ကျိုက္ကစံဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ၁၃ -၄-၂၀၂၂ မှာ ကျိုက္ကစံ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။

ကျိုက္ကစံဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ ကျိုက္ကစံ ဆံတော်ရှင်စေတီတော်” ဖြစ်ပါတယ်။ ကျိုက္ကစံဘုရားဟာ ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ မွန်ဘာသာနဲ့ ဘွဲ့တော်အမည်ရှိတဲ့ စေတီတော် တွေထဲက ထင်ရှားတဲ့ စေတီတစ်ဆူဖြစ်ပါတယ်။ ကျိုက္ကစံ ဆိုတာ မွန်ဘာသာအရ – ကျိုက် = ဘုရား၊ အရှန် = ရဟန္တာ ၊ ရဟန္တာများတည်ထားသည့်စေတီ၊ ကျိုက်အရှန် ကနေ ကာလ ကြာတော့ ကျိုက္ကစံ ဖြစ်လာတယ် လို့ မှတ်သားရပါတယ်။

ဘုရားရင်ပြင်မှာ စိုက်ထူထားတဲ့ ကျောက်စာအရ ကျိုက္ကစံစေတီတော်ကို မဟာသက္ကရာဇ် ၁၁၁ ခုနှစ်မှာ မြတ်စွာဘုရားက ရသေ့ခေါက် ကို ပေးသနားတော်မူတဲ့ ဆံတော်နှစ်ဆူ အနက် တစ်ဆူ ကို ဌာပနာပြီးတည်ထားခဲ့တယ်လို့ဖော်ပြခဲ့တယ်။ အဲဒီနောက်၊ သာသနာသက္ကရာဇ် ၂၃၈ ခုနှစ် မှာ ရှင်ယသ ဦးစီးတဲ့ ရဟန္တာရှစ်ပါးက ဆံတော်ခြောက်ဆူ၊ ဓာတ်တော် ဆယ်ဆူကို ဌာပနာပြီး ဒုတိယအကြိမ်တည်ထားခဲ့တယ်လို့ ဆိုပါတယ် ။ ဒုတိယအကြိမ်တည်ထားပြီးနောက်ပိုင်း ကျိုက္ကစံ စေတီတော်အခြေအနေကို ဖော်ပြထားတာ မရှိတော့ဘဲ ၁၈ ရာစုနှစ်နောက်ပိုင်းပြင်ဆင်မှုတွေ ကို ပဲဖော်ပြထားတယ်။

၁၈ ရာစုနှစ်နောက်ပိုင်း ပြင်ဆင်မှုတွေကတော့ သက္ကရာဇ် ၁၁၁၅ ( ၁၇၅၃ ခုနှစ် ) မှာ စကု မြို့သား ရှင်သာရကိတ္တထေရ်၊ ၁၁၉ ၄ ခုနှစ် မှာ ဝန်ရှင်တော်မင်းကြီး မင်းလှရာဇာ၊ ၁၂၀၂ ခုနှစ် ( ပုဂံမင်းလက်ထက်) မှာ မဟာမင်းခေါင်ရာဇသူ ၊ ၁၂၅၉ ခုနှစ်မှာ ဗုဒ္ဓပဋိသင်္ခရဏ အသင်းတို့ရဲ့ ပြင်ဆင်မှုတွေဖြစ်ပါတယ်။

ကျိုက္ကစံစေတီတော်ကို လက်ရှိဉာဏ်တော်အမြင့် ၂၀၄ ပေ ရောက်အောင် ပြင်ဆင်ခဲ့တဲ့ ဘုရားဒါယကာ၊ ဒါယိကာမတွေကတော့ ရန်ကုန်မြို့ ပုဇွန်တောင်၊အိုးဘိုရပ်နေ ဦးစံဘို ၊ ဒေါ်ဒွေး ဖြစ်ပါတယ်။ ၁၂၇၅ ခုနှစ် ( ၁၉ ၁၃ ခုနှစ် ) မှာ မူလစေတီတော်ကို ငုံပြီးတည်တယ်။ ၁၂၈၀ ပြည့်နှစ် တပို့တွဲလပြည့်ကျော်သုံးရက်နေ့မှာ ပြီးစီးတယ်။ ကုန်ကျစရိတ် တစ်သိန်း နှစ်သောင်း ကိုးထောင့် ရှစ်ရာ ငါးဆယ် လို့မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

