မဟာ စန္ဒာမုနိဘုရား

စန္ဒာမုနိ ဘုရားလို့ ပြောလိုက်ရင် မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီး ဘုရားများအနားမှာရှိတဲ့ စန္ဒာမုနိဘုရား လို့ ထင်တဲ့သူများပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ မဟာ စန္ဒာမုနိ ဘုရားက အမရပူရမြို့မှာရှိတဲ့ ဘိုးတော်ဘုရား ကောင်းမှု “ မဟာစန္ဒာမုနိ” ဘုရားဖြစ် ပါ တယ်။ ဒါပေမယ့် ဒီစန္ဒာမုနိ ဘုရားနှစ်ဆူက ဆက်စပ်နေပါတယ်။

စန္ဒာမုနိ ဘုရားဆိုတာက စန္ဒာမုနိရုပ်ပွားတော်ကို အစွဲပြုပြီး ခေါ်တာဖြစ်ပါတယ်။ စန္ဒာမုနိရုပ်ပွား တော်က ကျွန်တော်တို့ ဖူးတွေ့နေကြ ကြေးသွန်းရုပ်ပွားတော်မဟုတ်ပါဘူး။ သံ ကို သွန်းလုပ်ထား တာဖြစ်ပါတယ်။ စန္ဒာမုနိရုပ်ပွားတော်ရဲ့ ထူးခြားချက်ကတော့ ဘိုးတော်ဘုရားနောက်ပိုင်း မင်းတွေ နေပြည်တော်ရွှေ့ပြောင်းတိုင်း နေပြည်တော်အသစ်ကို စန္ဒာမုနိရုပ်ပွားတော်ကြီး ပင့်ဆောင်သွား တဲ့အချက်ပါပဲ။ ဒီလိုလုပ်ဆောင်ရတဲ့ အကြောင်းအရင်းကို လက်လှမ်းမီသလောက်ရှာဖွေကြည့်ပေ မယ့် မတွေ့ဘူး။ ( သိတဲ့သူများရှိရင် မှတ်ချက်မှာရေးပေးစေလိုပါတယ်။ )

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးမှာ ဖော်ပြချက်များအရ ဘိုးတော်ဘုရားက မင်းကွန်းပုထိုး တော်ကြီးတည်ဆောက်တာကို ကြီးကြပ်ဖို့အတွက် မင်းကွန်းအလယ်ကျွန်းမှာ ယာယီနန်းတော် ဆောက်လုပ်စံမြန်းနေချိန် ၅ ဧပြီ ၁၈၀၃ ရက်နေ့မှာ စန္ဒာမုနိရုပ်ပွားတော်ကို သွန်းလုပ်တယ်။ သံ ပိဿာချိန် ၁၁၃၆၈ ကုန်တယ်။ သွန်းလောင်းပြီးတဲ့အခါ ရုပ်ပွားတော်ကို ယာယီစံနန်းတော် အရှေ့ မြောက်ဘက်မှာ တန်ဆောင်းရွှေပြသာဒ်နဲ့ထားတယ်။ ပြီးရင် ရှင်သာရိပုတြာ၊ ရှင်မောဂ္ဂလာန် စတဲ့ အသိတီရှစ်ကျိပ်သော ရဟန္တာရုပ်တုတော်တွေကို ထုပြီး တစ်ပါးကို ရွှေကျောင်းတော် တစ်ဆောင် စီ ဆောက်လုပ်ထားရှိတယ်။ ဘုရင်ကိုယ်တိုင် နေ့စဉ် ဆွမ်းကပ်တယ်။

၂၉ စက်တင်ဘာ ၁၈၁၅ မှာ စန္ဒာမုနိရုပ်ပွားတော်နဲ့ ရဟန္တာရုပ်တုတော်တွေကို အမရပူရကို ရွှေ့ ပြောင်းပင့်ဆောင်တယ်။ ရုပ်ပွားတော် ကိန်းဝပ်ရာကျောင်းတော်ကို မဟာရံတံတိုင်းနှစ်ထပ် ကာ ထားတယ်။ စေတီတည်တယ်။ ရဟန္တာရုပ်တုတော်တွေကို တစ်ပါးစီ အုတ်ပြသာဒ်နဲ့ ထားတယ်။

ဘကြီးတော်ဘုရား( စစ်ကိုင်းမင်း)လက်ထက်မှာ နေပြည်တော်ကို အင်းဝကို ပြန်ရွှေ့ပြီးတဲ့နောက် ၁၂ သြဂုတ် ၁၈၂၇ မှာ စန္ဒာမုနိရုပ်ပွားတော်နဲ့ရဟန္တာရုပ်တုတော်တွေကို အင်းဝကို ပင့်ဆောင် ကိုးကွယ်ခဲ့တယ်။ ဘကြီးတော်ဘုရားကို နန်းချပြီး သာယာဝတီမင်းတက်လာတော့ စန္ဒာမုနိရုပ်ပွား တော်နဲ့ ရဟန္တာရုပ်တုတော်တွေကို ၁၁ စက်တင်ဘာ ၁၈၃၈ မှာ အမရပူရကို ပြန်လည်ပင့်ဆောင် ခဲ့တယ်။

မင်းတုန်းမင်းက ၆ ဇွန် ၁၈၆၇ မှာ စန္ဒာမုနိရုပ်ပွားတော်ကို မန္တလေးကို ပင့်ဆောင်ခဲ့တယ်။ ရဟန္တာ ရုပ်တုတော်တွေကတော့မူလ ဘုရားဝင်းမှာ ကျန်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ ပျက်စီးသွားတယ် လို့ဆိုတယ်။

မင်းတုန်းမင်း စန္ဒာမုနိရုပ်ပွားတော်ကို ပင့်ဆောင်ပြီး စန္ဒာမုနိစေတီတော်တည်တဲ့ ဖြစ်ရပ်ကလည်း မြင်းကွန်း၊ မြင်းခုံတိုင်အရေးအခင်းနဲ့ ဆက်နွယ်နေတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၂ သြဂုတ် ၁၈၆၆ ရက်နေ့မှာ သားတော်နှစ်ပါးဖြစ်တဲ့ မြင်းကွန်းနဲ့ မြင်းခုံတိုင်မင်းသားနှစ်ပါး နဲ့ နောက်ပါတွေက ခမည်းတော် မင်းတုန်းမင်းကို လုပ်ကြံပြီး ထီးနန်းကို သိမ်းပိုက်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ ဒါပေမယ့် အိမ်ရှေ့စံ ကနောင်မင်းသား၊ မင်းတုန်းမင်းရဲ့ သားတော် မလွန် မင်းသား၊ ပြင်စည်မင်းသားနဲ့ စကုမင်းသားတို့ လုပ်ကြံခံရပြီး ကျ ဆုံးတယ်။

အဲဒီအချိန်က မင်းတုန်းမင်းဟာ ယတြာချေတဲ့အနေနဲ့ မန္တလေးနန်းတွင်း နန်းတော်ကြီးက နေ အခု စန္ဒာမုနိဘုရားရှိတဲ့နေရာမှာ နန်းမြေဘုံသာ အမည်နဲ့ ယာယီနန်းတော်ဆောက်ပြီး စံနေတဲ့ အချိန် ဖြစ်ပါတယ်။ မြင်ကွန်း၊ မြင်းခုံတိုင်အရေးအခင်းပြီးတော့ နန်းမြေဘုံသာ နန်းတော်ကို ဖျက် သိမ်းပြီး နန်းတော်ဟောင်းနေရာမှာ ကနောင်မင်းသား၊ မလွန်မင်းသား၊ ပြင်စည်မင်းသား နဲ့ စကု မင်းသားတို့ကို ဂူသွင်း သင်္ဂြ ိုလ်တယ်။

အဲဒီဂူတွေနဲ့နှစ်တောင်အကွာမှာ ဂန္ဓကုဋီတိုက်ဆောက်တယ်။ပြီးတော့ အမရပူရက စန္ဒာမုနိ ရုပ်ပွား တော်ကို ပင့်ဆောင်ထားရှိကိုးကွယ်တယ်။ စေတီ တစ်ဆူတည်တယ်။ စေတီကို နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိစေတီတော်လို့ ဘွဲ့အမည်ပေးတယ်။ စေတီနဲ့ ဂန္ဓကုဋီတိုက်ကြားကနေရာ က အိမ်ရှေ့စံ ကနောင် မင်းသား နဲ့ သားတော် မင်းသားများရဲ့ ဂူနေရာဖြစ်ပါတယ်။ အဲဒီနေရာမှာ “အိမ်ရှေ့စံ ကနောင်မင်း၊ သီရိ ပဝရ မဟာဓမ္မရာဇာ၊ ရတနာပုံ (မန္တလေး) ကို ခေါင်းစဉ်တပ်ထားပြီး ကနောင်မင်းသားကြီးလုပ်ဆောင် ချက်နဲ့ ကျဆုံးရပုံအကျဉ်းချုပ်ရေးထားတဲ့ ကျောက်ပြားတစ်ချပ် ရှိတယ်။ ကျောက်ပြားကို ကာထားတဲ့ စတီးလက်ရန်းမှာတော့ “ အိမ်ရှေ့စံ ကနောင်မင်းဘုရား၏ တီတော် လင်းပင်တင်မျိုးသန့်၊ ဒေါ်မမကြီး မိသားစုမှ ပြန်လည်ပြင်ဆင်မွမ်းမံသည်။ ၂၃-၇-၂၀၁၉ ဆိုတဲ့ ကြေးပြားတစ်ချပ်ရှိတယ်။

အမရပူရ မဟာ စန္ဒာ မုနိစေတီတော်ကိုလာတဲ့ဘုရားဖူးဧည့်သည်အများစုကတော့ စန္ဒာမုနိ ရုပ်ပွား တော်ရဲ့ သမိုင်း ကြောင်းကို သတိထားမိပုံမရဘူး။ သူတို့က ဒီဘုရားမှာရှိတဲ့ ထနောင်းပင်တွေနဲ့ ရေကန်ကြီး ကို နောက်ခံ ထားပြီး ဓာတ်ပုံရိုက်လို့ကောင်းတယ်ဆိုလို့ လာကြတာပါ။

မဟာစန္ဒာမုနိ ဘုရားက မန္တလေး- စစ်ကိုင်းကားလမ်း အတိုင်းသွားရင် အမရပူမြို့နယ်မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်မရောက်ခင်နားလေးမှာ ဘယ်ဘက်ကို ချိုးဝင်ရတယ်။ အဲဒီအနားမှာ မေးလိုက်ရင် လည်း ရပါတယ်။ ဘုရားဝင်းက အမရပူရခေတ်က အတိုင်း အုတ်တံတိုင်း မုခ်ဦးကြီးရှိသေးတယ်။ မဟာရံတံတိုင်းကလည်းနေရာအများစုမှာကျန်သေးတယ်။အတွင်းဘက်ကရဟန္တာရုပ်တု တော်တွေ ထားခဲ့ဖူးတဲ့အုတ်ပြသာဒ် အများစုကတော့ ပြိုကျပျက်စီးနေပြီ။ ရေကန ကြီးဘက် အခြမ်း က အုတ် ပြသာဒ်တွေရှေ့မှာတော့အုတ်စီလမ်းလေးခင်းထားတယ်။ အုတ်ပြသာဒ်တွေနဲ့ ထနောင်း ပင်ကြီး တွေဟာ အလွန်ပနံရတဲ့ ရှုခင်းဖြစ်ပါတယ်။

စန္ဒာမုနိစေတီတော်က အတော်အချိုးအစားကျနတယ်။ မင်းကွန်း မြသိန်းတန်ဘုရား၊ အမရပူရ နဂါး ရုံဘုရားတို့လိုပဲ ဖိနပ်တော်အဆင့်ဆင့်နဲ့ တည်ထားပါတယ်။ အရပ်လေးမျက်နှာမှာ ရှိတဲ့ မနုဿီဟ ရုပ်တွေကလည်း ကြီးမားခန့်ထယ်လှပါတယ်။ ရေကန်ကြီးကတော့ အုတ်စီလှေကားထစ်ပတ် လည် နဲ့ ဇလားပုံတည်ဆောက်ထားတာပါ။ တံတိုင်းနှစ်ထပ်ရှိပြီး အတွင်းတံတိုင်းက မျက်နှာစာ တစ်ဖက်ကို ၇၇ ပေရှိပြီး ရေကန်ထိပ်ကနေ အောက်အထိ ၅၅ ပေရှိတယ်လို့မှတ်တမ်းတွေမှာ တွေ့ တယ်။ဒီရေကန်ကြီးကအမရပူရမြို့တည်ချိန် မှာ တစ်ပြိုင်တည်းတည်ခဲ့တဲ့ သတ္တဌာန မှာ အပါအဝင် ဖြစ်ပါတယ်။ မင်းကွန်းမှာ ဘိုးတော်ဘုရား တည်ခဲ့တဲ့ ကြီးလေးကြီးထဲမှာပါတဲ့ရေကန်ကြီးကလည်း ဒီရေကန်ပုံစံပဲလို့ဆိုပါတယ်။

ဘုရားဝင်းထဲမှာ ပုသိမ်ထီးတွေနဲ့ အမှတ်တရပစ္စည်းတွေ ရောင်းတဲ့ဆိုင် လေးဆိုင်ရှိတယ်။ ဓာတ်ပုံ လမ်းညွှန်ကလေးမလေးတွေရှိတယ်။ကလေးမလေးတွေက ဘုရားဖူးဧည့်သည်တွေကို ဓာတ်ပုံ ရိုက် လို့ကောင်းတဲ့နေရာလေးတွေ ညွှန်ပြပြီး လိုက်ရိုက်ပေးနေတယ်။ “ထာဝရမန္တလေး” မှာ ပါတဲ့ နေရာ ပေါ့ဆိုပြီး ညွှန်းတာလည်း ကြားခဲ့ရတယ်။ တစ်နေရာမှာ အမျိုးသမီး လေးငါး ယောက် ရှေ့နောက် တန်းပြီး ဓာတ်ပုံရိုက်တော့ ကလေးမလေးက “ ဝတဲ့ အန်တီတွေ နောက်မှာ နေ၊ ပိန်တဲ့ အန်တီ တွေ ကို ကွယ်ထား” ဆိုပြီး ညွန်ကြားနေတာကြားရတော့ ပြုံးမိတယ်။ ဓာတ်ပုံအရိုက်များတဲ့ နေရာ တွေကတော့ ရေကန်ကြီး၊ ထနောင်းပင်တွေမိုးထားတဲ့အုတ်ပြသာဒ်တွေရှေ့က အုတ်လမ်းလေး နဲ့ ထနောင်းပင်စည်ကောက်ကောက်ကွေးကွေးကြီးတွေပါပဲ။

လက်ရှိအခြေအနေမှာတော့မဟာစန္ဒာမုနိဘုရားကိုဓာတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာ တစ်ခု အဖြစ် ပဲ သိနေကြသေးတယ်။ အုတ်ပြသာဒ် တွေကို အခုထက်ပို ပျက်စီးမသွားအောင် ထိန်းသိမ်း ထားပြီး အမရပူရမြို့သမိုင်းနဲ့ ဘုရားသမိုင်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးထား ပေးနိုင် ရင်တော့ ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ်လည်း သိလာကြမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: