ယောမင်းကြီးကျောင်းတိုက်

ကျွန်တော်ရဲ့ မန္တလေးခရီးစဉ်က မန္တလေးမှာရှိတဲ့ ရှေးဗိသုကာလက်ရာ ဘုန်းတော်ကြီးကျောင်းတွေ နဲ့ အခြားသင့်တော်တဲ့နေရာတွေကို ဓာတ်ပုံရိုက်ဖို့ ရည်ရွယ်တဲ့ခရီးစဉ်ဖြစ်ပြီး မန္တလေးရောက်တာ နဲ့ ဦးစားပေး သွားဖို့ရည်ရွယ်ခဲ့တာက ယောမင်းကြီးကျောင်းတိုက် ဖြစ်ပါတယ်။

တကယ်တော့ ယောမင်းကြီးကျောင်းတိုက်ထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ကျောင်း ဒါယကာ ယောမင်းကြီး ဦးဘိုးလှိုင်အကြောင်းဖြစ်ပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင်ကို ယော အတွင်းဝန်၊ ရွှေပြည်ဝန်၊ ဝက်မစွတ်မြို့စား ၊ မကွေးမြို့စားဝန်ရှင်တော်မင်း ကြီး စသည်ဖြင့် လည်း ခေါ်ကြပါတယ်။

ယောမင်းကြီး ဦးဘိုးလှိုင် အသက် ၂၈ နှစ်အရွယ်မှာ မင်းတုန်းမင်းတရားကြီးက မင်းလှ စည်သူဘွဲ့ပေးပြီး ယောမြို့ကို စားစေတယ်၊ ဦးဘိုးလှိုင်ရဲ့ အရည်အချင်းကို နှစ်သက်လို့ သားတော်တို့နဲ့မခြား ချီးမြှောက်ခဲ့တယ်လို့ ဆိုတယ်။ ယောမင်းကြီးဦးဘိုးလှိုင်ဟာ ဉာဏ် ပညာ ထက်မြက်၊ ဗဟုသုတကြွယ်ဝ၊ လုပ်ရည်ကိုင်ရည်ရှိတဲ့အတွက် မင်းတုန်းမင်း အားကိုးတာကို ခံရတယ်။ ဒါပေမယ့် ယော မင်းကြီးက အရာရာကို ဆန်းစစ်လေ့လာလိုတဲ့စိတ်ရှိပြီး သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောတတ် တဲ့အတွက် မင်းတုန်းမင်းက အမျက်တော်ရှပြီး ရာထူးကချ၊ အကျယ်ချုပ်နဲ့ ထားတာကိုလည်း ခံရ တယ်။ ဒါပေမယ့် နောင်အရေးကြုံလာတော့ ဦးဘိုးလှိုင်ကိုပဲ ပြန်တာဝန်ပေးခဲ့ရတယ်။

တစ်ကြိမ်မှာတော့ ယောမင်းကြီးရဲ့ အဖြေစကားကို မကျေနပ်တဲ့အတွက် မင်းတုန်းမင်းက လံှနဲ့ ရွယ်ခဲ့ဖူးတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျန်တဲ့အမတ်တွေက ယောမင်း
ကြီး ဦးဘိုးလှိုင်ကို အရဲကိုးလွန်းတယ်လို့ အပြစ်တင်တော့ “နေရာတိုင်း မင်းရဲ့ အလိုကိုလိုက်ပြီး မကောင်းမှုကို သဘောတူမိတဲ့အတွက် နိုင်ငံတော်ပျက်စီး ရတယ်လို့နာမည်ကျန်ခဲ့တာထက် လံှနဲ့ ထိုးလို့ သေရတာ ကမြတ်သေးတယ်။ မှုူးမတ်ဆိုတဲ့အတိုင်း တည့်တည့်မတ်မတ်ဖြစ် အောင် ဆောင်ရွက်ရမယ်၊ ပြောစရာရှိရင် အသက်ကို စွန့်ပြီး ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုရမယ်” လို့ ပြန်ပြောခဲ့ တယ်။

ယောမင်းကြီး ဦးဘိုးလှိုင်က သီပေါမင်းနန်းတက်ပြီး နှစ်လ အကြာ ၁၂၄၀ ပြည့်နှစ် နတ်တော် လဆန်း ၇ ရက် ( ၁၈၇၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် စနေနေ့ ) မှာ သူပြုစု ထားတဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်းကို တင်သွင်းခဲ့တယ်။

အဲဒီကျမ်းဟာ ဗုဒ္ဓအဆုံးအမတွေ၊ ရှေးဟောင်းကျမ်းတွေမှာပါတဲ့ မင်းကျင့်တရားတွေနဲ့ အနောက် နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ အုပ်ချုပ်ရေးစနစ်တွေကို ပေါင်းစပ်ပြီး မြန်မာမင်းတို့ ကျင့်သုံးအပ်တဲ့ မင်းကျင့်တရားများ၊ အုပ်ချုပ်ပုံစနစ်များကို ရေးသားထားတာပါ။ အရှင်းဆုံးပြောရရင်တော့ မြန်မာ ဘုရင်တွေကို သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင် စနစ်အဖြစ် ပြောင်းလဲဖို့ အကြံပြု တဲ့စာတမ်းပဲဖြစ်ပါတယ်။ အဲဒီစာတမ်းထဲမှာ လွှတ်တော်နှစ်ရပ်ထားဖို့၊ ဘုရင်နဲ့ မဆိုင်တဲ့ လွတ်လပ်တဲ့ သတင်းစာတွေထားဖို့၊ ပြည်သူ့အခွန်ငွေတွေကို ဘုရင်စိတ်ထင်တိုင်းမသုံးပဲ ငွေတိုက် ဌာနကနေ စနစ်တကျစီမံခန့်ခွဲပြီး သုံးဖို့ စတဲ့ ခေတ်ရှေ့ပြေးအယူအဆတွေပါသလို အခွန် တွေကို အကျိုးမဲ့ ဖြုန်းတီးပစ်ရင် ခိုးမှုမြောက်တယ်လို့ ရဲရဲတင်းတင်း သတိပေးခဲ့တယ်။

အဲဒီလို ခေတ်ရှေ့ပြေးတဲ့အမြင်တွေကို ရေးသားတင်ပြခဲ့တဲ့အကျိုးကျေးဇူးကတော့ ကျမ်းတင် သွင်း ပြီး ရက်ငါးဆယ်အကြာမှာ သီပေါမင်းက ယောမင်းကြီး ဦးဘိုးလှိုင်ကို ရာထူးကနေဖယ်ရှားခဲ့တယ်။ အဲဒီလို ဖယ်ရှားခံရတာ ယောမင်းကြီးတစ်ယောက်ထဲမဟုတ်ဘူး။ သူ့လိုပဲ ပြုပြင်ပြောင်းလဲရေး လို လားပြီး ၁၄ ဌာန အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ခဲ့တဲ့ ရေနံချောင်းမြို့စားဝန်ကြီးနဲ့ မြို့သစ်မြို့စား ဝန်ထောက်တို့လည်း ရာထူး ချခံရတယ်။ ကင်းဝန်မင်းကြီးကတော့ သီပေါမင်းသား ဘုရင်ဖြစ်အောင်လုပ်ပေးခဲ့တဲ့အတွက်ရာထူးချမခံရပေမယ့် ကုန်းကြောင်းစစ်ဖက်ဌာန ( ကြည်းတပ် ဌာန) ဝန်ကြီးအဖြစ်ကနေ ဖယ်ရှား ခံ လိုက်ရပြီး သြဇာကျဆင်းသွားခဲ့တယ်။

အနှစ်(၁၀၀) ပြည့် မန္တလေး ( ရွှေကိုင်းသား) စာအုပ်မှာ သီပေါမင်းက တိုးတက်တဲ့ အမြင်ရှိသူတွေ ဖယ်ရှားလိုက်တာနဲ့ပတ်သက်ပြီး “ အုပ်ချုပ်ရေးစနစ်သစ်ကို စေတနာကောင်း ဖြင့် ရုပ်လုံးဖော် ပေးကြမည့် ၊ ဖော်လည်း ဖော်ပေးနိုင် သည့် ပညာ ဥစ္စာ အခြွေအရံနှင့် အင်အား ကြီးမားသူ တို့ကို နိုင်ငံရေးနယ်ပယ်မှအပြင်သို့ကန်ထုတ်ပစ်လိုက်ပြီးနောက် သီပေါမင်း အိမ်တော်ပါ လူညံ့များ အုပ်ချုပ်ရေးနယ်ပယ်တွင် နေရာယူ လာကြသောအခါ မြန်မာနိုင်ငံတော်၏ အခြေအနေမှာ အပျက် ဘက် သို့ ဦးတည် နိမ့်ကျသွားပြီ ဟု ဆိုကြရပေတော့မည်။” လို့ ရေးသားခဲ့တယ်။

ကျောင်းဒါယကာအကြောင်းပြီးတော့ကျောင်းကြီးဘက် လှည့်ရအောင်။ ယောမင်းကြီး ကျောင်းတိုက် က မန္တလေးတောင်ခြေ ဂေါက်ကလပ် နဲ့ ဘိုးဘွားရိပ်သာ နားမှာ ရှိတယ်။ အဝင် လမ်းထိပ်မှာ “ယောမင်းကြီးကျောင်းတိုက်အဝင်လမ်း” ဆိုတဲ့ ဆိုင်းဘုတ်ကြီးရှိတယ်။ ( မြေပုံ နဲ့ ဖော်ပြထားပါတယ်။)

ယောမင်းကြီးကဒီကျောင်းတိုက်ကိုရောမဗိသုကာလက်ရာတွေကို မှီးပြီး မြန်မာဆန်တဲ့ အင်္ဂတေပန်း တွေနဲ့တည်ဆောက်ခဲ့တဲ့အတွက် အနောက်နဲ့ အရှေ့ကို ပေါင်းစပ်ကျင့်သုံးချင်တဲ့ ယောမင်းကြီး ရဲ့ သဘောထားကို ထင်ဟပ်နေတယ်။

ကျောင်းအဝင်မုခ် ဦး မှာ “ ရွှေကျင်နိကာယ ၊ ယောမင်းကြီးကျောင်းတိုက်” လို့ စာတမ်းထိုး ထားတယ်။ ယောမင်းကြီး အတ္ထုပ္ဗတ္တိ ( မောင်ထင် ) စာအုပ်မှာတော့ ကျောင်းတိုက်အမည်ကို “ဣဋ္ဌ ကာရမ” လို့ ဖော်ပြထားတာတွေ့ရတယ်။ မုခ်ဦးကျော်တာနဲ့ ဘယ်ညာခွဲသွားတဲ့ လမ်းနှစ်သွယ် အလယ်မှာ ဥရောပဗိသုကာလက်ရာပုံစံ နှစ်ထပ်ကျောင်းတိုက်ကြီးကို မြင်ရတယ်။ ကျောင်းတိုက် ရှေ့မှာ အုတ်တိုင်နှစ်ခုနဲ့ သစ်သားဆိုင်းဘုတ်ကြီးရှိတယ်။ ဆိုင်းဘုတ်မှာ “ ယောမင်းကြီး ဦးဘိုး လှိုင်ကောင်းမှု၊ ယောမင်းကြီးအုတ်ကျောင်း၊ မြန်မာနှစ် ၁၂၂၈ ၊ ခရစ်နှစ် ၁၈၆၆“ စာတမ်းထိုးထား တယ်။

ကျောင်းတိုက်ရဲ့ ညာဘက်အခြမ်းမှာ ကျောက်စာတိုင်တစ်ခုရှိတယ်။ အဲဒီကျောက်စာတိုင် မှာ ကျောင်းတိုက်ပြန်လည်ပြုပြင်တဲ့မှတ်တမ်းကိုရေးထိုးထားပြီး၁၉၄၅ ခုနှစ် မတ်လ အင်္ဂလိပ် လေတပ် ကဗုံးကြဲတဲ့အတွက်သစ်သားထည်များအားလုံးမီးလောင်ပျက်စီးပြီးအုတ်အဆောက်အအုံ သာ ကျန် တဲ့အကြောင်း၊ အင်္ဂတေ ကနုတ်ပန်းများလည်း ပျက်စီးတဲ့အကြောင်း နဲ့ ၁၉ ၉ ၈ ခုနှစ် မှာ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးစီးပြီး သစ်သားတိုင် ၊ ယက်မ ၊ ကြမ်းခင်းတွေကို သံကူကွန် ကရစ် တိုင်၊ ယက်မ၊ ကြမ်းခင်းတွေ နဲ့ အစားထိုးခြင်း ၊ သွပ်မိုးခြင်းတွေလုပ်တဲ့အကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှာ ရှေးဟောင်း သုတေသန က တာဝန်ယူပြီး ပြူတင်းပေါက်များတပ်ဆင်ခြင်း၊ မြန်မာမှု အင်္ဂတေပန်း များ ပြုပြင် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ရေးထားတယ်။ တစ်ချို့နေရာတွေမှာ စာကြောင်း တွေပျက်နေလို့ ဖတ်လို့ မရဘူး။

ထိုင်းနိုင်ငံမှာရှိတဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို ရောက်ခဲ့ချိန်က အဆောက် အဦ ပျက်တွေကို တတ်နိုင်သမျှ ပျက်စီးနေတဲ့အတိုင်းထားပြီး ထပ်မပျက်အောင်ဘဲ ထိန်းသိမ်းထား တယ်။ တကယ်လို့ နောက်ပိုင်းပြန်ပြင်ထားတာ ရှိရင်လည်း ဘယ်အပိုင်းကတော့ ပြင်ထားတယ် ဆို တာကို တိတိကျကျ ရှင်းပြထားတယ်။ မူလကျောင်းတိုက်ပုံကို ဓာတ်ပုံတွေ၊ ပန္နက်ပုံတွေနဲ့လည်း ပြတယ်။ ယောမင်းကြီးကျောင်းတိုက် မှာတော့ အဲဒီလို ပြသထားတာမရှိတဲ့အတွက် အင်္ဂတေပန်း တွေနဲ့ ပတ်သက်ရင် ဘယ်နေရာက မူရင်း၊ ဘယ်နေရာက ပြုပြင်ထားတာဆိုတာမသိရဘူး။ ဒါဟာ အဆောက်အအုံကိုနောက်ခံထားပြီး အလှဓာတ်ပုံရိုက်သူတွေအတွက်ပြဿနာမရှိပေမယ့် လေ့လာ မှတ်တမ်းတင်ချင်တဲ့သူတွေ အတွက် ကတော့ အဆင်မပြေလှဘူး။

ကျွန်တော်တို့ ကျောင်းတိုက်ကြီးကို လှည့်ပတ်ကြည့်နေချိန်မှာပဲ ဓာတ်ပုံရိုက်မယ့် အဖွဲ့တစ်ဖွဲ့ ရောက်လာတယ်။ ဓာတ်ပုံဆရာနှစ်ယောက်က ဘွဲ့ဝတ်စုံနဲ့ အမျိုးသမီးငယ်တစ်ဦးကို ကျောင်းကြီး နောက်ခံထားပြီး ကိုယ်နေ ဟန်ထားအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံစတူဒီယိုသုံးမီးမောင်း တွေ ဘာတွေနဲ့ အတော်ပြင်ဆင်ပြီးရိုက်တာတွေ့ရတယ်။ အဖော်ပါလာတဲ့ အမျိုးသမီးကတော့ ဝတ်စုံတွေ၊ မိတ်ကပ်တွေပြင်ပေးတယ်။

ကျွန်တော်ကတော့ ပြန်လည်ပြုပြင်တဲ့မှတ်တမ်းကျောက်စာကို ဖတ်ပြီးတဲ့နောက် ဗိသုကာလက်ရာ တွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ဖို့ အတွက် စိတ်အားထက်သန်မှုမရှိတော့ဘူး။ ကျောင်းတိုက် အတွင်းဘက်ကို လေ့လာဖို့ အတွက်ကလည်း အပေါ်ထပ်၊ အောက်ထပ် တံခါးအားလုံးပိတ် ထားတဲ့အတွက် ကြည့်လို့မရဘူး။ ညာဘက်အခြမ်းက လှေကား ဆိုရင် ဆူးခက်တွေချပြီး ပိတ် ထားတယ်။ ကျောင်းဘယ် ဘက်အခြမ်း အောက်ထပ်မှာတော့ သံဃာ တော်တွေသီတင်း သုံးနေ တယ်ဆိုတဲ့ အနေအထား မြင်ရတယ်။ ဒါပေမယ့် တံခါးကို အပြင်က သော့ခတ်ပြီးပိတ်ထား တဲ့ အတွက် ဝင်ကြည့်လို့မရဘူး။

ကျောင်းတိုက်ပတ်လည်မှာ ရေဆင်းဘောင်နဲ့ မြောင်းတွေ သေသေချာချာပြန်လုပ်ထား တယ်။ ဒါပေမယ့် ရေဆင်းမြောင်းပတ်လည်မှာတော့ ချုံတွေ၊ မြက်ရိုင်းတွေနဲ့အတော်ကြည့်ရ ဆိုး တယ်။ ကျောင်းတိုက်နံရံတစ်ချို့လည်း အင်္ဂတေကွာပြီး အတွင်းအုတ်ရိုးကို မြင်နေရတယ်။ ယော မင်းကြီးကျောင်းတိုက်ကိုရှေးဟောင်းသုတေသနဦးစီးဌာန က ပြန်လည်ပြုပြင်ထားတယ်ဆိုပေ မယ့် ရေရှည်ထိန်းသိမ်းဖို့အတွက်တော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပုံမပေါ်ဘူး။ ကျောင်း တိုက် အတွင်း၊ အပြင်သန့်ရှင်းရေးက အတော်အားနည်းတယ်။

ယောမင်းကြီးကျောင်းတိုက်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ ယောမင်းကြီး ကျောင်းတိုက်က အသစ်ပြန်ဆောက် သလို ဖြစ်နေတဲ့အတွက်ရှေးဟောင်းလို့ပြောလို့မရတော့ဘူး၊ရှေးဟောင်းက ငွေကြေးအကုန် အကျခံ ထိန်းသိမ်းဖို့လည်း မဖြစ်နိုင်ဘူး ဆိုတဲ့ ပညာရှင် တစ်ဦး ရဲ့ အယူအဆကို ရေးထားတာ တွေ့ရ သလို ပြခန်းပုံစံ မူလကျောင်းဆောင်ငယ်၊ သမိုင်းကြောင်းကို ဖော်ပြထားတဲ့ပြခန်းလေး တစ်ခု ရှိသင့် တယ်လို့မြို့ခံစာရေးဆရာတစ်ယောက်က အကြံပေးထား တာ ကိုလည်းဖော်ပြ ထား တယ်။

ကျွန်တော်တို့ ပြန်လာပေမယ့် ဓာတ်ပုံအဖွဲ့ကတော့ ရိုက်လို့ကောင်းတုန်း။ ကျွန်တော်ကတော့ ယောမင်းကြီး ကျောင်းတိုက်ဗိသုကာလက်ရာထက် ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ဉာဏ်ပညာ နဲ့ စိတ်ဓာတ် ကို ပဲ ရင်ထဲစွဲပြီး ပြန်လာခဲ့တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: