ယုံကြည် ရဲရင့် (၃)

ယုံကြည် ရဲရင့် (၃)

အမေရိကန်အောက်လွှတ်တော် ဇန်နဝါရီ ၆ ရက်နေ့အရေးအခင်း စုံစမ်းရေးကော်မတီရဲ့ တတိယ အကြိမ် စစ်ဆေးကြားနာမှုကို ဇွန်လ ၁၆ ရက်နေ့ မှာ ကျင်းပခဲ့တယ်။ ဒီတစ်ကြိမ် ကြားနားမှု မှာ တော့ ၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့ နဲ့ ၆ ရက်နေ့မတိုင်မီ အချိန်တွေမှာ သမ္မတ ထရမ့်က ဒုသမ္မတ မိုက်ပင့်စ် ကိုဘယ်လို ဖိအားပေးခဲ့သလဲဆိုတာတွေကို အဓိက ထား ဖော်ထုတ်ခဲ့ပါတယ်။

ဒုတိယသမ္မတ မိုက်ပင့်စ် အကြောင်းမပြောခင် အမေရိကန်ဒုတိယသမ္မတရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေကို သိထားဖို့လိုပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယ သမ္မတ ဟာ သမ္မတရဲ့ အစိုးရအဖွဲ့မှာ ပါဝင်ပြီး အုပ်ချုပ်ရေးဆိုင်ရာတာဝန်တွေကို ထမ်းဆောင်ရသလို အထက် လွှတ်တော် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး အထက်လွှတ်တော်(ဆီးနိတ်) ရဲ့ ဥပဒေပြုရေး ဆိုင်ရာလုပ်ငန်းတွေ ကို လည်း ဆောင်ရွက်ရတယ်။

ဒါပေမယ့် ဒုသမ္မတက အမတ် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ထောက်ခံမဲနဲ့ ကန့်ကွက်မဲ အရေအတွက်ချင်းတူနေမှသာ အဆုံးအဖြတ်မဲအဖြစ်မဲပေးခွင့်ရှိတယ်၊ ကျန်တဲ့ ကိစ္စတွေမှာ မဲ ပေးလို့မရဘူး။ ဒီလိုပဲ အထက်လွှတ်တော်ရဲ့ ပုံမှန်အစည်းအဝေးတွေ နဲ့ လုပ်ငန်းတွေကို အများစုရထားတဲ့ ပါတီ ရဲ့ အထက်လွှတ်တော်ခေါင်းဆောင်က သဘာပတိ အဖြစ် တာဝန်ယူ ဆောင်ရွက်တယ်။

ဒုသမ္မတရဲ့ ဥပဒေပြုလုပ်ငန်းတွေထဲက အရေးကြီးတဲ့ လုပ်ငန်းတစ်ခုကတော့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေကို အတည်ပြုပေးရတဲ့လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးကို ဦးစီး ကျင်းပပြီး သမ္မတ နဲ့ ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရသူကို တရားဝင်ကြေညာပေးတဲ့ တဲ့ လုပ်ငန်းဖြစ်ပါတယ်။

ဒုသမ္မတ မိုက်ပင့်စ် ဆိုတာကလည်း ထရမ့်ရဲ့ ရှေ့နေချုပ်ဘားရ် လိုပါပဲ။ ဒေါင်ဒေါင်မြည် ကွန်ဆာ ဗေးတစ် ရီပတ်ဘလီကင် တစ်ယောက်ပါ။ သူက “ ကျွန်တော်က ခရစ်ယန် ဘာသာဝင်ကောင်း၊ ကွန်ဆာဗေးတစ်ဝါဒီ၊ ရီပတ်ဘလီကင်ပါတီဝင် တစ်ယောက်” ပါလို့ ပြောလေ့ရှိ တယ်။

မိုက်ပင့်စ်က ၂၀၀၀ ပြည့်နှစ်မှာ ရီပတ်ဘလီကင်အောက်လွှတ်တာ်အမတ်ဖြစ်တယ်။ သက်တမ်း ခြောက်ကြိမ်ပြန်အရွေးခံရတယ်။ လွှတ်တော်မှာမဲပေးတဲ့အခါ ကွန်ဆာဗေးတစ်ရီပတ်ဘလီကင် တွေရဲ့ ရပ်တည်ချက်အတိုင်း မဲပေးခဲ့တယ်။ အောက်လွှတ်တော် ကွန်ဆာဗေးတစ် ရီပတ်လီကင် အမတ်များရဲ့ “ House Republican Study Committee” နဲ့ “House Republican Conference” တွေရဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရတယ်။

၂၀၁၂ ခုနှစ်မှာ မိုက်ပင့်စ်က အောက်လွှတ်တော်ကိုယ်စားလှယ် အဖြစ်က အနားယူပြီး အင်ဒီယား နားပြည်နယ်အုပ်ချုပ်ရေးမှူး နေရာအတွက် ဝင်အရွေးခံတယ်။ အနိုင်ရပြီး ပြည်နယ်အုပ်ချုပ်ရေး မှူး အဖြစ်တာဝန်ထမ်းဆောင်တယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲ မှာ ထရမ့်က မိုက်ပင့်စ် ကို သူရဲ့ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့တယ်။ထရမ့် သမ္မတ ဖြစ်လာ တော့ အုပ်ချုပ်ရေးနဲ့ ဥပဒေ ပြုရေးအတွေ့အကြုံမရှိတဲ့ ထရမ့်အတွက် မိုက်ပင့်စ်က အများကြီး အထောက် အကူပေးခဲ့တယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလမှလည်း ထရမ့်နဲ့ မိုက်ပင့်စ် လက်တွဲပြီး မဲဆွယ်ခဲ့တယ်။ မိုက်ပင့်စ်က ဒီမိုကရက်ပါတီ ဒုတိယသမ္မလောင်း ကင်မလာဟဲရစ်နဲ့ စကား စစ်ထိုးပွဲ လုပ်ခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှာတော့ ထရမ့်နဲ့ မိုက်ပင့်စ်ကြားမှာ သဘော ထားကွဲပြားမှုတွေရှိလာတယ်။

ရွေးကောက်ပွဲအပြီးမှာ ထရမ့်ဘက်က မဲမသမာမှု ပြုလုပ်တယ်ဆိုပြီး တိုင်ကြားခဲ့တဲ့ အမှု ပေါင်း ၆၃ မှုရှိတယ်။ အမှုအားလုံးမှာ ထရမ့်ရှုံးတယ်။ ပြည်ထောင်စုအဆင့်အယူခံတရားရုံးက လည်း ပယ်ချခဲ့တယ်။ ဥပဒေကြောင်းအရ ဆောင်ရွက်မှုတွေလမ်းဆုံးသွားချိန်မှာ ထရမ့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ရှေ့နေ John Eastman က ရွေးကောက်ပွဲ ရလဒ်ကို တရားဝင်ကြေညာနိုင်ဖို့အတွက် လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေးကျင်းပချိန် မှာ  ဒုသမ္မတ က ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပြီး ထရမ့်ကို အနိုင်ပေးလို့ရတယ်ဆိုတဲ့ အယူအဆကို တင်ပြလာတယ်။ 

သူ့အယူအဆက အမေရိကန်သမ္မရွေးချယ်ရေးစနစ်ကို အခြေခံပြီး ပြောတာဖြစ်တယ်။ အမေရိကန်သမ္မတရွေးချယ်တဲ့စနစ်က တိုက်ရိုက်ရွေးတာမဟုတ်ဘူး။ ပြည်နယ်အလိုက် သမ္မတရွေးချယ်ရေးကိုယ်စားလှယ်အဖွဲ့ဝင်တွေရဲ့ မဲအများဆုံးရရှိတဲ့သူက သမ္မတ ဖြစ်တာ ပါ။  သမ္မတရွေးချယ်ရေးကိုယ်စားလှယ်အဖွဲ့ဝင်ပေါင်းက ၅၃၈ ဦးရှိတယ်။ ဒီတော့  ကိုယ်စားလှယ်မဲ ၂၇၀ နဲ့အထက် ရတဲ့သူက သမ္မတအဖြစ်အရွေးခံရတယ်။  ပြည်နယ်တစ်ခုနဲ့ တစ်ခု ကိုယ်စား လှယ်မဲ ရရှိမှုမတူဘူး။ ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်စားလှယ်မဲ ၅၄ မဲ နဲ့ အများဆုံး ရတယ်။ ကိုယ်စားလှယ်မဲ သုံးမဲ ပဲရတဲ့ ပြည်နယ် ၇ ခုရှိတယ်။ ပြည်ထောင်စုအစိုးရရုံးစိုက်တဲ့ ဝါရှင်တန်ဒီစီ ကလည်း သုံးမဲရတယ်။ 

အမေရိကန်အခြေခံဥပဒေက ရွေးကောက်ပွဲနဲ့ပတ်သက်ရင် ပြည်နယ်တွေကို လုပ်ပိုင် ခွင့်ပေးထားတယ်။ ဒါ့ကြောင့် ပြည်နယ်တစ်ခုနဲ့တစ်ခု သမ္မတရွေးကောက်ပွဲမဲပေးတဲ့စနစ် မတူဘူး။ သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်လောင်းရွေးတဲ့စနစ်မတူဘူး။ အများစုကတော့ အဲဒီ ပြည်နယ်မှာ လူထုထောက်ခံမဲ အများဆုံးရတဲ့ သမ္မတလောင်းက ကိုယ်စားလှယ်မဲအားလုံး ရ ဖို့ သတ်မှတ်ထားပါတယ်။ သမ္မတရွေးချယ်တဲ့ စနစ်ကို  အသေးစိတ်လေ့လာချင်ရင်တော့ https://www.usa.gov/election မှာ လေ့လာလို့ရပါတယ် 

ရွေးကောက်ပွဲ ပြီး တဲ့နေ့မှာအနိုင်အရှုံး အဖြေထွက်ပြီးသားဖြစ်ပေမယ့်အခြေခံဥပဒေအရ   ရွေးကောက်ပွဲ အပြီး ဒီဇင်ဘာလထဲမှာ ပြည်နယ်အလိုက် သမ္မတရွေးချယ်ရေးအဖွဲ့ကိုယ်စားလှယ် အမည်စာ ရင်း ကို အတည်ပြုပြီး အမေရိကန်ကွန်ဂရက်ကို ပို့ရတယ်။ ဒုသမ္မတ ဦးစီးကျင်းပတဲ့ လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေးမှာ ပြည်နယ်အလိုက်ပေးပို့တဲ့ စာရင်းကို ဖွင့်ဖောက် ရေတွက်ပြီးတဲ့နောက် သမ္မတအဖြစ်အရွေးခံရသူကို တရားဝင်ကြေညာတယ်။ ဥပဒေအရပြောရင် အဲဒီအစည်းအဝေး မှာ ကြေညာမှ တရားဝင်ရွေးကောက်ပွဲနိုင်သူဖြစ်ပါတယ်။ 

ထရမ့် ဘက်တော်သားရှေ့နေ John Eastman က အခြေခံဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့်အရ ဒုသမ္မတ မိုက်ပင့်စ်အနေနဲ့ ဇန်နဝါရီလ ၆ ရက်နေ့မဲရေတွက်ချိန်မှာ မဲသမာမှုတွေရှိတယ်လို့ ထရမ့်စွပ်စွဲနေတဲ့ပြည်နယ်တွေက မဲတွေကို ပယ်ဖျက်ပြီး ထရမ့် ကို သမ္မတ အဖြစ်ကြေညာလို့ရတယ်။ ဒါမှမဟုတ် အစည်းအဝေးကို ဆယ်ရက်ဆိုင်းငံ့ထားပြီး အငြင်းပွားနေတဲ့ ပြည်နယ်တွေကို မဲပြန်စစ်ဖို့ ညွှန်ကြားနိုင်တယ်လို့ ထရမ့်ကို တင်ပြတယ်။

မိုက်ပင့်စ် က အောက်လွှတ်တော်အမတ်ဘဝမှာ ၂၀၀၀၊ ၂၀၀၄ နဲ့ ၂၀၀၈ သမ္မတ ရွေးကောက်ပွဲမဲရေတွက်မှုအစည်းအဝေးတွေတက်ခဲ့တဲ့အတွေ့အကြုံအရ ဒုသမ္မတ မှာ အဲဒီလိုလုပ်ပိုင်ခွင့်မရှိဘူးဆိုတာသိတယ်။ သူ့ရဲ့ ဥပဒေအကြံပေးအရာရှိတွေ၊ အငြိမ်းစား တရားသူ ကြီးတွေနဲ့တိုင်ပင်တဲ့အခါမှာလည်း အားလုံးက ဒုသမ္မတမှာ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာ သဘော တူ တယ် 

ဒါ့ကြောင့်ဒုသမ္မတ မိုက်ပင့်စ် ၊ ရှေ့နေချုပ်ဘားရ် နဲ့ အိမ်ဖြူတော် ဥပဒေအကြံပေးအချို့က အဲဒီ တင်ပြချက်က မှားနေတယ်။ အခြေခံဥပဒေမှာရော၊ သမ္မတရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ရော ရွေးကောက်ပွဲနဲ့ပတ်သက်ရင် ပြည်နယ်တွေကိုပဲ လုပ်ပိုင်ခွင့်ပေးထားတယ်။ ပြည်နယ်က အတည် ပြုပြီး ပေးပို့လာတဲ့ မဲရလဒ်ကို ကွန်ဂရက်လွှတ်တော်မှာ ပြင်ဆင်လို့မရဘူး။ ဒုသမ္မတ က အထက်  လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ မဲရလဒ်တွေကို ရေတွက်ပြီး တရားဝင်ကြေညာပေးဖို့ပဲ တာဝန်ရှိတယ်။ မဲတွေကို ပယ်ဖျက်ကို မရဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် ထရမ့်က လက်မခံဘူး။ 

ဇန်နဝါရီလဆန်းရောက်တော့ ထရမ့်က အဲဒီအယူအဆကို လူမှုကွန်ယက်ပေါ်မှာ တရားဝင် ပြောလာတယ်။  ဇန်နဝါရီလ ၆ ရက်နေ့မနက်မှာ ထရမ့် နဲ့ မိုက်ပင့်စ်တို့ အိမ်ဖြူတော်သမ္မတ ရုံးခန်းမှာ အချေတင် ပြောဆိုခဲ့ကြပြီး ထရမ့်က သူပြောတဲ့အတိုင်းမလုပ်တဲ့အတွက် မိုက်ပင့်စ် ကို သူရဲဘောကြောင် တယ်လို့ စွပ်စွဲခဲ့တယ်လို့ ထရမ့်ရဲ့ သမီးဖြစ်သူက ကော်မတီမှာထွက်ဆိုချက် ပေးခဲ့တယ်။ 

ဇန်နဝါရီ ၆ ရက်နေ့ လူထုအစည်းအဝေးမှာ ထရမ့်က “ မိုက်ပင့်စ်၊ ခင်ဗျား ကျွန်တော်တို့ ဘက်က ရပ်တည်ပေးရလိမ့်မယ်၊ အဲဒီလိုမရပ်တည်ဘူးဆိုရင် နိုင်ငံအတွက် ဝမ်းနည်းစရာနေ့ ဖြစ်သွားလိမ့်မယ်” ပြောခဲ့တယ်။  လူထု အစည်းအဝေးပြီးတော့ ထရမ့်ထောက်ခံသူတွေ လွှတ် တော်ကို ချီတက်သွားနေချိန်မှာ မိုက်ပင့်စ်က အစည်းအဝေးကို အစီအစဉ်အတိုင်းဆက်လုပ်နေ တယ်ဆိုတဲ့ သတင်းပျံ့သွားတယ်။ ဒေါသထွက်နေတဲ့ ထရမ့်ထောက်ခံသူတွေက မိုက်ပင့်စ်ကို ဖမ်း ပြီး ကြိုးစင်တင်မယ်ဆိုပြီး ကြိုးစင်တစ်ခုဆောက်တယ်။ လွှတ်တော်ထဲကို အတင်းဝင်တယ်။  

အဲဒီလိုဖြစ်နေချိန်မှာ ထရမ့်မိသားစုအပါအဝင် အိမ်ဖြူတော်အရာရှိတွေက ထရမ့်အနေ နဲ့ အဲဒီလို အကြမ်းဖက်ဆူပူနေတာကို ရပ်ဆိုင်းဖို့အတွက် ရုပ်မြင်သံကြားကနေ ပြောဖို့ တောင်းဆို ခဲ့ပေမယ် ထရမ့်က မလုပ်ဘူး။ အဲဒီအပြင် မွန်းလွဲ နှစ်နာရီကျော်မှာ “ မိုက်ပင့်စ်ဟာ နိုင်ငံနဲ့ အခြေခံ ဥပဒေအတွက် သူလုပ်ရမယ့်အလုပ်ကို လုပ်ဖို့ သတ္တိမရှိဘူး။ မဲတွေ ပြန်ရေတွက်ဖို့ အတွက် ပြည် နယ်တွေကို ပြန်ပို့ရမယ့်အလုပ်ကို မလုပ်ဘူး။” စသည်ဖြင့်စွပ်စွဲရေးသားခဲ့တယ်။ 

ထရမ့်ထောက်ခံသူတွေ လွှတ်တော်ထဲဝင်လာတော့ လုံခြုံရေးတပ်ဖွဲ့တွေက မိုက်ပင့်စ် ကို လွှတ်တော်ပြင်ပကို ခေါ်ထုတ်သွားဖို့ စီစဉ်ပေမယ့် မိုက်ပင့်စ်က လွှတ်တော်အတွင်းက လုံခြုံတဲ့ နေရာတစ်ခုမှာပဲ နေပြီး လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ဖယ်ရှားဖို့အတွက် ဆောင်ရွက် ခဲ့တယ်။ အဲဒီညမှာပဲ မဲရေတွက်တဲ့အစည်းအဝေးကို ပြန်ကျင်းပပြီး ဂျိုးဘိုင်ဒင်ကို ရွေးချယ်ခံ သမ္မတအဖြစ် တရားဝင်ကြေညာခဲ့တယ်။ 

မိုက်ပင့်စ်ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရေးလေ့လာသူ တွေ၊ အခြေခံဥပဒေပညာရှင်တွေက “ ဇန်နဝါရီ ၆ ရက်နေ့ကသာ ဒုသမ္မတ မိုက်ပင့်စ် က အခြေခံဥပဒေကို မျက်ကွယ်ပြုပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ရင် အမေရိကန် သမိုင်းမှာ အကြီးဆုံးနိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံတွေ့ရမှာ သေချာတယ်၊ အခြေခံဥပဒေပေါ်မှာ သတ္တိ ရှိရှိ ရပ်တည်ခဲ့တဲ့အတွက် မိုက်ပင့်စ် ကို လေးစားဂုဏ်ပြုရမယ်လို့ သုံးသပ်ခဲ့ကြတယ်။ ဇန်နဝါရီ ၆ ရက်အရေးအခင်းစုံစမ်းရေး ကော် မတီကလည်း အဲဒီလိုပဲ သုံးသပ်ခဲ့တယ်။

ဒါပေမယ့် ရီပတ်ဘလီကင်ပါတီထဲမှာတော့ မိုက်ပင့်စ်ကို လက်ခံ သူ၊ လက်မခံသူဆိုပြီး နှစ်ပိုင်းကွဲသွားတယ်။ ထရမ့်ကတော့ အခုအချိန်ထိ ၂၀၂၀ ရွေးကောက်ပွဲ အကြောင်းပြောတိုင်း မိုက်ပင့်စ်ကို ဝေဖန်ပုတ်ခတ်နေတုန်းပဲ။

မိုက်ပင့်စ်ကတော့ သူ့ရပ်တည်ချက်ကို ခိုင်ခိုင်မာမာကိုင်ဆွဲထားဆဲပါ။ ၂၀၂၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က ကွန်ဆာဗေးတစ်ဝါဒီ ရှေ့နေများရဲ့ အဖွဲ့အစည်းဖြစ်တဲ့ Federal Society မှာ မိန့်ခွန်း ပြောတော့ မိုက်ပင့်စ်က “ ထရမ့်က သမ္မတ ရွေးကောက်ပွဲရလဒ်ကို ကျွန်တော် ပယ်ဖျက်လို့ ရတယ်လို့ ပြောနေတာ လုံးဝမှားတယ်။ သမ္မတရာထူးက အမေရိကန်ပြည်သူတွေနဲ့ပဲ ဆိုင် တယ်။ သူတို့ပဲ ဆုံးဖြတ်လို့ရတယ်။ လူတစ်ယောက်တည်းက ဆုံးဖြတ်လို့မရဘူး” လို့ ပြောခဲ့တယ်။


One thought on “ယုံကြည် ရဲရင့် (၃)

Leave a comment