စေတီတော်မွမ်းမံပြင်ဆင်မှုနဲ့ပတ်သက်ပြီး ထူးထူးခြားခြားဖြစ်ခဲ့တာက တပို့တွဲလပြည့်ကျော် နှစ် ရက်နေ့ မြောက်ဘက်မုခ်ကနေ ထီးတော် တတိယဘုံဆင့်ကို တင်နေတဲ့အချိန်မှာ ထီးရထား ကြိုးပြတ်ပြီး ရထားပျံ နဲ့ လိုက်ပါသွားတဲ့ ထီးဆရာ ဦးဘိုးဘေ ပြုတ်ကျသေဆုံးခဲ့တဲ့ ဖြစ်ရပ် ပါ။ အဲဒီအကြောင်းကို ပညာအလင်းသတင်းစာက “ နှစ်နာရီအခါကျတွင်မှ တတိယ ဘုံတင်၊ လေးစိပ်တွင်တစ်စိပ်ကြွင်းတော့မှ၊ နိမိတတ်ခင်းပြသည့်အသွင်။ ဥုးဘိုးတေ ခမြာပင်၊ မကြာခင်မြေခလို့။ ပြေမရဏ လားသူအမှန်၊ များမှုမကျန်။ ကြွေမလို့ သေရဟန်ငယ်၊ ဒေဝထံ ပြောင်းပြီထင့်လေး။” ( မူရင်းသတ်ပုံအတိုင်း) လို့ ဖော်ပြခဲ့တယ်။

ကျိုက္ကစံဘုရားဟာ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာရှိတယ်။ မုခ်လေးမုခ်လုံးက တက်လို့ရတယ်။ ဒါပေမယ့် ရတနာလမ်းဘက်က ဝင်ရတဲ့ အနောက်ဘက် မုခ်ကတော့ ကားရပ်ဖို့နေရာ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အတွက် ပိုပြီး အဆင်ပြေပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ )

ကျိုက္ကစံဘုရား ရင်ပြင်တော်ကတော့ ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ အာရုံခံတန်ဆောင်းအပါအဝင် ဘာသာရေးဆိုင်ရာအဆောက်အဦတွေကို အုတ်တံတိုင်းဘက်မှာ ကပ်ဆောက်ထားတယ်။ ဇနီးမောင်နှံ အမည်တူတဲ့ “ ဦးခင်မြင့်၊ ဒေါ်ခင်မြင့် အာရုံခံတန်ဆောင်း” ဆိုတာလည်း တွေ့ရ တယ်။ တစ်ချို့ အဆောက်အဦတွေက တောင်စောင်းမှာမေးတင်ဆောက်ထားတယ်။ ဆောက်လုပ်ဆဲ အဆောက် အဦတစ်ခုလည်းတွေ့တယ်။ ဒါပေမယ့်နောက်ထပ် တိုးချဲ့ဖို့ နေရာမရှိတော့ဘူး။

ရင်ပြင်မှာ ကျိုက္ကစံဘုရား ဒါယိကာမ ဒေါ်ဒွေးလှုဒါန်းတဲ့ တန်ဆောင်းနဲ့ ခေါင်းလောင်းကြီးတစ်လုံး ရှိတယ်။ တန်ဆောင်းမှာ “ အမေဒွေးခေါင်းလောင်း တန်ဆောင်းကြီး၊ မွမ်းမံပြုပြင် အလှုရှင် သင်္ဃန်းကျွန်းဈေး ( ယာယီ ) ဈေးသူဈေးသားများကောင်းမှု” လို့ စာတမ်းထိုးထားတယ်။
ခေါင်းလောင်းတန်ဆောင်းထဲက ကျောက်စာမှာတော့ ၁၉ – ၁ – ၂၀၁၁ ဗုဒ္ဓဟူးနေ့တွင် ရေစက်သွန်းချ လှုဒါန်းပါသည်လို့ ရေးထားတယ်။ အနောက်ဘက် မုခ် ကဿပ မြတ်စွာဘုရားအာရုံခံတန်ဆောာင်းမှာလည်း “ ဆယ်ပြား တန်ဆောင်းကြီး၊ သင်္ဃန်းကျွန်းဈေး ဈေးသူဈေးသားနှင့်အများကောင်းမှု” လို့ စာတမ်း ထိုး ထားတာတွေ့တယ်။ ဆယ်ပြား တန် ဆောင်းဆိုထဲက အတော်ရှေးကျတဲ့ အချိန်က လှုဒါန်းခဲ့တာသေချာပါတယ်။

ခေါင်းလောင်းကြီးကို ဘာလို့ အမေဒွေးခေါင်းလောင်း လို့ခေါ်တာလဲ၊ ဘုရားဒါယကာ ဦးစံဘို နာမည် ဘာ့ကြောင့်မပါလဲ ၊ ခေါင်းလောင်းစာမှာ အလှုရှင်အမည်ဘယ်လိုရေးထားလဲ သိချင်လို့ ဖတ်ဖို့ ကြိုးစားတယ်။ တစ်ချို့နေရာတွေမျာ စာသား တွေ မှိန်ပြီးပျောက်သလောက်နီးနီးဖြစ်နေလို့ အပြည့်အစုံဖတ် လို့မရဘူး။ ရှေးခေါင်းလောင်း ရှိတဲ့ ဘုရားတွေမှာ ခေါင်းလောင်းစာတွေကို မှတ်တမ်းတင်ဖော်ပြထားပေးရင် သမိုင်းစိတ်ဝင်စားတဲ့ ဘုရားဖူးတွေ၊ သုတေသနသမား တွေအတွက် အကျိုးရှိမယ်။ ရွှေတိဂုံဘုရားမှာ ဆိုရင် ရှေးခေါင်းလောင်းတွေအများကြီးပဲ။

အမေဒွေးခေါင်းလောင်း အနားမှာ အုတ် အာရုံခံတန်ဆောင်းတစ်ခုရှိတယ်။ ရှေးလက်ရာပဲ။ အခုတော့ နှစ်ကျိပ်ရှစ်ဆူ ဘုရားတွေ အပူဇော်ခံထားတယ်။ အထဲမှာ တွေ့တဲ့ ဘုရားဝန်ထမ်း အမျိုးသမီးကတော့ ဒါဟာ ဒေါ်ပွားဇရပ်လို့ပြောတယ်။ ကျိုက္ကစံစေတီတော်သမိုင်း (၁၉ ၇၃) စာအုပ်မှာ ၁၂၈၀ ပြည့်နှစ် ဘုရားဒါယက ဦးစံဘို၊ ဘုရားဒါယိကာမ ဒေါ်ဒွေး တို့ ကျိုက္ကစံ ဘုရားကို ဉာဏ်တော်မြှင့်ပြီးပြန်လည်တည်ထားချိန်မှာ မင်းတုန်းမင်းကြီး ကုသိုလ်ဇရပ်ဟောင်း ကို ဒေါ်ပွားက ပြုပြင်ရန်နှိုးဆော်တဲ့အတွက် ပြန်လည်ပြုပြင်ခဲ့တယ်လို့ ရေးထားတယ်။ တကယ်လို့ နှစ်ကျိပ်ရှစ်ဆူ အာရုံခံတန်ဆောင်းက မင်းတုန်းမင်းကြီး ကုသိုလ်တော်ဇရပ်ဆိုတာမှန်ရင် အများ ပြည်သူသိအောင် ဖော်ပြထားပေးထားဖို့ တိုက်တွန်းချင်ပါတယ်။

စေတီရင်ပြင် တနလာၤထောင့် အနားမှာ ကျောက်စာတိုက်တစ်ခုရှိတယ်။ သံတိုင်တွေ ကာထား တယ်။ “ ရန်ကုန်မြို့ အရှေ့မြောက် အရပ် ကျိုက်ကဆံဘုရား ကမ္ဗည်းကျောက်စာ” ( မူရင်း သတ်ပုံအတိုင်း) လို့ ခေါင်းစဉ်တပ်ထားတယ်။ အပြင်ကနေ ဖတ်လို့ရသလောက် ဖတ်ကြည့် တာ ဒီကျောက်စာက ဘုရားဒါယကာ ဦးစံဘို၊ ဘုရားဒါယိကာမ ဒေါ်ဒွေး တို့ရဲ့ အလှုမှတ်တမ်းတင် ကျောက်စာပဲ။ သံတိုင်တွေကာထားလို့ တစ်မျက်နှာပဲ မြင်ရတဲ့အပြင် အပြည့်အစုံဖတ်လို့ မရဘူး။ ဒါပေမယ့် ကျောက်စာမှာ အလှုရှင်အမည်ကို “ဦးစံခို ၊ ဒေါ်ထွေး” လို့ ရေးထားတယ်။ အလှု ဒါယကာ၊ ဒါယိကာမ တို့ လှုဒါန်းခဲ့သမ ျှ အ၀၀ကို ဖော်ပြထားတာတွေ့ရတယ်။

ကျွန်တော်ကတော့ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ဆောင်းပါး တွေကို ဖတ်ပြီးချိန်ထဲက ကျောက်စာတွေ့ရင် ဖတ်မှတ်လေ့လာချင်နေတာဆိုတော့ ဒီကျောက်စာ ကို အပြည့်အစုံကို ဖတ်ရရင်ကောင်းမှပဲလို့ တွေးမိတယ်။ ငါးထပ်ကြီး ဘုရားဂေါပက အဖွဲ့က ထုတ်ဝေတဲ့ ငါးထပ်ကြီး ဘုရားသမိုင်းစာအုပ်မှာ ငါးထပ်ကြီး ဘုရားကမ္ဗည်းကျောက်စာ ကို အပြည့်အစုံ ဖော်ပြထား ပေးထားတာ နမူနာယူစရာဖြစ်ပါတယ်။

ကျိုက္ကစံ ဘုရားရင်ပြင်မှာ မဏ္ဍပ်ထိုးထားပြီး သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့ အထိ သီလပေးတရားပွဲ ရှိတဲ့အကြောင်းကြေညာထားပါတယ်။ ကျိုက္ကစံ ဘုရားရင်ပြင်က ကျယ်ဝန်းပြီး အာရုံခံတန်ဆောင်းတွေလည်းများတဲ့အတွက် မနက်စောစော တရားထိုင်၊ ပုတီးစိတ်၊ ပရိတ် ရွတ်ဖတ်ပူဇော်သူတွေလည်းများတာကို မြင်တွေ့ခဲ့ရပါတယ်။ အနောက်ဘက်မုခ် အဝင် လမ်း ဈေးတန်းက လက်ဖက်ရည်နှစ်ဆိုင်မှာလည်း လူတွေ စည်ကားနေပါတယ်။ ဒါပေမယ့် လက်ဖက်ရည်ဆိုင် ထိုင်ဖို့ မသင့်တော်တဲ့ ပုဂ္ဂိုလ်အတော်များများကို မြင်ရတာကတော့ စိတ်မချမ်းမြေ့ စရာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: