ဒီတစ်ခေါက် မန္တလေးခရီးစဉ်မှာ မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ( ၆၂ လမ်း ၊ ၂၃ – ၂၄ လမ်းကြား) ထဲက အမရပူရခေတ် လက်ရာ ပန်းပုရုပ်စုံ တွေ၊ မှန်စီရွှေချလက်ရာတွေရှိတဲ့ရမည်းသင်း ကျောင်း၊ မိုးကောင်းကျောင်းနဲ့ ကြေးမြင်ကျောင်းတွေကို ရောက်ခဲ့ပါတယ်။
ဒီကျောင်းတိုက် တွေရဲ့ သမိုင်းကိုလေ့လာတဲ့အခါ ကုန်းဘောင်ခေတ် မင်းနေပြည်တော်တွေ အကြောင်းကိုပါ သိလာ ရတယ်။ ကျွန်တော်လေ့လာမိသလောက်တော့ ဗမာ မင်းဆက်တွေထဲမှာ ကုန်းဘောင် မင်းဆက် က နေပြည်တော်အရွှေ့အပြောင်းလုပ်တာအများဆုံးဖြစ်ပြီး ကုန်းဘောင် မင်းဆက် သက်တမ်း ၁၃၂ နှစ် မှာ မြို့တော် ခြောက်ကြိမ်ပြောင်းခဲ့တယ်။
ကုန်းဘောင်မင်းဆက်ရဲ့ ပထမဆုံးနေပြည်တော်က ရတနာသိင်္ဃ ရွှေဘို ဖြစ်ပြီး ၁၁၁၅ ( ၁၇၅၃ ) ခုနှစ်မှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ( အလောင်းဘုရား) ကတည်ပါတယ်။ အလောင်းဘုရားကို ဆက်ခံတဲ့နောင်တော်ကြီးမင်းက ၁၁၂၄ ( ၁၇၆၃) ခုနှစ် စစ်ကိုင်းမြို့မှာ နန်းတော်တည်ပြီး ရွှေဘိုနဲ့ စစ်ကိုင်းကို အပြန်အလှန်ကူးသန်း ထီးနန်းစိုးစံတယ်။ ဒ့ါကြောင့် ကုန်း ဘောင်ဆက် မဟာရာဇဝင်တော်ကြီးမှာ နောင်တော်ကြီးမင်းကို စစ်ကိုင်းမြို့တည် မင်းတရားကြီး လို့ ရေးတယ်။ ဒါပေမယ့် နောင်တော်ကြီးမင်းက နန်းသက်ကြာကြာမစံလိုက်ရဘူး။ စစ်ကိုင်း မှာ နန်းတော်သစ်ဆောက်ပြီး ရှစ်လ အကြာမှ နတ်ရွာစံတယ်။
နောင်တော်ကြီးမင်းကို ဆင်ဖြူရှင်မင်းက ဆက်ခံတယ်။ ဆင်ဖြူရှင်မင်းက အင်းဝဟာ မင်းနေပြည် တော်အဟောင်းဖြစ်တယ်။ စစ်ရေးအရ ဧရာဝတီမြစ် နဲ့ ဒုဋ္ဌာဝတီမြစ် ( မြစ်ငယ်မြစ်) ကြားမှာရှိပြီး မြို့ကို ကာကွယ်ဖို့ အနေအထားကောင်းတယ်။ ပထဝီအနေအထားအရ လည်း အင်းဝက ပုဂံ၊ ပြည်၊ တောင်ငူ၊ ဟံသာဝတီ ၊ ဒဂုံ ( ရန်ကုန်) တို့နဲ့ လမ်းပန်းဆက်သွယ်ရေးပိုကောင်းတယ် လို့ ဆုံးဖြတ်ပြီး ၁၁၂၇ ( ၁၇၆၆) မှာ နေပြည်တော်ကို ရွှေဘိုကနေ အင်းဝကို ရွှေ့ခဲ့တယ်။ ဆင်ဖြူရှင် မင်းလွန်တော့ စဉ့်ကူးမင်း ငါးနှစ်၊ ဖောင်ကားစားမောင်မောင် ၇ ရက် နန်းစံ ပြီးတော့ ၁၁၄၃ ( ၁၇၈၂) ခုနှစ်မှာ အလောင်း ဘုရားရဲ့ စတုတ္ထသားတော်ဖြစ်တဲ့ ဘိုးတော်ဘုရားနန်းတက်တယ်။
ဘိုးတော် ဘုရားက ၁၁၄၅ (၁၇၈၃) ခုနှစ် မှာ နေပြည်တော်ကို အင်းဝကနေ အမရပူကို ရွှေ့တယ်။
ဘိုးတော်ဘုရား ၁၁၈၁ (၁၈၁၉ ) ခုနှစ်မှာ နတ်ရွာစံတော့ နန်းတက်တဲ့ ဘကြီးတော် ( ခ) စစ်ကိုင်း မင်းနန်းတက်တယ်။ ဘကြီးတော်မင်းက ၁၁၈၅ ( ၁၈၂၄) ခုနှစ်မှာ မြို့တော်ကို အမရပူရ ကနေ အင်းဝကို ပြန်ရွှေ့တယ်။ ၁၁၉ ၉ (၁၈၃၇) ခုနှစ်မှာ ဘကြီး တော်မင်း က ထီးနန်းအရိုက်အရာကို သာယာဝတီ မင်းကို လွှဲအပ်တယ်။ သာယာဝတီမင်းက ၁၂၀၂ ( ၁၈၄၀ ) ခုနှစ်မှာ နေပြည် တော်ကို အင်း၀ ကနေ အမရပူရပြန်ရွှေ့တယ်။
သာယာဝတီမင်းကို ပုဂံမင်းက ဆက်ခံတယ်။ အမရပူရမှာပဲ နန်းစိုက်တယ်။ ၁၂၁၄ ( ၁၈၅၃) ခုနှစ် မှာ ပုဂံမင်းကို နန်းချပြီး မင်းတုန်းမင်း နန်းတက်တယ်။ မင်းတုန်းမင်းက၁၂၁၈ ( ၁၈၅၆) ခုနှစ်မှာ မန္တလေးနေပြည်တော် တည် ဆောက်ရေးကို စတင်တယ်။ ၁၂၂၀ ( ၁၈၅၈) မှာ နေပြည်တော် တည် ဆောက်ရေးလုပ်ငန်းအားလုံးပြီးစီးပြီးနန်းတော်သစ်မှာ ရွှေ့ပြောင်းစံတော်မူတယ်။
ကျွန်တော့်ကိုယ်ပိုင်အမြင်အရတော့ မင်းနေပြည်တော်ကို ရွှေဘို ကနေ အင်းဝကို ပြောင်း တာက နိုင်ငံရေး၊စီးပွားရေး၊အုပ်ချုပ်ရေးရှုထောင့်များအရ မှန်ကန်တယ်၊ အင်း၀ က နေ အမရ ပူရ၊ အမရပူရ ကနေ အင်းဝ၊အင်း၀ ကနေ အမရပူရ၊ အမရပူရကနေ မန္တလေးကို ရွှေ့ တာကတော့ ပထဝီ အနေ အထားအရ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘဲ သက်ဦးဆံပိုင် ဘုရင်ဆိုတော့ သူလုပ်ချင်တာကို သိုက်၊ ဓာတ်၊ နိမိတ်၊ ဗျာဒိတ်၊ စံနည်း၊ တဘောင်အရ လုပ်ရ တယ်ဆိုပြီး အကြောင်းပြလုပ်ခဲ့တာပါပဲ။
အထူးသဖြင့် အင်္ဂလိပ်တွေရဲ့ သံတမန်ရေး ၊ စီးပွားရေး၊ စစ်ရေးဖိအားတွေနဲ့ ရင်ဆိုင်နေရချိန် ကုန်းဘောင်မင်းဆက် နောက်ဆုံး ၇၅ နှစ်အတွင်း မြို့တော်လေးကြိမ်ပြောင်းခဲ့တယ်။ အဲဒီအတွက် ကုန်ခဲ့ရတဲ့ငွေကြေး၊အချိန်နဲ့လုပ်အား တွေ ကိုသာ နိုင်ငံတည်ဆောက် ရေးမှာ သုံးနိုင်ခဲ့ရင် အတော် အကျိုးရှိမှာပါ။
အဲဒီအချက်ကို ခေတ်ပြိုင် ဂျပန်နဲ့ ထိုင်း ဘုရင်တွေ လုပ် ဆောင် ခဲ့တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား ရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ထင်ထင်ရှားရှားတွေ့နိုင်တယ်။ သက်ဦး ဆံပိုင် အာဏာရှင်ခြင်းတူပေမယ့်အသိဉာဏ်ပညာ၊ဗဟုသုတကွာခြားတော့တိုင်းပြည်တိုးတက်မှုလည်း ကွာခြားသွားတာပဲ။
ကုန်းဘောင်ခေတ်နေပြည်တော်တွေအကြောင်းပြီးတော့ ဘုန်းတော်ကြီးကျောင်းတွေဘက် လှည့်ရ အောင်။
မဟာဝိသုဒ္ဓရာမကျောင်းတိုက်ထဲကိုဝင်လိုက်ရင်ဘယ်ဘက်အခြမ်းမှာ ရမည်းသင်းကျောင်းရှိတယ်။ ကျောင်းက ခြေတံရှည်ကျောင်း၊ အောက်ထပ်ကို ရာဇမတ်ကွက်ကာထားတာကတော့ နောက်ပိုင်း မှ လုပ်ထားတာပါ။ ကျောင်းတိုင်တွေ ဆွေးလာလို့ အုတ်ဖိနပ်ပြန်ခံထားရတာလည်း တွေ့တယ်။ ကျောင်းအပြင်မှာတော့ ပန်းပုရုပ်စုံတွေ မရှိဘူး။ ကျောင်းဘယ်ညာမှာ လှေကားနှစ်စင်းရှိတယ်။ အလယ်မှာ ကဒေါင်းရုပ်ပုံရှိတယ်။အတော်လက်ရာကောင်းတယ်။
ရမည်သင်းကျောင်းရဲ့ နောက်ပိုင်းမှာ မှန်စီရွှေချ တံခါးတွေနဲ့ ကာထားတဲ့ အခန်းရှိတယ်။ အဲဒီ အခန်းကို အသုံးမပြုဘူး။ ပိတ်ထားတယ်။ မှန်စီရွှေချလက်ရာတွေကို ကိုင်ကြည့်လို့မရအောင် ရှေ့မှ ဒူးပိတ်ချထားတယ်။ မှန်စီရွှေချလက်ရာတွေကတော့ အတော်အနုစိတ်တယ်။ ပညာရှင်မဟုတ်တဲ့ အတွက် အသေးစိတ်တော့မသုံးသတ်နိုင်ဘူး။ စိတ်မကောင်းစရာကတော့ နှစ်နှစ်ရာကျော်ပြီ ဖြစ် တဲ့အတွက် မှန်စီရွှေချလက်ရာတွေက အတော်အရောင်မှိန်နေပြီ။ ထိလိုက်ရင် ကြွေကျတော့မယ့် အခြေအနေ ဖြစ်နေပြီ။ မှန်စီရွှေချလက်ရာတွေကြားထဲမှာ ထည့်ထားတဲ့ မှန်ချပ်ကြီး တချို့ မရှိတော့ဘူး။
မိုးကောင်းကျောင်းကလည်း ခြေတံရှည်ကျောင်းပါပဲ။ ကျောင်းတိုက်အဝင်လမ်း ညာဘက် အခြမ်းမှာ ရှိတယ်။ ရမည်းသင်းကျောင်းထက်တော့ အရွယ် အစားသေးတယ်။ လှေကားတစ်စင်းပဲရှိတယ်။ လှေကားက နှစ်ဆင့်၊ ပထမအဆင့်မှာ ဘယ်ညာ လှေကားနှစ်စင်းရှိတယ်။ ပြီးရင် လှေကားတစ်စင်း ထဲရှိပြီးရှေ့တည့်တည့်က တက်ရတယ်။ အတွင်း မှာ ရမည်း သင်းကျောင်းလိုပဲ မှန်စီရွှေချတံခါး တွေ နဲ့ ကာထားတဲ့ အခန်းရှိတယ်။ ရမည်းသင်း ကျောင်းမှာတော့ အဲဒီအခန်းထဲမှာ သံဃာတွေ သီတင်း သုံးတာမရှိဘူး။မိုးကောင်းကျောင်းမှာတော့သံဃာတွေသီတင်းသုံးတယ်။မှန်စီရွှေချလက်ရာ တွေက လည်း ရမည်းသင်းကျောင်းက လက်ရာ တွေ လိုပဲ အရောင်မှိန်နေပြီ။ တစ်ချို့ရွဲလုံးတွေ ပြုတ်ထွက် နေပြီ။
မိုးကောင်းကျောင်း ညာဘက် လှေကားရင်းမှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်စာရှိတယ်။ အဲဒီကျောက်စာမှာ မင်းတုန်းမင်း အမရပူကနေ မန္တလေးကို ပြောင်းပြီး နန်း သစ်တည်တဲ့အခါ ကြေးမြင်မိဖုရားကြီး၊ မိုးကောင်းမိဖုရားကြီး၊ ရမည်းသင်းမိဖုရားကြီးနှင့် လှိုင်း တက် မိဖုရားကြီးတို့က မိမိတို့ အဆောင်တွေကို ကျောင်းဆောက်ပြီးလှူဒါန်းတယ်။ ၁၉ ၉ ၈ မှာ မိုးကောင်းမိဖုရားကြီးရဲ့ ကျောင်းကို မြစ်တော်စပ်သူများက မွမ်းမံပြီး ကုသိုလ်ပြုပါတယ် လို့ ရေးထား ပါတယ်။ ( စာအပြည့်အစုံကို ဓာတ်ပုံ အမှတ်စဉ် ၉ တွင်ကြည့်ပါ။ )
ကြေးမြင် မိဖုရားကျောင်းကတော့ ဆရာတော်အပြင်ကြွသွားလို့ ထင်တယ်၊ ကျောင်းတံခါး တွေ သော့ခတ်ပြီး ပိတ်ထားတဲ့အတွက် အပြင်ကပဲ ကြည့်ခဲ့ရတယ်။ ကြေးမြင်မိဖုရားကျောင်းက ကျောင်း သုံးကျောင်းအနက် ကျောင်းအရွယ်အစားအကြီးဆုံးဖြစ်ပြီး ပန်းပုလက်ရာအကောင်းဆုံး ကျောင်း လည်း ဖြစ်တယ်။ အပြင် တံခါးနဲ့ လက်ရန်းတွေမှာ ထုထားတဲ့ ပန်းပု လက်ရာတွေက အတော် လက်ရာမြောက်တယ်။ကျောင်းအတွင်းမှာလည်းပန်းပုလက်ရာကောင်း တွေရှိတယ်လို့ ပြောတယ်။ ရမည်းသင်းကျောင်းနဲ့ မိုးကောင်းကျောင်းမှာ အဲဒီ လိုလက်ရာတွေ မရှိဘူး။
ကြေးမြင်မိဖုရားကျောင်းရဲ့ မူလ အလှူရှင်က ကြေးမြင်မိဖုရားမဟုတ်ဘူး။ “ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းကြီးများ ( နတ်မောက်ထွန်းရှိန်)” စာအုပ်မှာ ဒီကျောင်း ကို ၁၂၇၃ ခုနှစ်မှာရန္တပိုရွာစားက ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကြေး မြင် မိဖုရားက ရှေ့ပိုင်း အဆောင် ကို ပြန်လည်ပြုပြင်ခဲ့တာလို့ ဆိုတယ်။ ဒါ့ကြောင့် လှေကားအတက်နဲ့ ကျောင်းတံခါး၊ ကျောင်းနံံရံ တွေမှာမြင်ရတဲ့ ပန်းပုလက်ရာတွေက ကြေးမြင်မိဖုရားကောင်းမှုဖြစ်နိုင်ပါတယ်။
ကြေးမြင်မိဖုရားကျောင်းရှေ့မှာ ထူးထူးဆန်းဆန်း မြင်ခဲ့ရတာက ရေအိုးစင်ရဲ့ အောက်ခြေ ဘယ် ညာက သင်္ချ ိုင်းကျောက်စာနှစ်ချပ်ဖြစ်ပါတယ်။ ကျောင်းဘက်ကို မျက်နှာမူကြည့်လိုက်ရင် ဘယ် ဘက်အခြမ်းမှာက “မင်းတုန်းမင်း နဲ့ ကြေးမြင်မိဖုရားတို့ရဲ့ သားတော် ပျဉ်းမနားမြို့စား ကိုယ်တော် ကြီးဘုရား ( ၉ ၂ နှစ် )” ကျောက်စာဖြစ်ပါတယ်။ ညာဘက်ကတော့ “ မင်းတုန်းမင်း နဲ့ ငန်းဇွန် မိဖုရားတို့ရဲ့ သမီးတော် ထရံကာမြို့စား ထိပ်ခေါင်တင်ဖုရား ( ၉ ၀ နှစ်)” ကျောက်စာ ဖြစ်ပါတယ်။ ကွယ်လွန်တဲ့ ရက်က ၁၃၂၅ နယုန်လပြည့် နဲ့ ၁၃၂၅ နယုန်လဆန်း ၁၁ ရက်ဆိုတော့ လေးရက်ပဲ ခြားပါတယ်။ ဆရာတော်မရှိတဲ့အတွက် ကျောက်စာတွေရဲ့ ရာဇဝင်ကိုတော့ မမေးခဲ့ရဘူး။( စာ အပြည့် အစုံကို ဓာတ်ပုံ အမှတ်စဉ် ၁၄ မှာကြည့်ပါ။)
မိုးကောင်းကျောင်းနဲ့ ရမည်းသင်းကျောင်းတွေအကြာင်းကို ရေးတဲ့ ခရီးသွားဆောင်းပါးတွေမှာ ဒီ ကျောင်းတွေက အမရပူရ နန်းတော်က နန်းတော်အဆောင်တွေကို ရွှေ့ပြောင်းပြီးလှူဒါန်းတဲ့ သဘော ရေးတာမျိုးတွေ့ရတယ်။ မိုးကောင်းကျောင်းမှာတွေ့ရတဲ့မွမ်းမံကုသိုလ်ပြုစာတမ်းမှာတော့ “မိမိတို့အဆောင်များကို ကျောင်းဆောက်၍လှူဒါန်းကြပါသည်။” လို့ပဲ ရေးထားတယ်။ မြင်ခဲ့ရတဲ့ ကျောင်းပုံစံများအရတော့ နန်းတော်အဆောင်ကို ရွှေ့ဆောက်တာထက် နန်းတော်ဆောင်က ပစ္စည်းတွေ အထူးသဖြင့် မှန်စီရွှေချ တံခါးလို့ အရာမျိုးတွေကိုပဲ သယ်လာပြီး ကျောင်းမှာ အသုံးပြု တယ်လို့ ယူဆမိပါတယ်။
တကယ်တော့ နှစ်တစ်ရာကျော်တဲ့ သာသနိက အဆောက်အအုံများ (မည်သည့်ဘာသာမဆို)၊ လူနေအဆောက်အအုံများ၊ လှိုဏ်ဂူ၊ကျောက်ဂူ၊ စဉ့်ဖို စတဲ့ နေရာများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ၊ သင်္ချ ိုင်းများ စတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ကာကွယ်ထိန်းသိမ်း နိုင်ဖို့အတွက် “ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ( ၂၀၁၅)” ကို ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်။
အဲဒီဥပဒေအရ ရှေးဟောင်းအဆောက်အအုံအဖြစ် ကာကွယ်ထိန်းသိမ်းပေးစေလိုရင် ယဉ်ကျေးမှု ဝန်ကြီးဌာနကို တင်ပြလို့ရတယ်။ ဝန်ကြီးဌာနက ပိုင်ရှင်နဲ့ ညှိနှိုင်း ပြီး ပြုပြင်ထိန်းသိမ်းလို့ရတယ်။ ဒါမှမဟုတ် ပိုင်ရှင်က ယဉ်ကျေးမှု ဝန်ကြီးဌာနကို လွှဲပြောင်း အပ်နှံ ရင် ဝန်ကြီးဌာနက သင့်လျော်တဲ့ ချီးမြှင့်ငွေကို ပေးအပ်ရမှာဖြစ်ပါတယ်။
အဲဒီဥပဒေကို ပြဋ္ဌာန်းခဲ့တာ ခုနစ် နှစ်ရှိပြီဖြစ်ပေမယ့် အခုထိ အဲဒီ ဥပဒေအရ ယဉ်ကျေးမှု ဝန်ကြီး ဌာနက ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ် ကာကွယ်ထိန်းသိမ်းပေးထားတဲ့ အဆောက် အအုံက ၂၀၈ လုံးပဲရှိပါသေးတယ်။ အဲဒီအထဲမှာ ရန်ကုန်က ၁၂၄ လုံးနဲ့ အများဆုံး ဖြစ် ပါတယ်။ မန္တလေးက ဘယ်နှစ်လုံး စာရင်းပေါက်သလဲ မသိဘူး။
မန္တလေး၊ အမရပူရ၊ အင်း၀ ယဉ်ကျေးမှုတြိဂံနယ်မြေက ရှေးဟောင်းအဆောက်အအုံတွေကို ဒီ ဥပဒေနဲ့ အညီ ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် ဦးဆောင်ဦးရွက်ပြုမယ့် အဖွဲ့အစည်းတစ်ခု ပေါ် လာရင်တော့ ရမည်းသင်းကျောင်း၊ မိုးကောင်းကျောင်းနဲ့ ကြေးမြင်ကျောင်းတို့မှာ ရှိနေတဲ့ အမရ ပူရ ခေတ် အနုပညာလက်ရာတွေအတွက် စိတ်အေးရမှာပဲ။
“ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ( ၂၀၁၅) အပြည့်အစုံကို အောက်ပါ လင့်ခ်မှာ ဖတ်နိုင်ပါတယ်။
https://www.mlis.gov.mm/lsScPop.do?lawordSn=325














