ပင်းတယမြို့၊ ရွှေဥမင်လှိုဏ်ဂူဘုရားသမိုင်းအကြောင်းပြောရင် ကုမ္မာဘယမင်းသားနဲ့ ရှင်မိယာ အကြောင်း မပါလို့မရဘူး။ ပင်းတယ ၊ ရွှေဥမင်လှိုဏ်ဂူ ဘုရားအပြင် ပင်းတယမြို့ ပတ်ဝန်းကျင် နေရာ အတော်များများကလည်း ဒီပုံပြင်နဲ့ ဆက်စပ်နေတယ်။ အဲဒီအထဲမှာ ဇော်ဂျီ ရေထွက်လည်း ပါတယ်။
ကုမ္မာဘယမင်းသား နဲ့ရှင်မိယာပုံပြင်ကလည်း ကိုရီးယားဇာတ်လမ်းတွဲလိုပဲ အတော်ရှည်တယ်။ ကုမ္မဘယ မင်းသားရဲ့ ပထမဆုံးရန်သူက ဂဠုန်၊ ဂဠုန်ကို မင်းသားက သတ်လိုက်တော့ ပင့်ကူ ဖြစ်၊ ပင့်ကူကို သတ်တော့ ဘီလူးဖြစ်၊ ဘီလူးကို သတ်တော့ ဇော်ဂျီဖြစ် ၊ ဇော်ဂျီ သေတော့မှ ဇာတ် လမ်းက ပြီးတာ။ ဒီကြားထဲမှာ ဘီလူးနဲ့ တိုက်ခိုက်လို့ရတဲ့ ဒဏ်ရာနဲ့ မင်းသားသေသွားလို့ သိကြားမင်း ရေစင်ဖျန်းပြီး အသက်ရှင်အောင် ပြန်လုပ်ပေးရတာလည်း ပါသေးတယ်။
ရှင်မိယာဆိုတာက ပင့်ကူကြီး ဖမ်းထားတဲ့ ငွေတောင်ပြည်က နတ်သမီးခုနှစ်ဖော်ထဲက အငယ် ဆုံး။ ပင့်ကူကြီးရန်က လွတ်လာပြီး မင်းသားနဲ့ ဖူးစာဆုံတာ။ မင်းသားက ရှင်မိယာကိုခေါ်ပြီး ဖခင်တိုင်းပြည်ကို သွားတော့ လမ်းမှာ ပင့်ကူသေပြီး ဘီလူး ဖြစ်နေတဲ့ ရန်သူဟောင်း နဲ့တွေ့ ပြန်ရော၊ အပြန်အလှန်တိုက်ရင်း ဘီလူးသေတယ်၊ မင်းသားလည်း ဒဏ်ရာရ ပြီး နောက်တော့ သေသွားတယ်။
မင်းသားသတ်လို့ သေသွားတဲ့ ဘီလူးက ဇော်ဂျီ ဖြစ်သွားပြီး ရှင်မိယာကို ဖမ်းခေါ်သွားတယ်။ ပင်းတယမြောက်ဘက် ရေထွက် နားက တောင်ပေါ်ရောက်တော့ ခဏနားတယ်။ ရှင်မိယာက မာယာသုံးပြီး ဇော်ဂျီကို ရေခပ် ခိုင်းတယ်။ ခွက်နဲ့မခပ်နဲ့ ၊ နှုတ် နဲ့ ငုံလာတဲ့ရေကို မှ သောက်ချင် တယ်လို့ပြောတယ်။ ဒီတော့ ဇော်ဂျီ က ရေထဲကိုကုန်းပြီး ရေငုံဖို့လုပ်တယ်။ အဲဒီအချိန်မှာ ရှင် မိယာက ဇော်ဂျီကို ရေထဲတွန်းချတယ်။ ပြီးတော့ ထဘီ နဲ့အုပ်လိုက်တော့ ဖေဇော်ဂျီ တန်ခိုး ပျောက်ပြီး ရေနစ်သေတယ်။
ဒါ့ကြောင့် အဲဒီရေထွက်ကို ဇော်ဂျီ ရေထွက်လို့ခေါ်တယ်။ ဒီဇော်ဂျီရေထွက်က ကျွန်တော်တို့ သိတဲ့ ဇော်ဂျီမြစ်ရဲ့ အစပဲ။ ဇော်ဂျီနဲ့ ရှင်မိယာ ခဏနားတဲ့ ဇော်ဂျီရေထွက်အပေါ်က တောင်ကုန်းကို ရှင်မိယာကုန်းလို့ခေါ်တယ်။
မြန်မာပြည့်အနှံ့မှာ ထင်ရှားတဲ့နေရာတွေ နဲ့ပတ်သက်ပြီး နဂါး၊ ဂဠုန်၊ ဘီလူး၊ သိကြားမင်း၊ ဆင်၊ ကျားတွေ၊ သူရဲကောင်းတွေ၊ တန်ခိုးရှင်တွေပါတဲ့ ဒဏ္ဏာရီ ပုံပြင်တွေများကြီးပဲ။ ကျွန်တော်တို့ ခေတ်အမြင်နဲ့ ကြည့်ရင်တော့ ယုတ္တိမတန်တဲ့ မဖြစ်နိုင်တဲ့ ဇာတ်လမ်းတွေပေါ့။ ဒါပေမယ့် ကျွန် တော့် အဖိုးကတော့ ရှေးခေတ်က ဘုရင်တွေ၊ နယ်စားတွေ၊ မြို့စားတွေက ဓားထက်၊အာဏာ စက်ပြင်းတော့ ပြည်သူတွေက တိုက်ရိုက်မဝေဖန်ရဲဘူး။ ဒီတော့ ဘုရင်ဆိုး၊ မြို့စား နယ်စား ဆိုး တွေကို လူကြမ်းဇာတ်ကောင်နေရာ၊ သူတို့ ချစ်ခင်တဲ့သူကို သူရဲကောင်းနေရာမှာ ထားပြီး ပုံပြင်လုပ်ပြောခဲ့တာလည်း ဖြစ်နိုင် တယ်လို့ ပြောဖူးတယ်။ ခုခေတ်စကားနဲ့ဆိုရင်တော့ ဆင်ဆာလွတ်အောင်၊ ငါးဂဏန်းလွတ်အောင် ပြောတာမျိုးပေါ့။
ပင်းတယကနေ ဇော်ဂျီရေထွက်ကို သွားမယ်ဆိုရင် ပင်းတယ – ရပ်စောက်လမ်းအတိုင်း သွားရတယ်။ မြို့အထွက် မြောက်ကျောင်း လို့ခေါ်တဲ့ ဘုန်းတော်ကြီးကျောင်း ကျော်တာနဲ့ ဘယ်ဘက် ညောင်ပင်ကြီး အောက်မှာ ရေဖြူကျေးရွာအုပ်စုဆိုတဲ့ ကွန်ကရိဆိုင်းဘုတ်အကြီးကြီး နဲ့ ကတ္တရာ လမ်းခွဲရှိတယ်။
အဲဒီလမ်းခွဲအတိုင်းလိုက်သွားရင် ရေဖြူရွာအလွန် ညာဘက်မှာ စာသင်ကျောင်းရှိတယ်။ မျက်နှာချင်းဆိုင်မှာ ဇော်ဂျီရေထွက်ဆိုတဲ့ မူလစာလုံးပျောက်သလောက်ဖြစ်နေတဲ့ လမ်းညွှန် ဆိုင်းဘုတ်နဲ့ ဘယ်ဘက်ကို ခွဲသွားတဲ့ လမ်းတစ်လမ်းရှိတယ်။ အဲဒီလမ်းအတိုင်းဆက်သွား ရင် နောက်ထပ်လမ်းဆုံတစ်ခုတွေ့မယ်။ ဘာဆိုင်းဘုတ်မှ မရှိတော့ဘူး။ ဘယ်ဘက်လမ်း အတိုင်းမောင်းသွားရင် ကားလမ်းက တောင်ကုန်းတစ်ခုပေါ်တက်သွားတယ်။ ညာဘက်မှာ လူသွားလမ်းတစ်ခုရှိတယ်။ ကားလမ်းနဲ့ လူသွားလမ်းအဆုံမှာ ရှင်မိယာတောင်သို့ ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ ကားလမ်းက ရှင်မိယာတောင်ပေါ်တက်တဲ့လမ်း။ တောင်ပေါ်မှာ ထင်းရှုး ပင်တွေရှိတယ်။ သီလရှင်ကျောင်းတစ်ကျောင်းရှိတယ်။
ညာဘက် လူသွားလမ်းက ဇော်ဂျီရေထွက် ကို သွားတဲ့လမ်းဖြစ်ပါတယ်။ အထဲမှာ လမ်းခွဲ တွေရှိ ပေမယ့် လမ်းညွှန်ဆိုင်းဘုတ်မရှိတော့ဘူး။ ဒါ့ကြောင့် ပထမတွေ့တဲ့ လမ်းခွဲ နှစ်ခုမှာ ညာဘက် လမ်းခွဲကို လိုက်ပါ။ နောက်ဆုံးတွေ့တဲ့လမ်းခွဲ မှာ တည့်တည့်သွားရင်လည်း လယ်ကွင်းတွေ ကနေ ဖြတ်ပြီး ဇော်ဂျီရေထွက်ကိုရောက်တယ်။ ဒါပေမယ့် ဝေးတယ်။ နေပူတယ်။ ဘယ်ဘက် လမ်းခွဲက တောင်ကြောအတိုင်းသွားတဲ့အတွက် နေရိပ်တယ်၊ သာယာတယ်။
နောက်ဆုံးလမ်းခွဲကနေ ဆယ်မိနစ်လောက်လေ ျှာက်လိုက်ရင် ဇော်ဂျီရေထွက်ကို ရောက်တယ်။ ရေထွက်အစနေရာကို သံဆူးကြိုးခတ်ထားတယ်။ တံခါးတစ်ခုရှိတယ်။ သော့ခတ်မထားဘူး။ သစ်တောဦးစီးဌာန၊ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ဇော်ဂျီသဘာဝရေထွက် ထိန်းသိမ်း ရေးလုပ်ငန်း ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတယ်။
ခြံဝင်းထဲကို ဝင်ပြီးရေထွက်ဦးနေရာကို ကြည့်လို့ရတယ်။ အဲဒီနေရာမှရေချိုးတာ၊ အမှိုက်ပစ် တာမလုပ်ရဘူး လို့ ဆိုပေမယ့် သတိပေး ဆိုင်းဘုတ်တွေမရှိဘူး။ ခြံဝင်း ကို သော့ခတ်မထားတဲ့ အတွက် စည်းကမ်းမလိုက်နာသူတွေ ရေချိုးတာမျိုးဖြစ်လာနိုင်တယ်။ ခြံဝင်းကို သော့ခတ်ထားပြီး အပြင်ကနေ ကြည့်ခိုင်းတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။
ရေထွက်အစ ရဲ့ အောက်ဘက်မှာ ရေချိုးလို့ကောင်းတဲ့နေရာရှိတယ်။ အဲဒီနေရာကို သွားဖို့ အတွက် တံတားလေးလုပ်ပေးထားတယ်။ ဇော်ဂျီမြစ်က အစပိုင်းမှာ ချောင်းသေးသေးလေး ပဲ။ ပင်းတယ၊ ရပ်စောက်လွင်ပြင် မှာ ရှိတဲ့ ချောင်း၊ မြောင်းအားလုံးက ဇော်ဂျီမြစ်ထဲကို စီးဝင်တဲ့ အတွက် ကျောက်ဆည်လွင်ပြင်ရောက်တဲ့အခါ ပီပီပြင်ပြင် မြစ်ဘဝရောက်သွားတယ်။
ဇော်ဂျီရေထွက်တစ်ဝိုက်က တောရိပ်တောင်ရိပ်နဲ့အတော်သာယာတယ်။ ချောင်းရေ ကလည်း အောက်ခြေကြမ်းပြင်ကို မြင်ရတဲ့အထိ ကြည်လင်တယ်။ အေးမြတယ်။ ချောင်းဘေးဝဲယာ စိုက်ခင်းတွေက လည်း တစ်နှစ်ပတ်လုံး ရေတင်စိုက်လို့ရတဲ့အတွက် အလုပ်နဲ့လက်မပြတ်ကြဘူး။ အခု ဒီဇင်ဘာ လဆန်းပိုင်းမှာ စပါးတွေရိတ်ပြီး နောက်ထပ် သီးနှံတွေ ထပ်စိုက်ဖို့အတွက် ထွန်ယက် နေ တာတွေ မြင်ခဲ့ရတယ်။
ဒီသဘာ၀ အလှတွေကို ဖျက်နေတာကတော့ ထုံးစံအတိုင်း စွန့်ပစ် အမှိုက်တွေပဲပေါ့။ ဇော်ဂျီ ရေထွက် ရေချိုးတဲ့နေရာမှာ အမှိုက်ကန် နှစ်ခုရှိတယ်။ “ရေထွက်သန့်ရှင်းရေးအတွက် အမှိုက်များ ကို စနစ်တကျ စွန့်ပစ်ပါရန်” လို့ ရေးထားတယ်။ ဒါပေမယ့် စနစ်တကျအမှိုက်ပစ်သွားတဲ့ သူတွေရှိသလို ချောင်းဘေးမှာ ဒီအတိုင်း ပစ်ထားတဲ့အမှိုက်တွေလည်း တွေ့ရတယ်။ မီးပုံ အဟောင်းတွေလည်း တွေ့တယ်။ ကြည့်ရတာ ရေချိုး၊မီးလှုံ၊ အရက်သောက် လုပ်ပုံရတယ်။ ရေအောက်မြုပ်နေတဲ့ ပုလင်းခွံလည်းတွေ့ရတယ်။ ချောင်းရေ ကြည်ကြည်ထဲမှာ အမှိုက်တွေ့ ရ တာလောက် ဝမ်းနည်းရတာမရှိဘူး။ ကိုယ်နိုင်သလောက် ကောက်ပြီးအမှိုက်ပုံးထဲ ထည့်ပေး ခဲ့ ပေမယ့် လုံးဝသန့်ရှင်းသွားအောင်တော့ မတတ်နိုင်ဘူး။
ဇော်ဂျီရေထွက်နေရာက တောလမ်းခရီးတိုတိုလေ ျှာက်၊ ရေချိုး အပန်းဖြေ၊ ချောင်းဝဲယာ စိုက်ခင်းတွေကြားမှာ ဓာတ်ပုံရိုက်ချင်သူတွေအတွက် သင့်တော်တဲ့ နေရာဖြစ်ပါတယ်။ ဒါပေ မယ့် ခရီးသွားချင်း ကိုယ်ချင်းစာစိတ်နဲ့ သဘာဝပတ်ဝန်းကျင်အလှအပ ကို ခံစား စေချင်လို့ ညွှန်းလိုက်ပေမယ့် ကိုယ့်ကြောင့် သဘာ၀ အလှ ပျက်သွားမှာကိုလည်း စိုးရိမ်မိတယ်။
ဒါ့ကြောင့် ပင်းတယ ရောက်ရင် ဇော်ဂျီရေထွက်ကို တာဝန်သိသိ၊ စည်းကမ်းရှိရှိ နဲ့ သွားလေ့လာပါ လို့ပဲ တိုက်တွန်းချင် ပါတယ်။










