ဘ၀ ရထား (၄ )

အင်းစိန်ကနေ မွန်းလွဲ ၁း၅၅ ထွက်တဲ့ ရထားကို ဈေးပြန်၊ ရုံးပြန်ရထား လို့ ခေါ်ရမယ်ထင် တယ်။ ဒီရထားမှာ တွေ့ခဲ့တဲ့ ခရီးသည်တွေကိုလည်း သုံးမျိုးခွဲလို့ရတယ်။ ပထမ အမျိုးအစားက မနက်က ကျွန်တော်တို့လာတဲ့ ရထားနဲ့လိုက်လာပြီး ဒညင်းကုန်းမှာ ဈေးဝယ်ဖို့ ဆင်းနေခဲ့တဲ့ ဈေးသည်တွေ ပြန် လိုက်တာ၊ ဒုတိယအမျိုးအစားက မနက် ၆း၅၀ ထွက်တဲ့ အင်းစိန် – လှော်ကား – ရန်ကုန် ရထား နဲ့ လိုက်လာတဲ့ လှော်ကား၊ ရွှေပြည်သာဘက်က ဈေးသည်တွေ ကြားဘူတာတွေကနေ ပြန် လိုက် တာ။ တတိယအမျိုးအစားက ရုံးဝန်ထမ်းတွေပေါ့။ ကျွန်တော်တို့လို ကြားပေါက် ခရီးသည် ကတော့ နည်းပါတယ်။

အင်းစိန်က ထွက်တော့ ခရီးသည် နည်းနည်းပဲ။ အောင်ဆန်းဘူတာ ပြီး တညင်းကုန်း ဘူတာ ဝင် တော့ ဘူတာစင်္ကမြှာ နည်းတဲ့ လူအုပ်ကြီးမဟုတ်ဘူး။ တောင်းတွေ ပလုံးတွေ၊ လူတွေ။ ရထား က လည်း မိနစ်ပိုင်းပဲ ရပ်တာဆိုတော့ အမြန်တင်၊ အမြန်တက်ပဲ။ ပစ္စည်းတွေ ထွက်ကျလို့ လိုက် ကောက်ရတာလည်း ရှိတယ်။

တညင်းကုန်းဈေးသစ်ကြီးက ၂၀၁၈ ခုနှစ်မှာဖွင့်တာ။ ဈေးသည်တွေအပြောအရတော့ ဆိုင်ခန်း နှစ်ထောင်ကျော် လောက်ရှိသတဲ့။ လူသွားလမ်းတွေကျယ်တော့ ပစ္စည်းရွှေ့ရပြောင်းရတာလည်း လွယ် တယ်ဆိုပဲ။ ကျွန်တော့်ကိုတောင် တစ်ခေါက်လောက် လိုက်ကြည့်ဖို့ခေါ်နေသေးတယ်။

တညင်းကုန်းဈေးကို ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညင်း၊ မုန်လာဥ စတဲ့ ရှမ်းကုန်စိမ်းတွေ၊ ပျဉ်းမနား တပ်ကုန်းဘက်က ဟင်းသီးဟင်းရွက်တွေ လာတယ်။ ကျွန်တော်ပေါက်ခေါင်းသွားတဲ့ အချိန်က တွေ့ခဲ့တဲ့ ပုတီးကုန်း၊ သဲကုန်း ဘက်က ကုန်စိမ်းတွေလည်း ဝင်တယ်။ အညာက ကြက်သွန်၊ အာလူးတွေလည်း ဝင်တယ်။ ကားနဲ့လာတဲ့ ငှက်ပျောတွေကလည်း ဒီမှာပဲချတယ်။ ရန်ကုန် ပတ်ဝန်းကျင်က အသီးအနှံ၊ ပန်းတွေလည်း ဒီမှာပဲ ဂိတ်ဆုံးတယ်တဲ့။ သူတို့ရွတ်ပြတဲ့ အမျိုး အစား တွေက မနည်းမနောပဲ။

ရထားပေါ်မှာ ပစ္စည်းတွေနေရာချပြီးတာနဲ့ တစ်ချို့က ထမင်းစားတယ်။ တစ်ချို့က အချိန်ရခိုက် ဟင်းရွက်စည်းကြီးတွေကို ပြန်ခွဲပြီး စည်းတယ်။ တစ်ချို့ကတော့ သူ့ကုန်၊ ကိုယ့်ကုန်၊ သူဝယ်တဲ့ ဈေး၊ ကိုယ်ဝယ်တဲ့ဈေး တိုက်ဆိုင်စစ်ဆေးနေကြတယ်။ အားလုံး အလုပ်ရှုပ်နေတော့ မေးရမှာ တောင်အားနာနေရတယ်။ နောက်တော့မှ သွက်သွက် လက်လက် ရှိတဲ့ အမျိုးသမီး တစ်ယောက် က တညင်းကုန်းဈေးအကြောင်း၊ သူတို့လုပ်ငန်းလုပ်ပုံအကြောင်းရှင်းပြတယ်။

သူတို့ အုပ်စုက အလာရထားနဲ့ ကန်ဘဲ့က လိုက်လာတဲ့အဖွဲ့။ တစ်ရက်ခြားတစ်ခါ တညင်းကုန်းဈေးကိုလာတယ်။ အခု အိမ်ရောက်တာနဲ့ ဝယ်လာတဲ့ ဟင်းသီးဟင်းရွက် တွေကို ပြန်သန့်၊ ကိုုယ်ရောင်းမယ့် အရွယ်အစားအတိုင်း ပြန်စည်းရတယ်။ မနက် နှစ်နာရီခွဲလောက် ထ ပြီး ပဲပြုတ်တယ်၊ကောက်ညှင်းပေါင်းတယ်။ အသီးအရွက်တွေ ပြင်ဆင်တယ်။ လေးနာရီခွဲ ၊ငါးနာရီ ဆို တွန်းလှည်းပေါ်တင်ပြီး ရောင်းတယ်။ နေတာကန်ဘဲ့၊ ရောင်းတာကတော့ မရမ်းကုန်း ဘက် အထိ ရောက်တယ်။ အသီးအရွက်တွေကတော့ ငါးရာဖိုး၊နှစ်ရာဖိုး ပုံရောင်း၊ စည်းရောင်း တာပေါ့။

ဈေးသည်အမျိုးသမီးက ရောင်းရမှ ငါးဆယ်၊ တစ်ရာ ပါးပါးလေးမြတ်တာပါ။ ရောင်းမကုန်လို့ လွှင့်ပစ်ရတာက ရှိသေးတယ်။ တစ်ခါတစ်လေ ပစ္စည်းက ဈေးတက်သွားပေမယ့် ဈေးဝယ်က မနေ့က ဈေးကို အသေမှတ်ထားတာ။ ဒီနေ့ဆိုရင် ပန်းဂေါ်ဖီက ဈေးတက်သွားပြီ။ မနက် ဖြန် ဘယ်လိုပြောရောင်းရမလဲ မသိဘူး လို့ ပြောရှာတယ်။

ကျွန်တော်က “ပစ္စည်းတွေ ဈေးကျသွားတော့ ရော ခင်ဗျားတို့က လေ ျှာ့ရောင်းလို့လား” လို့ စကား တောက်လိုက်တော့ “ခုခေတ်မှာ ဈေးကျတယ်ဆိုတာ ရှိသေးလို့လား၊အသားဆိုရင် အရင်က တစ်ထောင်ဖိုးဝယ်လို့ရတယ် ၊ အခုနှစ်ထောင်ဖိုးမှ ” ဆိုပြီး ပြန်ချေပ တယ်။ လူသုံးကုန် ပစ္စည်းတွေ ဈေးတက်နေပေမယ့် လူ့ အသက် တွေ တန်ဖိုးကျနေတာ သူတွေးမိပုံမရဘူး။ ကျွန်တော့်အဖွားက ဂျပန်ခေတ် နဲ့ ဂျပန်အပြေး အင်္ဂလိပ် အဝင် အချိန်အကြောင်းပြောတဲ့အခါ “ အားလုံးရှားပြီး အသက်တွေပဲ ဈေးပေါတဲ့ ခေတ်ပျက်ကြီး” လို့ ပြောလေ့ရှိတာ သတိရတယ်။

ဈေးသည်အမကြီးက ကန်ဘဲ့ကနေ မရမ်းကုန်းဘက်အထိ တစ်လမ်းဝင် တစ်လမ်းထွက် လှည်းတစ်စီး နဲ့ ရောင်းရတဲ့အကြောင်းပြောပြရင်း ကျွန်မတို့ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိရင် ဈေးဆစ်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး လို့ ဆိုတယ်။ ကျွန်တော်က လိုင်းပေါ် တင်ပေးရ မလားဆိုတော့ ရေးသာရေး၊ ဒီမှာ ပိုသနားသွားအောင် ဈေးရောင်းတဲ့ ပုံပြမယ်ဆိုပြီး လှည်းတွန်းပြီး ဈေးရောင်းနေတဲ့ ဗီဒီယိုလေး ဖွင့်ပြတယ်။

ဝေဘာဂီ ၊ ဥက္ကလာ ဘူတာတွေက စပြီး ရွှေပြည်သာ၊ လှော်ကားပြန်မယ့် ဈေးသည်တွေ တက်လာ တယ်။ လှော်ကားဘက်က လာတဲ့ဈေးသည်တွေက ဖျာ၊ တံမြက်စည်း ရောင်းတဲ့သူ တွေများတယ်။ သူတို့က ဒိုင်ကနေ ပစ္စည်းယူရောင်းတာ၊ မကုန်ရင် ပြန်သွင်းလို့ရတယ်။ ရောင်းရရင် အမြတ်စား ပေါ့။ အမြတ်ဆိုတာကတော့ ရောင်းသူ၊ ဝယ်သူ အသံတူတဲ့ အပေါ် မူတည်ပြီး အနည်းအများတော့ ရှိတာပေါ့။ ဒါပေမယ့် တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ရောင်း တာ တစ်နေ့ ဖျာ ဘယ်နှစ်ချပ် ရောင်းရမလဲ၊ တံမြက်စည်း ဘယ်နှစ်ချောင်း ရောင်းရမလဲ။ မလွယ်လှဘူး။

သူတို့ အကြောင်းမေးချင်ပေမယ့် ရထားပေါ်မှာပစ္စည်းတွေ ချပြီးတာနဲ့ ခြေပစ်လက်ပစ် ထိုင် နေ၊ မှိုင်နေတာကို ကြည့်ပြီး မမေးရက်တော့ဘူး။ ရာသီဥတုကလည်း ပူ၊ အရောင်းအဝယ်ကလည်း ပါး လို့ လူရော၊စိတ်ပါ ပင်ပန်းနေတယ်ထင်တာပဲ။ အရောင်းအဝယ်ပါးတာကတော့ ပြောမနေနဲ့၊ ဘယ်အချိန်ရောင်းရောင်း ရောင်းလို့ရတဲ့ ကွမ်းယာသည် တောင် အရင်က တစ်နေ့ ကွမ်းရွက် သုံးပိဿာ ကုန်ရာကနေ တစ်ပိဿာ ပိုပိုလေးပဲ ကုန်တော့ တယ်တဲ့။ ရောင်းအား ၅၀% ကျတဲ့ သဘောပဲ။ အသွားမှာ တွေ့ခဲ့တဲ့ အထမ်းမုန့်သည်လေးတွေလည်း ပြန်တက်လာတယ်။ တွဲလောင်း ဆွဲထားတဲ့ မုန့်တွေ မမြင်ရလို့ အားလုံးကုန်သွားပြီလားလို့မေးတော့ တောင်းကို ဖွင့်ပြ တယ်။ တောင်းထဲမှာ ရောင်းမကုန်တဲ့ မုန့်ထုပ်တွေ။

ကန့်ဘဲ့ဘူတာကနေ ငှက်ပျောသီး အထမ်းသည်တစ်ယောက်တက်လာတယ်။ သူလည်း လှော်ကားကနေ လာရောင်းတာပဲ။ အရင်က မနက်အစောရထားရှိတော့ ကန်ဘဲ့ဈေး၊ ဘောက်ထော်ဘူတာဈေးတွေမှာထိုင်ရောင်းတယ်။ အခုတော့ ရထားက လှော်ကားကနေ မနက်ခုနှစ်နာရီကျော်မှ ထွက်တော့ မနက်ဈေးမမီတော့ဘူး ၊ ရပ်ကွက်ထဲလှည့်ရောင်းရ တယ်။

ငှက်ပျောသီးဆိုတာကလည်း တစ်ခါ ဝယ်ပြီး ရင် သုံးလေးရက်နေမှ ထပ်ဝယ်တဲ့အမျိုး၊ ဈေး ဆိုတာက လူပေါင်းစုံလာတော့ တစ်ယောက်မဟုတ် တစ်ယောက် ဝယ်သွားတာပဲ။ ရပ်ကွက် ထဲရောင်းတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဒီနေ့ ဒီရပ်ကွက်ရောင်းပြီးရင် နောက်နေ့ ရပ်ကွက် ပြောင်းရောင်းမှ ရောင်းအားကောင်းတယ်။ သူကတော့ ကန်ဘဲ့၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း ကို အမာခံထားပြီးရောင်းသတဲ့။

ငှက်ပျောသီးသည် က ငှက်ပျောချဉ်တစ်မျိုးပဲရောင်းတယ်။ ငှက်ပျောချဉ်က ဆီးချို၊ သွေးချို သမားပါ စားလို့ရတော့ ပိုရောင်းကောင်းတယ်တဲ့။ သူ့ရဲ့ ဈေးကွက်မဟာဗျူဟာပေါ့။ ငှက်ပျော ချဉ်တွေက လှော်ကားဈေးထဲက ယူရောင်းတာ။ နေတာက လှော်ကားရွာထဲမှာ အိမ်ငှားနေ တယ်။ ဇာတိကတော့ ဧရာဝတီတိုင်း ဘိုကလေးဘက်က ၊ နာဂစ်ပြီးထဲက ရန်ကုန်ရောက်လာတာ။ သူတို့ ရောက်စက အိမ်လခ ငါးထောင်၊ ခြောက်ထောင်၊ အခုတော့ ရှစ်သောင်း၊ တစ်သိန်းဖြစ်နေပြီတဲ့။

ကြားဘူတာတွေက တက်တဲ့အထဲမှာ ပစ္စည်းအဟောင်းသမားတွေလည်း ပါတယ်။ သူတို့က မနက်ကို ဘတ်စ်ကားနဲ့လာ၊ ရပ်ကွက်တွေထဲ လေ ျှာက်ဝယ်၊ အပြန်ကျတော့ ရထားနဲ့ ပြန် ပေါ့။ အဟောင်းသမားတွေထဲမှာ မွေ့ရာအဟောင်းဝယ်တဲ့သူတွေ အတော်များတယ်။ အထဲက မှို့ထုတ် ပြီး မွေ့ရာအသစ်ချုပ်တဲ့သူတွေကို ပြန်ရောင်းတယ်တဲ့။ ဒီလူတွေက သီရိမြိုင်၊ အုတ်ကျင်း ၊ သမိုင်း ဘက်ကို ပြန်မယ့်သူတွေ။ သူ့တို့အလုပ်ကလည်းမလွယ်ဘူး။ မွေ့ရာအဟောင်းထဲက မှို့ အကောင်းဘယ်လောက်ရနိုင်မလဲ၊ ရေ စိုထားတာ၊ စွန်းထင်းတာတွေနဲ့ အပျက်ဘယ်လာက်ရှိနိုင် သလဲဆိုတာ ခန့်မှန်းပြီးမှ ဈေးဖြတ်ရတာ။ ကျွမ်းကျင်ရာလိမ္မာပဲ။

ရန်ကုန်ဘူတာကြီးကို ညနေ ၄း၁၅ မှာရောက်တယ်။ ရုံးဝန်ထမ်းတွေတက်တာများမယ် ထင်ပေ မယ့် နည်းတယ်။ ရထားချိန်က ရုံးဆင်းချိန်ထက် စောနေတာကြောင့်ဖြစ်မယ်။ ဒါပေမယ့် အခု ရထားက နောက်ဆုံးမြို့ပတ်ရထားပဲ။ လုံခြုံရေးအခြေအနေကြောင့် ရန်ကုန်ဘူတာကြီးကနေ ဒီ အချိန်ထက် နောက်ကျပြီး ထွက်လို့မရဘူးတဲ့။ အခြေခံလူတန်းစားတွေ ဘတ်စ်ကားလေး၊ ရထားလေးတော့ အေးအေးချမ်းချမ်းစီးစေချင်မိတယ်။

ဒီလိုပြောရင်လည်း သူ့ကြောင့်၊ ငါ့ ကြောင့် ဆိုပြီး ကျွန်တော့်စာအောက်မှာ အပြန်အလှန် ငြင်းခုန်ကြဦးမယ်။ မငြင်းကြနဲ့ မိတ်ဆွေတို့၊ ပေါက် ပင် ဘာ့ကြောင့်ကိုင်းရတယ်ဆိုတဲ့ ကဗျာ သာ ရွတ်ဆိုပါလေ။ အကြောင်းရှိလို့ အကျိုးဖြစ်တာ။ အကြောင်းတရားကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ မရဘဲနဲ့ အကျိုးတရား ကို ငြင်းခုန်နေလို့ အဖြေမရနိုင်ပါဘူး။

ကျွန်တော်တို့က ဘူတာကြီးမှာ မဆင်းဘူး။ ရှမ်းလမ်းဘူတာအထိ ဆက်စီးတယ်။ ဘူတာကြီး က ထွက်တော့ ဘုရားလမ်းဘူတာရောက်တယ်။ ဘုရားလမ်းဘူတာက ရုံးပိတ်ရက်ဆိုရင် ရွှေတိဂုံ ဘုရားဖူးလာတဲ့၊ ပြည်သူ့ရင်ပြင်ကိုလာတဲ့၊ ကန်တော်ကြီးကို ခြေဆန့်တဲ့ မိသားစုတွေ ၊ လူငယ် လေးတွေနဲ့ စည်ကားလေ့ရှိတဲ့ဘူတာပေါ့။ ဘုရားလမ်းပြီးတော့ လမ်းမတော် ဘူတာ၊ ပြည်လမ်း ဘူတာ၊ နောက်ဆုံး ရှမ်းလမ်းဘူတာ ရောက်တော့ ခရီးဆုံးပြီ။ ခရီးဖော်တွေကို နှုတ်ဆက်ပြီး ဆင်း လိုက်တယ်။

ရထားဆက်ထွက်သွားတယ်။ ဘူတာစဉ်ဖြတ်ပြီး အင်းစိန်ကို ပြန်ရောက်မယ်။ ခရီးတွေအကြာကြီး သွားပေမယ့် စထွက်တဲ့နေရာမှာပဲ ခရီးဆုံးရတာ မြို့ပတ်ရထားရဲ့ သဘာဝပဲ။ ဒါပေမယ့် လူတွေ အတွက်ဆိုရင်တော့ လုပ်ငန်း တစ်ခုကို ဆယ်စုနှစ်တစ်ခုလောက်ကြိုးစားပြီး မူလ စခဲ့တဲ့ နေရာကို ပြန်ရောက်သွားရင် သဲထဲ ရေသွန် ဖြစ်တာပဲ။ မူလနေရာထက် ပိုဆိုးတဲ့နေရာရောက်ရင်တော့ ပြောစရာမကျန်တော့ဘူး။

ပြီးပါပြီ

တညင်းကုန်းဘူတာ
တညင်းကုန်းဘူတာ
တညင်းကုန်းဘူတာ
တစ်လမ်းဝင် တစ်လမ်းထွက် ဈေးရောင်းရတာ ပင်ပန်းတဲ့ အကြောင်း ဗီဒီယို နဲ့ ရှင်းပြနေပုံ
ကုန်စိမ်းသည်တွေ
ကုန်စိမ်းသည်တွေ
ဈေးသည်ကြီးတို့ အိမ်ပြန်ချိန်၊ ပင်ပန်းလို့ အိပ်တဲ့သူ၊ မနက်ဖြန် အတွက် တွေးတဲ့သူ၊ အတွေ့အကြုံဖလှယ်တဲ့သူ
ဈေးသည်ကြီးတို့ အိမ်ပြန်ချိန်၊ ပင်ပန်းလို့ အိပ်တဲ့သူ၊ မနက်ဖြန် အတွက် တွေးတဲ့သူ၊ အတွေ့အကြုံဖလှယ်တဲ့သူ
ရထားမီ ဖို့ အပြေးအလွှား
ဈေးသည်ကြီးတို့ အိမ်ပြန်ချိန်၊ ပင်ပန်းလို့ အိပ်တဲ့သူ၊ မနက်ဖြန် အတွက် တွေးတဲ့သူ၊ အတွေ့အကြုံဖလှယ်တဲ့သူ
အမှိုက်ထဲက ရွှေ
ရောင်းအားကျနေတဲ့ ကွမ်းယာ

2 thoughts on “ဘ၀ ရထား (၄ )

  1. You narrated brilliantly. My heart goes out to those people who work so hard and yet see little rewards. Makes me humbled. Please keep writing.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: