တတိယမြောက်နေ့ ခရီးစဉ်အတွက် လျာထားတာက ကျိုက်ထီးရိုးတောင်ကနေ မြစိမ်းတောင်ကို ဆိုင်ကယ်နဲ့ ပြန်သွား၊ မြစိမ်းတောင်ကနေ ဝိဇ္ဇာတောင်- ရေတံခွန် – ကျိုက်ထီးရိုးကို ခြေလျင်ခရီး သွားဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဝိဇ္ဇာတောင်နဲ့ ရေတံခွန်ကြားမှာ လူအသွားအလာမရှိသလောက် ဖြစ်ပြီး လမ်းပိတ်၊ လမ်းပျက်နေတာမျိုးနဲ့ ကြုံနိုင်တယ်လို့ သိရတဲ့အတွက် အဲဒီခရီးစဉ်အစား ကျိုက်ထီးရိုး – ကျောက်ထပ်ကြီးဘုရား ခရီးစဉ်ကို သွားဖို့ စီစဉ်ခဲ့တယ်။ ကျိုက်ထီးရိုးကနေ ရသေ့ တာင်၊ စွန်တောင်ခရီးစဉ်နဲ့ ကျိုက်ထီးရိုး – ကျောက်ထပ်ကြီးခရီးစဉ်တွေက လမ်းပြမလိုပါဘူး။ ဝိဇ္ဇာ တောင်- ရေတံခွန်လမ်းကြောင်းကတော့ လမ်းပြပါရင် ပိုကောင်းမယ်။
ကျိုက်ထီးရိုး- ကျောက်ထပ်ကြီးလမ်းက အသွား ၊ အပြန် ၄.၄ မိုင်ရှိတယ်။ ခရီးသွားချိန်က အသွား မှာ ၁ နာရီ ၁၁ မိနစ်ကြာတယ်။ အပြန်က နှစ်နာရီနီးပါးကြာတယ်။ လမ်းကြောင်းအခြေအနေ ကတော့ မြေပုံမှာ ပြထားတဲ့အတိုင်း အသွားက အဆင်းသက်သက်၊ အပြန်ကတော့ အတက် သက်သက်ပဲ။ အပြန်ခရီး ကျိုက်ထီးရိုးတောင်ရောက်ခါနီးအတက်ကတော့ အပင်ပန်းဆုံး ဖြစ်ပါတယ်။
ကျောက်ထပ်ကြီးကို သွားတဲ့လမ်းက ရင်ပြင်တော်ပေါ်ကနေ ထမင်းဆိုင်ကြီးတွေရှိတဲ့ မုဆိုးတောင် လမ်းအတိုင်းဆင်းသွားရတယ်။ မုဆိုးတောင် တောင်ခြေရောက်ရင် ညာဘက်လမ်းခွဲအတိုင်းလိုက် သွားရ တယ်။ အဲဒီလမ်းဆုံနေရာမှာ “ ကျောက်ထပ်ကြီး စေတီတော်မြတ်ကြီးသို့ ကြိမ်ကြိုးပေါ်မှ သွား ရောက်၍ ရွှေသင်္ဃန်းများ ကပ်လှူပေးနေသည့်ပုံ” ဆိုတဲ့ ပိုစတာထောင်ထားတယ်။ ပိုစတာဘေး မှာ “ ကျောက်ထပ်ကြီးစေတီတော်မြတ်ကြီးသို့ ၆၃ မိနစ် ” ဆိုတဲ့လမ်းညွှန် ဆိုင်းဘုတ်ရှိတယ်။ အဲဒီ ၆၃ မိနစ် ဆိုတာ အသွားခရီး ၊ တောင်ဆင်းသက်သက် ခရီးကြာချိန်ကို ပြောတာပါ။ ပြန် အတက်ကတော့ အဲဒီထက်ပိုကြာမယ်ဆိုတာ သိထားဖို့လိုပါတယ်။
ကျောက်ထပ်ကြီးလမ်းခွဲက စသွားရင် အာရုံခံတန်ဆောင်းတစ်ခုကို ဖြတ်ရမယ်။ အဲဒါ ကျော်ရင် ရဟတ်ယာဉ်ကွင်းနေရာ ရောက်မယ်။ ရဟတ်ယာဉ်ကွင်းကျော်တာနဲ့ ရိုးရာမပျက် ဈေးတန်း တွေရှိတယ်။ ဈေးတန်းတွေက ကျိုက်ထီးရိုးကုန်းတော်အခြေလို့ ပြောရမယ့်နေရာအထိ ဆက်တိုက်ရှိနေတာပါ။ ဈေးတန်းနေရာက အသွားမှာ အဆင်းသက်သက် အေးအေး သက်သာ ဆင်းလို့ရပေမယ့် အပြန်ခရီးမှာတော့ ရင်ဆို့ရတဲ့နေရာပါ။
ဈေးတန်းတွေဆုံးသွားရင်တော့ တောရိပ်တောင်ရိပ်နဲ့ တောင်ဆင်းလမ်းလေးမှာ အေးအေး သက်သာ လေ ျှာက်လို့ရပါပြီ။ ဈေးဆိုင်လေးတွေ၊ ထင်းခုတ် ဝါးခုတ် တောင်ယာလုပ် တဲ လေးတွေ ကွက်ကြား ကွက်ကြားရှိနေတဲ့အတွက် လိုအပ်ရင် နားလို့ရပါတယ်။ ကျွန်တော် တို့ ခရီးသွားတဲ့နေ့က တစ်နေကုန် မြူတွေဆိုင်းနေတော့ လမ်းခရီးက အေးမြသာယာ ကြည်နူး စရာ ဖြစ်နေပြီး နားစရာတောင်မလိုပါဘူး။
ကျောက်ထပ်ကြီးလမ်းက ကျိုက်ထီးရိုးခြေလျင်တောင်တက်လမ်းလို စခန်းသတ်မှတ် ထားတာ မရှိဘူး။ ကျွန်တော်ကတော့ လမ်းမှာ တွေ့တဲ့ ဘုရား၊ ဘုန်းကြီးကျောင်းတွေကို ပဲ မှတ်သားခဲ့ တယ်။ ကျွန်တော်မှတ်သားခဲ့တဲ့ ခရီးစဉ်အမှတ်အသားတွေက
ကျောက်ထပ်ကြီးလမ်းခွဲ၊ စံရိပ်ငြိမ်ကျောင်း ၊ ပန်းမြတ်တောင်ကျောင်းတိုက်၊ အောင်သိဒ္ဓိရှင် ဘုရားလမ်းခွဲ၊ ကျောက်ထပ်တစ်ရာစေတီ၊ ကျိုက်ထီးရိုးလေး (ခ) ကျောက်လှုပ်စေတီ၊ ဖားဘုရားလမ်းခွဲ၊ ကျောက်ထပ် ကြီးစေတီ။
ပန်းမြတ်တောင်ကျောင်းတိုက် အဝင်လမ်းက တောင်ကြောပြေပြေလေးဖြစ်ပါတယ်။ အဝင်လမ်း ဝဲယာမှာ ဆီမီး ၅၀၀၀ ရန်ကုန်အဖွဲ့က လှူဒါန်းထားတဲ့ ထိုင်တော်မူရုပ်ပွားတော်တွေရှိတယ်။ မြူနှင်းတွေကြားထဲမှာ ရုပ်ပွားတော်တွေကို ဖူးတွေ့ရတာ ကြည်နူးဖို့ကောင်းလှပါတယ်။
ကျောက်ထပ်ကြီးလမ်းက ဈေးဆိုင်တွေ၊ ထင်းခုတ်ဝါးခုတ်တဲတွေကတော့ မိုးတွင်းကာလမှာ တောင်အောက်ပြန်ဆင်းမယ့်သူတွေများတယ်။ တစ်ချို့ဆိုင်တွေ၊ အိမ်တွေဆို ပိတ်ပြီး ပြန် ဆင်းသွားကြပြီ။တစ်ချို့တွေက အိမ်ကို အမိုး၊ အကာတွေ လုံခြုံအောင် ပြင်ဆင်နေကြပြီ။ ဒီလမ်းကြောင်းမှာက ရာသီဥတု ဆိုးတော့ သေသေချာချာ အကာအရံလုပ်မထားရင် ရေယို ပြီး အပျက်အစီးများသတဲ့။ ပြန်ဆင်းတဲ့သူအများစုက အဝတ်အစား၊ အိပ်ယာ အကုန်ထားခဲ့ပြီး လူ သက်သက်ပြန်ဆင်းသွားကြတာပါ။ အိမ်ရှေ့မှာ မှောက်ထားတဲ့ ရေ အိုး၊ အိမ်ဘေး အုတ်ခုံ ပေါ်မှာ တင်ထားခဲ့တဲ့ ပေါက်တူး၊ တံခါးတွေပိတ်ထားပြီး အိမ်ရှင်မရှိတော့တဲ့ အိမ်လေး တစ်လုံးကို မြူတွေကြားမှာ မြင်လိုက်ရတော့ ဝမ်းနည်းသလိုလို ဖြစ်ရပြန်တယ်။
မိုးရာသီ တောင်ပေါ်မှာ ဆက်နေမယ့် မိသားစု နှစ်စုလည်း စကားပြောခဲ့ရတယ်။ ပထမ မိသားစုက ကျိုက်ထိုက ၊ ကျောက်ထပ်ကြီးလမ်းမှာ ထမင်းဟင်း ရောင်းတာ ဆယ်နှစ်ကျော်ပြီ။ သားသမီးတွေ သူတို့အလုပ်နဲ့ သူတို့ဖြစ်နေတော့ တောင်ပေါ်မှာ အဖေနဲ့ အမေ နှစ်ယောက်ပဲ။ မိုးမကျခင် ထင်း၊ ဆန်၊ ဆီ ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်သွန် တွေကြိုစုထားပြီး တောင်ပေါ်မှာပဲ နေ တယ်။ ဈေးသည်လာရင် အသီးအရွက်၊အသားငါး ဝယ်စားတယ်။ မရှိရင် အခြောက်အခြမ်းနဲ့ စားတယ်။
ကျိုက်ထိုမှာ အိမ်ရှိပေမယ့် မပြန်တော့ဘူး။ မြို့မှာနေရင် ကိစ္စ ဝိစ္စ များတယ်၊ အပူ အပင်များ တယ်။ တောင်ပေါ်မှာ အေးချမ်းသတဲ့။ သားသမီးတွေ ကလည်း ထောက်ပံ့တော့ အရောင်းအဝယ် ပါးရင်တောင်နေလို့ ဖြစ်တယ်ဆိုပဲ။ ရေတစ်ထမ်း ငါးရာ၊ မီး ဆိုလာ ၊ ပြူတင်း ပေါက် အဲကွန်း နဲ့ အေးချမ်းနေသူကို ကြည့်ရင်း ရန်ကုန်သားဟာ ၅ လာ၊ ၉ ပျက် ဂါထာကို ရွတ်နေမိတယ်။ ကိုယ်က သူ့ကို သနားရမလား၊ သူက ကိုယ့်ကို သနားစရာ အဖြစ် မြင်မလားဆိုတာလည်း ဝေခွဲလို့မရဘူး။
နောက်အိမ်ထောင်စုကတော့ ရွှေကျင်ဘက်လာနေတာ။ ကလေးမရှိဘူး။ ဈေးရောင်း တယ်။ တောထဲဝင်ပြီး ဆေးဖက်ဝင်အပင်တွေရှာရောင်းတယ်။ဝါးခုတ်တယ်။ ထင်းခုတ်တယ်။ မိုးတွင်းဆို တောင်ယာစပါးစိုက်တယ်။ တောင် အောက်မဆင်းဖြစ်တာတောင် ငါးနှစ်၊ ခြောက်နှစ်ရှိပြီတဲ့။ ကျွန်တော်တို့နဲ့တွေ့တော့ တဲ အမိုးအကာတွေ ပြင်နေတယ်။ မိုးတွင်းအတွက်က ဆန်၊ ဆီ ၊ ဆား ရှိရင်ရပြီတဲ့။ တောင်ယာက အသီးအရွက်ရမယ်၊ ဈေးသည်လာရင် အသားငါး ဝယ်စားမယ်၊ အရေး ပေါ်လိုရင် ကျိုက်ထီးရိုးတောင်ပေါ်တက်ဝယ်မတဲ့။ ပစ်တိုင်းထောင် လူသားတွေပဲ။
အောင်သိဒ္ဓိရှင်ဘုရားလမ်းခွဲကို ကျော်လာပြီးတဲ့အခါ လမ်းညာဘက်မှာ သစ်သစ်လွင်လွင် ခြေတံရှည်အိမ်လေး တစ်လုံးတွေ့တယ်။ လမ်းတစ်လေ ျှာက်မှာ အိမ်အို၊ အိမ်ဟောင်းတွေပဲ မြင်ခဲ့ရတော့ အိမ်သစ်လေးကို မြင်ရတာ ထူးခြားနေတယ်။ အိမ်ဘေးတောင်စောင်းကွက်လပ် ကိုလည်း အပြောင်ရှင်းပြီး မိုးသီးနှံတွေ စိုက်ဖို့ပြင်ဆင်ထားတယ်။အိမ်ရှင်ကို မတွေ့ခဲ့ရ ပေမယ့် “မိုး ဘယ်လောက် ကြီးကြီး၊ လေဘယ်လောက်ထန်ထန် ရှင်သန်မယ်ဟေ့” ဆိုတဲ့ အားမာန် ကို ခံစားခဲ့ရတယ်။
ကျောက်ထပ်ကြီးလမ်းက ဈေးဆိုင်တွေနဲ့ တဲစုလေးဖြစ်နေတဲ့နေရာတွေမှာ ပိုက်နဲ့ ရေပေးစနစ် လုပ်ထားတာတွေ့ခဲ့ရတယ်။ ရေရောင်းတဲ့သူက လ ျှိုထဲမှာရှိတဲ့ ရေထွက်ကနေ ရေတင်ပြီး ရေ ရောင်းတာပါ။ အဝါရောင်ပလတ်စတစ်ပုံးကြီး နှစ်ပုံး (တစ်ထမ်း) ကို ငါးရာပေးရတယ်။ ရေပိုက် တွေက အိမ်အထိ သွယ်ထားတယ်။ ရေယူမယ်ဆိုရင် ဖုန်းဆက်လိုက်၊ ရေရောင်းတဲ့သူက ဘားလာဖွင့်ပေးတယ်။
ကျောက်ထပ်ကြီးစေတီမရောက်ခင်မှာ ကျိုက်ထီးရိုးလေး ( ခ) ကျောက်လှုပ် စေတီ မုခ်ဦး နဲ့ ကျောက်လှုပ်စေတီ၊ နဂါးဘုရား၊ ဖားဘုရား၊ ကျောက်ထပ်ကြီးဘုရားသို့ ဆိုတဲ့ လမ်းညွှန် ဆိုင်း ဘုတ်တွေ့လိမ့်မယ်။ အဲဒီလမ်းက တောင်အောက်ကို ဆင်း ကျောက်လှုပ်စေတီ၊ နဂါးဘုရား ၊ ဖားဘုရားတွေကို ဖြတ်ပြီးတောင်ကြောပေါ်ပြန်တက်၊ ပြီးမှ ကျောက်ထပ်ကြီးဘုရားဘက်ကို ပြန် ဆင်းရတယ်။
အဲဒီလမ်းညွှန်ဆိုင်းဘုတ်ညာဘက်မှာ ဘာအမှတ်အသားမှ မရှိတဲ့ လူသွားလမ်းလေးရှိတယ်။ အဲဒီလမ်း အတိုင်း သွားရင် ကျောက်ထပ်ကြီးဘုရားကို တိုက်ရိုက်ရောက်တယ်။ကျွန်တော်ကတော့ ကျန်တဲ့ဘုရား တွေ ဝင်ဖို့အစီအစဉ်မရှိတဲ့အတွက် ညာဘက်က လမ်းအတိုင်း ဆက်သွားတယ်။
ကျောက်ထပ်ကြီး ဘုရားမရောက်ခင်မှာ ကျောက်တုံးကြီးပေါ်မှာ စေတီတစ်ဆူတည်ထားတယ်။ ကျောက်တုံးအခြေမှာ အလှူခံမဏ္ဍပ်ရှိတယ်။ ကျွန်တော်တို့ရောက်သွားတော့ အလှူခံ မရှိဘူး။ မဏ္ဍပ်ထဲမှာ ကန်တော့ပွဲတစ်ပွဲ၊ ပန်းတွေ သပြေတွေထိုးထားတဲ့ပန်းအိုးတစ်လုံး ကျောက်ဆင်းတု တစ်ဆူရှိတယ်။ ဆင်း တုတော်အောက်ခြေမှာ “ ရုပ်ရှင်သရုပ်ဆောင် ပုလဲဝင်း ကောင်းမှု” လို့ စာ တမ်းထိုးထားတယ်။ စေတီတည်ထားတဲ့ ကျောက်တုံးပေါ်ကို တက်လို့ရအောင် လှေကားထောင် ထားတာလည်း တွေ့ရတယ်။ အလှူခံတွေရှိရင်တော့ ရွှေသင်္ဃန်းကပ်လို့ရမယ်ထင်တယ်။
ကျောက်ထပ်ကြီးဘုရား မှာ အလှုခံမဏ္ဍပ်တစ်ခုရှိတယ်။ ဘိုးဘိုးကြီးနတ်နန်းရှိတယ်။ အိမ် တစ်လုံး ရှိတယ်။ ကျောက်ထပ်ကြီးဘုရားတည်ထားတဲ့ ကျောက်တုံးကြီးကတော့ ပေ အစိတ် သုံးဆယ်လောက်ပဲမြင့်မယ်ထင်ပါတယ်။ ကျောက်တုံးထိပ်နဲ့ မြေပြင်ကို ကြိမ်ကြိုးနှစ်ကြိုး တန်း ထားတယ်။ တစ်ကြိုးက အဆင်းအတွက်ဖြစ်မယ်ထင်တယ်။ ကျောက်တုံးထိပ်ကနေ မြေပြင်အထိ တစ်စောင်းသွယ်ထားတယ်။ နောက်တစ်ကြိုးက အတက်အတွက်ဖြစ်မယ်။ သစ်သားလှေကား နဲ့ ကျောက်တုံးထိပ်ကို ရေပြင်ညီ နီးပါး သွယ်တန်းထားတယ်။ သစ်သားလှေကားမှာ ကန်တော့ပွဲ တစ်ပွဲတင်ထားတယ်။ နောက်ကြိမ်ကြိုးတစ်ချောင်းအခြေမှာတော့ “ သက်စွန့်ဆံဖြား တက်ရောက်သွား ကြိုးဝိဇ္ဇာအား ဆုငွေချီးမြှင့်နိုင်ပါသည်။” ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထား တယ်။
မူလအစီအစဉ်ကတော့ စေတနာရှိသလောက် ရွှေသင်္ဃန်းကပ်မယ်။ ကိုယ်စားတက်ပူဇော်ပေး တဲ့ ကြိုးဝိဇ္ဇာကို ဓာတ်ပုံစိတ်ကြိုက်ရိုက်မယ်၊ ဆုချမယ်လို့ စဉ်းစားထားတာပဲ။ ဒါပေမယ့် အလှူခံ ပုဂ္ဂိုလ်က အနည်းဆုံးရွှေဆိုင်း ၇ ချုပ် ( နှစ်သောင်းတစ်ထောင်ဖိုး) လှူမှ ကြိုးဝိဇ္ဇာက အပေါ် တက်မှာ၊ ကျွန်တော်တစ်ယောက်ထဲ အဲဒီလောက်မလှူနိုင်ရင် နောက်လာမယ့် ဘုရားဖူး တွေ ကို စောင့်ရမယ်လို့ပြောတယ်။ အဲဒီစကားကြားတဲ့အချိန်မှာ စိတ်ထင့်သွားတဲ့အတွက် မလှူတော့ ဘူး လို့ ပြောလိုက်တယ်။ အလှူခံပုဂ္ဂိုလ်က ရွှေဆိုင်းမလှူရင်လည်း ခေါင်းလောင်း နှစ်လုံး ( တစ် သောင်းလေးထောင်ဖိုး) လှူရင်လည်း ရတယ်လို့ပြောတယ်။ ငွေပမာဏက အဓိက မဟုတ်ပါ ဘူး။ လှူဖို့ရာ စိတ်ထင့်နေတဲ့အတွက် ဘုရားကို ပဲ ဓာတ်ပုံရိုက်ပြီး ပြန်လာခဲ့တယ်။
အပြန်ခရီးမှာ မိုးရွာလာလို့ ဈေးဆိုင်မှာ ၁၅ မိနစ်လောက်မိုးခိုရတာကလွဲလို့ ဘာမှ ထူးထူး ခြားခြား မရှိဘူး။ ကျိုက်ထီးရိုးရင်ပြင် မုဆိုးတောင်ခြေအရောက် အလာမှာတွေ့ခဲ့တဲ့
“ ကျောက်ထပ်ကြီး စေတီတော်မြတ်ကြီးသို့ ကြိမ်ကြိုးပေါ်မှ သွား ရောက်၍ ရွှေသင်္ဃန်းများ ကပ်လှူပေးနေသည့်ပုံ” ပိုစတာ ကို ပြန်တွေ့တော့ အတူပါလာတဲ့ အဖော်က “ ဓာတ်ပုံမရိုက်ခဲ့ ရတာ နာတာပဲ” လို့ပြောတယ်။ ဒါနဲ့ သူ့ကို “သဒ္ဓါပေါက်တဲ့ အခါ သွားရိုက်ကြတာပေါ့” လို့ ပြန် ပြောလိုက်တယ်။
မြန်မာအဘိဓာန်မှာ “ သဒ္ဓါ ” ကို “လိုလားကြည်ဖြူသည်၊ လိုလားကြည်ဖြူခြင်း” လို့ အနက်ဖွင့် ထားတယ်။ လူတွေရဲ့ “သဒ္ဓါ” တနည်း အားဖြင့် လိုလား ကြည်ဖြူမှု ကို အတင်းတောင်းယူလို့ မရဘူး ဆိုတာ ကျောက်ထပ်ကြီး ခရီးစဉ်က ပေးလိုက်တဲ့ သင်ခန်းစာပါပဲ။














