ကင်းဝန်မင်းကြီးဆိုတာက ကုန်းဘောင်ခေတ်မြန်မာ့သမိုင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတိုင်း သိတဲ့ ပုဂ္ဂိုလ် ကြီးပါ။ သူ့ကို လေးစားသူတွေက ခေတ်ရှေ့ပြေးနိုင်ငံရေးသမားလို့ ယူဆကြပေမယ့် သူ့ကို မနှစ် သက်တဲ့သူတွေကတော့ ကင်းဝန်မင်းကြီးကြောင့် သီပေါမင်း ပါတော်မူပြီး သူ့ကျွန်ဘဝရောက် ရတာလို့ စွပ်စွဲကြတယ်။
ကင်းဝန်မင်းကြီးကို ၁၁၈၃ ခုနှစ်တပို့တွဲလဆန်း ၁၂ ရက် (၁၈၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်) စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် မင်းတိုင်ပင်ရွာမှာမွေးတယ်။ စာပေ
ကျမ်းဂန်ဗဟုသုတကြွယ်ဝလို့ အသက် ၂၈ နှစ်အရွယ်မှာ မင်းတုန်း မင်းသား က
အိမ်တော်မှာ ခေါ်ယူ ထားခဲ့တယ်။ မင်းတုန်းမင်း နန်းတက်တော့ လွှတ်တော် စာရေးတော်ကြီး အဖြစ်တာဝန်ပေးတယ်။နောက်ပိုင်း အရေးကြီးတဲ့ ရာထူးတွေအဆင့်ဆင့်
ထမ်းဆောင်ခဲ့ရပြီး တဲ့နောက် ၁၂၂၈ ခုနှစ်မှာ မင်းကြီး မဟာ စည်သူ ဘွဲ့နဲ့ ဝန်ထောက်အရာခန့်အပ်ခံရတယ်။၁၂၃၂ခုနှစ်ရောက်တော့အင်္ဂလိပ်တွေသိမ်းပိုက်ထားတဲ့အောက် မြန်မာပြည်နဲ့ဆက်စပ်နေတဲ့ ဒေသတွေမှာရှိတဲ့ ကုန်းကြောင်း၊ ရေကြောင်း ကင်းတပ်တွေကို ကြီးကြပ်ဖို့တာဝန်ပေးခံရတယ်။ ဒါ့ကြောင့် နောင် ဝန်ကြီးအဖြစ် ရာထူးတိုးပေးလိုက် တဲ့အခါမှာ“ ကင်းဝန်မင်းကြီး” လို့နာမည် တွင် တယ်။
၁၂၃၃ ခုနှစ်မှာ မင်းတုန်းမင်းက ကင်းဝန်မင်းကြီးကို သံတမန်ကြီးအဖြစ်နဲ့ဗြိတိန်နိုင်ငံကို စေလွှတ် တယ်။ ဒါဟာ မြန်မာနိုင်ငံကနေ ဗြိတိန်နိုင်ငံကို စေလွှတ်ခဲ့တဲ့ ပထမဆုံးသံတမန်ပဲဖြစ်တယ်။ ကင်းဝန်မင်းကြီးဟာ ဥရောပမှာ တစ်နှစ်ကျော်ကြာတယ်။ ဗြိတိန်နိုင်ငံအပြင် အိုင်ယာလန်၊ ပြင်သစ်၊အီတလီနိုင်ငံတွေကိုပါ သွားရောက်ခဲ့ပြီး ဘုရင်၊ မှူးမတ်မြို့စား၊ စစ်သူကြီး၊ ဘာသာရေး၊ စီးပွားရေး၊လူမှုရေးခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်။ ခံတပ်မြို့ ၊ စစ်စခန်း ၊ လက်နက်စက်ရုံ၊ သင်္ဘောဆိပ်၊ သဘောၤကျင်း တွေသာမက စက်ရုံ၊ အလုပ်ရုံ၊ဘဏ်တိုက်၊ ပြတိုက်၊ လူအိုရုံ၊ ပြဇာတ်ရုံ စတာတွေကိုပါ လှည့်လည်ကြည့်ရှုခဲ့တယ်။ ကင်းဝန်မင်းကြီးဟာ ဗြိတိန်နိုင်ငံ ခရီးစဉ်က ပြန်လာပြီး တဲ့နောက် ပြင်သစ်နဲ့အီတလီနိုင်ငံကို သံတမန်ခရီးစဉ်နဲ့ နောက်တစ်ကြိမ် ထပ်သွားခဲ့သေးတဲ့ အတွက် ကုန်းဘောင်ခေတ်အဆင့်မြင့်ဝန်ကြီးတွေထဲမှာ နိုင်ငံတကာအတွေ့အကြုံ ရှိတဲ့ တစ်ဦး တည်းသော ပုဂ္ဂိုလ်လို့ ဆိုနိုင်ပါတယ်။ မင်းတုန်းမင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးလို့ပြောရင်လည်း မမှား ဘူး။
ကင်းဝန်မင်းကြီးဟာ သူ့ခရီးစဉ်ကို သာမန်ချစ်ကြည်ရေးခရီးစဉ်သက်သက် သဘောမထားခဲ့ဘူး။ သူ့ ခရီးစဉ်အတွင်းမှာ ဥရောပနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ လူမှုရေး အခြေအနေ တွေကို အသေးစိတ်လေ့လာခဲ့တယ်။ သူလေ့လာတွေ့ ရှိခဲ့သမ ျှ ကို မှတ်တမ်းတင်ပြီး မင်းတုန်းမင်း ကို တင်ပြခဲ့တယ်။ ၁၉ ၀၈ ခုနှစ်မှာ အဲဒီပရပိုက်ပေမူကို “ ကင်းဝန် မင်း ကြီး လန် ဒန် မြို့သွား နေ့စဉ်မှတ်တမ်း”ဆိုပြီးကဝိမျက်မှန်ပုံနှိပ်တိုက်ကအတွဲ နှစ်တွဲခွဲ ထုတ် ဝေတယ်။ ကျွန်တော့် ဆီမှာ ရှိတာက ၂၀၀၈
ခုနှစ်မှာ ရာပြည့်စာပေက အတွဲနှစ်တွဲပေါင်းပြီး စတုတ္ထ အကြိမ် ပုံနှိပ်ခြင်း အဖြစ် ထုတ်ဝေတဲ့စာအုပ်ပါ။
ကင်းဝန်မင်းကြီးရဲ့ မှတ်တမ်းကို ဖတ်တဲ့အခါ ကင်းဝန်မင်းကြီးဟာ သူမြင်တွေ့ခဲ့သမ ျှကို အသေး စိတ်မှတ်တမ်းတင်ခဲ့တာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ကင်းဝန်မင်းကြီးဦးဆောင်တဲ့ မြန်မာ သံ အဖွဲ့ “ သြလဒါရှော့” ( မူရင်းသတ်ပုံအတိုင်း။ အင်္ဂလိပ်အမည် Aldershot) မှာ ဗြိတိသ ျှ ကြည်းတပ် ရဲ့ စစ်ရေးလေ့ကျင့်မှုကို လေ့လာခွင့်ရတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး ကင်းဝန်မင်းကြီး က သြလဒါရှော့မှာ ခြေလျင်တပ်၊ မြင်းတပ်၊ အမြောက်တပ်တွေ စစ်ရေးလေ့ကျင့် သင်ကြားတယ်။ ခြေလျင်အင်အား နှစ်သောင်းနှစ်ထောင့်ငါးရာကျော်၊ မြင်းသုံးထောင်နှစ်ရာကျော်၊ အမြောက် ၆၈ လက် အမြဲတမ်းထားတယ် လို့မှတ်တမ်းတင်ထားတယ်။
ဒါ့အပြင် သူကြည့်ရှုခဲ့ရတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ တပ်အမည်၊ဦးဆောင်တဲ့ ဗိုလ်ချုပ်တွေ အမည် နဲ့ပါဝင်တဲ့အင်အားတွေကို အသေးစိတ်မေးမြန်းမှတ်တမ်းတင်ထားပြီး စစ်သည် ၁၄၀၁၂ ၊ မြင်း ၂၁၁၆ နဲ့အမြောက် ၆၈ လက်ပါဝင်လေ့ကျင့်တယ်လို့ ရေးသားထားတယ်။ သူလေ့လာခဲ့ရ တဲ့ စစ်သဘောၤတွေနဲ့ပတ်သက်ရင်လည်း အလျား ၃၄၀ ပေ၊ အနံ ၅၇ ပေ၊ ဇောက်ပေ ၃၀၊ သံပြား အထူ ၁၀ လက်မ၊ သစ်သားပြားအထူ ၈ လက်မ၊ တန်ချိန် ၅၁၀၀၊ ၁၂ လက်မ အမြောက်နှစ်လက်၊ ၇ လက်မအမြောက်သုံးလက်၊ လူအင်အား ၆၅၀ စသည်ဖြင့် အသေးစိတ်မှတ်တမ်းတင်ထားတာကို တွေ့ရတယ်။
ကင်းဝန်မင်းကြီးရဲ့ မှတ်တမ်းဟာ မင်းတုန်းမင်းကို တင်ပြတဲ့ အစီရင်ခံစာလို့လည်းပြောလို့ရတယ်။ ကင်းဝန်မင်းကြီးဟာ တွေ့မြင်ခဲ့သမ ျှ အရာတွေနဲ့ပတ်သက်ပြီး သူ့ထင်မြင်ချက်ကို လုံး၀ ထည့် သွင်းရေးသားခြင်းမပြုခဲ့ဘူး။ ဖတ်ရှုသူက ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားချင့်ချိန်ဆုံးဖြတ်နိုင်ဖို့ ပဲ ရေးသားထားတယ်။
ကင်းဝန်မင်းကြီးဟာ မင်းတုန်းမင်းယုံကြည်အားကိုးခံရတဲ့ ဝန်ကြီးတစ်ပါးဖြစ်တဲ့အတွက် သူ့ဥရောပ ခရီးအတွေ့အကြုံတွေဟာ မင်းတုန်းမင်းရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်မှာ အများကြီး အကျိုးသက် ရောက်မှုရှိခဲ့ပုံရတယ်။ မင်းတုန်းမင်းဟာ အင်္ဂလိပ်တွေရဲ့ စစ်ရေး၊ စီးပွားရေးအင်အားကို မယှဉ် နိုင် သေးတာကို ကောင်းကောင်းနားလည်တဲ့အတွက် အင်္ဂလိပ်နဲ့ ပဋိပက္ခမဖြစ်အောင်ရှောင်ရင်း နိုင်ငံ တည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်တယ်။ ပြင်သစ်လို ဥရောပအင်အားကြီးနိုင်ငံများနဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့ကြိုးစားတယ်။ တစ်ဘက်မှာလည်း ရန်ကုန်အပါအဝင် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တွေသိမ်းပိုက်ထားမှုအပေါ် အတည်ပြုရာရောက်မယ့် စစ်ပြေငြိမ်းစာချုပ်ချုပ်ဆိုရေး ကို လိမ္မာပါးနပ်စွာငြင်းဆန်ခဲ့တယ်။
မင်းတုန်းမင်းကွယ်လွန်တဲ့အခါကတော့ သီပေါမင်းသားနန်းတက်တယ်။ မင်းတုန်းမင်းရဲ့ သားတော် တွေထဲမှာလက်ရုံးရည်ရော၊နှလုံးရည်ပါထက်မြက်တဲ့မက္ခရာမင်းသား၊သုံးဆယ်မင်းသား၊ညောင်ရမ်း မင်းသား တို့ကို ကျော်ပြီး သီပေါမင်းသား ဘုရင်ဖြစ်လာတာဟာ ကင်းဝန်မင်းကြီးရဲ့ စီမံပံ့ပိုးမှုတွေ အများကြီးပါတယ်၊ ကင်းဝန်မင်းကြီးက ဥရောပနိုင်ငံတွေရဲ့ အတွေ့အကြုံကို အခြေခံပြီး အုပ်ချုပ် ရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ချင်တယ်၊ ဓားထက်တဲ့ မင်းသားကြီးတွေ ဘုရင်ဖြစ်လာရင် သူလုပ် ချင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့အခက်အခဲရှိတဲ့အတွက် ကျန်တဲ့ မှူးမတ်တွေကို စည်းရုံးပြီး ဆင်ဖြူမရှင် မိဖုရားကြီးရဲ့ ဆန္ဒအတိုင်း အေးဆေးနူးညံ့တဲ့ သီပေါမင်းသား ဘုရင်ဖြစ်အောင် ကူညီ ခဲ့တယ်လို့ သမိုင်း ဆရာများကဆိုတယ်။
ဒါပေမယ့် ကင်းဝန်မင်းကြီးရဲ့ အစီအစဉ်က ထင်တိုင်းမပေါက်ခဲ့ဘူး။ သီပေါဘုရင်က အစပိုင်းမှာ ကင်းဝန်မင်းကြီးရဲ့ အစီအစဉ်ဖြစ်တဲ့ ၁၄ ဌာနအုပ်ချုပ်ရေးစနစ်ကို လက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ စုဖုရားလတ်၊ တိုင်းတားမင်းကြီးတို့အုပ်စုရဲ့ သြဇာလွှမ်းမိုးမှုကို ခံရပြီးတဲ့နောက် ၁၄ ဌာနအုပ်ချုပ် ရေးစနစ်လည်းပျက်သွားခဲ့တယ်။ နိုင်ငံခြားရေးမူဝါဒမှာလည်း မင်းတုန်းမင်းလို သံတမန်ရေးကြွယ် ကြွယ်နဲ့ဆောင်ရွက်တာမျိုးမဟုတ်တော့ဘူး။ ကင်းဝန်မင်းကြီးရဲ့ အကြံဉာဏ်တွေကိုလည်း လက် မခံတော့ဘူး။ တစ်ချို့ကတော့ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး စုဖုရားလတ်ကို အပြစ်တင် ပေမယ့် သီပေါဘုရင် အရည်အချင်းမရှိတာက အဓိက ပြဿနာပါ။ အရည်အချင်းရှိတဲ့ဘုရင်ဆို ရင် မိဖုရားပြောတဲ့အတိုင်းဘယ်လုပ်ပါ့မလဲ။
အဲဒီအခြေအနေကို ရွှေကိုင်းသား (ဆရာတော်ဦးသောဘိတ) ရဲ့ အနှစ် ၁၀၀ ပြည့် မန္တလေးစာအုပ် မှာ
“ မိဖုရားကြီးနှင့် မိမိတို့ အခြေအနေမှန်ကို မသိဘဲ ရေတွင်းငယ်ထဲက ဖားသူငယ်ကဲ့သို့ အရမ်း အထင်ကြီးနေသူများကို ကင်းဝန်မင်းကြီးသည် နိုင်ငံရေးပညာပေး၍ မဆွဲဆောင် မသိမ်းသွင်းနိုင်ခဲ့ ပေ။ သို့နှင့် အောက်ကဖော်ပြပြီးသည့်အတိုင်း မင်းကြီး၏ နိုင်ငံရေးသြဇာသာ တစ်နေ့တစ်ခြား ကျ ဆင်းလာခဲ့ပြီး နိုင်ငံခြားရေးဝါဒကို မိမိ အမြော်အမြင် ရှိသည့်အတိုင်း ပဲ့ကိုင်မပေးနိုင်ခဲ့တော့ပေ။ ယင်းသို့အားဖြင့် မြန်မာနိုင်ငံသည် နိုင်ငံရေး ရေစွယ် ရေမော် ကျောက်တန်း ကျောက်ငုတ်တို့ကို မတိမ်းမရှောင်နိုင်တော့ဘဲ မြန်မာပြည်တည်းဟူသော လှေကြီးမှာ တိမ်းမှောက်ပျက်စီး နစ်မြုပ် ရလေတော့ သတည်း။ ” လို့ သုံးသပ်ရေးသားထားခဲ့တယ်။
အဲဒီလို နိုင်ငံပြုသုခမိန်လို့ သတ်မှတ်နိုင်တဲ့ ကင်းဝန်မင်းကြီးရဲ့ ကျောင်းတိုက်က ၃၈ လမ်း၊ ၈၅ – ၈၆ လမ်းကြားမှာရှိပါတယ်။ ကျောင်းတိုက်အဝင်မှာ “ကင်းဝန်မင်းကြီး ကျောင်းတိုက်” ဆိုတဲ့ သံပန်း မုခ်ဦး ဆိုင်းဘုတ်ရှိတယ်။ ကျောင်းတိုက်အဝင်ညာဘက်မှာ “ကင်းဝန်မင်းကြီး၏ အထ္တုပ္ဗတ္တိ ကျောက်စာတိုက်” ဆိုတဲ့အဆောက်အဦတစ်ခုရှိတယ်။ သော့ခတ်ပိတ်ထားတယ်။ ကျွန်တော်က လည်း မန္တလေးကျောင်းတိုက်တွေရဲ့ ထုံးတမ်းစဉ်လာတွေကို မသိ၊ ငှားလာတဲ့ အိုးေ၀ တုတ်တုတ် ဆရာ ကလည်း မမေးရဲ ဆိုတော့ ဝင်ကြည့်ခွင့်မရဘူး။
ကျောင်းပေါက်ဝက ဝင်လိုက်ရင် ကျောင်းတိုက်တွေ အများကြီးပဲ။ ကင်းဝန်မင်းကြီး ကျောင်းတိုက် ထဲမှာ ကျောင်းပေါင်း ၂၆ ကျောင်းရှိတယ်လို့ဆိုတယ်။ ကင်းဝန်မင်းကြီးကျောင်းတိုက်က ကျောင်း နှစ်ခုကြားက သစ်သား စောင်းတန်းအတိုင်းဝင်သွားရတယ်။ စောင်းတန်းအတိုင်းလေ ျှာက်သွားတဲ့ အခါ ညာဘက် ခြောက်ခန်းမြောက်နေရာမှာ စောင်းတန်းပြုပြင်မှုမှတ်တမ်းကို တွေ့ရပြီး အခုလို မှတ်တမ်းတင်ထားတယ် –
“ မန္တလေးမြို့ ၊ အနောက်ပြင် ကင်းဝန်မင်းကြီးကျောင်းတိုက် မဟာနာယက ဆရာတော်နှင့် နာယက ဆရာတော်များကြီးမှူး၍ ( ၁၂၄၁ ခု မှ ၁၃၄၁ ခု) အထိ နှစ်တစ်ရာ ပြည့်စောင်းတန်းကြီးကို အသစ် တဖန်ပြန်လည်ဆောက်လုပ်ပြီးစီးခဲ့ရာ (၁၃၄၁ ခု ) ပြာသို လပြည့် ( ၁.၁.၈၀)နေ့တွင် အောင်မြင် ပြီးစီးခဲ့သည်။ အကျိုးတော်ဆောင် (၁ ) ဦးသူရိယ ရွှေမျှားအုဋ္ဌ်ကျောင်း (၂) ဦးသဇ္ဇန ရွှေဘိုကျောင်း (၃) ဦးသာသန ရတနသိန္ဓိကျောင်း ကောဇာသက္ကရာဇ် ၁၃၄၁ ၊ သာသနာသက္ကရာဇ် ၂၅၂၁ ၊ ခရစ် သက္ကရာဇ် ၁၉ ၈၀။ ( မူရင်းသတ်ပုံအတိုင်း )
ကင်းဝန်မင်းကြီးက ဒီကျောင်းတိုက်ကို ၁၂၄၁ ခုနှစ် ( ၁၈၇၉ ခုနှစ် ) မှာ ဆောက်လုပ်လှုဒါန်းခဲ့တယ် ဆိုတော့ ကျောင်းတိုက်နဲ့ အတူ စောင်းတန်းပါ တည်ဆောက်ခဲ့တယ်ဆိုတဲ့ သဘောပါပဲ။ ပြန်လည် ပြုပြင် ဆောက်လုပ် ချိန်က အလှူရှင် ငါးဦး တစ်ယောက် တစ်ရာ နဲ့ စောင်းတန်းတစ်ခန်း လှူထား တဲ့ မှတ်တမ်းကို တွေ့တော့ ၁၉ ၈၀ ကာလက ငွေတန်ဖိုးနဲ့ ဆိုရှယ်လစ်ခေတ်က “ လူတွေ လက်ထဲ မှာ ပိုက်ဆံရှိတယ်၊ ပိုက်ဆံကလည်း တန်ဖိုးရှိတယ်၊ ဒါပေမယ့် အစိုးရဆိုင်တွေမှာ ပစ္စည်း မရှိဘူး” လို့ ပြောစမှတ်တွင်ခဲ့တာကို သတိရမိတယ်။
ကင်းဝန်မင်းကြီးကျောင်းတိုက်ကို “ သာကဝန်” ကျောင်းလို့လည်းခေါ်တယ်။ ကျောင်းက ကျွန်း နဲ့ ဆောက်ထားတဲ့ သစ်သားကျောင်းကြီးဖြစ်ပြီး ယောမင်းကြီး ဦးဘိုးလှိုင်အုတ်ကျောင်းလိုပဲ မြန်မာ နဲ့ ဥရောပ ဗိသုကာလက်ရာတွေကို ပေါင်းစပ်ထားတယ်။ သစ်သားတိုင်တွေက ခေါမ၊ ရောမခေတ် တိုင်လုံးကြီးတွေကို နမူနာယူပြီး ထုလုပ်ထားတယ်။ မြောက်ဘက် မျက်နှာစာက လင်းယုန်ငှက်ရုပ် ကြီး နှစ်ရုပ်ကတော့ ဥရောပလက်ရာ ပီပီသသပဲ။ ကျောင်းရဲ့ မျက်နှာစာနဲ့ ဘေးဘက်တွေ အုတ် လှေ ကားတွေရှိတယ်။ မြောက်ဘက်လှေကားကတော့ အကြီးဆုံးပဲ၊ အဓိက ဝင်ပေါက်ပေါ့။ အဲဒီအဝင်တံခါးကို တော့ သော့ခတ်ပြီးပိတ်ထားတယ်။
ကျောင်းအောက်ထပ်မှာလည်း သစ်သားတန်းတွေကို ရာဇမတ်ကွက်ကာပြီးပိတ်ထားတယ်။ အထဲ မှာတော့ ပစ္စည်းအဟောင်းတွေ ထည့်ထားတယ်။ ချက်ပြုတ်ရေးပစ္စည်းတစ်ချို့လည်းတွေ့တယ်။ ကျောင်းအောက်မှာ ပက်လက်ကုလားထိုင်တစ်လုံးနဲ့ စာဖတ်နေတဲ့ ဦးဇင်းတစ်ပါးကို ကျောင်းပေါ် တက်လို့ရမရမေးတော့ အရှေ့ဘက်လှေကားက တံခါးစေ့ထားတယ်၊ ဝင်ကြည့်လိုရတယ် ပြော တဲ့ အတွက် အပေါ်တက်ကြည့်တယ်။ အဝင်ဝမှာ ဖိနပ်မစီးရဆိုတဲ့ ဆိုင်းဘုတ်တွေ့တယ်။ အထဲမှာ မီး အလင်းရောင်မရှိတဲ့အတွက် အတွင်းပိုင်းရှုခင်းတွေကို သေသေချာချာမမြင်ရဘူး။
အတွင်းမှာရှိတဲ့ အခန်းတံခါးတွေ၊ မျက်နှာကြက်နဲ့ တံခါး ပေါင်းကူးအခုံးတွေမှာ ရှိတဲ့ပန်းပုလက်ရာ တွေ က အနောက်တိုင်းဟန်နွယ်တဲ့လက်ရာတွေဖြစ်ပါတယ်။ ရှေးခေတ်ဘုန်းတော်ကြီးကျောင်း တွေမှာ တွေ့ရတဲ့ ဇာတ်တော်ပန်းပုရုပ်ကြွတွေတော့မတွေ့ခဲ့ရဘူး။ ( မှောင်နေတဲ့အတွက် ရှာမ တွေ့တာလည်းဖြစ်နိုင်ပါတယ်။ ) အနောက်ဘက်ဝင်ပေါက်ဘက်က အခန်းတစ်ခုထဲမှာ ကြောင်လိမ် လှေကားတစ်ခုတွေ့တယ်။ သစ်သားတိုင်တစ်လုံးတည်းကို စရွေးဖောက်ပြီး သစ်သားလှေကားထစ် တွေနဲ့ ဆောက်လုပ်ထားတာ လက်ရာမြောက်လှပါတယ်။ လှေကားအတိုင်းအပေါ်တက်သွားတော့ အထပ်ခိုးထဲရောက်သွားတယ်။ အထပ်ခိုးက ကျောင်းတိုက်တစ်ခုလုံးရဲ့ မျက်နှာကြက်ပါပဲ။ အလယ်မှာ အခန်းဖွဲ့ထားတယ်လို့ထင်ရတဲ့ တိုင်လုံးကြီးတစ်ခုရှိတယ်။ ဘာအတွက်လည်းဆို တာ တော့ ခန့်မှန်းလို့မရဘူး။
ကင်းဝန်မင်းကြီးကျောင်းတိုက် ဟာ ပြတိုက်အဖြစ်နဲ့ ပြသထားသင့်တဲ့ ရှေးဟောင်းအဆောက် အဦတစ်ခုပါ။ ဒါပေမယ့် ကျောင်းတိုက်နဲ့ သက်ဆိုင်တဲ့ သံဃာ့အဖွဲ့အစည်းတွေနဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေရှိတဲ့ ရှေးဟောင်းသုတေသန ဦးစီးဌာနကြားမှာ မှန်ကန်တဲ့ ပေါင်းစပ်ညှိနှိုင်းမှု မရှိ ဘဲနဲ့ အဲဒီလို လုပ်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့်လည်း ကင်းဝန်မင်းကြီးကျောင်းတိုက်ဟာ မှောင် မှောင်မည်းမည်း နဲ့ ဘုန်းကြီးကျောင်းအိုကြီးလို ဖြစ်နေတာထင်ပါရဲ့။
ကင်းဝန်မင်းကြီးက အသက် ၈၇ နှစ် ၁၉ ၀၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကွယ်လွန်တာဆိုတော့ အင်္ဂလိပ်ကိုလိုနီဘဝမှာ သူလှူဒါန်းခဲ့တဲ့ ဒီကျောင်းကြီးဆီကို အကြိမ်ကြိမ်ရောက်ခဲ့မှာပါ။အဲဒီလို ရောက်တဲ့အခါတိုင်းမှာ ဥရောပလက်ရာကျောင်းကြီး ကို ကြည့်ရင်း လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံ တဲ့ မင်းသားကြီး တွေကိုကျော်ပြီးကိုယ်ကြိုးကိုင်လို့ရမယ် ထင်တဲ့ မင်းသားငယ် ကို နန်းတင်မိလို့ မြန်မာနိုင်ငံကို ဥရောပ နိုင်ငံ တွေနဲ့ရင်ဘောင်တန်းနိုင်ဖို့အတွက်နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ကြိုးစားခဲ့တဲ့ သူ့အိပ်မက်တွေ ပျက်စီးခဲ့ရပုံကို တွေးမိနေ မယ်ထင် ပါတယ်။
ကင်းဝန်မင်းကြီးကျောင်းတိုက်ဟာ ပြတိုက်အဖြစ်ရှိမနေဘူးဆိုရင်တောင် မိမိထိန်းချုပ်လို့ရ မယ် လို့ ယူဆပြီး အရည်အချင်းမရှိသူကို တာဝန်ပေးမိတဲ့အခါ ကိုယ်တစ် ယောက်တည်းတင် မဟုတ် ဘူး၊ကိုယ့်အဖွဲ့အစည်း၊ကိုယ်နိုင်ငံပါဒုက္ခရောက်ရတယ်ဆိုတဲ့ သမိုင်း သင်ခန်းစာ တစ်ခု အဖြစ်နဲ့ ရှိနေဦး မှာပါ။






