ချင်းတွင်း ခရီးစဉ် ၂၀၁၁

၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ချင်းတွင်းမြစ်ဖျား ခန္တီးမြို့ကနေ ကနီ မြို့ အထိ ချင်းတွင်းမြစ်အတိုင်း စက်လှေနဲ့ စုံဆင်းခဲ့ဖူးတယ်။ အဲဒီခရီးဟာ ကျွန်တော့်ကို ခရီးသွားဆောင်းပါးတွေ၊ အက်ဆေး တွေရေးဖြစ်အောင်လှုံ့ဆော်ပေးတဲ့ခရီးစဉ်ဖြစ်သလို ချင်းတွင်းမြစ်ရိုးမှာ နောက်တစ်ကြိမ် အဲဒီလို သွားနိုင်ဖို့ မလွယ်တော့တဲ့အတွက် ဘဝမှာ အမှတ်တရ အဖြစ်ဆုံး ခရီးစဉ်လို့လည်း ပြောလို့ ရပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်က ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်တဲ့အတွက် ချင်းတွင်းမြစ်ရိုးတစ်လေ ျှာက်မှာ ရှိတဲ့ မြို့နယ်ရုံး တွေ၊ ကျေးရွာစာကြည့်တိုက်တွေကို လိုက်လံစစ်ဆေးဖို့ စီစဉ်ခဲ့တယ်။

အဲဒီလို စစ်ဆေးတဲ့အခါ ခရီးသည်တင်မော်တော်နဲ့ သွားရင် မြစ်ရိုးက ရွာတွေကို ဝင်ကြည့် ဖို့ မလွယ်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ၊ ပဲ့ထောင်စက်လှေတစ်စီးငှားမယ်။ တစ်မြို့ပြီး တစ်မြို့ စက်လှေပြောင်းငှားပြီးသွားမယ်၊ လူနည်း နည်းနဲ့ ပဲသွားမယ်လို့ စီစဉ်ခဲ့တယ်။ ဒါကလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးသွားချင် တဲ့ ကျွန်တော်အတွက် ပိုအဆင်ပြေတယ်။

ကျွန်တော်နဲ့ အတူ ခရီးစဉ်စစ်ဆေးညွှန်ကြားချက်တွေကို မှတ်တမ်းတင်ဖို့ ရုံးချုပ်က အရာရှိ တစ်ယောက်ရယ်၊ စစ်ကိုင်းတိုင်း တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူးနဲ့ သူ့တပည့်တစ် ယောက်ပါတယ်။ အားလုံးပေါင်းလေးယောက်၊ ကျွန်တော်တို့နဲ့ အတူ ဆန်၊ ဆီ၊ ဆား ချက်ပြုတ်စရာပစ္စည်းတွေ သေတ္တာ တစ်လုံးနဲ့ ထည့်ယူလာတယ်။ စက်လှေသမားကတော့ နှစ်ယောက်၊ တစ်ခါတစ်လေ သုံး ယောက်လိုက်တယ်။

ကျွန်တော့်ခရီးစဉ်က ဒီဇင်ဘာ ၁၉ ခန္တီး – ထမံသီ ၊ ဒီဇင်ဘာ ၂၀ ထမံသီ – ဟုမ္မလင်း ၊ ဒီဇင်ဘာ ၂၁ ဟုမ္မလင်း – ဖောင်းပြင်၊ ဒီဇင်ဘာ ၂၂ ဖောင်းပြင် – မော်လိုက်၊ ဒီဇင်ဘာ ၂၃ မော်လိုက် – မင်းကင်း၊ ဒီဇင်ဘာ ၂၄ မင်းကင်း – ကနီ ဖြစ်ပါတယ်။ ကနီမြို့ကနေ မုံရွာကို ကားနဲ့ ဆက်သွား ပါတယ်။ စက်လှေနဲ့ သွားတဲ့ ခရီးစဉ် မိုင် နှစ်ရာကျော်ရှိတယ်။

မနက်ဆိုရင် နှင်းကွဲတာနဲ့ ညအိပ်တဲ့ မြို့ကနေ စထွက်တယ်။ လမ်းမှာရှိတဲ့ ကျေးရွာစာကြည့် တိုက်တွေကို ဝင်ကြည့်၊ လိုအပ်တာဖြည့်ဆည်းပေးတယ်။ အဆင်ပြေတဲ့ သောင်ပြင်မှာ ရပ်ပြီး နေ့လယ်စာချက်တယ်။ ရေချိုး၊ ထမင်းစားတယ်။ ဆက်ထွက်တယ်။ ရွာတွေ ဝင်ကြည့်တယ်။ အေးအေးဆေးဆေးပဲ။ ညအိပ်မယ့် မြို့တွေကတော့ ညနေ ခြောက်နာရီ ကျော် လောက်မှ ရောက်တယ်။ မင်းကင်း ဆိုရင် ည ရှစ်နာရီကျော်မှရောက် လို့ ဆိပ်ကမ်းကို ခက်ခက်ခဲခဲ ဝင်ရတယ်။ ညအိပ်တာကတော့ ထွေအုပ်/ ဆောက်လုပ်ရေး ရိပ်သာ ပေ့ါ။ အဲဒီရိပ်သာတွေမရှိရင် ပြန်ဆက်ရုံးမှာ ကုတင် ထည့်ပြီး အိပ်ပေါ့။

ရောက်ခဲ့ဖူးတဲ့ရွာတွေက မှတ်မိသလောက် ခန္တီး မြို့နယ်ကနေ အောက်ကို စုံပြီး ပြောရရင် စိန်နန်း၊ ကောင်းဟိန်၊ အုန်းဘက်၊ ကောယား၊ ကက်သာ ၊ ကျွန်းကုန်း၊ သောင်သွတ်( သောင်ဒွတ်) သရောင်း၊ ရေအောက်တောင်း၊ မစိန်၊ ခုံကြီး၊ ကြွေ ၊ ကင်း စတဲ့ရွာများဖြစ်ပါတယ်။ ချင်းတွင်း မြစ်ရိုး တစ်လေ ျှာက်ကျေးလက်ရှုခင်း နဲ့ ကျေးလက်ပြည်သူတွေရဲ့ ရင်းနှီးဖော်ရွေမှုကတော့ ကြည်နူးဖို့ ကောင်းပါတယ်။ အဲဒီအချိန်က ခရီးသွားဆောင်းပါးတွေ ရေးမယ် ဆိုတဲ့ စိတ်ကူးလည်းမရှိ၊ အတွေ့အကြုံလည်းမရှိတော့ ဓာတ်ပုံ၊ အသံ မှတ်တမ်းတွေ ပြည့်ပြည့် စုံစုံ ယူမထားမိတာ နောင်တ ရလို့မဆုံးဘူး။

ကျွန်တော် ငယ်ငယ် လေးတန်း၊ငါးတန်း ဘဝက ခန္တီးမြို့မှာနေခဲ့ဖူးတယ်။ အဲဒီအချိန် က ချင်းတွင်းမြစ် မြင်ကွင်းနဲ့ ၂၀၁၁ မြင်ကွင်းက အတော်ကွာခြားနေပြီ။ ချင်းတွင်းမြစ်ရဲ့ သဘာ ၀ ပတ်ဝန်းကျင်က အတော်ပျက်စီးနေပြီ။

ဒီတော့ ပျက်စီးနေတဲ့ ချင်းတွင်းမြစ်ကြီးကို ကြည့်ပြီး စိတ်မကောင်းဖြစ်တယ်။ အဲဒီအကြောင်းတွေ ကို ရေးချင်တယ်။ ဒါပေမယ့် အဲဒီအချိန်က ဦးသိန်းစိန် အစိုးရကာလ ဖြစ်ပေမယ့် စာပေ စိစစ်ရေး ကလည်း ရှိသေးတယ်။ နောက်ပြီး အစိုးရ ဝန်ထမ်းဖြစ်တဲ့အတွက်ရေးလိုက်ရင်ပြဿနာ ဖြစ်မလား ဆိုတဲ့ စိုးရိမ်မှုတွေကလည်း ရှိသေးတယ်။

ဒါနဲ့ လက်ရှိချင်းတွင်းမြစ် အခြေအနေကို တိုက်ရိုက်မရေးဘဲ သွယ်ဝိုက်ရေးတဲ့ဆောင်းပါး တစ်ပုဒ် ကို ကျွန်တော့် ဖေ့စ်ဘွတ်စာမျက်နှာမှာတင်လိုက်တယ်။ အဲဒီအချိန်က အတွေ့အကြုံမရှိသေး တော့ ခေါင်းစဉ်ကိုတောင် “ တစ်ခါတစ်လေအတိတ်မှာပဲနေတာကောင်းတယ်” ဆိုပြီး ရှည်ရှည် လျားလျား ပေးခဲ့တယ်။

အဲဒီဆောင်းပါးကို ဆရာမောင်ဝံသ ဖတ်မိတော့ ကျွန်တော့်ကို ဖုန်းဆက်ပြီး ခရီးသွား ဆောင်းပါး တွေ ရေးဖို့ တိုက်တွန်းတယ်။ ဆရာ သိပ္ဗံမောင်ဝ၊ ဆရာ မန်းတင်၊ ဆရာ မြသန်းတင့် တို့စာတွေ ဖတ်ပြီး နမူနာယူဖို့ပြောတယ်။ ကျွန်တော့်ဆောင်းပါးကိုတောင် ပြည်သူ့ခေတ်မှာ ဖော်ပြခဲ့ သေးတယ်ထင်ပါတယ်။

ဆရာမောင်ဝံသရဲ့ အားပေးမှုကြောင့် အဲဒီဆောင်းပါးက စပြီး ကိုယ်တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ ကာလ ၂၀၁၀- ၂၀၁၆ မှာ ဖြစ်ပျက်နေတာ၊ သင်ခန်းစာယူစရာတွေကို သွယ်ဝိုက်ဖော်ပြတဲ့ ဆောင်းပါး တွေ၊ အက်ဆေးတွေ ရေးဖြစ်ခဲ့တယ်။

အဲဒီခရီးစဉ်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ချို့ကို တင်ပေးလိုက်ပါတယ်။ ဓာတ်ပုံတွေမှာ ချင်းတွင်း မြစ် ရိုးက ကျေးရွာတွေရဲ့ အလှ ကို တွေ့နိုင်သလို ရွှေမျောတွေ၊ သစ်ထုတ်လုပ်မှုတွေကြောင့် ချင်းတွင်းမြစ် အလှပျက် နေတာ ကိုလည်းမြင်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ၁၁ နှစ်က အခြေအနေကို ကြည့်ပြီး လက်ရှိအခြေ အနေ ဘယ်လိုရှိမလဲလို့ စဉ်းစားမိတယ်။ သစ်တော ပြုန်းတီးတာက ပြန်စိုက်လို့ရသေးတယ်။ ဆုံးရှုံးသွား တဲ့ အနာဂတ်တွေ၊ အသက်တွေက ပြန်မရနိုင်တော့ဘူး။ရွှေတူးလို့ ပျက်စီးသွားတဲ့မြေနေရာတွေကို မြေပြန်ဖို့၊ သစ်ပင် တွေစိုက်ပြီး ပျောက်ကွယ်သွားအောင်လုပ်လို့ရတယ်။ ဒါပေမယ့် နာကြည်း မှုတွေ ကတော့ လွယ်လွယ်နဲ့မပျောက်ဘူး။ သေရာပါတဲ့အပြင် မျိုးဆက်လိုက်ပါ လက်ဆင့် ကမ်း သွားနိုင်တယ်။

One thought on “ချင်းတွင်း ခရီးစဉ် ၂၀၁၁

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: