ဦး အစိတ် ခေါက်ဆွဲကြော်

၂၀၁၉ ခုနှစ် စက်တင်ဘာလ မှာ အဖေ အမေနဲ့ အတူစားခဲ့ရတဲ့ ၊ ငယ်ငယ်က စွဲလမ်းနှစ်သက်ခဲ့ တဲ့၊ အိမ်လုပ်ခေါက်ဆွဲ နူးနူးညံ့ညံ့ နဲ့ ကြော်တဲ့၊ မီးခိုးနံ့သင်းသင်း ခေါက်ဆွဲကြော် ရယ် ၊ ကြွပ်ရွ နူးညံ့တဲ့ အခေါက်ကင်ရယ် ကို စားချင်လို့ မှော်ဘီ အထိ သွားခဲ့ရတဲ့ အကြောင်း “ ချန်စိန်” ဆိုတဲ့ အက်ဆေးလေးတစ်ပုဒ် ရေးခဲ့ဖူး တယ်။ အဲဒီ အက်ဆေးအဆုံးမှာ

“ တကယ်တော့ ချန်စိန်ဆိုင်က ခေါက်ဆွဲကြော်၊ အခေါက်ကင်ထက် ပိုကောင်းတဲ့ဆိုင်တွေ ရှိ သည်။ ပြည်ပက စားဖိုမှူးကြီးတွေ ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ပေးသည့် တန်ဖိုးကြီးဆိုင်တွေ လည်း ရှိသည်။ ဒါပေမယ့် လှပတဲ့ အတိတ်နဲ့ ရောကြော်ထားသော ခေါက်ဆွဲ ကိုတော့ ချန်စိန် ဆိုင်မှာပဲ ရ နိုင်သည်။” လို့ရေးခဲ့တယ်။

( https://www.facebook.com/ye.htut.988/posts/2430881107025477 )

အခုလည်း ပင်းတယကို ရောက်နေတဲ့ ကျွန်တော်ဟာ လွမ်းမောစရာ အတိတ်နဲ့ ရောကြော်ထား တဲ့ ခေါက်ဆွဲကြော်ကို စားဖို့အတွက် “ ဦး အစိတ် ထမင်း နှင့် ခေါက်ဆွဲဆိုင်” ကို ရောက်ခဲ့ပြန် တယ်။ ဦးအစိတ်ဆိုင်ဆိုတာ ပိုင်ရှင်လည်းဟုတ်၊ စားဖိုမှူးကြီးလည်း ဖြစ်တဲ့ ဦး အစိတ် ကို အစွဲပြုပြီး နာမည်ပေးထားတာပါ။

၁၉ ၈၀၊ ၁၉ ၉ ၀ ပြည့်လွန်နှစ်များနဲ့ ၂၀၀၀/၂၀၀၁ ခုနှစ်တွေမှာ ကလော၊ ဗထူး မြို့တွေမှာ ဌာန ဆိုင်ရာ သင်တန်းတွေတက်ရတယ်။ အဲဒီအချိန်က အကြောင်းကြောင်းကြောင့် ပင်းတယ ရောက် ပြီ ဆိုရင် ဦးအစိတ်ဆိုင်ကို ဦးတိုက်ရတာပဲ။ အဲဒီကာလတွေကတော့ ကျွန်တော်တို့ တစ်တွေ ဟာ မြို့တစ်မြို့ကို ရောက်တဲ့အခါ ဘေးကင်းနယ်မြေ ရောက်ပြီလို့ သဘောထားပြီး စိတ်အေး လက်အေး စားကြ၊ သောက်ကြ။ တာဝန်ချိန်ဝတ်စုံနဲ့ ဖြစ်ဖြစ်၊ အရပ်ဝတ်နဲ့ဖြစ်ဖြစ် လွတ်လပ် ပေါ့ပါးစွာသွားခဲ့လာခဲ့ကြတာပါပဲ။ ဆရာမြတ်ခိုင် လေ နဲ့ ပြောရရင် တစ်ခါက ဖြစ်ပါ သည် ပေါ့။

တစ်ချို့ကတော့ အခုလို ငယ်ငယ်က အကြောင်းတွေကိုပဲ ပြန်ပြောတာ၊ သတိရတာဟာ ဇရာရဲ့ လက္ခဏာ ပဲ လို့ လည်း ဆိုကြတယ်။ ကျွန်တော်ကတော့ အဲဒီအချက်ကို သဘောမတူဘူး။ ပျော်စရာ၊ စိတ်ချမ်း မြေ့စရာတွေ မရှိ တော့ရင် ပျော်ခဲ့ရတဲ့၊ စိတ်ချမ်းမြေ့ခဲ့ရတဲ့ ကာလတွေဆီကို ပြန်သွားတတ် တာ လူ့သဘာဝပဲလေ။

ကျွန်တော်သင်တန်းသားဘဝနဲ့ ရောက်တဲ့အချိန်တုန်းကတော့ ဦးအစိတ်ဆိုင်က သစ်သားဆိုင်၊ မှောင်မှောင်မဲမဲ၊ မှုန်ကုတ်ကုတ်။ အခုတော့ တစ်ထပ်တိုက်လေးဖြစ်နေပြီ။ ဆိုင်ဘေးမှာ ပိုင်ရှင် မိသားစုနေတဲ့ နှစ်ထပ် တိုက်တစ်လုံး။ အဆောက်အဦသစ်၊ ဆိုင်းဘုတ်အသစ်ဖြစ်နေပေမယ့် နာမည်ကတော့ ဟို တစ်ချိန် ကလိုပဲ ရိုးရိုး ရှင်းရှင်း “ ဦးအစိတ် ထမင်းနှင့် ခေါက်ဆွဲဆိုင် ” ။

ဆိုင်အတွင်းထဲကတော့ အရင်လို မဟုတ်တော့ဘူး။ လင်းလင်းကျင်းကျင်း၊ ကျယ်ကျယ်လွင့်လွင့်၊ စားပွဲတွေ၊ ထိုင်ခုံတွေကတော့ အရင်ထဲကရှိခဲ့တဲ့ သစ်သားစားပွဲဝိုင်းကြီးတွေ၊ ခွေးခြေထိုင်ခုံတွေ။ ဒါပေမယ့် အရောင်တင်ထား တဲ့အတွက် သစ်သားရောင်ဖိတ်ဖိတ်တောက်နေတယ်။ ဆိုင်ထဲက အပူချိန် တိုင်းကရိယာရယ်၊ အအေးဘူးတွေထည့်ထားတဲ့ မှန်အအေးခန်း သေတ္တာရယ် ကတော့ ခေတ်ရဲ့လိုအပ်ချက်ကို ပြနေတယ်။

ဆိုင်နောက်ဘက် နံရံ မှာတော့ “ဦးအစိတ် စားသောက်ဆိုင်မှ သုံးဆောင် နိုင်သော စားသောက် ဖွယ်ရာများ” ဆိုတဲ့ ဗီနိုင်း ပိုစတာချိတ်ထားတယ်။အဲဒီမှာ ရေးထားတဲ့ ဟင်းလျာ အမည်အတော်များတာပဲ။ အရင်ကတော့ ထမင်းကြော်၊ ခေါက် ဆွဲကြော်၊ ကုန်းဘောင်ကြီးကြော်၊ ကြက်/ဝက်ချိုချဉ်၊ ကြက်/ဝက်ချဉ်စပ်၊ ဝက်ပဲငပိ၊ အစိမ်းကြော် ၊ ၁၂ မျိုးဟင်းချို လောက်ပဲ ရှိခဲ့တာပါ။ ဆိုင်ခန်းနောက်နားကျကျမှာ အချိုရည်ဘူးတွေ၊ ရေသန့် ဘူးတွေ၊ ဘီရိုထဲမှာ ဆိုင်သုံးပစ္စည်းတွေ ထားတာကတော့ အရင်စတိုင်ပါပဲ။ မပြောင်းလဲပါဘူး။

ကျွန်တော်ကတော့ အရင်လက်ရာအတိုင်းကောင်းသေးလားလို့ သိချင်တာကြောင့် တစ်ချိန်က နှစ်နှစ်ခြိုက်ခြိုက် အားပေးခဲ့တဲ့ ဦးအစိတ် ခေါက်ဆွဲကြော်နဲ့ အခေါက်ကင်သုပ်ကို ပဲမှာတယ်။ အခေါက်ကင်သုပ်က အရင်ရောက်လာတယ်။ အခေါက်ကင်သုပ်က ငရုတ်ဆီဆမ်း၊ ကြက်သွန်နီ အကွင်း လိုက်တင်ပေးတဲ့ အခေါက်ကင်သုပ် မဟုတ်ဘူး။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန် မိတ်၊ နံနံပင်၊ ကြာညို့ စတာတွေနဲ့ သုပ်ထားတဲ့ အခေါက်ကင်သုပ်။ အပေါ်ဆုံး အခေါက်က ကြွပ် ကြွပ်ရွရွ၊ အလယ်အဆီက အိအိထွေးထွေး၊ အောက်ဆုံးအသားက နူးနူးညံ့ညံ့။ တစ်ချိန်က စားခဲ့ ဖူးတဲ့ အရသာတိုင်း မပြောင်းလဲဘူး။

ခဏနေတော့ ခေါက်ဆွဲကြော်ရောက်လာတယ်။ ခေါက်ဆွဲပေါ်မှာ ကြက်ဥကြော်တင်ထားတယ်။ ဂေါ်ဖီ ငရုတ်ဆီနဲ့လုပ်ထားတဲ့ အချဉ်တစ်ပွဲ၊( ဒီအချဉ်မျိုးကိုတော့ မကြိုက်လှဘူး) နောက် ကြက်ပြုတ်ရည်၊ မုန့်ကြွပ်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်မိတ်၊ ငြုပ်သီးတောင့် ရှည် တွေ နဲ့ ဆာဒါး ဟင်းချို တစ်ခွက်။ တကယ့်ပုံမှန် တရုတ်ခေါက်ဆွဲဆိုင်ရဲ့ ခေါက်ဆွဲကြော် အခင်းအကျင်းပဲ။

ခေါက်ဆွဲကြော်ကို မစားခင် အနံ့ကို အရင်ခံစားကြည့်တယ်။ ခေတ်ဟောင်းခေါက်ဆွဲ ကြော် အနံ့လို့ပဲ ခေါ်ခေါ်၊ တောခေါက်ဆွဲကြော် အနံလို့ပဲခေါ်ခေါ် မီးခိုးနံ့သင်းသင်းလေးရတယ်။ ကျွန်တော်တို့က အလွယ်တကူ မီးခိုးနံ့လို့ ပြောပေမယ့် နားလည်တတ်ကျွမ်းသူ တစ်ယောက် ကတော့ ထင်းမီး နဲ့ ကြော်တာဖြစ်ရမယ့်အပြင် နှစ်ပေါင်းများစွာ ဆီဝနေတဲ့ သံဒယ်အိုးတွေနဲ့ ကြော်မှ ဒီလို အနံ့မျိုးရတာ၊ အိမ်က ဒယ်အိုးမှာ ထင်းမီးနဲ့ ကြော်လို့ ဒီလို အနံ့မျိုးမရဘူး လို့ ရှင်းပြဖူးတယ်။

တရုတ်ဆိုင်က ဒယ်အိုးကြီးတွေက အသေထိုင်ထားပြီး တစ်ခုခု ချက်ပြုတ် ကြော်လှော်ပြီးတာနဲ့ ယောက်ချိုဇွန်းကြီးနဲ့ ရေခပ်ပြီး ဒယ်အိုးထဲ ပက်ထည့်လိုက်၊ ပြီးရင်း တံမြက်စည်းတိုလေးနဲ့ ဒယ်အိုးအတွင်းကို လှည့်ပတ်ပွတ်တိုက်ပြီး ရေပက်ထုတ်လိုက်၊ နောက် ဟင်းတစ်ပွဲ ချက်လိုက်ဆိုတော့ ဒယ်အိုးကြီးတွေက ဆီသားဝနေတာကိုး။ ဒီတော့ ဒယ်အိုးနံ့ လို့ ပြောရင်လည်း မှားမယ်မထင်ဘူး။

ခေါက်ဆွဲဖတ်ကတော့ စားကြည့်လိုက်တာနဲ့ အိမ်လုပ်ခေါက်ဆွဲဖတ်မှန်းသိသာပါတယ်။ အိမ်လုပ် ခေါက်ဆွဲဖတ်က နူးနူးညံ့ညံ့၊ ရောင်းတမ်းခေါက်ဆွဲဖတ်တွေက မာမာတင်းတင်း၊ အရသာလည်း ကွာတယ်။ နှစ်နှစ်ဆယ်ကျော်ကြာခဲ့ပေမယ့် ဦးအစိတ်ဆိုင်က ခေါက်ဆွဲကြော်နဲ့ အခေါက် ကင်သုပ် က ကောင်းနေဆဲပဲ။

ဦးအစိတ် ဆိုင်ကို ဘယ်ခုနှစ်က ဖွင့်သလဲဆိုတာ ဆိုင်ကလူတွေမပြောနိုင်ဘူး။ သားတွေ တစ် သက်ပဲလို့ဆိုတော့ အနည်းဆုံးနှစ်ခုနှစ်ဆယ်ကျော်ပြီပေါ့။ ၁၉ ၆၀ ပြည့်လွန်နှစ်တွေမှာ ကျွန် တော့် အဖေ အောင်ပန်းမှာတာဝန်ကျတော့ ဦးအစိတ်ဆိုင်ရှိနေပြီလို့လည်း ပြောတယ်။ အခု ဆိုင်ကို ဦးစီးနေတာက ကွယ်လွန်ပြီဖြစ်တဲ့ သား အငယ် ဆုံးရဲ့ ဇနီး နဲ့ သူ့သမက်ပေါ့။ ကျန်တဲ့ သားသမီးတွေက ကွယ်လွန်သူ ကွယ်လွန်၊ အခြားမြို့တွေမှာ ပြောင်းရွှေ့ သူရွှေ့လို့ဆိုတယ်။

ဦးအစိတ်ကို ကျွန်တော်စိတ်ဝင်စားမှန်းသိတော့ မြေးသားမက်ဖြစ်သူကအိမ်မှာ ရှိတဲ့ ဦးအစိတ်ဓာတ်ပုံ နဲ့ မိသားစု ဓာတ်ပုံကိုလိုက်ပြတယ်။ ဦးအစိတ်ပုံက လူလတ်ပိုင်းအရွယ်က ရိုက်ထားတာဖြစ်မယ်။ ဆံပင် တိုတို၊ နှာတံပေါ်ပေါ်နဲ့ ၊ လူပုံချောပဲ။ မိသားစုပုံထဲမှာတော့ သားကြီးတစ်ယောက်က ဟောင် ကောင်မင်းသား စတိုင်နဲ့။ မိသားစုကတော့ အဲဒီခေတ်ကထုံးစံပဲ လူဦးရေကများတယ်။ အိမ်ပေါ်မှာ ဦးအစိတ်ရဲ့ ဂျာမနီလုပ် Telefunken အမျိုးအစား ခေတ်ဟောင်း ရေဒီယိုကြီးကိုလည်း တွေ့ခဲ့ရတယ်။ အင်တာနက်မှာ ရှာ ကြည့်တော့ ၁၉ ၅၀ ပြည့်လွန်နှစ်တွေက ထုတ်တာတဲ့။ ရှေး တရုတ်လက်သမားတွေရဲ့ လက်ရာ ခေါက်စားပွဲကြီး တစ်လုံးလည်းတွေ့တယ်။

ဦးအစိတ်က ပြည်ကြီးတရုတ်လို့လည်းပြောတယ်။ တရုတ်ပြည်မှာ မွေးပြီး မြန်မာနိုင်ငံထဲကို ရွှေ့ပြောင်းအခြေချလာတာကို ဆိုလိုတာပါ။ ဘယ်မျိုးနွယ်စုလဲ၊ ဘယ်ပြည်နယ်က လာသလဲ ဆိုတာတော့ အခု ရှိနေတဲ့ မိသားစုဝင်တွေက သေသေချာချာ မပြောနိုင်ဘူး။ ကျန်တဲ့ သားတွေ ကတော့ပြောနိုင်မယ်ထင်တယ်။ ဒါမှမဟုတ် ဘုံကျောင်းမှတ်တမ်းတွေမှာ ရှိနိုင်မလား မသိဘူး။

ဦးအစိတ် ဆိုင်ကို မလာခင် ဦးအစိတ်ဆိုင် အကြောင်းမေးကြည့်တော့ ဒေသခံတွေ နဲ့ ကျွန်တော် တို့ လို အရင်က စားဖူးသူတွေကတော့ အားပေးတယ်။ ခရီးသွားလုပ်ငန်း တစ်ချို့ကတော့ ဦးအစိတ် ဆိုင် က နိုင်ငံခြားဧည့်သည်တွေအတွက်လိုအပ်တဲ့အခြေအနေ မပြည့်စုံ လို့ မသွားဘူး လို့လည်း ဆိုတယ်။ ပြည်တွင်းဧည့်သည်တွေကလည်း ဆိုင်အကြောင်းမသိတော့ ခေတ်မီ လှပ ဆွဲ ဆောင်မှုရှိတဲ့ ဆိုင်တွေကို အသွားများတယ်လို့လည်း ပြောကြတယ်။ မေးရမှာ အားနာလို့ ဆိုင်ကလူ တွေကိုတော့ မှန်၊ မမှန် မမေးခဲ့ပါဘူး။

တကယ်တော့ ဦးအစိတ်ဆိုင်လို သက်တမ်းရင့်ဆိုင်တစ်ဆိုင်မှာ ဆိုင် စဖွင့်တဲ့နှစ်ကို တန်ဖိုး ထားဖော်ပြထားတာမျိုး၊ ခေါက်ဆွဲကြော်၊ အခေါက်ကင် သုပ် လို ရှေးထဲက နာမည်ရတဲ့ အစားအသောက်ကို အဓိက ဟင်းအမယ်အဖြစ် ကြော်ငြာ တာမျိုး၊ အခုလိုပဲ ခေတ်ဟောင်း ပရိဘောဂတွေကို စနစ်တကျ အသုံးပြုတာမျိုး၊ ဦးအစိတ်ရဲ့ ရေဒီယို နဲ့ အခြားအမှတ်တရ ပစ္စည်းတွေကို ခင်းကျင်းပြသ ထားတာ မျိုးနဲ့ နိုင်ငံခြားသားတွေရော၊ ပြည်တွင်း ခရီးသွားတွေကိုပါ ဆွဲဆောင်လို့ရနိုင်ပါတယ်။ မီးဖိုဆောင်သန့်ရှင်းမှု၊ ဆိုင်အတွင်းသန့်ရှင်းမှုမျိုးနဲ့ပတ်သက်ရင် တော့ ခေတ်မီဆိုင်တွေရဲ့ စံနှုန်းတွေအတိုင်း ဖြစ်အောင်လုပ်ရမှာပေါ့။

ခေတ်သစ်ပဲဖြစ်ဖြစ်၊ ခေတ်ဟောင်းပဲဖြစ်ဖြစ် တန်ဖိုးထားရမယ့် အရာတွေ၊ အသုံးဝင်တဲ့ အရာ တွေ ရှိတဲ့အတွက် အဲဒီနှစ်ခုကို အချိုးညီညီပေါင်းစပ်နိုင်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း ပစ်ပယ်လို့မရ တန်ဖိုးထားရမယ့် အရာတွေလည်း ရှိသေးတယ်။
ဥပမာ စားသုံးသူကို အလေးထားတာ၊ ဝန်ဆောင်မှုကောင်းတာ၊ သန့်ရှင်းတာမျိုးပေါ့။ အဲဒီ အရာတွေ အားလုံးထက် အရေးကြီးတာ အဓိက ကျတာကတော့ စားသုံးသူတွေရဲ့ အမြင် နဲ့ အသံပါပဲ။ ကြော်ငြာတွေ ဘယ်လောက်ထည့်ထည့် ဆိုင်မှာစားခဲ့သူတွေရဲ့ တစ်ဆင့်စကား ပြော ကြားချက်တွေကို မကျော်နိုင်ပါဘူး။ ရုပ်မြင်သံကြားမှာ ၊ သတင်းစာ ဂျာနယ်မှာ အချိန်ပြည့်၊ မျက် နှာပြည့် ကြော်ငြာတွေထည့်ရုံနဲ့ စားသုံးသူက ကြိုက်ပြီ၊ လက်ခံပြီလို့ထင်ရင်တော့ မှားမှာပဲ။

ဦးအစိတ်ဆိုင်က ခေါက်ဆွဲကြော်နဲ့ အခေါက်ကင်သုပ်က အရင်လက်ရာအတိုင်း ကောင်းနေ ဆဲပါပဲ။ ဒါပေမယ့် ငယ်သံယောဇဉ်ကြီးခဲ့တဲ့ ဆိုင်လေး ဒီထက်ပိုပြီး စည်ကားစေချင်၊ ဧည့် သည်တွေပိုလာစေချင်၊ လက်ရာကို ချစ်ခင်စွဲမက်သူတွေ ပိုများစေချင်၊ ဖောက်သည် အသစ် တွေ တိုးစေချင်တယ်။

ဒါပေမယ့် ကျွန်တော့်ကတော့ ခေါက်ဆွဲကြော်တစ်ပွဲ အကြောင်း စာဖွဲ့တာထက် ပိုပြီး မတတ်နိုင်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: