အိပ်မက်ဘုံ ဘေဘီလုံ

အရှေ့အလယ်ပိုင်းက ဘေဘီလုံ မြို့တော်ဟောင်းကို မရောက်ဖူးပေမယ့် ပင်းတယအနောက် ဘက် မဲနယ်တောင်ပေါ်က ဘေဘီလုံတောတွင်းစခန်း #Mt.MaeNalBabylonCamp မှာ တစ်ညအိပ် ခွင့်ရခဲ့တယ်။ ပင်းဒယအနောက်ဘက် မဲနယ် တောင်တန်းပေါ်မှာ အပန်းဖြေ စခန်းဆောက်ဖို့ ကြိုးစားတာ အခု ခေတ်မှ စတာမဟုတ်ဘူး။ အင်္ဂလိပ်တွေကလည်း ၁၈၉ ၅ ခုနှစ် ဖေဖော်ဝါရီ လ မှာ ပင်းဒယ အနောက်ဘက် ပင်လယ် ရေမျက်နှာ ပြင်အထက် ပေ ငါးထောင် ကျော်ရှိတဲ့ မဲနယ်တောင်ရိုး ဂျူးတောင် အနားက ဧချမ်းပင် ကို ကျန်းမာရေးစခန်း တည် ဆောက်ဖို့ ရွေးခဲ့ဖူးတယ် လို့ဒေါက်တာ သန်းထွန်း က အထက်မြန်မာနှင့် ရှမ်းနယ် ဂေဇက် ( ၁၉ ၀၁) ကို ကိုးကားပြီး ရေးထားတယ်။

လက်ရှိအချိန်မှာ ဧချမ်းပင် ဆိုတဲ့နေရာကို သိတဲ့သူရှာမတွေ့ဘူး။ ဒါပေမယ့် ပင်းဒယအနောက် ဘက် ငါးမိုင်ခွဲအကွာ ပင်းဒယ – ရွာငံဖြတ်လမ်းပေါ်က ပင်စိမ်းပင် ရွာတော့ရှိတယ်။ အဲဒီရွာက လည်း မဲနယ်တောင်ပေါ် အမြင့်ပေ ငါးထောင်ကျော်မှာ ရှိတယ်။ ရေလည်း အဆင်ပြေတော့ အဲဒီ နေရာဟာ ဒေါက်တာသန်းထွန်း ရေးတဲ့ ဧချမ်းပင် ဆိုတဲ့နေရာများ ဖြစ်နေမလားလို့ စဉ်းစား မိတယ်။

ဘေဘီလုံတောတွင်းစခန်း ကလည်း ပင်းဒယအနောက်ဘက် မဲနယ်တောင်တန်းပေါ်မှာ ရှိတယ်။ ပေ ခြောက်ထောင်ကျော်မြင့်တယ်။ ဒီစခန်းကို ပင်းဒယ – ရွာငံဖြတ်လမ်းအတိုင်းသွားရတယ်။ ပင်းတယကနေ တောင်ပေါ်ကြီးရွာ ၊ ပင်စိမ်းပင်ရွာတွေကို ဖြတ်ပြီး ရင် ဘေဘီလုံစခန်းတောင်ခြေ ( မိုင်တိုင် ၈) ကို ရောက်တယ်။ ကားကို လမ်းဘေးမှာ ရပ်ပြီး တောင်ပေါ် ကို ၄၅ မိနစ် လောက်တက်ရတယ်။ ကားကို ညအိပ်ရပ်မထားချင်ဘူးဆိုရင်တော့ ယာဉ်မောင်းနဲ့ လာပို့၊မနက် ပြန်ကြိုလုပ်လို့ရပါတယ်။ လူသွားလမ်းလေးက ဒေသခံတွေစိုက်ထားတဲ့ ရွှေပဲသီးစိုက်ခင်းတွေ၊ မုန်ညင်းခင်းတွေကြားကဖြတ်သွားတယ်။ အစပိုင်းမှာ အတက် နည်းနည်းကြမ်း ပေမယ့်နောက်ပိုင်း ကျတော့ တောင်ကြောအတိုင်းသွားရတဲ့အတွက် သက်သာ ပါတယ်။ အထူးသဖြင့် တောတွင်း ခရီး ရှည်ရှည်မလေ ျှာက်ချင်တဲ့ ပြည်တွင်းခရီးသွားတွေအတွက် အဆင်ပြေတဲ့လမ်းကြောင်းဖြစ်ပါ တယ်။

ဘေဘီလုံ တောတွင်းစခန်းဖွင့်တာမကြာသေးဘူး။ ဟိုတယ်လုပ်ငန်းရှင်မဟုတ်ဘဲ သဘာ၀ အခြေခံ ခရီးသွားလုပ်ငန်းကို စွန့်ဦးတီထွင်လုပ်ချင်သူတစ်ယောက်က တည်ထောင်ထားတာ ပါ။ ၂၀၁၇ ဖေဖော်ဝါရီလ ကမှ စပြီး ဧည့်သည်တွေလက်ခံခဲ့တယ်၊ ၂၀၁၉ ခုနှစ်ထဲမှာတော့ လူသိ များ လာပြီး ပြည်တွင်း၊ ပြည်ပခရီးသွား အတော်များများရောက်လာခဲ့တယ်။နောက်တော့ ၂၀၂၀ ကိုဗစ် ပထမလှိုင်း ထဲက စခန်းကို ပိတ်ခဲ့ရပြီး လုပ်ငန်းအရှိန်ရပ်သွားခဲ့ရာကနေ အခုမှ ပုံမှန်ပြန်ဖွင့်နိုင်ဖို့အတွက် ကြိုးစားနေ တဲ့အချိန်ဖြစ်ပါတယ်။

စခန်းက ယာယီတဲထိုးပြီး ညအိပ်ရတာဖြစ်ပါတယ်။ အသက်ကြီးသူတွေ၊ ကလေးတွေ အတွက် ရည်ရွယ်ထားပုံရတဲ့ အမိုးစောက်စောက်နဲ့ ဘန်ဂလိုလေးတစ်လုံးရှိတယ်။ နားနေ စားသောက် ဖို့ အဆောင်လေးတွေရှိတယ်။ တဲထိုးဖို့ မြေညှိထားတဲ့နေရာတွေရှိတယ်။ အိမ်သာ နှစ်လုံးရှိတယ်။ ရေချိုးခန်းရှိမရှိတော့ မသိဘူး။ ကျွန်တော်ရောက်တာက ဆောင်းတွင်းဆိုတော့ မျက်နှာသစ်ဖို့ တောင် မနည်းကြိုးစားနေရတာ။ မီးကတော့ နေရောင်ခြည်စွမ်းအင်သုံးပေါ့။

ပုံမှန်ပြန်ဖွင့်ရင်တော့ ညစာ၊ မီးပုံပွဲ (အသားကင်တွေနဲ့) ၊ နံနက်စာ၊ အိပ်ဖို့ တဲ၊ စောင် အပါအဝင် ဧည့်သည်တစ်ယောက်ကို ဘယ်လောက်ဆိုပြီး သတ်မှတ်လက်ခံတယ်လို့သိရပါတယ်။ ခရီးသွား ဧည့်သည်ကတော့ တစ်ကိုယ်ရေသုံးပစ္စည်းလေးတွေယူသွားဖို့ပဲလိုပါတယ်။ ဆောင်းတွင်း ဆိုရင်တော့ အနွေးထည် ကောင်းကောင်းလိုမယ်။

ကျွန်တော်က ညနေ သုံးနာရီလောက် တောင်ခြေရောက်အောင်သွားလိုက်တယ်။ တောင်ပေါ် ကို လေးနာရီမထိုးခင်ရောက်သွားပြီး ပစ္စည်းတွေနေရာချတယ်။ ဘေဘီလုံ စခန်းရဲ့ အားသာချက်က တောင်ကြောထိပ်မှာရှိတဲ့အတွက် နေဝင် ဆည်းဆာရော၊ အရုဏ်ဦးကိုရော စောင့်ကြည့် လို့ရတယ်။

အနောက်ဘက် မိုးကုတ်စက်ဝိုင်းအောက်ထဲကို နေလုံးပျောက်ကွယ်၊ အလင်းရောင် တဖြေးဖြေး အားနည်း၊ အမှောင်ထုက စိုးမိုးလာတဲ့ နေဝင်ဆည်းဆာချိန်ကတော့ လွမ်းမောဖို့ကောင်းတယ်။ ဆွေး ဆွေး မြေ့မြေ့တွေးလို့ကောင်းတယ်။ ချစ်ခင်ရသူတွေကို တမ်းတလို့ကောင်းတယ်။ ကျွန်တော့်ရဲ့ ပုလဲ သွယ် အက်ဆေးစာအုပ်မှာ ပါတဲ့ အက်ဆေးအများစုဟာ နေဝင်ဆည်းဆာ ချိန်ကို ခံစားပြီး ရေးခဲ့ တာတွေပေါ့။

အရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှာ ရောင်နီသန်းလာပြီး နေမင်းကြီး ထိုးဖောက်ထွက်လာ၊ အမှောင်ထု က တဖြေးဖြေးဆုတ်ခွာသွားတဲ့ အရုဏ်ဦးကို စောင့်ကြည့်ရတာကတော့ အားတက်ဖို့ ကောင်း တယ်၊ စိတ်ဓာတ်တက်ကြွတယ်၊ ခွန်အားသစ်တွေရတယ်။

ဒါပေမယ့် ကျွန်တော့မှာ ကြေမွသွားတဲ့ မြေစာပင်တွေ၊ပျောက်ဆုံးသွားတဲ့ အိပ်မက်တွေကြားမှာ နေဝင်ဆည်းဆာကို ခံစားဖို့ ခွန်အားမရှိတော့ဘူး။ ဒါ့ကြောင့် အရုဏ်ဦးကိုပဲ စောင့်ကြည့် ဖို့ ဆုံးဖြတ်ခဲ့တယ်။

တောင်ပေါ်မှာရောက်နေတဲ့အတွက် နေဝင်ပြီ ဆိုတာနဲ့ သိသိသာသာအေးလာတယ် ၊ ဒီတော့ မီးပုံဘေးမှာ ရမ် တစ်ခွက်၊ အသားကင်အမြည်းနဲ့ အအေးဒဏ်ကို အံတု၊ တိတ်ဆိတ်ခြင်း ကို ခံစားပြီး ( ဧည့်သည်များ ရင်တော့ တိတ်ဆိတ်ခြင်းကို အာမမခံနိုင်ဘူး။) ပင်းဒယလွင်ပြင်ထဲက မီးပွင့်လေးတွေကို ကြည့်၊ ကြယ်တွေကို ရေတွက်ရင်း အတွေးနယ်ချဲ့တယ်။ ညကိုးနာရီ ကျော်လာတော့ အပြင်မှာ ဘယ်လို မှနေလို့မရတော့ဘူး။ တဲထဲမှာ စောင်တွေနဲ့ ထွေးလုံး ရစ်ပတ်ပြီး အိပ်လိုက်တယ်။

ရာသီဥတုက ၁၀ ဒီဂရီ စင်တီဂရိတ်ဆိုတော့ အိပ်တယ်ဆိုပေမယ့် ချမ်းလွန်းလို့ အိပ်တစ်ဝက်၊ နိုးတစ်ဝက်ပါပဲ။ တစ်ချိန်က မြေခင်းမိုးကာတဲလေးအောက်၊မြေကြီး ပေါ်မှာ စောင်ရော ၊ ခြင်ထောင်ပါ ထွေးလုံးရစ်ပတ်အိပ်ခဲ့ရတဲ့အချိန်တွေကိုလည်း လွမ်းတမ်း တ မိပြန်တယ်။ ပင်ပန်းပေမယ့် စိတ်အား ထက်သန်ခဲ့ရတဲ့အချိန် နဲ့ သက်တောင့်သက်သာနေရပေမယ့် စိတ်တွေ လေးလံထိုင်း မှိုင်း နေရတဲ့အချိန်။ အချိန်တွေ၊ အခြေအနေတွေအများကြီးပြောင်းလဲသွားခဲ့ပြီ။ အိပ်မရလို့ အတွေးနယ်ချဲ့လေ ညတာရှည်လေပါပဲ။

မနက်ငါးနာရီမှာ အိပ်ယာထတယ်။ စောင်ပုံထဲက ထ ၊ တဲအပြင်ကို ထွက်ဖို့ မနည်းအားမွေးရ တယ်။ စခန်းစောင့် ဝန်ထမ်းနှစ်ယောက်လည်း အိပ်ယာမထသေးဘူး။ ကျွန်တော်နဲ့ပါတဲ့ အဖော် ကလည်း တုတ်တုတ်မှ မလှုပ်သေးဘူး။

အရှေ့ဘက်တောင်တန်းကြီးက မှောင်မည်းနေဆဲပဲ။ ပင်းဒယလွင်ပြင်ထဲမှာ ပင်းဒယမြို့ နဲ့ ကျေးရွာလေးတွေက မီးရောင်လေးတွေကပဲ အမှောင်ထုကို အံတုနေကြတယ်။ ကြည့်နေရင်း နဲ့ အရှေ့ဘက်တောင်တန်းပေါ်မှာ ရောင်နီလေးသန်းလာတယ်။ နောက်တော့ နီ ၊ ဝါ ၊ ပြာ ၊ ခရမ်း ရောင်စုံဖြာလာတယ်။ နောက်ဆုံးမှာ တောင်ကြားထဲက နေမင်းကြီး ထိုးထွက်လာတယ်၊ ပင်းတယ လွင်ပြင်ပေါ်ကို အလင်းရောင်ဖြာကျလာပြီး အမှောင်ထုက တဖြေးဖြေး နောက်ဆုတ်ပျောက်ကွယ် သွားတော့တယ်။

နံနက်ခင်း ဆီးနှင်းတို့ အဝေးမလွင့်မီ
နေရောင်ခြည် အရှေ့အရပ်က အကြိုဆိုက်ပြီ
မကြည်လင်တာတွေ အမှောင်ရိပ်ထဲ သိပ်ခဲ့ကွယ်
မကြာခင်ဆိုရင် မိုးလင်းနိုးထတော့မယ်၊

နဒီမင်္ဂလာ ( ကိုရဲလွင် )

လွင်ပြင်ပေါ်ကို အလင်းတန်းတွေဖြာကျလာတာနဲ့အတူ ပင်းတယလွင်ပြင်ဟာလည်း အသက်ဝင် လာတယ်။ လွင်ပြင်ထဲက တုံးခေါက်သံကြားရတယ်။ ထွေလာဂျီ စက်နှိုးသံကြားရတယ်။ တရားသံနာရတယ်။ မနက်စောစော မီးလှုံကြတော့ ရွာလေးတွေထဲက မီးခိုးတွေတက် လာတယ်။ လေထုက နှင်းတွေနဲ့ လေးလံနေလို့ထင်ပါရဲ့ မီးခိုးတွေက အပေါ်ထောင်မတက် နိုင်ဘဲ မြေပြင်မှာ အတန်းလိုက်ကြီးသွားနေတယ်။ ပင်းတယမြို့ပေါ်က မီးတွေပျောက်သွားပြီး ကားသံတွေ ကြား လာရတယ်။ နေ့သစ်စပြီလေ။

အရုဏ်တက်ချိန်မှာ ပင်းဒယလွင်ပြင်ဟာ အသက်ရှုမှားလောက်ကို လှပ အေးချမ်းနေတယ်။ ဒါပေမယ့် တောင်ထိပ်ပေါ်က ငုံ့ကြည့်နေသူအတွက်ပဲ လှပအေးချမ်းနေတာပါ။ လွင် ပြင် ထဲကလူတွေကတော့ အခုလို အချိန်ကာလမှာ သဘာဝအလှကို ခံစား နိုင်မယ်မထင်ဘူး။

ခဏနေတော့ ကျန်တဲ့သူတွေလည်း အိပ်ယာထပြီး လှုပ်လှုပ်ရှားရှား နဲ့ မနက်စာ ပြင်ဆင်ကြ တယ်။ မနက်စာကတော့ ဒေသထွက်ခေါပုတ်ကြော်နဲ့ ကော်ဖီခါးခါးတစ်ခွက်ပေါ့။ ခုနှစ်နာရီ ထိုးတော့ တောင်ပေါ်က ပြန်ဆင်းတယ်။ ရွှေပဲသီးစိုက်ခင်းတွေထဲဖြတ်တော့ အခင်းထဲမှာ ဒေသခံ တွေ အလုပ်လုပ်နေတာတွေ့တယ်။ ကျွန်တော်တို့က သဘာဝအလှကို ခံစားနေ ဆဲ မှာပဲ လက်တွေ့ ဘဝထဲ ကလူတွေက ဝမ်းရေးအတွက် ရုန်းကန်နေကြပြီ။

တောင်ခြေရောက်တော့ ဘေဘီလုံစခန်းရှိတဲ့တောင်ကြောကို ပြန်မော့ကြည့်မိတယ်။ ဘေဘီလုံ ဟာ အိပ်မက်ဘုံလေးပဲ။ တောင်ထိပ်မှာ ကြာကြာနေရင် လက်တွေ့ဘဝတွေကို မေ့သွားနိုင်တယ်။ ဒါပေမယ့် ခရီးသွားတယ်ဆိုတာ ဘဝတွေကို သိဖို့၊ ဘဝမေ့ဖို့ မဟုတ်ဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: