ယူကရိန်း နဲ့ ခွဲထွက်ခွင့်

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တစ်ချို့က ပုူတင် ယူကရိန်းကို တိုက်တာဟာ ရုရှားပိုင်ခဲ့တဲ့ နယ်မြေကို ပြန်သိမ်းသွင်းနိုင်ဖို့ဖြစ်တယ်၊ ရုရှားရဲ့ အချုပ်အခြာအာဏာတည်မြဲရေးအတွက် ဖြစ်တယ်၊ ယူကရိန်းဟာ အနောက်အုပ်စု မြှောက်ပေးလို့ ရုရှားနိုင်ငံကနေ ခွဲထွက်ခဲ့တာဖြစ်တယ် လို့ ပြောကြတယ်။

တကယ်တော့ ယူကရိန်းက ပဒေသရာဇ် ဇာဘုရင်လက်ထက်မှာ ရုရှားပိုင်နယ်မြေ ဖြစ်ခဲ့ပေ မယ့် ခေတ်သစ် ဆိုဗီယက်ပြည်ထောင်စုဆိုတဲ့ နိုင်ငံထဲမှာတော့ ရုရှား နဲ့ တန်းတူသမ္မတနိုင်ငံအဖြစ် ပါဝင်ခဲ့ တာဖြစ်ပါတယ်။ ရုရှားရဲ့ ပြည်နယ်မဟုတ်ပါဘူး။ ဒါ့ကြောင့် ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စုထဲမှာ ဘယ်လိုပုံစံနဲ့ ပါခဲ့သလဲ၊ ဘယ်လို ခွဲထွက်ခဲ့သလဲဆိုတာ သိဖို့လိုပါတယ်။

ဒါပေမယ့် အခုဆောင်းပါးက ခွဲထွက်ခွင့် နဲ့ဆိုဗီယက် ပြည်ထောင်စု နိုင်ငံရေး စနစ်ကို သုံးသပ်တဲ့ဆောင်းပါးမဟုတ် ဘူး။ ရုရှား နဲ့ ယူကရိန်းဆက်ဆံရေးသမိုင်းကြောင်းကို ဖော်ပြတဲ့ ဆောင်းပါးသာဖြစ်ပါတယ်။

ကျွန်တော် တို့ သိခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုဆိုတာရဲ့ အမည်အပြည့်အစုံက “ ဆိုဗီယက် ဆိုရှယ်လစ် သမ္မတ နိုင်ငံများ ပြည်ထောင်စု Union of Soviet Socialist Republics, USSR ” ဖြစ် ပြီး သမ္မတနိုင်ငံပေါင်း ၁၅ နိုင်ငံပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲဒီထဲမှာ ရုရှားဖက်ဒရယ် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ Russian SFSR အမည်နဲ့ ရုရှားပါသလို ယူကရိန်း ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ Ukraine SSR အမည်နဲ့ ယူကရိန်းလည်းပါတယ်။ အဲဒီ သမ္မတ နိုင်ငံအားလုံးဟာ ဆိုဗီယက်ပြည်ထောင်စုထဲမှာ နိုင်ငံရေးအရတန်းတူပဲ။ အဲဒီသမ္မတနိုင်ငံအားလုံး မှာ အခြေခံဥပဒေရှိတယ်၊ လွှတ်တော်ရှိတယ်၊ အစိုးရအဖွဲ့ရှိတယ်၊ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ ရှိ တယ်။

အခုလို ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံများပြည်ထောင်စု USSR ဖြစ်ပေါ်လာရတဲ့ သမိုင်း ကြောင်းက ၁၉ ၁၇ ခုနှစ် အောက်တိုဘာတော်လှန်ရေးက အစပြုပါတယ်။ ၁၉ ၁၇ ခုနှစ် အောက် တိုဘာတော်လှန်ရေးအပြီးမှာ လီနင်ခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေ (ဘော်လ်ရှီဗစ်တွေ) အာဏာရလာပေမယ့် တစ်နိုင်ငံလုံးကို ချက်ခြင်း ထိန်းချုပ်နိုင်တာမဟုတ်ဘူး။

ဇာဘုရင်ရဲ့ ရုရှားအင်ပါယာကြီးထဲမှာ ဇာဘုရင်ကို ထောက်ခံတဲ့ အုပ်စုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိတယ်။ ဒေသခံလူမျိုးစုခေါင်းဆောင်တွေက ရုရှားအင်ပါယာထဲကနေ ခွဲထွက် ကြောင်းကြေညာထားတဲ့ နယ်မြေတွေရှိတယ်။ လီနင်ခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေက အဲဒီ အင်အားစုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တိုက်ခိုက်ပြီးမှ တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်အောင် လုပ်ခဲ့ရတာဖြစ်ပါတယ်။

ရုရှားကွန်မြူနစ်တွေက သူတို့ သိမ်းပိုက်ပြီးတဲ့နယ်မြေတွေမှာ ဆိုဗီယက် အစိုးရတွေကို ထူ ထောင်တယ်။ ဆိုဗီယက် Soviet ဆိုတာက ရုရှားဘာသာစကားနဲ့ ( လူထု ရွေးချယ်ထားတဲ့ ) ကောင်စီ ကို ခေါ်တာ ဖြစ်ပြီး ကျေးလက်အဆင့်ကနေ ဗဟိုအထိ ဆိုဗီယက်အဆင့်ဆင့်ကို ဖွဲ့စည်း အုပ်ချုပ်တဲ့ စနစ်ဖြစ် ပါတယ်။ ( မြန်မာနိုင်ငံ ၁၉ ၇၄ ခုနှစ် ဆိုရှယ်လစ်အခြေခံဥပဒေမှာပါတဲ့ ပြည်သူ့ ကောင်စီ အဆင့်ဆင့်ဆိုတာ ဒီသဘောပါပဲ။ )

၁၉ ၂၂ ခုနှစ်ရောက်တော့ ရုရှားပြည်တွင်းစစ်ပွဲမှာ ကွန်မြူနစ်တွေ အသာစီးရလာပြီး အရင် ဇာဘုရင်ရဲ့ ရှရှားအင်ပါယာတစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားနိုင်တဲ့အခြေအနေဖြစ်လာပါ တယ်။ အဲဒီအချိန်မှာ အနာဂတ်နိုင်ငံတော်ကို ဘယ်လိုပုံစံနဲ့တည်ဆောက်မလဲဆိုတာ ကွန်မြူနစ် ခေါင်း ဆောင်တွေ စဉ်းစားရွေးချယ်ဆုံးဖြတ်ခဲ့ကြတယ်။

၁၉ ၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အဲဒီအချိန်က ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်တဲ့ ရုရှား၊ ယူကရိန်း၊ ဘီလာရုပ်စ် နဲ့ ထရန်ကော့ကေးရှန်း ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ လေးခု ကို ပူးပေါင်းပြီး ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံများပြည်ထောင်စု USSR ကို ထူထောင်ဖို့ နဲ့ ဗဟို အစိုးရကို မော်စကိုမှာ ရုံးစိုက်ဖို့ ဆုံးဖြတ် ခဲ့ကြတယ်။ အဲဒီစာချုပ်ကို “ The Declaration and Treaty on the Formation of the Union of Soviet Socialist Republics” လို့ခေါ်တယ်။

ဒါ့ကြောင့် ဆိုဗီယက်ပြည်ထောင်စုကို စတင်တည်ထောင်တဲ့အချိန်ထဲက ရုရှား၊ ယူကရိန်း၊ ဘီလာရုစ် (အဲဒီအချိန်ကဘိုင်လိုရုရှားလို့ခေါ်တယ်) နဲ့ ထရန်ကော့ကေးရှန်းလေးနိုင်ငံဟာ တန်းတူပါဝင်ခဲ့တာပါ။ ဒါ့ကြောင့် ၁၉ ၄၅ ခုနှစ် ကုလသမဂ္ဂ ဖွဲ့ စည်း ထူထောင်ချိန်မှာ ဆိုဗီယက်ပြည်ထောင်စုအပြင် ဘီလာရုစ်နဲ့ ယူကရိန်းတို့ပါ ကုလ သမဂ္ဂအဖွဲ့ ဝင် ဖြစ်ခဲ့တယ်။ ရုရှားကတော့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ထပ်တူထားတဲ့ အတွက် သီးခြားနေရာမရဘူး။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားတော့မှ ဆိုဗီယက် ပြည်ထောင်စုနေရာကို ယူပြီး လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ဖြစ်လာတယ်။ ထရန်ကော့ကေးရှန်း ကတော့ ၁၉ ၃၆ ခုနှစ်မှာ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာနဲ့ အာမေးနီးယား သမ္မတနိုင်ငံဆိုပြီး သုံးနိုင်ငံ ခွဲလိုက်တဲ့ အတွက် ကုလသမဂ္ဂ မှာ နေရာမရတော့ဘူး။

ဆိုဗီယက်ပြည်ထောင်စု ဘယ်လို ဖွဲ့စည်းတယ်ဆိုတာ ပြောပြီးတော့ ဆိုဗီယက်ပြည်ထောင်စု ထဲ ကနေ ယူကရိန်းအပါအဝင် ဆိုဗီယက်သမ္မတနိုင်ငံတွေ ဘယ်လိုခွဲထွက်ခဲ့သလဲဆိုတာ သိဖို့ လို ပါတယ်။

၁၉ ၂၂ ခုနှစ် သဘောတူညီချက်အရ ၁၉ ၂၄ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေကို အတည်ပြု နိုင်ခဲ့တယ်။ အဲဒီအခြေခံဥပဒေမှာ နောက်ထပ် ဆိုဗီယက်သမ္မတ နိုင်ငံတွေကို အဖွဲ့ဝင်အဖြစ် လက်ခံခွင့်ပြုထားတယ်။ အရေးကြီးဆုံးအချက်ကတော့ အဖွဲ့ဝင် သမ္မတနိုင်ငံတွေအားလုံးကို ပြည်ထောင်စုကနေ ဆန္ဒအလျောက်ခွဲထွက်ခွင့် ပေးထားတဲ့ အချက်ဖြစ်ပါတယ်။ အခုလို သမ္မတနိုင်ငံတွေအဖြစ် တန်းတူဖွဲ့စည်းတာနဲ့ ခွဲထွက်ပေးခွင့် ပေးတာဟာ လီနင်ရဲ့ လူမျိုးစုဆိုင်ရာသဘောတရားနဲ့ မူဝါဒအရ ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။
( လီနင်က ၁၉၁၃ ခုနှစ်နဲ့ ၁၉ ၂၂ ခုနှစ်ကြားမှာ လူမျိုးစုဆိုင်ရာသဘောတရားနဲ့ပတ်သက်ပြီး ဆောင်းပါး/စာတမ်း ၁၂ စောင်ရေးခဲ့တယ်။ )

လီနင်ကို ဆက်ခံတဲ့ စတာလင်ကနေ ဂိုဘာချော့ဗ် အထိ ဆိုဗီယက်ကွန်မြူနစ်ခေါင်းဆောင် အဆက်ဆက်ကလည်း ဒီမူဝါဒကို လက်ခံခဲ့တယ်။ ဒ့ါကြောင့် နောင်ပေါ်ပေါက် လာတဲ့ ဆိုဗီယက်ပြည်ထောင်စု အခြေခံဥပဒေ နှစ်ခု ၁၉ ၃၆ နဲ့ ၁၉ ၇၇ မှာလည်း သမ္မတ နိုင်ငံများ ဖွဲ့စည်းမှု နဲ့ ခွဲထွက်ခွင့် ပြဋ္ဌာန်းချက်ကို ထည့်သွင်းပြဋ္ဌာန်းခဲ့တယ်။

၁၉ ၈၀ ပြည့်လွန်နှစ်တွေရောက်တော့ ဆိုဗီယက်ပြည်ထောင်စုမှာ အဖွဲ့ဝင်သမ္မတနိုင်ငံ ၁၅ ခု အထိ ရှိနေပြီ။ ဒါပေမယ့် ကွန်မြူနစ်ပါတီအင်အားကောင်းနေတဲ့အတွက် သမ္မတနိုင်ငံ အားလုံး ကို ထိန်းချုပ်ထားနိုင်တယ်။ ဘယ်သူမှ ခွဲထွက်ရေးအကြောင်းမပြောကြဘူး။

ဒါပေမယ့် ဂိုဘာချော့ဗ်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အောက်မှာ ကွန်မြူနစ်ပါတီရဲ့ ဗဟိုချုပ်ကိုင်မှု အားနည်းလာတယ်။ ပြည်ပမှာလည်း ဝါဆောအုပ်စုဝင်နိုင်ငံတွေအပေါ်ထိန်းချုပ်နိုင်မှု လျော့လာ တယ်။ ၁၉ ၈၉ ခုနှစ်မှာ ဂိုဘာချော့ဗ်က ဝါဆောအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပြီးနောက်မှာ အားလုံးသိတဲ့အတိုင်း အရှေ့ဥရောပနိုင်ငံ တွေမှာ ကွန်မြူနစ်အစိုးရတွေ ပြိုလဲသွားတယ်။

အဲဒီဖြစ်စဉ်တွေနောက်မှာ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံတစ်ချို့ကလည်း အခြေခံဥပဒေပါ ခွဲထွက်ရေးပုဒ်မကို ကျင့်သုံးဖို့ ကြိုးစားလာတယ်။ ဂိုဘာချော့ဗ်က ပြည်ထောင်စုစာချုပ်အသစ် နဲ့ အခြေအနေကို ထိန်းနိုင်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ၁၉ ၉ ၁ သြဂုတ်လ မအောင်မြင်တဲ့ အာဏာ သိမ်းရန် ကြိုးစားမှု ဖြစ်ပြိးနောက်ပိုင်းမှာ ဂိုဘာချော့ဗ် အာဏာလုံးဝမရှိတော့ဘူး။ ဆိုဗီယက် ကွန်မြူနစ် ပါတီရဲ့ အာဏာစက်လည်း ကျိုးပျက်သွားခဲ့တယ်။

အဲဒီအခြေအနေကြောင့် ၁၉ ၂၂ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုကိုစတင်တည်ထောင်တဲ့ စာချုပ် နိုင်ငံ သုံးနိုင်ငံဖြစ်တဲ့ ရုရှား၊ ယူကရိန်း နဲ့ ဘီလာရုစ် တို့အစည်းအဝေးလုပ်ပြီး ၁၉ ၉ ၁ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ၁၉ ၂၂ ခုနှစ် စာချုပ်ကို ဖျက်သိမ်းကြောင်းကြေညာခဲ့တယ်။ စာချုပ် ပျက်သွားတော့ ကျန်တဲ့သမ္မတနိုင်ငံ တွေ လည်း အလိုအလျောက် သီးခြားလွတ်လပ်တဲ့နိုင်ငံ တွေဖြစ်သွားတယ်။ ဒီဇင်ဘာလ ၂၆ ရက် နေ့ ကျတော့ ဆိုဗီယက်ပြည်ထောင်စုလွှတ်တော်က ဆိုဗီယက်လွှတ်တော်အဆင့်ဆင့် ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တယ်။ အဲဒီမှာ ဆိုဗီယက် ပြည်ထောင်စု တစ်ခန်းရပ်သွားတာပဲ။

ဆိုဗီယက်ပြည်ထောင်စုကနေ အဖွဲ့ဝင်နိုင်ငံတွေ ခွဲထွက်တဲ့အခါ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပြီး ခွဲထွက်ခဲ့တာမဟုတ်ဘူး။ အရင်ဆိုဗီယက် ပြည်ထောင်စုရဲ့ ပိုင်ဆိုင်မှုတွေ၊ ပေးရန်၊ ရရန်ကြွေးတွေ၊ အနုမြူလက်နက်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေကို ဘယ်လို ပုံစံခွဲဝေယူမယ်ဆိုတာ အပြန် အလှန် ညှိနှိုင်းမှုတွေလုပ်ပြီးမှ ခွဲထွက်ခဲ့ကြတာပါ။ ဥပမာအားဖြင့် ဆိုဗီယက် ပြည်ထောင်စု ရဲ့ နိုင်ငံတကာကြွေးမြီ ဒေါ်လာ ဘီလျံ ၁၀၀ နီးပါးကို ရုရှားနိုင်ငံက တာဝန်ယူပေးဆပ်ခဲ့တယ်။ အနုမြူ လက်နက်တွေကို ရုရှားက ယူတယ်။ ပင်လယ်နက်ရေတပ်ကို ရုရှားနဲ့ ယူကရိန်းခွဲဝေယူတယ်။

ဒါ့ကြောင့် ပြည်နယ်တွေက ခွဲထွက်ခွင့်မရှိဘဲ ခွဲထွက်ကြလို့ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲ ခဲ့ ရတယ်၊ ပူတင်က ရုရှားပိုင်နယ်မြေတွေကို ပြန်လည်စုစည်းဖို့ ကြိုးစားနေတာပါ ဆိုတာ အခု ခေတ်စကားနဲ့ ပြောရင် ဂျင်း သက်သက်ပဲ။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတာက လင်မယား ရန်ဖြစ်၊ နင်နဲ့မပေါင်းဘူး ဆိုပြီး အိမ်ပေါ်က တစ်ဖက်သတ် ဆင်းလာတာမျိုးမဟုတ်ဘူး။ အတူနေလို့ မဖြစ်နိုင်တော့တဲ့အတွက် တရားရုံး ရှေ့မှာ စာချုပ် စာတမ်းနဲ့ ၊ လက်ထက်ပွား ပစ္စည်းကို ဘယ်လိုခွဲမလဲ၊ သားသမီးတွေကို ဘယ်သူ ထိန်းသိမ်း မလဲဆိုတာ သဘောတူပြီး ပြတ်စဲခဲ့ကြတာ။ ဒါ့ကြောင့် အခုအချိန်ရောက်မှ အိမ်ပေါ် အတင်းတက်ပြီး ငါ နဲ့ ပြန်ပေါင်းဆိုပြီးလို့လက်ဆွဲခေါ်လို့ မရတော့ဘူး။ နောက်အိမ် ထောင်မပြုရ ဘူး လို့လည်း တားလို့မရဘူး။

တကယ်တော့ ပူတင်ဟာ ဆိုဗီယက်ပြည်ထောင်စုကို ပြန်အသက်သွင်းချင်တာမဟုတ်ဘူး။ သူ့ကိုယ်သူ ဇာဘုရင်နေရာမှာ ထားပြီး ရုရှားအင်ပါယာကို ပြန်အသက်သွင်းချင်နေတာ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: