လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ က ရေးခဲ့တဲ့ စင်္ကာပူက တိတ်တခိုး ဇာတ်လမ်း။ မဖတ်ရသေးသူများ အတွက် ပြန်မ ျှဝေလိုက်ပါတယ်။
တိတ်တခိုး
တကယ်တော့ ဒီနေ့ မှာ စီစဉ်ဖို့မသင့်မှန်းသိသည်။ ရုံးပိတ်ရက်ဆိုတော့ ဘေးအခန်းတွေမှာက လူစုံသည်။ ကလေးတွေက ဟိုဒီပြေးလွှားနေသည်။ ရုံးဖွင့်ရက်ဆိုရင်တော့ ရုံးသွား၊ကျောင်းသွား နဲ့ အားလုံးတိတ်ဆိတ်အေးချမ်းသည်။ ပိုပြီးလုံခြုံသည်။ ဒါပေမယ့် ကိုယ့်အတွက်က ဒီနေ့ပဲ အဆင် ပြေတာဆိုတော့ စွန့်စားရတော့မည်။
ပြူတင်းတံခါးတွေကို လုံအောင်ပိတ်သည်။ ကန့်လန့်ကာတွေကို ဆွဲစေ့သည်။ လေအေးစက်တွေ အားလုံးဖွင့်ထားလိုက်သည်။ အေးချမ်းလုံခြုံနေဖို့လိုသည်။ မဆီမဆိုင် လမ်းစဉ်ပါတီခေတ်က နေ့ ဘက် အိမ်တံခါးတွေပိတ်၊ စောင်တွေကာပြီး နေ့ဘက်ပါတီပွဲတွေ ခိုးကျင်းပတာကို သတိရကာ ပြုံး မိသည်။ အခန်းထဲလှုပ်ရှားသံတွေကို အပြင်က မကြားရအောင် သီချင်းကျယ်ကျယ်ဖွင့်ထား လိုက် သည်။ အနံ့လုံ၊ အသံလုံ၊ အလင်းရောင်လုံ၊ လှုပ်ရှားမှု လုံရ မည်။ “လုံ လေးလုံ” ပေါ့။
ပြီးတော့ အပြင်ခဏထွက်ပြီးပတ်ဝန်းကျင်ကို အကဲခတ်သည်။ တစ်နေရာက အော်ဂင်တီးလုံးသံ သဲ့သဲ့ကြားနေရသည်။ တိုက်အောက်က ကွက်လပ်မှာ ကလေးတွေ ဆော့နေသည်။ ဘေးအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းကတော့ တံခါးပိတ်ထားပေမယ့် အထဲမှာ စကားပြောသံတွေကြားနေရ သည်။ ဘယ်မှ မသွားကြဘူးလား။ စိတ်မလုံလို့ထင်သည်။ ဒီနေ့မှ လူတွေပိုများနေသလိုပဲ။
အခန်းထဲပြန်ဝင်သည်။ ပြင်ဆင်စရာရှိတာတွေပြင်ဆင်သည်။ အချိန်ရောက်လာရင် အားလုံး အသင့် ဖြစ်နေဖို့လိုသည်။ ရင်တွေခုန်နေ၏။ နာရီကလည်းနှေးလိုက်တာ၊ စီစဉ်ထားတဲ့အချိန်ကို ရောက်ခဲ လိုက်တာ။ အချိန်ရောက်ရင်တော့ အားလုံးကွက်တိဖြစ်ရမည်။ သင်တန်းတွေမှာတော့ ပထဝီ အငိုက်၊ လူအငိုက်၊ ဘယ်သူမှ မမေ ျှာ်လင့်တဲ့အချိန် ကို အရယူရမည်လို့ သင်ခဲ့ဖူးတာပဲ။
ဟော အချိန်ကျပြီ။ တံခါးကို ဖွင့်ပြီး သူ့ကို ဆွဲခေါ်လိုက်သည်။ ထုံးစံအတိုင်း အကာအကွယ်တွေ အထပ်ထပ်နဲ့။ ဆုံနေကျမို့ အပြစ်မတင်တော့။ တစ်လွှာခြင်း ခွာချလိုက်သည်။ အရေးထဲ လက် တွေက တုန်နေသေးသည်။ သူ့ထံက ရနေကျ ထူးခြားသောရနံ့ကိုရသည်။ ရင်ခုန်တပ်မက်မှု တွေ ကြောင့် နှုတ်ခမ်းတွေခြောက်လာသည်။ ရနံ့တွေကြားထဲမှာ မူးယစ်ရီဝေသွားသည်။
ဒီနောက်မှာတော့ အရာရာအားလုံးက အလိုအလျောက်ဖြစ်သွားတော့သည်။ အေးမြနေသော အခန်းကျဉ်းလေးထဲမှာ ထူးခြားသော ရနံ့က ဖုံးလွှမ်းနေသည်။ အပြင်မှာ ကလေးတွေ ဆော့ နေ လား၊ ဟိုတစ်ယောက် အော်ဂင်တီးနေလား၊ ဘေးအခန်းကလူ ဘာတွေပြောနေလဲ။ ပြူတင်း တံခါးကို တစ်တောက်တောက်ခေါက်နေတာ မိုးရေစက်တွေလား၊ အပြင်မှာ မိုးရွာနေတာလား။ အခန်း ထဲမှာ မိုးရွာနေတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက် တံခါးလာခေါက်နေတာများ လား။
ဓာတ်စက်ထဲကနေ အငဲ က လောကကြီးနဲ့ အဆက်ဖြတ်ကာ လေဟာနယ်ထဲ မိုးသား များအဖြစ် မျောလွင့်သွားကြ ၊ တိမ်လို လွင့်မျောလိုက်၊ တိမ်လို ပြိုလဲလိုက် ဟု အမိန့်ပေးနေသည်။
မီးဖိုပေါ်က အိုးထဲမှာ ပွက်ပွက်ဆူနေတာ ရေတွေထင်ပါရဲ့။ ကျွန်တော့ အသားတွေပူနေတာ မီးရှိန် ကြောင့်ထင်သည်။ မဟုတ်ပါဘူး။ သူ့ကြောင့်ဖြစ်မှာပါ။ စိတ်လှုပ်ရှားရင် ခန္တာကိုယ်အပူချိန်တွေ တက် လာတယ်တဲ့။
အချိန်တွေ ရပ်နေသည်၊ နာရီတွေ အရည်ပျော်သွားသည်။ အားလုံးပြီးဆုံးသွားပြီ။ သူမရှိတော့။ သူ့ ကိုယ်စား ထူးခြားသောရနံ့ပဲ အခန်းထဲမှာ ကျန်ခဲ့သည်။ ဘယ်သူမှ မသိအောင်ရောက်လာပြီး ဘယ်သူမှ သတိမထားမိခင်မှာပဲ သူမရှိတော့။ သူ့ကို လုံခြုံရာအရပ်မှာ သော့ခတ်သိမ်းထား လိုက်ပြီ။ ကိုယ်တစ်ယောက်ထဲပဲကျန်ခဲ့သည်။ ရေခဲသေတ္တာကို ဖွင့်ပြီး ရေပုလင်းကို ထုတ်သည်။ အေးမြသော ပုလင်းကို ပါးမှာကပ်ရင်း အမောဖြေသည်။ လူက တာဝေးပြေးပြီး ပန်းဝင်လာ သလိုပါပဲ။ မောနေပေမယ့် ရည်မှန်းချက်တစ်ခုပြီးမြောက်သွားခြင်းကြောင့် ကျေနပ်နှစ်သိမ့်မှုကို ခံ စားရသည်။
ခဏနေတော့ အခန်းကို ရှင်းသည်။ သူရောက်ခဲ့တယ်ဆိုတဲ့အမှတ်အသား ဘာမှမကျန်စေရ။ နောက်ဆုံး ထူးခြားသောရနံ့ပျောက်သွားသည်အထိ လုပ်ရသည်။ အခန်းအပြင်ထွက်ကြည့် သည်။ ဘယ်သူမှ သတိထားမိပုံမရ။ စိတ်လက်ပေါ့ပါးသွားသည်။
အခန်းထဲပြန်ဝင်တော့ ထမင်းစားပွဲပေါ်မှာ စာရွက်လေးတစ်ရွက်။ သူထားသွားခဲ့တာ၊ သူ ရောက် လာခဲ့တယ်ဆိုတာ သိနိုင်တဲ့ အထောက်အထား။ စာရွက်ကို ဖြန့်ပြီးဖတ်လိုက်သည်။ သေးငယ် ဝိုင်း စက်သော စာလုံးလေးတွေ-
xxx xxxx မွှေး
ရေကျိုငါးပိ
ငါးပြေမ၊ ငါးဇင်ရိုင်း၊ ငါဖျင်းစလက် ၊ ငါးသားကြိတ်တို့ကို သမအောင်ရောစပ်ထား ပါသည်။
ရေကျိုငါးပိအနှစ်အား ရေ ၃ ဆရော၍ ဆူပွက်အောင်ကျိုပါ။
မွှေးကြိုင်သင်းပျံ့အရသာရှိသည့် ငါးပိရည်ကျိုတစ်ခွက်ဖြစ်လာပါလိမ့်မည်။
စာရွက်ကိုလုံးပြီး အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ အားလုံးအစဖျောက်လိုက်ပြီ။
နိုင်ငံခြားမှာ ဘေးအိမ်တွေမသိအောင် ငါးပိရည်ကျိုရတာ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းလှသည်။
