ဆည်းဆာ ဆိပ်ကမ်း

၂၀၂၀ ကိုဗစ် ဒုတိယလှိုင်းကာလထဲက ဗိုလ်တထောင်ဆိပ်ကမ်းကို မရောက်တာဆိုတော့ နှစ်နှစ် နီးပါးရှိပြီပေါ့။ ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ ဗိုလ်တထောင်ဘုရားကိုလာတော့ ဆိပ်ကမ်းမှာ ညဈေး တန်းနဲ့ အတော်စည်ကားနေတာမြင်ခဲ့ရတယ်။ ဒါနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေစောင်းမှာ ဈေးတန်းလေ ျှာက်ဖို့ တစ်ခေါက်ပြန်သွားခဲ့တယ်။

ကားကို ဗိုလ်တထောင်ဘုရားလမ်း အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်ကျောင်းရှေ့မှာ ရပ်ပြီး ခြေလျင် ခရီးဆက်ခဲ့တယ်။ ကမ်းနားလမ်းကို လူကူးတံတားပေါ်က ဖြတ်တယ်။ တံတားမှာ စက်လှေကားရှိပေမယ့် အလုပ်မလုပ်ဘူး။ ဘေးနံရံမှာတော့ စက်လှေကားကို နေ့လယ်ဘက်မှာ တစ်နာရီ အနားပေးမယ် လို့ အသိပေးထားတဲ့ ဗီနိုင်းဆိုင်းဘုတ် ကပ်ထားတယ်။ အခုလို ညနေဘက်မှာ စက်လှေကား အလုပ်မလုပ်တာတော့ မီးမလာလို့များလား၊ ဒါပေမယ့် မီးပွိုင့်တွေတော့ အလုပ်လုပ်နေသားပဲ။ အရှည်မတွေးတော့ဘူး။ မလုပ်ရင် မလုပ်ဘူးလို့ မှတ်ပြီး ခြေလျင်တက်ပေါ့။

လူူကူးတံတားကတော့ အဆင့်မြင့်မြင့် စက်လှေကားပါ ထည့်ပြီးဆောက်ထားတာပဲ။ ဒါပေမယ့် သန့်ရှင်းရေး အလွန်ညံ့ပါတယ်။ ဘုရားဘက်အခြမ်းအဆင်းလမ်း ညာဘက်ကွက်လပ်မှာ အမှိုက်တွေ ပြန့်ကျဲနေ တယ်။ တံတားပေါ်မှာ ကွမ်းသွေးကွက်တွေ၊ အအေးပုလင်းလွတ်တွေ၊ ပလတ်စတစ်အိတ် အတို အစတွေတွေရှိတယ်။ လူတွေ စည်းကမ်းမရှိသလို ပုံမှန်သန့်ရှင်းရေး
လည်း လုပ်ပုံမရဘူး။

ဘုရားရှေ့လမ်းပေါ်မှာ အဝင် ၊အထွက်ကားတွေ နဲ့ ယာဉ်ကြောပိတ်နေတယ်။ ဘုရားမုခ်ရှေ့က တာဝန်ကျ ဝန်ထမ်းကတော့ ခရာကို တွင်တွင်မှုတ်နေတယ်။ သူခရာမှုတ်လို့ ကားတွေက ရွေ့မသွားဘူး။ ပိုနေမြဲ၊ ကျားနေမြဲပဲ။ သူ့ကြည့်ရတာ ယာဉ်ကြောကို ဘယ်လို ရှင်းရမှန်းမသိလို့ ရှိတဲ့ခရာကိုပဲ မှုတ်နေပုံရတယ်။ ရှေ့နည်းနည်းတိုးသွားပြီး ဘုရား အုတ်တံတိုင်း ဘေးမှာ ကပ်ရပ်ထားတဲ့ ကားတွေကို ရွှေ့ခိုင်းလိုက်ရင် ယာဉ်ကြောပွင့်သွား မယ်ဆိုတာ တွေးမိပုံ မရဘူး။ လက်ထဲမှာ တူပဲရှိ၊ တူပဲ ထုတတ်တော့ ဘာလာလာ တူနဲ့ ထုပြီး ဖြေရှင်းမယ်ဆိုတဲ့သူမျိုးပဲ။ ဖြေရှင်းနည်းမှားလို့ ပြဿနာ ပိုကြီး သွားရတာ ဒီလိုလူမျိုးတွေကြောင့်ပေါ့။

ညဈေးတန်း လမ်းဘယ်ညာမှာ ကားတွေအပြည့် ရပ်ထားတယ်။ နှစ်ထပ်ရပ်ထားတဲ့ နေရာတောင်ရှိတယ်။ ဆိပ်ခံတံတားပေါ်မှာ ၊ ဆိပ်ခံဗော ပေါ်မှာ မိသားစုလိုက်၊ အုပ်စုလိုက်၊ စုံတွဲလိုက်။ မီးပျက်လို့ အေးရာ အေးကြောင်း လာရှာတဲ့သူ နဲ့ သဘာဝအလှကို လာခံစားတဲ့ သူ ဘယ်သူက ပိုများမလဲ တွေးကြည့်မိတယ်။ နေဝင်ချိန်နီးလာလေ ဆိပ်ခံဗောပေါ်ရောက်လာတဲ့ သူတွေများလေပဲ။ ငှက်စာရောင်းတဲ့သူလည်း အထုတ်သေးတစ်ထုတ် တစ်ထောင်၊ အကြီး နဲ့ ထောင့်ငါးရာနဲ့ အတော်ရောင်းရတယ်။

ဆိပ်ခံဗောပေါ်မှာတစ်ချို့မိသားစုတွေကတော့ ပလတ်စတစ်ဖျာတွေခင်းပြီး ထမင်းချိုင့်တွေနဲ့ စားနေတယ်။ လူငယ် လေးတွေ အုပ်စုဖွဲ့ စကားပြောနေတာလည်း ရှိတယ်။ အအေးပုလင်းလေး တွေနဲ့ ထိုင်နေတဲ့ လူငယ်စုံတွဲတွေလည်းရှိတယ်။ လူကြီးပိုင်း သုံးလေးယောက်၊ အလယ်မှာ ပုလင်းလေးတစ်လုံး၊ ရေသန့်ဘူးတစ်ဘူး၊ ဖော့ဘူးတစ်ဘူးနဲ့ တိုးတိုးလေး စကားဝိုင်းဖွဲ့နေ တာလည်းရှိတယ်။ ဘောတံတားပေါ်မှာ လမ်းဘက်ကို ကျောပေး၊ ခြေထောက်တွေကို တံတား ဘောင်ကနေ အပြင်ကို ချထိုင်နေတဲ့ စုံတွဲလေးတွေလည်းရှိတယ်။ တစ်ချို့ကလည်း ကျောပေး ထားလိုက်တာနဲ့ လုံခြုံပြီလို့ထင်နေပုံရတယ်။ ပူးပူးကပ်ကပ် တွတ်တီးတွတ်တာ။

ဆံပင်ရှည်ရှည်ကောက်ကောက်ကွေးကွေး၊ အရပ်မြင့်မြင့်၊ ဘောင်းဘီတို နဲ့ အပေါ်ပိုင်း ဗလာ လူတစ်ယောက်ကတော့ ဆိပ်ခံတံတား အပြည့် ကွေ့ကွေ့ကောက် ကောက်လမ်းလေ ျှာက် နေတယ်။ သူ့ဘယ်ဘက်လက်ထဲမှာ ထမင်းထုတ်တစ်ထုတ်။ ညာဘက် လက်ထဲမှာ ဂရင်းရွိုင်ရယ် ရွှေပတ် ပုလင်းပြားတစ်လုံး။ရေချိန် မှန်တာတော့ မှန်နေပြီ။ လက်ထဲက ထမင်းနဲ့ ပုလင်းက ဗောတံတားပေါ်က ရီဝေေ၀ ညနေစာအတွက်ထင်ပါရဲ့။

ညဈေးတန်းကတော့ အစားအသောက်မျိုးစုံနဲ့စည်ကားနေတယ်။ အကျီ ၤရောင်းတဲ့ ဆိုင် တစ်ချို့လည်းရှိတယ်။ ကလေးကစားစရာတွေရောင်းတဲ့ဆိုင်လည်း ရှိတယ်။ လူ အစည် ဆုံး ကတော့ အကင်ဆိုင်တွေပဲ။ မိသားစု ၊ သူငယ်ချင်း၊ ကုဋေကြွယ်၊ ကျောက်ဖြူသူ နာမည်အမျိုးမျိုး နဲ့။ ဒီဆိုင်တွေက အကင်သက်သက်မဟုတ်ဘူး။ ယိုဒယားထောင်းမျိုးစုံလည်းရတယ်။ ရခိုင် အသုပ်စုံတွေလည်းရတယ်။ မာလာရှမ်းကောတွဲရောင်းတဲ့ဆိုင်လည်းရှိတယ်။

တစ်ချို့ဆိုင်တွေကတော့ လိုက်ထရပ်လေးတွေ၊ ဗင်ကားလေးတွေနဲ့ ရောင်းတယ်။ သူတို့တွေ ကတော့ အအေး၊ ရေခဲမုန့်၊ ကော်ဖီ ရောင်းတာများတယ်။ ကြက်ကြော်ဆိုင်တစ်ဆိုင်တွေ့ တယ် ။ လှည်းနဲ့ ပရစ်ကြော်တွေ ရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်။ လော်စပီကာအသေးလေးက ပရစ်ကြော် ၊ ပရော်ကျစ်တွေရပြီ လို့ထပ်ကာ ထပ်ကာ အော်နေတာပဲ။ ဟိုးအရင်ကတော့ မိုးပုရစ်၊ ဆောင်း ပုရစ် ပဲ ကြားဖူးတယ်။ အခုတော့ ပရစ်ဆရာက ဒါက နွေပုရစ်တဲ့။

ဗယာကြော်ဆိုင်တွေထဲမှာ မဟာဗန္ဓုလလမ်းနဲ့ သိမ်ဖြူလမ်းထောင့် စီဘီဘဏ်ရှေ့မှာရောင်းတဲ့ မိတ်ဆွေဟောင်းကြီးကိုလည်း တွေ့တယ်။ သူက မင်္ဂလာ တောင်ညွှန့်ကနေလာရောင်းရတာ။
မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းဆိုရင် ဘဏ်ရှေ့မှာ ရောင်းတယ်။ ရောင်းသက်က ဆယ်နှစ်နီးပါးရှိပြီ။
ညနေပိုင်းရောက်ရင် လမ်းငါးဆယ် အောက်ဘလောက်က ဝင်း စားသောက်ဆိုင် ရှေ့မှာ ရောင်းတယ်။ ဝင်းဆိုင်ရှေ့မှာ မရောင်းတော့ ဘူးလားလို့ မေးတော့ စနေ ၊ တနင်္ဂနွေ နှစ်ရက် က ကမ်းနားမှာရောင်းတယ်တဲ့။ သူက ဗယာကြော်၊ စမူဆာ၊ ကော်ပြန့်လိပ်အပြင် ပုစွန်ခွက် ကြော်၊ ဂဏန်းကြော်ပါရောင်းတော့ အရင်းကတော့ မနည်းဘူး။

ညဈေးတန်းရဲ့ အဆုံးမှာ နှစ်ထပ်သဘောၤကို စားသောက်ဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှိတယ်။ မီးရောင်စုံ ထွန်းထားတယ်။ စင်တင်ဂီတလည်းရှိပုံရတယ်။ မြန်မာပြည်သိန်းတန် သီချင်းတစ်ပုဒ် ဆိုသံ ကြားနေရတယ်။ အဲဒါကိုလွန်သွားရင် ဟိုတယ်သဘောၤရှိတယ်။ ကမ်းနားမှာ ဟိုတယ်က ဖွင့်ထား တဲ့ဘား ရှိတယ်။ လူအများစုကတော့ အဲဒီ သဘောၤနှစ်စီးကို မသွားပါဘူး။ ညဈေးတန်းမှာပဲ တိုးဝှေ့ နေကြတယ်။

ဈေးတန်းလေ ျှာက်လို့ ဆုံးတော့ ကောင်းမယ်ထင်တဲ့အကင်ဆိုင် တစ်ဆိုင်ရွေးလိုက်တယ်။ အကင် က ငါးနဲ့ ပင်လယ်စာတွေပဲ လတ်လတ် ဆတ်ဆတ်တွေ့ရတယ်။ ကျန်တာတွေက ကိုရီးယား အကင်လို့ခေါ်တဲ့ အသင့်လုပ်ပြီးသားတွေ။ ဂျင်းဘောင်းဘီနဲ့ အညိုရောင်အိတ်ကို စလွယ်သိုင်း လွယ်ထားတဲ့ အမျိုးသမီးက ကျွန်တော်ပေးတဲ့ ပလတ်စတစ်ခြင်းလေးကို ယူပြီး စာရင်းမှတ် တယ်။

ဘီယာ ရလားဆိုတော့ ဆိုင်မှာ မရောင်းဘူး။ စတိုးဆိုင်မှာ ဝယ်ရတယ်ဆိုပြီး One Stop Mart ဆိုင်ကို လှမ်းပြတယ်။ အဲဒီဆိုင်က ဟိုတယ်သဘောၤ ကို သွားတဲ့ဘက်မှာ ရှိတယ်။ ဒါနဲ့ပါလာ တဲ့မိတ်ဆွေက သွားဝယ်တယ်။ တော်တော်နဲ့ပြန်မလာဘူး။ သူပြန်ရောက်လာတော့ ဆိုင်မှာ စီးကရက်နဲ့ အရက်ဝယ်ပြီး ငွေချေဖို့တန်းစီစောင့်နေတဲ့ သူ နှစ်ဆယ်ကျော်၊ သုံးဆယ် လောက် ရှိလို့ ကြာနေတာလို့ပြောတယ်။ ဆိုင်မှာ ရှိတဲ့ဘီယာနာမည်တွေရွတ်ပြတော့ Synergy ဆိုတဲ့ သဘောတရားကို နားမလည် ၊ လေ ျှာ့တွက်တတ်တဲ့သူတွေကို သတိရမိတယ်။ လီလီပွတ် နိုင်ငံ သား ငလက်မလေးတွေနဲ့ ဂါလီဗာ အကြောင်းသူတို့ ဖတ်ဖူးပုံမရဘူး။

ခြောက်နာရီထိုးတော့ အပူရှိန်လည်းလျော့သွားပြီ။ ဆိပ်ခံဗောတံတားပေါ် နဲ့ အကင်ဆိုင်မှာ ထိုင်တဲ့သူ တွေလည်းပိုများလာတယ်။ စားပွဲလွတ်မရှိသလောက်ဘဲ။ မိသားစုဝိုင်းတွေရှိတယ်။ ပုလင်းပြား၊ လေးထောင့်ပုလင်းကြီး၊ ဘီယာဘူးနဲ့ ဝိုင်းတွေရှိတယ်။ နှစ်ယောက်တစ်ကမ္ဘာ ဝိုင်းတွေရှိတယ်။ ကျွန်တော်နဲ့ အနီးဆုံးဝိုင်းမှာ ဂျင်းဘောင်းဘီ၊ တီရှပ်အမည်းဆင်တူ နဲ့ ခပ်မိုက်မိုက်စုံတွဲ၊ ကောင်မလေးက Spy ပုလင်းနဲ့ ကောင်လေး ရှေ့မှာ ဘီယာ နှစ်ဘူး၊ စားပွဲအောက်မှာ ဘီယာဘူးခွံ နှစ်ခု။ ကောင်လေးက သိလား ဆိုတဲ့ စကားကို ထပ်တလဲလဲ ပြော နေတယ်။

စားပွဲဝိုင်းတွေကြားမှာ ရေသန့်ဘူးတွေ၊ အအေးဘူးတွေ ဘီယာဘူးခွံတွေကို လိုက်ကောက်တဲ့ ကလေးလေးတွေ ဥဒဟို ဝင်ထွက်နေတယ်။ သူတို့ အုပ်စုတွေက စားသောက်ဆိုင် သဘောၤ ရပ်ထားတဲ့ ဆိပ်ခံတံတားနဲ့ ဈေး တန်း အဆုံးကြား ပလက်ဖောင်းပေါ်က ခုံတွေမှာ စုရပ် လုပ်ထားတယ်။ အဲဒီခုံတွေမှာ အမျိုးသမီးကြီး တစ်ချို့ ရှိတယ်။ ကလေးဘုစုခရု ဆိုက်စုံရှိတယ်။ သူတို့ရှေ့က ပလက်ဖောင်းလက်ရမ်း သံတန်းတွေမှာ ကောက်လို့ရတဲ့ စွန့်ပစ် ပစ္စည်း တွေထည့်ထားတဲ့ မြွေရေခွံအိတ်တွေ တွဲလောင်းဆွဲထားတယ်။

ညဈေးတန်း သိမ်းရင် သူတို့ အားလုံး စွန့်ပစ်ပစ္စည်းတွေကို ကောက်သင်းကောက်မယ်။ နောက်နေ့ မနက် ဆို အမျိုးအစားခွဲပြီး ဒိုင်ကို သွင်းမယ်။ ညနေစောင်းရင် အလုပ်ပြန်စမယ်။ တစ်ချို့ဝိုင်းတွေကတော့ ကလေးတွေ လာတာကို ကြိုက်ပုံမရဘူး။ ဒါပေမယ့် ဒီကလေးတွေဟာ လက်ဖြန့်တောင်းစားနေတဲ့သူ တွေ ထက်တော့ သာပါတယ်။ တစ်ချိန်ကတော့ ဒီကလေးတွေကို ညဘက်မှာ စာသင်ပေးတဲ့ စေတနာ့ ဝန်ထမ်း အဖွဲ့လေးတွေရှိခဲ့ဖူးတယ်။ အခုတော့ မုန်တိုင်းနဲ့ အတူ ဘယ်ကို လွင့်ပါးသွားပြီလဲ မသိ တော့ဘူး။

ခုနှစ်နာရီလောက်မှာ မြစ်ထဲမှာ ရှုခင်းကြည့်တဲ့ သဘောၤတွေပြန်ဝင်လာတယ်။ ကမ်းနားမှာ၊ ဆိပ်ခံ ဗောပေါ်မှာလူတွေပိုများလာတယ်။ ည ရှစ်နာရီထိုးတော့ လူတွေ ပြန်ကြပြီ။ တစ်ချို့ဆိုင်လေးတွေ သိမ်းပြီ။ တစ်ချို့က သိမ်းဖို့ပြင်ပြီ။ ကျွန်တော်တို့ ဝိုင်းလည်းသိမ်းပြီ။ မိတ်ဆွေက နှုတ်ဆက်ပြီး စက်ဘီး လေး နဲ့ ပြန်သွားတယ်။ ကျွန်တော်က ကားရှိတဲ့နေရာကို သွားတယ်။

လမ်းမှာ ပုရစ်ကြော်တွန်းလှည်းကို တွေ့တယ်။ လှည်းပေါ်မှာ ရောင်းမကုန်တဲ့ ပုရစ်ကြော် တွေအများကြီး။ နောက်တစ်နေ့ ဆီပူနဲ့ ပြန်နွှေးပြီး ပြန်ရောင်း မှာပဲ ထင်တယ်။ သေပြီးတာတောင် အကြိမ်ကြိမ်ဆီပူထိုးခံနေရတာ ဝဋ်ကြီး လှတယ်။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ဒုက္ခမျိုးစုံနဲ့ အလှော်ခံနေတဲ့ လူအရှင်လတ်လတ်တွေအများကြီး ရှိနေလျက်နဲ့ ပုရစ်ကို သနားနေလို့ မဖြစ်သေးဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: