သာသနဇောတိက ကျောင်း

အက္ကပတ်မြို့ဝန်ကျောင်း အပြင် နောက်ထပ်ရောက်ခဲ့တဲ့ အုတ်ကျောင်းပျက်က သာသနဇောတိက ကျောင်းဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုက အဲဒီကျောင်းအမည်ကို မသိတော့ပါဘူး။ ခေမာသီဝံ ကျောင်းတိုက်ထဲကအုတ်နီကျောင်း လို့ပဲ သိကြပါတယ်။

မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းကြီးများ ( နတ်မောက်ထွန်းရှိန်) စာအုပ်မှာတော့ “သာသနဇောတိက” ကျောင်း ကို ၁၂၈၁ (၁၉ ၁၉ ) ခုနှစ်မှာ ပြည်ကြီးကျက်သရေ ရပ်နေ ဇရပ်အမကြီး ၏ သမီး မမဇင် က ဆောက်လုပ်လှူဒါန်းတယ် ၊ သံဃာနှစ်ရာကျော် သီတင်း သုံးနိုင်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ကြောင့်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ (ကျောင်းအလှူရှင်များနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိမီသူများရှိရင် ဒီဆောင်းပါး အောက်မှာ မှတ်ချက်ရေးသားပေးစေချင်ပါတယ်။ )

ခေမာသီဝံကျောင်းတိုက်က ၈၇ လမ်း ၂၀ – ၂၁ ကြားမှာ ရှိပါတယ်။ တိုက်ထဲကို ဝင်လိုက်တာနဲ့ ကွင်းပြင်အလယ်မှာ ထီးထီးကြီးရှိနေတဲ့ နှစ်ထပ်အုတ်ကျောင်းပျက်ကြီးကို လှမ်းမြင်လိုက်ရတယ်။ ကားလမ်းညာဘက်မှာ လက်ရှိ သံဃာများသီတင်းသုံးနေတဲ့ ကျောင်းတွေရှိတယ်။ အုတ်ကျောင်း ပျက်ကြီးကျော်သွားရင်လည်း နောက်ထပ် ကျောင်းတွေရှိသေးတယ်။

ကျောင်းပျက်ကြီးရဲ့ ပတ်ဝန်းကျင်က ကွင်းပြင်ဖြစ်နေတဲ့အတွက် အက္ကပတ်မြို့ဝန်ကျောင်းတိုက် ထက် အကွက်အကွင်းပိုကောင်းတယ်။ ကျောင်းရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ရပ်ကွက်တွေ ဘက် ကလည်း ကျောင်းတိုက်ကို လာလို့ရတယ်။

ကျွန်တော်တို့ ဝင်တဲ့တောင်ဘက်ခြမ်းမှာတော့ ကျောင်းအနားမှာ လိုက်ထရပ်ကားသုံးလေး စီး ရပ် ထားတယ်။ကားပေါ်ကဖြုတ်ချထားပုံရတဲ့ကားအမိုးသုံးလေးခုကလည်း ကျောင်းနံရံကို မှီပြီး ထောင် ထားတယ်။ ကျောင်းအနောက်ဘက်နံရံဘေးမှာလည်း သံဘောင်ကြီးတွေထောင်ထား တယ်။ လှေကား ခြေရင်းမှာ ကုန်အပြည့်တင်ထားတဲ့ ကားတစ်စီးရပ်ထားတယ်။ ကျောင်းတိုက် သန့်ရှင်း ရေးအခြေအနေက အက္ကပတ်မြို့ဝန်ကျောင်းထက် အခြေအနေကောင်းတယ်ဆိုပေမယ့် မရှိမဖြစ် ပလတ်စတစ်အမှိုက်တွေကတော့ ကျောင်းပတ်လည်မှာ ရှိနေဆဲပဲ။

ကျောင်းအတွင်းပိုင်းကတော့ ချုံနွယ်ပိတ်ပေါင်းတွေမရှိဘူး။ စနစ်တကျထိန်းသိမ်းထားလို့ သန့်ရှင်း နေတာမဟုတ်ဘူး။ ကျောင်းအတွင်းပိုင်း ကွက်လပ်မှာ ပိုက်ကျော်ခြင်းကွင်းဖောက်ထားတဲ့အတွက် သန့်ရှင်းနေတာပါ။ ကျွန်တော်တို့ရောက်သွားချိန်မှာ ခြင်းပွဲရှိတယ်။ ဆိုင်ကယ်နှစ်စီးရပ်ထား တယ်။ ထိုင်ကြည့်နေတဲ့သူတစ်ချို့ရှိတယ်။ ကျောင်းအတွင်းဘက် ကြမ်းခင်းက အုတ်စီကြမ်းခင်း ဖြစ်ပြီး အခုအချိန်ထိ မူလ လက်ရာအတိုင်းရှိနေပါသေးတယ်။

ကျောင်းတိုက်တည်ဆောက်ပုံက ယောမင်းကြီးအုတ်ကျောင်းနဲ့ တူတယ်။ အဆောက်အအုံတစ်ခု တည်းရှိတယ်။တောင်ဘက်နဲ့ မြောက်ဘက်မှာ လှေကားနှစ်စင်းစီရှိတယ်။ ကျောင်းတိုက် ကြမ်းခင်း တွေကတော့ မရှိတော့ဘူး၊ အပေါ်အောက်ဟင်းလင်းပွင့်ဖြစ်နေပြီ။ အင်္ဂတေ ပန်းခက်၊ပန်းနွယ်တွေ ကတော့ ယောမင်းကြီးကျောင်းလောက်လက်ရာမကောင်းဘူး။ ဒါပေမယ့် ထုနဲ့ ထည်နဲ့ ခိုင်ခိုင် ခန့်ခန့်ဆောက်လုပ်ခဲ့တဲ့ ကိုလိုနီခေတ်ဦးလက်ရာကျောင်းတိုက်ကြီးဆိုတာတော့ ထင်ရှားပါ တယ်။

ကျောင်းတိုက်အပေါ်ထပ်ကို တက်တဲ့လှေကားတွေက ကျောင်းအပြင်မှာ ရှိတယ်။ လှေကား နှစ်စင်း ကြားမှာ ကျောင်းတိုက်အောက်ထပ်ရဲ့ ဝင်ပေါက်ရှိတယ်။ တောင်ဘက်နဲ့ မြောက်ဘက် ဝင် ပေါက် အနေအထားမတူဘူး။ မြောက်ဘက်ဝင်ပေါက်က အဓိက ဝင်ပေါက်ဖြစ်ပုံရတယ်။ တည်ဆောက် ထားပုံက အတော်ခမ်းနားတယ်။

ကျွန်တော်တို့က တောင်ဘက်လှေ ကားကနေ အပေါ်ကို တက်ကြည့်တယ်။ လှေကားတွေက အဖြောင့်တည်ဆောက်ထားတာ မဟုတ်ဘူး။ လခြမ်းပုံအကွေးတည်ဆောက်ထားတာဖြစ်ပြီး အခု အချိန်ထိကောင်းကောင်းအသုံးပြုလို့ရပါတယ်။ လှေကားအောက်မှာ အခန်းဖွဲ့ထား တယ်။ စတို ခန်း သဘောမျိုးဖြစ်မယ်ထင်တယ်။ အပေါ်ထပ်လှေကားခွင်ကြမ်းခင်းကတော့ အပေါက်ကြီး ဖြစ်နေ ပြီး ပေါက်နေတဲ့နေရာမှာ သစ်သားဆင့်တန်းတွေမြင်နေရတယ်။

အခုလို ပျက်စီးနေတဲ့ကျောင်းတိုက်ကို ထိန်းသိမ်းပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ထားတဲ့ နေရာတစ်ခုကို ၂၀၀၉ ခုနှစ် အာရှမီဒီယာကွန်ဖရင့်တက်ဖို့ မကာအိုရောက်တဲ့အချိန်မှာ တွေ့ခဲ့ ရ တယ်။ အဲဒီဘုရားကျောင်းက စိန့်ပေါ ဘုရားရှိခိုးကျောင်း ဖြစ်ပြီး ၁၈၃၅ ခုနှစ်မှာ မီးလောင်ပျက် စီး ပြီးကျောင်းမျက်နှာစာအပိုင်းပဲ ကျန်တော့တယ်။၁၉၈၀ပြည့်လွန်နှစ်တွေရောက်တော့ ကျောင်း ပျက် ကြီးကကြံံ့ခိုင်မှုမရှိတော့တဲ့အတွက်တာဝန်ရှိသူတွေကအန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ် ပြီး ဖျက်ဆီးဖို့ စီစဉ်တယ်။ ဒါပေမယ့် ရှေးဟောင်းအမွေအနှစ်လက်ရာထိန်းသိမ်းထား လို သူတွေရဲ့ ကြိုးပမ်းမှုကြောင့်အစိုးရထောက်ပံ့ငွေ ၊ စေတနာရှင်တွေရဲ့ ထည့်ဝင်ငွေတွေနဲ့ ပြန် လည် ထိန်းသိမ်း ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်။

အခု အချိန်မှာ တော့ အဲဒီ ဘုရား ကျောင်းမျက်နှာစာ အပိုင်းရှိတဲ့နေရာက ကမ္ဘာလှည့် ခရီးသည် တွေရဲ့ မရောက်မဖြစ် သွားရမယ့် နေရာဖြစ်နေပါပြီ။ (ဝီကီမှာ ဖော်ပြထားတဲ့ ပုံကို တင်ပေးထား ပါတယ်။) အဲဒီကျောင်းနဲ့ ကျွန်တော်ရောက်ခဲ့တဲ့ အက္ကပတ် မြို့ဝန်အုတ်ကျောင်း၊ အခုရောက်နေတဲ့ သာသနဇောတိကျ ကျောင်းတိုက်ပျက်ကြီးတွေကို ယှဉ် ကြည့်လိုက်ရင် ကျွန်တော်တို့ ဘာတွေ လုပ်ဖို့ လိုသလဲဆိုတာ ကောင်းကောင်းမြင်နိုင်ပါတယ်။

တကယ်တော့ မန္တလေးမြို့မှာ ကျွန်တော်ရောက်ခဲ့တဲ့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေ သာ မကဘူး။ ခရစ်ယန်၊ အစ္စလမ် နဲ့ ဟိန္ဒူဘာသာဝင်များရဲ့ ဝတ်ပြုကိုးကွယ်ရာ ရှေးဟောင်း အဆောက် အအုံတွေရှိတယ်။ တစ်ချို့ အဆောက်အအုံတွေက မင်းတုန်းမင်းလက်ထက်မှာ နေရာချထား ပေးခဲ့ တာလို့မှတ်တမ်းများအရသိရတယ်။အမရပူရဘက်မှာဘိုးတော် ဘုရား လက်ထက်က တရုတ် ဘုံ ကျောင်းတစ်ခုရှိတယ်လို့သိရတယ်။နောက်ပြီးရိုးရာလက်မှုအနုပညာ လုပ်ငန်းတွေရှိတယ်။ စိတ်ဝင် စားစရာ သမိုင်းကြောင်းတွေနဲ့ “ဝင်း” တွေရှိတယ်။ ဒီနေရာတွေကို ချိတ်ဆက်ပြီး လေ့လာနိုင် အောင် လုပ်ပေးနိုင်ရင် ကောင်းမယ်။ အခုတော့ မန္တလေးခရီးစဉ်ဆိုတာနဲ့ ဘုရားဖူး၊ မန္တလေးတောင် တက် ဆိုတာလောက်ပဲသိတဲ့သူကများနေမယ်ထင်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်သုံးလေး ဆယ်အတွင်းမှာ မြို့ပြ တည်ဆောက်မှုဆိုင်ရာစီမံခန့်ခွဲမှု အလွဲ တွေ၊ ကိုယ်ကျိုးစီးပွား ပါဝင်ပတ်သက်မှုကြောင့်ယဉ်ကျေးမှု အရ၊သမိုင်းအရအရေးပါတဲ့ အဆောက် အအုံ တော်တော် များများပျောက်ခဲ့ရတယ်။ အထင်ရှားဆုံး ကတော့ ဈေးချိုတော်ကြီးပျောက်ကွယ် သွား တဲ့ ဖြစ်စဉ်ပေါ့။ နောက်ထပ် အဲဒီလို ဖြစ်စဉ်မျိုးမဖြစ်အောင် ကာကွယ်ဖို့လည်း လိုနေပြီ။ ပြီးခဲ့တဲ့ နှစ် တွေအတွင်းက မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ရှည်စီမံကိန်းရေးဆွဲမယ်ဆိုတဲ့ အသံ တွေ ကြားခဲ့ဖူးတယ်။ ရေးဆွဲဖြစ်၊ မဖြစ်တော့ မသိဘူး။

နောက်ပြီး မီးဘေးအန္တရာယ်ကလည်း မန္တလေးရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို အမြဲခြိမ်းခြောက် နေတဲ့ အန္တရာယ်ပဲ။ သီပေါ မင်း ခေတ်က ဆိုရင် ၁၈၈၄ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ တစ်နေ့ တည်း နဲ့ မီးခုနှစ်ခါလောင်ဖူးတယ်။ နောက်သုံးရက်အကြာ ဧပြီလ ၈ရက်နေ့မှာလောင်တဲ့မီး ကြောင့် မဟာမုနိဘုရားကြီးပြာသာဒ်တော်၊ စောင်းတန်းလေးခုနဲ့ ဘုရားကြီးပတ်လည်က ကျောင်းတိုက် တွေ မီးသင့်ခဲ့တယ်။ မဟာမုနိ ရုပ်ပွားတော်ကတော့ကိုယ်လုံးတော်ကို ထိခိုက်မှုမရှိပေမယ့် ရွှေသား မကိုဋ်တော်နဲ့ စလွယ်တွေ မီးလောင် ပျက်စီးခဲ့တယ်။ ကုန်းဘောင်ဆက်ရာဇဝင်မှာတော့ မဟာ မုနိရုပ်ပွားတော်က စီးကျလာတဲ့ ရွှေတွေကို အရာရှိ၊ မှူးမတ်တွေနဲ့ ကြီးကြပ်သိမ်းဆည်းတာ ရွှေချိန် ငါးထောင့်လေးရာ့ငါးဆယ်ကျော်ရတယ်လို့ ဖော်ပြထားတယ်။ ( ပိဿာ၊ ကျပ်သား စသည်ဖြင့် ဖော်ပြမထားဘူး။)

၁၉ ၈၄ ခုနှစ်မှာ ဦးကျားကြီးဝင်းက စပြီးလောင်ခဲ့တဲ့ မီးကတော့ မန္တလေးရဲ့ မြို့ပြ လက္ခဏာ အသွင် အပြင်ကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ဆိုတယ်။ အဲဒီမီးလောင် မှု နောက်ပိုင်း မန္တလေးမှာ အထပ်မြင့်တိုက်တွေပေါ်လာတယ်။ အရှေ့မြောက်လေတိုက်ပြီး မန္တလေး မြို့ခံတွေ မြို့လယ်ကနေမြို့စွန်မြို့ဖျားမြို့သစ်တွေဆီကို လွင့်ပါးသွားတယ်။ အစဉ်အလာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေပျောက်ကွယ်သွားတယ်။ ဒါ့ကြောင့်မန္တလေးမြို့ ရှေးဟောင်း အမွေ အနှစ် ထိန်းသိမ်းရေးအတွက်အဓိကစိန်ခေါ်မှုက မီးဘေးကာကွယ်ရေး၊ အကျင့်ပျက်ခြစားမှု နဲ့ အဆောက်အအုံသစ်ဆောက်လုပ်မှုဆိုင်ရာ မူဝါဒ ဆိုတဲ့ အချက်သုံးချက်ဖြစ်မယ်လို့ထင်ပါတယ်။

လွန်ခဲ့တဲ့ လေးငါးနှစ်က မန္တလေးမြို့ပြတည်ဆောက်ရေးလုပ်ငန်းတွေမှာ မြို့ခံတွေကိုယ်တိုင် ပါဝင် ပြီးတက်တက်ကြွကြွ ဆောင်ရွက်လာတာမြင်ရတော့ ရန်ကုန်ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်း ရေး ကိုဆောင်ရွက်နေတဲ့(Yangon Heritage Trust)လိုအဖွဲ့မျိုးမန္တလေးမှာပေါ်လာပြီး ယဉ်ကျေး မှု အမွေအနှစ်အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်တာမျိုးလုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့မိ တယ်။ဒါပေမဲ့မန္တလေးခေတ်ဆန်းချိန်ဟာလည်းအချိန်တိုတိုအတွင်းမှာပဲနေလာနှင်းပျောက်ဖြစ်သွား ခဲ့တယ်။

တကယ်တော့ မန္တလေး၊အမရပူရ၊ အင်း၀ သုံးနေရာကို ယဉ်ကျေးမှု တြိဂံဒေသအဖြစ် သတ်မှတ် ပြီး ရှေးဟောင်းအမွေအနှစ်တွေ၊ယဉ်ကျေးမှု အစဉ်အလာတွေ၊ ရိုးရာပန်းဆယ်မျိုးလုပ်ငန်းတွေကို ထိန်း သိမ်းထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ တကယ်သာ အကောင်အထည်ဖော်ရင် မန္တလေး မြို့သူ မြို့သားတွေရဲ့ ပါဝင်ပူးပေါင်းကူညီမှု အများကြီးရနိုင်တယ်။ မန္တလေးရဲ့ အားသာချက်က သူတို့ ချစ် တဲ့ မြို့အတွက် ဆိုရင် လူအား ၊ ငွေအား၊ အတတ်ပညာအား စိုက်ထုတ်မယ့် သူတွေ အများကြီး ရှိတဲ့အချက်ပဲ။ ဒါ ပေမယ့် သူတို့ရဲ့ ယုံကြည်မှုရဖို့တော့လိုတာပေါ့။ အဲဒါကလည်း လွယ် လွယ်နဲ့ တော့ မရနိုင်ဘူး။

One thought on “သာသနဇောတိက ကျောင်း

  1. Wow, all the buildings are impressive. I have visited Palace and Shwe Kyaung. Palace was not so impressive. Let’s hope one day , these places will be revived again.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: