို ပေါက်ခေါင်း – အုတ်တွင်း ကားလမ်း မိုင်တိုင် ၃၈ ညောင်ဝန်း ရွာကနေ စတယ်။ ခရီးမထွက်ခင်ညနေဘက်က တောင်ကျရေဆင်းထားတဲ့အတွက် တောင်နဝင်းချောင်း က ရေနောက်နေတယ်။ ရွာအထွက်ချောင်းထဲမှာ ကလေးမလေးတွေ လက်ယက်တွင်းတူပြီး သောက် ရေခတ်နေတာမြင်ရတယ်။ တောင်ကျရေသာ မဆင်းခဲ့ရင် ချောင်းရေကြည်လဲ့လဲ့ နဲ့ ခရီးနှင်လို့ အတော် ကောင်းမှာပါ။
ချောင်းရေနောက်နေတဲ့အတွက် ချောင်းရေအတိမ်အနက်၊ ရေအောက်မှာ ရှိနေတဲ့ ကျောက် ဆောင်၊ ကျောက်တုံးတွေအခြေအနေကို ခန့်မှန်းလို့မရဘူး။ ဒါ့ကြောင့် ချောင်းကို အမှီပြုပြီး သွားမယ့်အစား တောလမ်းလေးတွေ၊လှည်းလမ်းတွေကို မှီပြီး ချောင်းနဲ့ ပူးတုံခွာတုံ သွားခဲ့ရ တယ်။ မဖြစ်မနေ ချောင်းဖြတ်ရတော့မယ်ဆိုရင် ယာတဲလေးတွေမှာ လမ်းမေးပြီးဖြတ်ရတယ်။
ချောင်းရေက အနက်ကြီးတော့မဟုတ်ပါဘူး။ ဖြတ်ခဲ့တဲ့ နေရာတွေမှာတော့ နှစ်ပေလောက်ပဲရှိ တယ်။ သို့သော် အောက်မှာ ချိုင့်ခွက်တွေဖြစ်နေရင်တော့ နက်မှာပေါ့။ တောင်ပေါ် ချောင်းဖျားမှာ မိုးရွာလို့ တောင်ကျရေဆင်းပြီဆိုရင်တော့ ရေစီးသန်၊ ရေနက်ပြီး အန္တရာယ်ကြီးပါတယ်။ လမ်းပြကြီးကတော့ ချောင်းအတိုင်းသွားနေတုန်း တောင်ကျရေ ဆင်းလာပြီဆိုရင် ချောင်း ဘယ် ဘက်ကမ်းကို ပြေးတက်ဖို့ မှာတယ်။ ကားလမ်းက ဘယ်ဘက်အခြမ်းမှာ ရှိတာကိုး။ ညာဘက် ပြေးတက်မိရင် ချောင်းရေမကျမခြင်း အဲဒီဘက်ကမ်းမှာ သောင်တင်နေမှာပဲ။
လမ်းတစ်လေ ျှာက်မှာ ယာတဲတွေရှိသလို သစ်တောဦးစီးဌာနက အစောင့်တဲလေးတွေလည်း ရှိတယ်။ လမ်းပြကြီးက ဒေသခံဆိုတော့ တဲတစ်လုံးတွေ့တာနဲ့ နှုတ်ဆက်၊ သူမသိတဲ့ ကလေး တွေဆိုရင်လည်း ဘယ်သူ့သားသမီး၊ ဘယ်သူ့မြေးလည်း မေး။ အမောပြေတဲမှာ ခဏထိုင်၊ ကျွန်တော်က သိချင်တာမေး၊ ကလေးတွေတွေ့ရင် ပါလာတဲ့ မုန့်လေးတွေပေး၊ ပြီးရင် ဆက်ထွက်ပေါ့။
လမ်းမှာ ဖျံဥတွေရောင်းဖို့သယ်လာသူတွေနဲ့လည်းတွေ့တယ်။ တစ်ချို့က အထမ်းတွေနဲ့၊ တစ် ချို့က လှည်းနဲ့၊ မိုးတွင်း လှည်းလမ်းတွေ ပျက်ထားတော့ လှည်းမောင်းသူ တစ်ယောက် ၊ ပေါက်ပြားနဲ့ လမ်းပြင်သူတစ်ယောက် အတွဲနဲ့ ချီတက်နေရတယ်။ ဖျံဥက တစ်ပိဿာ ၂၅၀ ၊ ၃၀၀ ။ ရောင်းပြီးရင် ရွာကနေ ဈေးဝယ်ပြီး တဲကို ပြန်ကြမှာပေါ့။ တောင်ပေါ်မှာ မြင်ခဲ့တဲ့ Grand Royal ကို သတိရပြီး ရွှေပတ်တွေ ဘာတွေ ဝယ်ဦးမလားဆိုတော့၊ “အောင်မယ်လေး။ အဆီတောင် နပ် မမှန်ဘူး” တဲ့။
ရွာမှာ ရိက္ခာပြန်ဝယ်ပြီး တဲ ကို ပြန်လာသူတွေနဲ့လည်း ဆုံခဲ့တယ်။ ကျောင်းတွေပိတ်ထားလို့ သမီးလေးရော၊ ဇနီးပါ တဲမှာလိုက်နေတယ်။ ကျောင်းပြန်ဖွင့်ရင်တော့ တဲမှာ ဖုန်းမောင် တစ်ယောက်တည်းဖြစ်မှာတဲ့။
တောင်ယာစပါးခင်းတစ်ခုကို ဖြတ်တော့ သစ်ပင်ရိပ်မှာ အေးအေးဆေးဆေး နှီးဖြာနေတဲ့ တောင်သူနဲ့တွေ့တယ်။ တောင်ယာစပါးအကြောင်းမေးတော့ ကောက်ညှင်းလည်း စိုက် သလို ၊ တောင်ယာစပါးလည်း စိုက်တယ်တဲ့။ ဒီဒေသမှာ ကောက်ညှင်းဆိုရင် “ ငချိတ်၊ နတ် ပြည်မွှေး”။ စပါးဆိုရင် “ မင်းဆန်ကြီး၊ ကျော်ဇင်၊ ယိုးဒယား၊ လမိုင်းဝါ၊ ပါးမဲ” တဲ့။ သူစိုက်တာ က ယိုးဒယားမျိုး၊ မျိုးက တစ်တင်းခွဲ၊ အထွက်ကတော့ ခြောက်ဆယ်၊ ခုနှစ်ဆယ်။ ရောင်းဖို့ မဟုတ် ဘူး ဝမ်းစာအတွက်ပါပဲ။ ဒါတောင် မလောက်ဘူး။ စပါးပြီးရင်တော့ တောထဲဝင် ဝါးခုတ်ပေါ့။
လမ်းကြောင်းကတော့ မိုးမကုန်သေးတော့ သွားလမ်း၊ လာလမ်းမသာသေးဘူး။ ဗွက်တန်းတွေရှိတယ်။ တစ်ချို့နေရာ တွေမှာ တောဖုံးသွားလို့ လမ်းပျောက်နေတာရှိတယ်။ ဆောင်းရာသီဆိုရင်တော့ သွားရတာ ပို အဆင်ပြေမယ်၊ ရှုခင်းလည်း ပိုလှမယ်။ ညောင်ဝန်းက နှစ်နာရီခရီးလောက်ဝေးတဲ့ ဆင်မြီးဆွဲ လို့ ခေါ်တဲ့နေရာက ရေကျပြီး ရေကြည်တဲ့အချိန်ဆိုရင် အတော်လှမယ်။ ပေါ်လံလေး ချောင်းဆုံ မရောက်ခင်မှာလည်း ကျောက်ဆောင်၊ ကျောက်တန်းတွေနဲ့ အတော်လှတဲ့နေရာတွေရှိတယ်။
ကျွန်တော်က အပန်းဖြေစခန်းက မနက် ၇ နာရီထွက်တယ်။ နေ့လယ်စာအတွက် ကောက်ညှင်း ပေါင်းယူသွားတယ်။ မနက် ၁၁ နာရီခွဲလောက် တောင်နဝင်းနဲ့ ပေါ်လံလေးချောင်းဆုံအရောက်မှာ နေ့လယ် စာ စားတယ်။ ပြီးတော့ ပေါ်လံလေးချောင်းအတိုင်း ပေါက်ခေါင်း – အုတ်တွင်း ကားလမ်းဘက်ကို ပြန် ထွက်တဲ့အခါ ၁၂ နာရီခွဲလောက် မိုင်တိုင် ၄၄/၅ ကို ပြန်ရောက်တယ်။ အဲဒီကနေမှာ ကားလမ်း အတိုင်း အပန်းဖြေစခန်း မိုင်တိုင် ( ၄၂) ကို ပြန်တယ်။ ( ခရီးစဉ်ကို ဓာတ်ပုံနဲ့ပြထားပါတယ်။ )
ကျွန်တော်က အမှုထမ်းဘဝမှာရော၊ အငြိမ်းစားဘဝမှာပါ ခရီးသွားတဲ့အခါ ဒေသခံတွေ၊ အထူးသဖြင့် အခြေခံလူတန်းစားတွေနဲ့ ထိတွေ့ စကားပြော လေ့ ရှိတယ်။ အများစုက သူတို့ ဘ၀ အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲပြောလေ့ရှိပေမယ့် ဒီတစ်ခေါက်ခရီးစဉ်မှာတော့ လူတိုင်းလိုလို သူစိမ်းတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာ ပိုပြီး ထိန်း ထိန်းသိမ်းသိမ်းပြောတာကို သတိ ထားမိတယ်။
ဒါပေမယ့် သူတို့ စကားတွေ၊ ကိုယ်နှုတ်အမူအရာတွေရဲ့ နောက်မှာ လူတိုင်းက ၁၉၈၈ နောက်ပိုင်း သူတို့ ဘဝမှာ အဆိုးဆုံး စီးပွားရေး၊ လုံခြုံရေး၊ နိုင်ငံရေးအခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ ခံစား နေရတယ်ဆိုတာ ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ လက်ထဲက မုန့်ကို အတင်းလုစားခံရတဲ့ ကလေးငယ်တစ်ဦးရဲ့ ခံစားချက်မျိုးကို ကြားရတယ်။ “ပေါက်ပင် ဘာ့ကြောင့်ကိုင်းရတယ်” လို့ စဉ်းစားနေတာကို ခံစားမိတယ်။ ဖိုးသူတော် ပြောင်းဖူးခင်း ဝင်ချိုးတဲ့ ပုံပြင်ကို ပြန်အမှတ်ရစေတဲ့ မှတ်ချက်မျိုး နားထောင်ခဲ့ရတယ်။
ပုံမှန်ဆိုရင်တော့ လမ်းတစ်လေ ျှာက်မှာ ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်း ခရီးလမ်းဆုံးရောက် ရင် အမောပြေသွားတာပါပဲ။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ အမောမပြေပဲ ရင်မောရတယ်။ အမြဲ တမ်း မီးခိုးတွေ မှုတ်ထုတ်နေတဲ့ မီးတောင်ရှင် ထက် အတွင်းပိုင်း အနက်ကြီးထဲမှာ ချော်ရည်တွေ၊ အပူတွေ ဖိသိပ်ထားခံရပြီး ငြိမ်သက်နေတဲ့ မီးတောင်ရှင်က ပိုပြီး အန္တရာယ်ကြီးတယ်ဆိုတဲ့ အကြောင်း ဖတ်ဖူးခဲ့ တာကြာပြီ။
ဆင်မြီးဆွဲ ရေကျ ( ဒေသအခေါ် ဆင်မြီးဆွဲ ခုတင် ) ဆင်မြီးဆွဲ ရေကျ ( ဒေသအခေါ် ဆင်မြီးဆွဲ ခုတင် ) ဖျံဥ တူးသူများ ဖျံဥ တူးသူများ ဈေးဝယ်ပြီး ယာတဲသို့ အပြန် တောင်နဝင်းချောင်းဘေးလမ်း ဗွက်တန်းတွေ တစ်ချိန်က သတင်းဓာတ်ပုံ တောင်နဝင်းချောင်း လမ်းကြောင်းပြပုံ