ရေစကြို ဆိုတာ ကျွန်တော့် ဘေး၊ အဘွားတို့ရဲ့ ချက်မြှုပ်၊ အမေနဲ့အဒေါ်တွေ ကြီးပြင်း ခဲ့ရာ၊ အခုအချိန်ထိ ဆွေမျိုးတွေရှိနေသေးတဲ့နယ်မြေပေါ့။
ကျွန်တော့် အမေဘက်က ဘိုးဘွားတွေက အညာသူ၊အညာသားတွေ၊၊ အဖေဘက်က မော်လမြိုင် ဇာတိတွေ၊ ဒါတောင် အဖေ့ဘက်က အဘွားသာ မွန်တိုင်းရင်းသူ။ အဘိုးက မင်း တုန်းမင်း နဲ့ သီပေါမင်း အကူးအပြောင်း တိုင်းရေးပြည်ရေးမငြိမ်သက်တဲ့ ကာလမှာ အညာကနေ အောက်ပြည်၊ အောက်ရွာကို ပြောင်းရွှေ့လာတဲ့ အညာသား မျိုးဆက် ကနေ ဆင်းသက်လာတာ။
ကျွန်တော်ကတော့ ရန်ကုန်မှာမွေးပေမယ့် ငယ်ငယ်တည်းက အမေ့ဘက်က အဘိုးအဘွားတွေနဲ့ ကြီး ခဲ့ရ၊ ကျွန်တော့် ကို ထိန်းတာကလည်း ရေစကြိုနယ်သူတွေဆိုတော့ ရေစကြိုအကြောင်း အညာအကြောင်းတွေ နားထောင်ရင်း ကိုယ့်ကိုယ်ကိုယ် ရေစကြိုသားလို့ပဲ ခံယူထားတာ။
ဒါ့ကြောင့်လည်း မနေ့ တစ်နေ့က ရေစကြိုနယ်သူ၊ နယ်သားတွေ ရဲ့ ပွဲတစ်ပွဲကို ရောက်ခဲ့ တယ်။ လာတဲ့သူတွေကလည်း ရေစကြိုဇာတိတွေ၊ ရေစကြိုအဆက်အနွယ်တွေ၊ ပင့် သံဃာတွေကလည်း ရေစကြိုဇာတိဆရာတော်တွေ ဆိုတော့ ရေစကြိုပွဲစစ်စစ်ပဲ။
တကယ်တော့ ဒီလိုပွဲမျိုးက အမေ တက်နေကြ၊ ဒါပေမယ့် အသက် ရှစ်ဆယ်ကျော်၊ ကိုးဆယ်နား နီးနေပြီဖြစ်တဲ့ အမေ မတက်နိုင်တဲ့အတွက်အမေ့ကိုယ်စား ကျွန်တော်သွားခဲ့တယ်။ တက်ဖို့ တာ ဝန်လည်းရှိ၊ ရေစကြိုသတင်းလည်း ကြားချင် နှစ်ခုပေါင်းပြီး သွားခဲ့တာပေါ့။
လာတဲ့သူတွေထဲမှာ ကျွန်တော့်အမျိုးရင်းသုံးလေးယောက်ပါတယ်။ ဝန်ထမ်းဘဝက သိကျွမ်းခဲ့ တဲ့ အငြိမ်းစား တစ်ယောက်နှစ်ယောက်တွေ့တယ်။ ဧည့်သည်တချို့ကတော့ ကျွန်တော့် ကို ဘယ်သူမှန်း သိပေမယ့် ရေစကြိုနဲ့ ဘယ်လိုပတ်သက်သလဲဆိုတာ မသိဘူး။ ဒါ ဘယ်သူ့ သား၊ ဘယ်သူ့ မြေးဆိုပြီး မိတ်ဆက်တော့မှ ရင်းနှီးသွားတယ်။ ဒီပွဲမှာတွေ့တဲ့ လူကြီးပိုင်း တွေက ရေစ ကြို နယ်ဇာတိ စစ်စစ်တွေ၊ ရန်ကုန်မှာ အလုပ်အကိုင်ကြောင့် ရောက်နေပေမယ့် ရေစကြိုမြို့ ပေါ်မှာ၊ ရွာတွေ မှာ သူတို့ ညီအကိုမောင်နှမ ၊ ဆွေမျိုးသားချင်းတွေရှိနေဆဲပဲ၊ အဆက်အသွယ်မ ပြတ်ဘူး။
အရင်ကတော့ ဒီလိုပွဲဆိုရင် အုန်းအုန်းကျွက်ကျွက်၊ ရယ်ကြ၊ မောကြ၊ နောက်ကြ၊ ပြောင်ကြ ပေါ့။ အခုတော့ အစုလေးတွေနဲ့ တိုးတိုးတိတ်တိတ်၊ ဘယ်သူတော့ ၊ ဘယ်ရွာတော့ ဆိုပြီး ပြောနေ တာ မြင်ရတော့ ရေစကြိုနယ် ဘယ်လိုဖြစ်နေလဲဆိုတာ မှန်းကြည့်လို့ရတယ်။
ရေစကြိုနယ်သားတွေထဲမှာ အသက်ရှစ်ဆယ်ကျော်တွေက ဂျပန်ခေတ်နဲ့အင်္ဂလိပ်ပြန်အဝင် ဒုတိယကမ္ဘာစစ်ကာလကို မီခဲ့တယ်။ ကျွန်တော့်အဘိုး၊အဘွားနဲ့အမေတို့တောင် ရေစကြို တောနယ်ဘက်မှာ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ ပုန်းနေခဲ့ရဖူးတယ်။ ခုနစ်ဆယ်၊ ရှစ်ဆယ် တန်းတွေက တော့ လွတ်လပ်ရေးရပြီးစ လက်နက်ကိုင် ပဋိပက္ခအရှိန်အမြင့်ဆုံးကာလ ကို ဖြတ်သန်းခဲ့ဖူးတယ်။ ရေစကြိုနယ်ဆိုတာကလည်း ကွန်မြူနစ်တွေအား ကောင်းခဲ့တဲ့နေရာကိုး။ အလံနီတွေဆိုရင် ဆိုဗီယက်တွေရဲ့ လီနင်ဂရက် ၊ စတာလင် ဂရက် တွေကို အားကျပြီး ရေစကြိုသား အလံနီခေါင်းဆောင် ဗိုလ်မော်တင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေစကြိုကို “မော်တင်ဂရက်” လို့ နာမည်ပြောင်းဖို့တောင်ကြိုးစားခဲ့သေးတယ်လို့ မှတ်သားဖူးတယ်။ ငါးဆယ်၊ ခြောက်ဆယ်တန်း တွေကတော့ အဲဒီအဖြစ်အပျက်တွေကို သက်ကြီးစကား၊ သက်ငယ်ကြား နဲ့ သိခဲ့ရတာပဲ ရှိတော့ တယ်၊ကိုယ်တွေ့မရှိသလောက်ဖြစ်သွားပြီ။
ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း အဖြစ်အပျက်တွေကတော့ ဂျပန်ခေတ်မီခဲ့သူတွေရော၊ လွတ်လပ်ရေးရပြီးစ စစ်မက်ထူပြောတဲ့အချိန်ကိုဖြတ်သန်းခဲ့သူတွေရောအားလုံးကို တုန်လှုပ် ချောက်ချားသွားစေတယ်။ အတွေးအမြင်တွေ၊ အယူအဆတွေ၊ သဘောထားတွေ ပြောင်းပြန် ဖြစ်ကုန်တယ်။ လက်နက်ကိုင်ပဋိပက္ခကို ကိုယ်တွေ့မကြုံဖူးတဲ့ မျိုးဆက် တွေ ဆိုရင်တော့ ပြော မနေနဲ့တော့။
ကျွန်တော်ပါနေတဲ့ စကားဝိုင်းလေးမှာလည်း ဒီအကြောင်းပဲ ပြောဖြစ်တာပါ။ စိတ်မကောင်း စရာ သေဆုံးမှုတွေအကြောင်းပြောတယ်။ လူ့အသက်တွေဆုံးရှုံးနေရ၊ ကိုယ့်ဆွေမျိုးသားချင်းတွေ လည်း အဲဒီဒဏ်ခံနေရတဲ့အတွက် စိတ်မကောင်းဖြစ်ကြတယ်။ တစ်ဦးချင်းရဲ့ တိမ်း ညွတ်မှု အပေါ်မူတည်ပြီး ခံစားချက်၊ သုံးသပ်ချက်အမြင်တွေ မတူပေမယ့် အညာ သား တွေရင်ထဲက အနာကျက်ဖို့မလွယ်တော့ဘူးဆိုတာတော့ အားလုံးလက်ခံကြပါတယ်။
အားလုံးအမြင်တူတာကတော့ မီးဘေးအန္တရာယ်ပဲ။ ရေစကြိုနယ်က အညာ အပူပိုင်းဒေသဆို တော့ မီးဘေးနဲ့ မစိမ်းပါဘူး။ ရေစကြိုမြို့တောင်မီးဘေးကြီးနဲ့ ကြုံခဲ့ဖူးတာပဲ။ ဒါပေမယ့် အဲဒီ မီးဘေး ဆိုတာက ပေါ့ဆမီးကြောင့်ဖြစ်ရတဲ့မီးဘေး။ အခု ကပ်ဆိုက်နေတာက ရည်ရွယ်ချက်နဲ့ လုပ်တဲ့ လူလုပ် မီးဘေး။ အဖြူ၊ အမည်း၊ နီ ၊စိမ်း၊ ဝါ၊ ပြာ အရောင်မရွေးဘဲ လောင်တဲ့မီး။ ဂျပန်ခေတ်မှာတောင် ဂျပန် ပါးရိုက်တာခံဖူးပေမယ့် ရွာမီးရှို့တာ မကြုံဖူးဘူး၊ အစိုးရတပ်၊ ဗကပ ၊ အလံနီ၊ ပြည်သူ့ ရဲဘော် တို့ တဂျိမ်းဂျိမ်း ချနေချိန်ကလည်း ငါတို့ရွာ မီးရှို့မခံရဘူး လို့ အပြော ခံရတဲ့ မီးဘေး။
ကျွန်တော်နဲ့ စကားပြောနေတဲ့သူတွေက လုပ်ငန်းရှင်တွေ၊ ဝန်ထမ်းဟောင်းတွေ။ တချို့က ဇာတိရွာမီးလောင်ခံရတယ်။ တချို့က ဆွေမျိုးရွာ တစ်စိတ်တစ်ပိုင်းမီးလောင်ခံရတယ်။ တချို့ ရွာ ကမီးမလောင်ပေမယ့် ရွာမှာမနေရဲလို့ တောထဲပုန်းနေရတယ်။ တချို့ရွာတွေက ကျီးလန့် စာစား နေနေရတယ်။ ကျွန်တော်သွားဖို့ ရည်ရွယ် ထားပေမယ့် အခုထိ မသွားနိုင်သေးတဲ့ ကိုကြီးကျော် နတ်နန်းရှိရာ ကျွန်းထဲ အကြောင်းမေး လိုက် တော့ ကိုကြီးကျော်နန်းပဲ အကောင်း ကျန်တယ်၊ ကျန်တာကတော့ မီးလောင်ရင်လောင်၊ မလောင် ရင် ပြေးနေ၊ ပုန်းနေပဲတဲ့။
သူတို့ပြောတဲ့ စကားကို နားထောင်ရင်း အရေးကြီးဆုံးမေးခွန်းကို မေးလိုက်တယ် “ ဘယ်သူ ရှို့တာလဲ” ။ ကျွန်တော့်မေးခွန်းကြောင့် အားလုံးအသံတိတ်သွားတယ်။ ခဏနေတော့ တစ် ယောက်က “ လူစိမ်းတွေပေါ့ဗျာ၊ ရွာသားတွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာမရှို့ပါဘူး” လို့ပြော တယ်။ ကျွန်တော်က “ လူစိမ်း ဆိုတာ” လို့စကားစလိုက်ပေမယ့် စကားဝိုင်းက လူတွေရဲ့ မျက်နှာတွေ ကို မြင်လိုက်တာနဲ့ သဘောပေါက်သွားပြီး ဆက်မမေးတော့ဘူး။ တစ်ယောက်က
“ ဖုန်းနဲ့ ရိုက် ထားတဲ့ ဗီဒီယိုတွေရှိပါ့ဗျာ။ မတင်ရဲလို့ မတင်ကြတာ။နောင်တော့ပေါ်လာပါလိမ့် မယ်။” လို့ထပ် ပြောတယ်။
နောက်တော့ မီးဘေးဒုက္ခသည်တွေကို ဘယ်လိုကူညီကြမလဲဆိုတဲ့ အကြောင်းရောက်သွား တယ်။ အရင်ကတော့ ကိုယ့်ရပ်ကိုယ့်ရွာ သဘာဝဘေးနဲ့ ကြုံတဲ့အခါ ရန်ကုန်၊ မန္တလေးမှာ ရှိတဲ့ နယ်သူ နယ်သားတွေ ဝိုင်းဝန်းကူခဲ့ကြတာပဲ။ အခုအခြေအနေကတော့ အဲဒီလို စုစုစည်းစည်းနဲ့ ပစ္စည်း တွေ သယ်သွားပြီး အကူအညီပေးဖို့ က အခြေအနေမပေးသေးဘူး။ ဆွေမျိုးသားချင်း နီးစပ် ရာ ကို အဆင်ပြေသလို ကူနေရတာပဲရှိတယ်၊ ဒါပေမယ့် အခြေအနေပေးတာနဲ့ ဆင်းကူဖို့ ပြင် နေပါတယ်တဲ့။ ကျွန်တော်လည်း နိုင်သလောက်ကူပါ့မယ်လို့ ကတိပေးခဲ့တယ်။
ဆရာတော်တွေကြွလာတော့ စကားဝိုင်းရပ်လိုက်တယ်။ ဒကာတွေက ဆရာတော်တွေကို
လေ ျှာက်ထားတော့လည်း ကိုယ့်နယ်၊ ကိုယ့်ရွာ အကြောင်းပါလာတာပါပဲ။ ဆရာတော်တွေလည်း ဇာတိ ဒေသ မီးဘေး၊ လက်နက်ဘေး သင့်နေတာ စိတ်ချမ်းသာပုံမရဘူး။
၂၀၁၉ ခုနှစ် ထွေအုပ်စာရင်းအရ ရေစကြိုမြို့နယ်မှာ ကျေးရွာအုပ်စု ၈၁ အုပ်စု၊ ကျေးရွာ ပေါင်း ၂၄၅ ရွာရှိတယ်။ ဒီပွဲလေးမှာ ကြားခဲ့ရတာ ရွာအားလုံးရဲ့ အခြေအနေမဟုတ်ပေမယ့် တကယ် လက်တွေ့ကြုံနေရတဲ့ အခြေအနေကို ထင်ဟပ်နေတယ်လို့ခံစားရတယ်။ ကျွန်တော် စကား ပြောခဲ့ ရသူတွေက ချဲ့ကား၊ ပုံကြီးချဲ့ ပြောမယ့်သူတွေမဟုတ်ဘူး။ အကြောင်းကြောင်းကြောင့် စကားကို ထိန်းထိန်းသိမ်းသိမ်း လေ ျှာ့ပေါ့ပြောတာသာရှိကောင်းရှိနိုင်တယ်။
အိမ်အပြန်လမ်းမှာ အမေ့ကို သူချစ်တဲ့မြို့နဲ့ပတ်သက်ပြီး ဘာတွေပြောပြရမလဲလို့ စဉ်းစားရင်း “ လူစိမ်းတွေ” ဆိုတဲ့ စကား ထပ်တလဲလဲ ကြားနေမိတယ်။ လူ့သဘောသဘာဝအရ ကိုယ့်ထင်တာ မှန်နေရင် ပျော်တတ်၊ ကျေနပ်တတ်ပေမယ့် ဒီတစ်ခါတော့ ကျွန်တော်မပျော်ပါဘူး။
