လမိုင်းရွာမှာ ကျွန်တော်တို့ညအိပ်တဲ့အိမ်က နှစ်ထပ်အိမ်၊ အောက်ထပ်က ဗြုံးအုတ်၊ အပေါ်ထပ်က ဝါးထရံကာ သွပ်မိုး။ အိပ်တာကတော့ အပေါ်ထပ် အိမ်ရှေ့ခန်းမှာ အိပ်ယာ ခင်းပြီး အိပ်ရတယ်။ နိုင်ငံခြားသားဧည့်သည်တွေ တည်းခိုနေကြ ဖြစ်တဲ့အတွက် မွေ့ယာ၊ စောင်၊ ခေါင်းအုံး သန့်ရှင်းပါတယ်။ နိုင်ငံခြားသားခရီးသွားတွေက တိုက်အိမ်တွေမှာ တည်းခိုရတာ မကြိုက်ဘူး။ ထရံ ကာ၊ပျဉ်ခင်းအိမ်၊ ဖြစ်နိုင်ရင် ဝါးကြမ်းခင်း ၊ ထရံကာ အိမ်တွေမှာ တည်းချင်တယ်။ ရိုးရာ ပုံစံ အိမ်ဆိုရင်တော့ အကြိုက်ဆုံးပေါ့။ အိပ်ရင်လည်း အိမ်ရှေ့ခန်း မှာ တန်းစီပြီးအိပ်ကြတယ်။ ရေအိမ် ကလည်း အနောက်တိုင်းပုံစံဖြစ်ဖို့မလိုဘူး။ အရှေ့တိုင်းပုံစံ၊ ကြွေ ခွက် ဆိုရင် ရပြီ။ အဓိက လိုအပ်ချက်က သန့်ရှင်းနေဖို့ပဲ။
တောင်ပေါ်တောတွင်းခြေလျင်ခရီးကြမ်းသွားတဲ့ နိုင်ငံခြားသားဧည့်သည်တွေ များတဲ့အတွက် ဒေသ ခံပြည်သူတွေ ဝင်ငွေကောင်းသလို ရေ နဲ့မိလ္လာသုံးစွဲမှု၊ အမှိုက်စွန့်ပစ်မှု တွေ စည်းကမ်းရှိ၊ သန့်ရှင်းလာတဲ့ အကျိုးကျေးဇူးတွေရတယ်။ အခု ခရီးသွားမရှိတဲ့အချိန်မှာတောင် ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ရွာတွေ မှာ ပလတ်စတစ် အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်ထားတာမရှိ သလောက် ပဲ။ ရွာလမ်းဘေးဝဲယာမှာလည်း “ လက်တွဲ ကူမယ်၊ ဒို့လူငယ်” လို့ စာတမ်းထိုးထားတဲ့ အမှိုက် ပုံးလေးတွေလည်း မြင်ခဲ့ရတယ်။
ပထမနေ့ ကျွန်တော်တို့ဖြတ်လာခဲ့တဲ့ ရွာတွေမှာ ဟင်းခါးကုန်းနဲ့ စေတီတောင်က ပလောင် ရွာတွေ၊ ကမ်းပါးနီရွာ၊ လွတ်ပြင်ရွာ၊ ရှားပြင်ရွာနဲ့ လမိုင်းက တောင်ရိုးရွာတွေ၊ ၊ မြင်းဒိုက်နဲ့ ရွာပု က တောင်ရိုးနဲ့ ဓနု ရောနေတဲ့ရွာတွေဖြစ်ပါတယ်။
ကျွန်တော်တို့ဒုတိယနေ့ ခရီးစဉ်က လမိုင်း၊ ပင်နွေး၊ ပေါ်ကဲ ၊ ကုန်းလှ ( နေ့လယ်စာ) ၊ ရေခေါင်းတို – ပတ္တူပေါက် ခရီးဖြစ်ပြီး ပင်နွေး၊ ပေါ်ကဲ၊ ရေခေါင်းတို နဲ့ ပတ္တူပေါက်က ပအိုဝ့်ရွာတွေ၊ ကုန်းလှက တောင်ရိုး နဲ့ ဓနုရောနေတဲ့ ရွာ ဖြစ်ပါတယ်။ဒုတိယနေ့ ခရီးစဉ်က စုစုပေါင်း ၁၁.၉၄ မိုင်ရှိတယ်။ မနေ့ကထက် ခရီး တို ပေမယ့် အတက်အဆင်းပိုများတယ်။ ပိုပင်ပန်းတယ်။
လမိုင်းကနေ မနက်ခုနစ်နာရီစထွက်တယ်။ လမိုင်းရွာထိပ် တောင်ကုန်းပေါ်က ရွာဦးဘုန်းကြီး ကျောင်း ဝင်းထဲ ဖြတ်ပြီး ပင်နွေးရွာကို သွားရတယ်။ လမ်းကြောင်းက လမိုင်းရွာ ဘုန်းကြီး ကျောင်း ကုန်း က ဆင်းပြီးရင် နေ့လယ်စာ စားမယ့် ကုန်းလှ ရွာအထိ တောင်ကုန်းငယ်လေးတွေ အတိုင်း တက် လိုက် ဆင်းလိုက်သွားရတယ်။ ဒါပေမယ့် အတက်ခရီးက ပိုများတယ်။ ကုန်းလှရွာက အမြင့်ပေ ၄၆၄၆ ပေ ရှိပြီး ဒီလမ်းကြောင်းမှာ အမြင့်ဆုံးနေရာဖြစ်ပါတယ်။
တကယ်တော့ လမိုင်း-ကုန်းလှ လမ်းက စိုက်ခင်းတွေကြားက ဖြတ်သွားရတာပါ။ ပတ်ဝန်းကျင် တောင်ကြောတွေမှာလည်း စိုက်ခင်းတွေရှိတယ်။ စိုက်ခင်းတွေကလည်း ဒီရာသီဆိုရင် ပန်းနှမ်း ခင်းတွေက အဝါရောင်၊ ဆီမုန်ညင်းခင်းတွေက အဖြူရောင်၊ ဂေါ်ဖီစိုက်ခင်းတွေက အစိမ်းရောင်၊ ငရုတ်ခင်းတွေက အနီရဲရဲ၊ ထွန်ယက်ထားတဲ့ စိုက်ခင်းတွေက မြေနီရောင် နဲ့ ရွာငံသွားတဲ့လမ်းက မြင်းမူကုန်းရှုခင်းလို အလွန်လှတဲ့ ရှုခင်းမျိုးပေါ့။
ဒါပေမယ့် ဒီနှစ်မှာတော့ အဲဒီလို မဟုတ်ဘူး။ ဈေးကွက်အခြေအနေအရ ( ကြက်စာ) ပြောင်း နဲ့ ငရုတ်စိုက်ခင်းတွေပဲစိုက်တာများပြီး ပြောင်းခင်းတွေက ရင့်ပြီးချိုးရမယ့်အချိန်ရောက်နေတော့ အညိုရောင်ဖြစ်နေပြီ။ ဒီတော့ ရှုခင်းက ထင်သလောက်မလှတော့ဘူး။
ဒုတိယနေ့ ခရီးစဉ်က အတက်ခရီးများတဲ့အပြင် ယာခင်းတွေကြားက ဖြတ်သွားရတဲ့အတွက် လမ်း ရှာရတာလည်း ခက်တယ်။ အရင်ကတော့ ဧည့်သည်အလာများတဲ့အတွက် ယခင်းတွေကြားမှာ လူသွားလမ်းတွေ ရှိတယ်။ အခုတော့ သုံးနှစ်လောက် အသွားအလာမရှိတော့တဲ့အတွက် လမ်း တွေ ပျောက်နေပြီး ချုံတွေတိုးရတယ်။ တစ်ကိုယ်လုံး မြက်သီးတွေ၊ ကပ်စေးနှဲ သီး တွေကပ်ပြီး အဲဒါတွေ ပြန်ဖယ်ရတာက အလုပ်တစ်လုပ်ဖြစ်နေတယ်။
လမိုင်းကထွက်ပြီး ပထမဆုံးရောက်တာက ပင်နွေးရွာ၊ ပြီးတော့ ပေါ်ကဲရွာ၊ ဒီရွာနှစ်ရွာက ဘုရား ကုန်းလေးတစ်ခုပဲ ခြားတယ်။ ပင်နွေးရွာမှာ ရိုးရာ ဂျပ်ခုတ်ထည်တွေ ရက်တဲ့ အဖွားနှစ်ယောက် ရှိတယ်။ နိုင်ငံခြားသားခရီးသည်တွေက အဖွားတွေရက်တာ ကို လေ့လာ ဓာတ်ပုံရိုက်၊ အထည် တွေ ဝယ်ကြတယ်။ အခုတော့ အဖွားနှစ်ယောက်လည်း လုပ်ငန်းရပ်ထားရတယ်။
ပင်နွေးနဲ့ ပေါ်ကဲရွာတွေက ငရုတ်အဓိက ထားစိုက်တဲ့ရွာတွေ၊ အိမ်တိုင်းလိုလို ငရုတ်သီးတွေ နေ လှန်းထားတဲ့အတွက် ရွာထဲဝင်လိုက်တာနဲ့ ငရုတ်သီးနံ့ မွှန်နေတာပဲ။ ပွဲရုံပို့ဖို့အတွက် ကားတင် နေတာလည်း မြင်ရတယ်။ ငရုတ်ရွေးနေတဲ့ အမျိုးသမီး တွေလည်း တွေ့ခဲ့ရတယ်။ ဒီနှစ် ငရုတ်ဈေး က စဖွင့်တော့ နှစ်သောင်းဈေး၊ အခု တစ်သောင်းငါးထောင်ဈေး၊ ဈေးနည်းနည်းကျပေမယ့် ကိုက် သေးတယ်လို့ ပြောတယ်။
ကုန်းလှ ရွာက ကလော-အင်းလေး ခရီးကြမ်းလေ ျှာက်တဲ့ အဖွဲ့ အများစု နေ့လယ် စာစားတဲ့ ရွာဖြစ်တဲ့အတွက် ကိုဗစ်မဖြစ်ခင်က ဧည့်သည်တွေနဲ့ အတော်စည်ကားတဲ့ရွာပေါ့။ ကလော- အင်း လေး ခြေလျင်ခရီးစဉ်မှာ ဧည့်လမ်းညွှန်တွေက ညစာနဲ့ နေ့လယ်စာ စားမယ့် ရွာတွေကို လိုအပ် တဲ့ပစ္စည်းတွေ ကြိုပို့ထားတယ်။အိမ်ရှင်တွေက ချက်ပြုတ်ပေးတယ်။ အိပ်ဖို့နားဖို့ ရေသုံးဖို့ အကုန် စီစဉ်ပေးတယ်။ အဲဒီအတွက် အိမ်ရှင်တွေက ဝင်ငွေရတယ်။ ဧည့်သည်များရင်တော့ ဧည့်လမ်းညွှန် တွေက သူတို့ရဲ့ ထမင်းချက်အဖွဲ့ကို ကြိုလွှတ်ပေးတယ်။ ကျွန်တော်တို့ ခရီးစဉ်က လူနှစ်ယောက် ပဲ ဆိုတော့ နေ့လယ်စားဖို့အတွက် ပစ္စည်းတွေ ကြိုမပို့တော့ဘူး။ ခေါက်ဆွဲကြော် လုပ်ထားဖို့ပဲ ဖုန်းဆက်မှာထားလိုက်တယ်။
ကုန်းလှ ရွာကနေ ခရီးဆုံးရွာဖြစ်တဲ့ ပတ္တူပေါက်ကို သွားတဲ့လမ်းကြောင်း နှစ်ခု ရှိတယ်။ တစ်ခုက ကုန်းလှကနေ ပတ္တူပေါက်ကို သွားတာ၊ အဲဒီလမ်းက လမ်းသာတယ်။ ခရီးတိုတယ်။ နောက်လမ်း ကြောင်းက ကုန်းလှကနေ ရေခေါင်းတိုရွာ ၊ ရေခေါင်းတိုကနေ ပတ္တူပေါက်သွားတဲ့လမ်းကြောင်း၊ အဲဒီလမ်းကြောင်းက ကုန်းလှကနေ ရေခေါင်းတိုအထိ အဆင်း၊ပြီးရင် ပတ္တူပေါက်ရွာ ကို ပြန်တက် ရတဲ့အတွက် ခရီးဝေးတယ်၊ ခရီးပန်းမယ်။ ဒါပေမဲ့ ရေခေါင်းတို ရေထွက်နဲ့ ချောင်းမှာ ရေချိုး လို့ ရတယ်။ ဒါ့ကြောင့် ကျွန်တော်က ရေခေါင်းတိုက တဆင့်သွားတဲ့လမ်းကို ပဲ ရွေးလိုက်တယ်။
ကုန်းလှကနေ ရေခေါင်းတိုအထိက ရွာချင်းဆက်လမ်းအတိုင်းပဲ သွားရတယ်။ ရေခေါင်းတို ရွာ ရောက်တော့ ရွာဈေးဆိုင်မှာ ရေသန့်ဘူး ဝင်ဝယ်တယ်။ ဆိုင်ထဲမှာ မြန်မာ၊ ပအိုဝ့် နှစ်ဘာသာနဲ့ “ အကြွေး(၂) ရက်ပို၍ယူခြင်း သည်းခံပါ” လို့ရေးထားတယ်။ အကြွေးကို နှစ်ရက်ထက် ပိုမဆိုင်း ဘူး ဆိုတဲ့သဘောပေါ့။ ဒါနဲ့ ဆိုင်ရှင်ကို “ နှစ်ရက်ပြည့်တော့လာပေးလားဗျ” လို့မေးတော့ “ ရေးတာ ထားတာပါ၊ရွာသားချင်းဆိုတော့ မပေးမချင်းတောင်းရတာပဲ” လို့ ဖြေတယ်။ ကိုယ့်ရပိုင်ခွင့် ကိုယ် ပြန်တောင်းတာတောင် မလွယ်တဲ့ဘဝပဲ။ ဒါပေမယ့် သူတစ်ယောက်တည်း ကြုံနေရတဲ့ အဖြစ် တော့ မဟုတ်ဘူး။
ရေခေါင်းတို ရွာကနေ ရေထွက်ကို နာရီဝက်လောက်လေ ျှာက်ရတယ်။ ရေထွက်က ရေအားကောင်း တယ်။ ဒလက်ဘီးတွေနဲ့ ရေမော်တာကို မောင်းပြီး ရွာကို ရေပေးဖို့လုပ်ထားတာလည်း တွေ့ရ တယ်။ ရေထွက်ဘေးမှာ ရေထွက်ဧရိယာအတွင်း ရေသွယ်ခြင်း၊ မြေကွက်ချဲ့ခြင်း၊ ငါးဖမ်းခြင်း မလုပ် ဖို့ သတိပေးတဲ့ စာ ကပ်ထားတယ်။ သတိပေးစာအောက်မှာ “ ပုံ၊ ရေခေါင်းတိုကျေးရွာသူ/သားများ” လို့ ရေးထားတယ်။
ရေခေါင်းတိုရေထွက် အနားမှာ ချောင်းတစ်ချောင်းရှိတယ်။ လမ်းညွှန်ကိုမျိုးဇော်က အဲဒီ ချောင်း ဟာ ဘီလူးချောင်းရဲ့ အစပဲ။ အင်းတိန်နားမှာ အင်းလေးကန်ထဲကို စီးဝင်သွားတယ်လို့ ပြော တယ်။ နိုင်ငံ ခြားသားခရီးသွားတွေကတော့ အဲဒီချောင်းဘေးမှာ နား၊ ရေကူးပြီးမှ ပတ္တူပေါက်ကို ခရီးဆက် ကြ တယ်။
ကျွန်တော်ကတော့ ရေထွက်ရောက်တဲ့အချိန်မှာ ခြေကုန်လက်ပန်းကျနေပြီ၊ ရေချိုးပြီး နားလိုက်ရင် ခရီးဆက်သွားနိုင်မှာမဟုတ်တော့ဘူး။ ဒါ့ကြောင့် ဓာတ်ပုံရိုက်ပြီးတာနဲ့ အားတင်းပြီး ဆက်ထွက် ခဲ့တယ်။ ရေထွက်ကနေ ပတ္တူပေါက်ကို နှစ်နာရီ နီးပါးလောက်ဆက်လေ ျှာက်ရတယ်။ ကျနေ အရှိန် က လည်း ပြင်း၊ ကုန်းတက် ကုန်းဆင်းတွေလည်း ရှိတော့ ရောက်ခါနီးလေ မောလေပဲ။
ပတ္တူပေါက်ရွာက ကျောက်တောင်ကြောကြီးရဲ့ နောက်မှာ ရှိတယ်။ အဝေးကကြည့်ရင် ရွာကို သွားတဲ့ တောင်ကြားလမ်းကို မမြင်ရဘူး။ အနားရောက်မှ ကျောက်တောင်ကြီး နှစ်ခုကြားက ကွေ့ပြီး တက်သွားတဲ့ ရွာဝင်လမ်းကို မြင်ရတယ်။ မုဆိုးကြီး အလန်ကွာတာမိန်း ဝတ္ထုတွေထဲမှာ ပါ လေ့ရှိတဲ့ ပျောက်ဆုံးနေသော မြို့ပျက်ကြီးကို ဝင်တဲ့လမ်းမျိုးပေါ့။
ရွာအဝင်လမ်းက ကုန်းတက်၊ ကုန်းထိပ်က တောင်ကြားနေရာအစပဲ။ အဲဒီနေရာ မှာ နတ် ကွန်း တစ်ခုရှိတယ်။ နတ်ကွန်းအပေါ်တောင်နံရံမှာ ကျောက်ဖျာတစ်ချပ်ရှိတယ်။ အစဉ် အလာ ပြော စကားကတော့ ဟိုး ရှေးပဝေသဏီ ကာလတုန်းက အဲဒီကျောက်ဖျာနေရာမှာ ဂူကြီးရှိ တယ်၊ အဲဒီ ဂူထဲမှာ ရတနာတွေ၊ အိုးခွက်ပန်းကန်တွေရှိပြီး အလှူ အတန်း၊ ပွဲလမ်းသဘင်ရှိရင် သွား ယူ လို့ ရတယ်၊ ပြီးရင် မပျက်မကွက်ပြန်ပို့ ရတယ်၊ နောက်ပိုင်းမှာ ရွာသားတွေက ကတိပျက်ပြီး ပြန် မပေး တဲ့အတွက် တောင်စောင့်နတ်က စိတ်ဆိုးပြီး ဂူပေါက်ကို ပိတ်လိုက်တယ်တဲ့။ ကတိမတည်ရင် နတ် မကြိုက်ဘူးဆိုတဲ့ သဘောပေါ့။ တကယ်တော့ ကတိမတည်ရင် လူတွေလည်း မကြိုက်ပါဘူး။
နတ်ကွန်းကို ကျော်လာတော့ လမ်းဘေးမှာ ကုန်ကားတစ်စီးရပ်ပြီး ဂေါ်ဖီထုပ်တွေ တင်နေတာ တွေ့တယ်။ ခမောက်ဆောင်း၊ လွယ်အိတ်စလွယ်သိုင်း လွယ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အလုပ်သမားတွေကို ကြီးကြပ်နေတယ်။ အောင်ပန်းကလာတဲ့ ပွဲစား၊ ဒါပေမယ့် အောင်ပန်းသူ မဟုတ် ဘူး။ ကျောက်ပန်းတောင်းသူ။
တောင်သူတွေရှုံးပေမယ့် ပွဲစားကတော့ ရှုံးဖို့မရှိဘူး လို့ထင်ပြီး “ အခြေ အနေ ကောင်းတယ် မဟုတ်လား” လို့ မေးလိုက်တယ်။ အမျိုးသမီးက “အောင်မယ်လေး၊ လေးရာ ဈေး နဲ့ ကြိုဖြတ် ထား တာ၊ အခုတော့ ဒန့်တန်တန်ပဲ” လို့ ဖြေတယ်။
ပတ္တူပေါက်ရွာရဲ့ ထူးခြားချက်ကကလော- အင်းလေး ခရီးစဉ် နှစ် ညအိပ်၊ သုံးညအိပ်၊ တစ်ညအိပ် စသည်ဖြင့် လမ်းကြောင်း အမျိုးမျိုးရှိပေမယ့်ဘယ်လမ်းကြောင်းကလာလာ ပတ္တူပေါက်မှာ ညအိပ် ပြီးမှ အင်းတိန်ကို ခရီးဆက် ရတယ်။ ဒ့ါကြောင့် ပတ္တူပေါက်ရွာမှာ အိမ်ခြေ နှစ်ရာ ကျော်ရှိတဲ့ အနက် ဧည်သည်လက်ခံတဲ့ အိမ် ၄၈ အိမ်ရှိတယ်။ ကျန်တဲ့အိမ်တွေကလည်း ခရီးသွားလုပ်ငန်းနဲ့ ပတ် သက်တဲ့ ရေ၊ မီး ၊ ထင်း၊ပစ္စည်းပို့ စတဲ့လုပ်ငန်းတွေမှာ တစ်နည်းမဟုတ် တစ်နည်း ပတ်သက် နေ တာဆိုတော့ ခရီးသွားလုပ်ငန်းက ရွာရဲ့ အဓိက ဝင်ငွေရလမ်းတ စ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ ခု တော့ ငုတ်တုတ် မေ့ပေါ့။
တည်းခိုတဲ့အိမ်ရောက်တော့ အိမ်ရှင်တွေက ရွာပုက အမျိုးသမီးကြီးပြောသလိုပဲ ခရီးသွားလုပ်ငန်း က ရပ်၊ သီးနှံဈေးတွေက ကျ လို့ ဒေသခံတွေ အခက်အခဲဖြစ်တဲ့အကြောင်းပြောတယ်။ ဒါနဲ့ ခင်ဗျားတို့လည်း ခင်ဗျားတို့ဒုက္ခ၊ ကျန်တဲ့ဒေသတွေလည်း သူ့ဒုက္ခနဲ့ သူ၊ အားလုံး ဒန့်တန်တန် ပဲ လို့ ကျောက်ပန်းတောင်သူစကားကို ငှားပြီး ပြန်ပြောလိုက်တယ်။

















