သာမိုင်းခမ်း ဆိုတာ ဓနုစကားအရ “သာ” ဆိုတာက “သာယာခြင်း”၊ “မိုင်း” ဆိုတာက ရှမ်းစကား အရ “ပြည်”၊ “ခမ်း” ဆိုတာက ရှမ်းစကားအရ “ရွှေ”၊ ဒါ့ကြောင့် သာမိုင်းခန်းဆိုတာ မြန်မာ စကားနဲ့ “သာယာရွှေပြည်” လို့ အောင်ပန်း ( သို့မဟုတ်) မြို့သစ်တစ်မြို့မွေးဖွားခြင်း (၂၀၀၈) ( ဆရာဦးမြင့်သန်း) စာအုပ်မှာ ဖော်ပြထားတယ်။
ကျွန်တော်လည်း အရင်ကတော့ သာမိုင်းခမ်း ဆိုတဲ့ အမည်ကို ဆရာဒဂုန်တာရာ စာတွေထဲမှာ တွေ့ နေပေမယ့် အလေးအနက်မထားမိဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ အတွင်း ကလော – အင်း လေး ခြေလျင်ခရီးကြမ်းလေ ျှာက်တော့ ညအိပ်ရပ်နားရတဲ့ လမိုင်းရွာက အိမ်ရှင် အဘကြီး ဦး ကျောက်လုံးဆီကနေ သာမိုင်းခမ်း စော်ဘွား စဝ်ထွန်းအေး အကြောင်း ကြားပြီးမှ သာမိုင်ခမ်း ကို စိတ်ဝင်စားမိတာပါ။ ( သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး နဲ့ ဦးကျောက်လုံး အကြောင်းကို ၂၃ ဒီဇင်ဘာ ၂၀၂၃ မှာ “ မန္တလာဦးကျောက်လုံး” ဆိုပြီး ဆောင်းပါးရေးတင်ခဲ့ဖူးပါတယ်။ )
သာမိုင်းခမ်းအကြောင်း အရင်မပြောခင် “မြေလတ်ဒေသ” အကြောင်းကို အရင်သိဖို့ လိုပါတယ်။ အခု ပြောတဲ့ မြေလတ်ဒေသဆိုတာ အညာမြေလတ်ဒေသကို ပြောတာမဟုတ်ပါဘူး။ ရှမ်း ပြည်နယ် ရပ်စောက်၊ ညောင်ရွှေ၊ မိုးနဲစော်ဘွားနယ်များ နဲ့ မြေပြန့် ရမည်း သင်း၊ ကျောက်ဆည်နယ် ကြားမှာ ရှိတဲ့ ဒေသကို မြန်မာဘုရင်တွေ လက်ထက်က မြေလတ်ဒေသလို့သတ်မှတ်ခဲ့ပြီး အင်္ဂလိပ်က အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်မှာလည်း မြေလတ် နယ်လို့ပဲ ဆက် သုံးပါတယ်။ မြေလတ် ဒေသမှာ သာမိုင်းခမ်း၊ ပင်လောင်း၊ ပင်းဒယ၊ ပွေးလှ၊ ကျုံး နဲ့ ရွာငံ အပါ အဝင် ငွေခွန်မှူး အုပ်ချုပ်တဲ့ နယ် ၁၆ နယ်ရှိပါတယ်။
တစ်ချို့ စာအုပ်တွေမှာ “ မြေလပ်နယ်” လို့ ရေးတာလည်း တွေ့ပါတယ်။ ဘားမားဂေဇက် (အထက် မြန်မာပြည် နှင့် ရှမ်းပြည်နယ်) အပိုင်း နှစ် ၊အတွဲ နှစ် ( ၁၉ ၀၁) မှာတော့ Mye-Lat ကို မြန်မာဘာသာနဲ့ မြေလတ် သို့ မဟုတ် မြေလပ်လို့ ရေးကြတယ်၊ ဒါပေမယ့် “မြေလတ်” ဆိုတာက အလယ်မှာ ရှိတဲ့ နယ်မြေ ကို ခေါ်တာ၊ “မြေလပ်”ဆိုတာက ပိုင်ဆိုင်သူမရှိတဲ့ မြေကွက်လပ်ကို ခေါ်တာ၊ ဒါ့ကြောင့် “မြေလတ်” အခေါ်က ပိုမှန်မယ် လို့ ရေးထားတယ်။ ဆရာကြီး ဒေါက်တာ သန်းထွန်းကလည်း အဲဒီအဆိုကို ဆက်ကိုးကားပြီး သူ့စာတွေမှာ “မြေလတ်”လို့ပဲ သုံးပါတယ်။
ကုန်းဘောင်မင်းဆက်လက်ထက်မှာ မြေလတ်ဒေသကို မိုးနဲ မှာ ဘုရင်ကိုယ်စား ရုံးထိုင်တဲ့ မိုးနဲ ဗိုလ်မှူး က အုပ် ချုပ် တယ်။ ၁၈၅၇ ခုနှစ်နောက်ပိုင်းမှာတော့ မြေလတ်ဝန်ဆိုတာ သီးခြား ခန့်ထား တယ်။ မိုးနဲ ဗိုလ်မှူးက မန္တလေးနေပြည်တော်က လွှတ်တော်နဲ့ တိုက်ရိုက်ဆက်ဆံသလို မြေ လတ် ဝန်ကလည်း တိုက်ရိုက်ဆက်ဆံတယ်။ မြေလတ်ဝန်က အင်းတိန် မှာရုံးထိုင်တယ်။ ( အင်းတိန် က ဘုရားတွေဟာ အဲဒီ အချိန်ကာလက များတည်ခဲ့သလားဆိုတာ စဉ်းစားစရာပါပဲ )
အဲဒီအချိန်က မိုးနဲ ဗိုလ်မှူး တို့ ၊ မြေလတ်ဝန်တို့ဆိုတာက ဒေသခံစော်ဘွား၊ မြို့စား၊ ငွေခွန်မှူး တွေ ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်မပါဘူး။ ပြည်ပကကျူးကျော်မလာအောင်ကာကွယ်ဖို့ ၊ စော်ဘွား တွေအချင်းချင်း အငြင်းပွားရင် ဝင်ရောက်ဖြေရှင်းဖို့ပဲ တာဝန်ရှိတယ်။ ဘုရင့်ဆီကို ပေးရ မယ့်အခွန် မှန်မှန်ပေးအောင်ကြီးကြပ်ရတယ်။ရာဇဝတ်မှုတွေကိုစော်ဘွားစီရင်ပိုင်ခွင့်နဲ့ မိုးနဲ ဗိုလ်မှူး၊ မြေလတ် ဝန်တို့ စီရင်ခွင့်ဆိုပြီး ခွဲခြားထားတယ်။ စော်ဘွား၊ ငွေခွန်မှူး ခန့်အပ်တာကို မင်းနေပြည်တော် မှာ ရှိတဲ့လွှတ်တော်က အတည်ပြုပေးရတယ်။အခုခေတ် နိုင်ငံရေးအယူအဆနဲ့ ဆိုရင်တော့ ဖက်ဒရယ် ပုံစံတစ်ခုပေါ့။
သာမိုင်းခမ်းမြို့ သမိုင်းကလည်း မြန်မာနိုင်ငံက ဒေသတစ်ချို့လိုပဲ ပုဂံခေတ် ဆက် စပ်နေပြန်တယ်။ ဘားမားဂေဇက် ( အထက်မြန်မာပြည် နှင့် ရှမ်းပြည်နယ်) အပိုင်း နှစ် အတွဲ တစ် မှာ သာမိုင်းခမ်း မြို့သမိုင်းနဲ့ပတ်သက်ပြီး ၁၁၃၈ ခုနှစ်မှာ ဟံသာဝတီတောင်ပိုင်းက မိသားစု တစ်ရာလောက် ဟာ စစ်မက်ဘေး၊ ငတ်မွတ်ခေါင်းပါးမှု ဘေး တွေကြောင့် မြောက်ဘက်ကို ဦးတည် ထွက်ခွာ လာ ပြီး သာမိုင်းခမ်းဒေသမှာ အခြေချ နေ ထိုင်တယ်။ သူတို့ ခေါင်းဆောင်က မောင်ထွန်းချီ ဖြစ်တယ်၊ ၁၁၉၃ခုနှစ်မှာပုဂံဘုရင်နရပတိစည်သူ က ဖောင်စကြာနဲ့ တိုင်းခန်းလှည့် ရင်း အင်းလေး ကို ရောက် လာတယ်၊ ဘုရင်ရောက်နေတယ်ကြားတော့ မောင်ထွန်းချီ ကလည်း အခစားဝင်ပြီး အခွန် တော် ဆက်သတယ်။ဘုရင်ကမောင်ထွန်းချီ အခြေချနေထိုင်တဲ့နေရာက သာယာလှပတဲ့အတွက် သာမှိုင်း ခမ်းလို့အမည်ပေးခဲ့တယ်လို့ဖော်ပြထားတယ်။ဆက်ပြီးတော့ဒီအချက်အလက်တွေကို သက်သေခံ မယ့် အထောက် အထားတွေတော့မရှိဘူး လို့လည်း မှတ်ချက်ရေး ထားတယ်။
သမိုင်းမှတ်တမ်းအထောက်အထားအနေနဲ့ ပထမဆုံးအခိုင်အမာတွေ့ရတဲ့အထောက်အထား က တော့ ၁၇၂၄ ခုနှစ် မှာ သာမိုင်းခမ်း ငွေခွန်မှူး ဦးလှငြိမ်းက အင်းဝဘုရင်ကို နှစ်စဉ်အခွန်တော်ငွေ ဆက်သတဲ့ မှတ်တမ်းဖြစ်ပါတယ်။ ၁၇၂၄ ခုနှစ် ဆိုတော့ အင်းဝခေတ် တနင်္ဂနွေမင်း ( ၁၇၁၄ – ၁၇၃၃ ) လက်ထက်ဖြစ်ပါတယ်။
သာမိုင်းခမ်းနယ်ရဲ့ အကျယ်အဝန်းက ဘားမားဂေဇက် (၁၉ ၀၁) မှတ်တမ်းအရ ၂၉ ၆.၆ စတုရန်း မိုင်ရှိပြီး မြေလတ်ဒေသမှာ တတိယမြောက်အကျယ်ဝန်းဆုံးနယ်ဖြစ်တယ်၊ သာမိုင်ခမ်း နယ်မြေ ဟာ မြောက်ဘက်မှာ ကျုံးနဲ့ ပွေးလှငွေခွန်မှူးနယ်၊ အရှေ့ဘက်မှာ ညောင်ရွှေစော်ဘွားနယ်၊ တောင် ဘက်မှာ ညောင်ရွှေစော်ဘွားနယ်၊ လွယ်အယ် နဲ့လွယ်မော ငွေခွန်မှူးနယ်၊ အနောက်ဘက်မှာ ရမည်းသင်းနဲ့ မိတ္ထီလာခရိုင် ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ၁၉ ၀၁ စာရင်းအရ သာမိုင်းခမ်းနယ် ထဲမှာ မြင်းဒိုက်၊မြင်းမထိ၊ လမိုင်း ရွာတွေ အပါအဝင် ၁၉ ရွာရှိတယ်။ ၁၈၉ ၇ ခုနှစ် သန်းခေါင် စာရင်း အရ သာမိုင်းခမ်းနယ်မှာ တောင်ရိုး ၅၀၁၇ ဦး၊ တောင်သူ ၄၄၈၃ ဦး၊ ဓနု ၁၁၂၆ ဦး၊ ထရဲ(Dayeဲ) ၅၃၄ ဦး၊ ထနော(Danaw) ၄၈၆ ဦး၊ ရှမ်း ၁၅၃ ဦး၊ အင်းသား ၁၁၆ ဦး၊ ပလာင် ၁၀၄ ဦးနဲ့ ဗမာ ၆၂ ဦး၊ စုစုပေါင်း ၁၂၀၈၁ ဦးရှိတယ်။
မြန်မာဘုရင်တွေခေတ်မှာရော၊ ကိုလိုနီခေတ်မှာပါ မြေလတ်နယ် အုပ်ချုပ်သူတွေကို ငွေခွန်မှူး လို့ ခေါ်တယ်။ မြန်မာဘုရင်ခေတ်က ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှာ သူကြီး ( ဟိန်/ထမုံ/ကျော့)၊ ငွေခွန်မှူး/ ရွှေခွန်မှူး၊ မြို့စား၊ စော်ဘွား ဆိုပြီး အဆင့်ဆင့်ထားရှိတယ်။ ငွေခွန်မှူးတွေက မြို့စား၊ စော်ဘွား တွေထက် ရာထူးအဆင့်နိမ့်ပေမယ့် စော်ဘွားလက်အောက်ခံမဟုတ်ဘူး။ ဘုရင့် နေပြည် တော်နဲ့ တိုက်ရိုက်ဆက်ဆံရတယ်၊ အခွန် ပဏ္ဍာဆက်သရတယ်။ တရားဝင်အခေါ်အဝေါ်အရ ငွေခွန်မှူးဆိုပေမယ့် ဒေသခံ တွေကတော့ သူတို့ကို အုပ်ချုပ်သူကို စော်ဘွားလို့ပဲ ခေါ်ပါတယ်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မှာ မန္တလေးကို သိမ်းပိုက်ပြီးတော့ အင်္ဂလိပ်တွေက ၁၈၈၆ ခုနှစ်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ၁၈၈၇ ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်းကို ချီတက်ပြီး သူတို့ အာဏာစက်ကို ထူထောင်နိုင်ဖို့ ဆောင်ရွက်တယ်။ မှတ်တမ်းများအရ ရှမ်းပြည်တောင်ပိုင်းကို သာ စည်နယ် လှိုင်းတက် ကနေ ၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ စတင်ချီတက်တယ်။ လင်းပင် မင်းသားဦးဆောင်ပြီး မိုးနဲ၊ ရပ်စောက်၊ မိုင်းပွန်၊ ကျိုင်းတုံစော်ဘွားနဲ့ မြေလတ်ဒေသ ငွေခွန်မှူး အချို့ ပါဝင်တဲ့ တပ်ဖွဲ့တွေရဲ့ ခုခံမှုတချို့နဲ့ ကြုံရတယ်။ တချို့စော်ဘွားတွေ၊ ငွေခွန်မှူးတွေက တော့ ခုခံမှု မရှိဘူး။ ၁၈၉ ၀ ပြည့်နှစ်ရောက်တော့ ကျိုင်းတုံနယ်ကို ထိန်းချုပ်နိုင်ပြီးတဲ့နောက် ရှမ်းပြည်နယ် တစ်ခုလုံး အင်္ဂလိပ်လက်အောက်ရောက်သွားတယ်။
အင်္ဂလိပ်က ရှမ်းပြည်နယ်ကို တောင်ပိုင်း၊ မြောက်ပိုင်းခွဲပြီး အရေးပိုင်နှစ်ယောက်ထားပြီး အုပ်ချုပ် တယ်။ ရှမ်းပြည်တောင်ပိုင်း အရေးပိုင်က တောင်ကြီးမှာ ရုံးစိုက်တယ်။ သူက တောင်ပိုင်း အတွက် တာဝန်ယူရသလို ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ တိုင်းမင်းကြီးတာဝန်ကိုလည်း ယူရတယ်။ ရှမ်းပြည် မြောက်ပိုင်း အရေးပိုင်က လားရှိုးမှာ ရုံးစိုက်တယ်။ ရှမ်းပြည်တောင်ပိုင်းအရေးပိုင်အောက်မှာ အလယ်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့တောင်ပိုင်း နဲ့ ကျိုင်းတုံဆိုပြီး ဝန်ထောက် ရုံးတွေထားပြီးအုပ်ချုပ်တယ်။
အနောက်ပိုင်းဆိုင်ရာ ဝန်ထောက်ရုံးကို သာမိုင်းခမ်းမှာ အခြေစိုက်ပြီး သာမိုင်းခမ်း၊ ဘော်နင်း၊ ကျုံး၊ ပင်မှီ၊ ပွေးလှ၊ ပင်းဒယ၊ ရွာငံ၊ ဘော်၊ လွယ်လုံ ဆိုတဲ့ငွေခွန်မှူးနယ်တွေကို အုပ်ချုပ်တယ်။ ဒါ့ကြောင့်သာမိုင်းခမ်းနယ်ဆိုတာ အင်္ဂလိပ်ကိုလိုနီခေတ်မှာလည်း အရေးပါတဲ့ နယ်မြေပါ။ ဒီ နေ့ ထင်ရှား ကျော်ကြားနေတဲ့ ကလော နဲ့ အောင်ပန်းမြို့ ဆိုတာ သာမိုင်းခမ်းငွေခွန်မှူးရဲ့ အုပ်ချုပ် မှု နယ်မြေထဲ ကနေရာတွေဖြစ်ပြီး ကိုလိုနီခေတ်ဦးပိုင်းမှသာ မြို့အဖြစ်နဲ့ ပေါ်ပေါက်လာခဲ့တာ ဖြစ် ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ သာမိုင်းခမ်းဟာ ကလောမြို့နယ် ထဲက ရွာတစ်ရွာ အဆင့်ပဲ ရှိပါ တော့တယ်။ စော်ဘွားရုံးစိုက်ရာ သာမိုင်းခမ်းဟာ ဘယ်လို အကြောင်းတွေကြောင့် အိမ်နိမ့်စံ ဘ၀ ရောက်သွားရတာလဲ။ ခရီးသွားဘလော့ဂ်ဂါ တစ်ချို့ရေးသလို ကျိန်စာသင့်တဲ့ မြို့ဖြစ်နေ တာလား။ ဒါကို အဖြေရှာနိုင်ဖို့အတွက် သာမိုင်းခမ်းကို ခရီးထွက်ခဲ့ ပါတယ်။
ဆက်လက်ဖော်ပြပါ့မယ်။
Absolutely Fascinating .
LikeLike