သာမိုင်းခမ်း (၃)

အဖွားဒေါ်အေးတီ က လက်ရှိ သာမိုင်းခမ်းနေရာက ဒုတိယနေရာ၊ ပထမ သာမိုင်းခမ်းက မွေတော် ဘုရားကုန်းတောင်ဘက်မှာလို့ ပြောတယ်။ လက်ရှိနေရာကို ဘယ်အချိန်က ရွှေ့လာခဲ့သလဲဆိုတာ တော့ သူမသိဘူး။ မင်းလမ်းမ တောင်ဘက် က ဟော်နေရာ၊ မြောက် ဘက်အကွက်မှာ စော်ဘွားရဲ့ ကျန်တဲ့ ဇနီးတွေ၊မောင်းမတွေအတွက်အိမ်တွေဆောက်ထားတယ်။အခုဒေါ်အေးတီ တို့နေတဲ့ မြေကွက် က ဒုတိယဇနီးအိမ်ရှိခဲ့တဲ့နေရာလို့ ဆိုတယ်။

လက်ရှိ သာမိုင်းခမ်းရွာရဲ့ ဟော်ကုန်းလမ်းက စော်ဘွားကြီးဟော်ခြံဝင်းအဆုံးပဲ။ အခု မင်းလမ်းမ လို့ ခေါ်နေတဲ့လမ်းကို စော်ဘွားကြီးရှိချိန်က မင်္ဂလာလမ်းမ အဖြစ် သတ်မှတ်ထားတယ်။ အဲဒီလမ်း ကို မင်္ဂလာမရှိတဲ့ အရာတွေမဖြတ်ရဘူး။ ရွာတောင်ဘက်မှာ နာရေးရှိရင် ရွာပြင်က ပတ်ပြီး သုသာန် ကို သွားရတယ်။ ရွာမြောက်ဘက်က လည်း ဒီအတိုင်းပဲ။

ရွာအဝင်မှာတွေ့ရတဲ့ မြင်းပြိုင်လမ်းဆိုတာက စော်ဘွားကြီးရှိချိန်က မြင်းပြိုင်ပွဲတွေလုပ်တဲ့လမ်း ဖြစ် ပါတယ်။ အရင်က မြင်းပြိုင်ကွင်းလမ်းဆိုတာက အကျယ်ကြီး၊အခု အိမ်တွေရှေ့တိုးဆောက်လိုက် တဲ့အတွက် ကျဉ်းကျဉ်းလေးပဲကျန်တော့တာ၊ အခု အိမ်တွေနောက်ဘက်မှာ မြင်းပြိုင်လမ်း ကို သတ်မှတ်ထားတဲ့ မြေသားတံတိုင်းနေရာတွေတွေ့နိုင်သေးတယ်။

သာမိုင်းခမ်းစော်ဘွားမင်းမောင်ဖိုး လက်ထက်မှာ သာမိုင်ခမ်း စည်ကားတိုးတက်လာတာဟာ အင်္ဂ လိပ် အုပ်ချုပ်ရေး ယန္တရားအပြောင်းအလဲက အဓိက အခန်းက ပါတယ်။ ၁၈၈၇ ခုနှစ် ရှမ်းပြည် တောင်ပိုင်းကို ချီတက်လာတဲ့ အင်္ဂလိပ် စစ်ကြောင်းကို ခေါင်းဆောင်တာက ဗိုလ်မှူးကြီး စတက် မန်း ( Col. Stedman)၊ နိုင်ငံရေးအရာရှိက ဟီလ်ဒါဘရန် ( A-H Hilderbrand ) ဖြစ်ပြီး သူ့ လက် ထောက်က ဂျော့ စကော့( Gorge Scott ) ဖြစ်ပါတယ။် ဂျော့စကော့ ဆိုတာက နောင်မှာ ဆာဘွဲ့ ရခဲ့တဲ့ ဆာဂျိမ်းဂျော့စကော့ ဖြစ်ပြီး နာမည်ကျော် Burman စာအုပ်ကို ရေးသား ပြုစုခဲ့တဲ့ စာရေး ဆရာ ရွှေရိုး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ အင်္ဂလိပ် အုပ်ချုပ်ရေးအာဏာ ထူထောင် တဲ့အခါ ဆာဂျော့ စကော့က အရေးပါတဲ့အခန်းက ပါဝင်ခဲ့တယ်။ သူဟာ မြန်မာရော ရှမ်းစကား ပါပြောနိုင်ပြီး လူသူအရောက် အပေါက်နည်းတဲ့ ၀ ဒေသ အပါအဝင် ရှမ်းပြည်နယ် တစ်ခု လုံးကို လှည့်လည် သွားရောက်ရင်း စော်ဘွား တွေ၊ ငွေခွန်မှူးတွေကို စည်းရုံးခဲ့တယ်။ သူတို့နဲ့ ပုဂ္ဂိုလ်ရေး ခင်မင် ရင်းနှီးမှု ရအောင်တည်ဆောက် ခဲ့တယ်။ အင်္ဂလိပ်ကို ခုခံ နေတဲ့လင်းပင်မင်းသား ကို ကိုယ်တိုင် တွေ့ဆုံစည်းရုံးပြီးလက်နက်ချအောင်လုပ်ခဲ့တာလည်း သူပါ ပဲ။ နောင်မှာ သာမိုင်း ခမ်း စော်ဘွား မင်းမောင်ဖိုးကို ကယ်တင်ပေးခဲ့လည်း သူပါပဲ။

အင်္ဂလိပ်တွေက ညောင်ရွှေကို သိမ်းပြီးတော့ အင်းလေး ကန် မိုင်းသောက်ဒေသမှာ ဗိုလ်မှူးကြီး စတက် မန်း ( Col. Stedman) ကို ဂုဏ်ပြုတဲ့အနေနဲ့ စတက်မန် ခံတပ် ( Fort Stedman) ကို တည်ဆောက်အခြေပြုပြီး အဲဒီကနေ ရှမ်းပြည်နယ်တောင်ပိုင်းသိမ်းပိုက်ရေးကို ဆက်လုပ်တယ်။ ၁၈၉ ၀ ပြည့်နှစ်ရောက်တော့ ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကို သိမ်းသွင်းလိုက်နိုင်ပြီးဖြစ် တဲ့အတွက် အရေးပိုင်နဲ့ ဝန်ထောက်တွေ ခန့်ထားပြီး အုပ်ချုပ်တယ်။

အဲဒီအချိန်က အနောက်ပိုင်းဆိုင်ရာဝန်ထောက်ရုံးက သာမိုင်းခမ်းမှာ အခြေစိုက်ပြီး ရုံးနေရာက အခု တောင်ကြီးကားလမ်းတောင်ဘက်ကျောက်နွားတောင်အနားမှာရှိတယ်။အင်္ဂလိပ်ဝန်ထောက် ရုံး ရှိ တဲ့အတွက် သူ့အုပ်ချုပ်မှုအောက် မှာ ရှိတဲ့ ပင်းတယ၊ ရွာငံ၊ ပွေးလှ၊ ပင်မှီ၊ ဘော်နင်း၊ ကျုံး၊ ဘော်၊ လွယ်လုံ နယ်မြေတွေက ငွေခွန်မှူးတွေ၊ ကုန်သည် တွေ၊ အရပ်သူအရပ်သားတွေက ရုံးကိစ္စနဲ့ သာမိုင်ခမ်းကို လာရတယ်။ အရင်လို ကိုယ့်နယ်မြေ နဲ့ကိုယ် သီးခြားနေလို့မရတော့ဘူး။ ဒါ့ကြောင့် သာမိုင်းခမ်းက အုပ်ချုပ် ရေး ဗဟိုချက်တစ်ခုဖြစ်လာတယ်။ အဲဒီအချိန်က ကလောကရွာအဆင့်ပဲ။ တောင်ကြီးမြို့ဆိုတာ မပေါ်သေး ဘူး။

သာမိုင်း ခမ်းစော်ဘွား မင်းမောင်ဖိုးကလည်း သူ့ရုံးကို အခု တောင်ကြီးကားလမ်းမြောက်ဘက် အင်္ဂလိပ်ဝန်ထောက် ရုံး နဲ့မလှမ်းမကမ်းမှာ ဖွင့်တယ်။ အဲဒီနေရာကို ရုံးကုန်းလို့ခေါ်တယ်။ သာမိုင်း ခမ်း စော်ဘွား ဟော်ကို အောင်ပန်း ပြောင်းလိုက်တော့ အဲဒီရုံးကို ဇရပ်အဖြစ် ပြောင်းလိုက်ပြီး ကိုးခန်းဇရပ်လို့ ခေါ် ကြတယ်။ နောင် တော့ မီးလောင်ပျက်စီးသွားတယ်။

နောက်တစ်ခါ လမ်းပန်းဆက်သွယ်ရေးအရလည်း အင်္ဂလိပ်တွေက ၁၈၈၉ ခုနှစ်မှာ ရန်ကုန် – မန္တ လေးရထားလမ်းကို ဖောက်လုပ်လိုက်တော့ သာစည်ဘူတာက ရှမ်းပြည်နယ်ကုန်သွယ်ရေး အတွက် တံခါးပေါက်ဖြစ်လာတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက သာစည်ဘူတာကို ဆင်းရင် သာမိုင်း ခမ်း နယ်မြေ ကလော၊ မကွေ တို့ကို ဖြတ်ပြီး လှည်းတွေ၊ ဝန်တင်နွားတွေနဲ့ ဆင်းရတော့ သာမိုင်းခမ်းက ကုန်သွယ်ရေးအရလည်းအရေးပါလာတယ်။ ကလောမြို့နေရာက ကုန်သည် တွေ အတွက် တစ်ထောက်နားစခန်းဖြစ်လာတယ်။

သာမိုင်းခမ်းစော်ဘွား မင်းမောင်ဖိုးကလည်း ခေတ်မီတဲ့သူပဲ။ သူကိုယ်တိုင် သာစည်အထိ ဆင်းပြီး ရထားနဲ့ ရန်ကုန်သွား၊ ရွှေတိဂုံဘုရားဖူး၊ အိန္ဒိယဘုရင်ခံကိုယ်စား မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ မဟာ ဝန်ရှင်တော်မင်းကြီးကိုလည်းတွေ့ဆုံဂါရဝပြုခဲ့သေးတယ်။ သူ့အုပ်ချုပ်ရေးရုံးမှာလည်း အင်္ဂလိပ်အစိုးရနဲ့ ဆက်ဆံရေးအဆင်ပြေအောင် အင်္ဂလိပ်စာတတ်တဲ့ တောင်ငူဇာတိ မောင်ရန် ကို စာရေးကြီးအဖြစ်ခန့်ထားခဲ့ တယ်။ ဒေသခံတွေက စာရေးကြီးမောင်ရန် ကို “စာရေးရန်”လို့ခေါ်သ တဲ့။

အဲဒီအချိန်က အင်္ဂလိပ်ဝန်ထောက်က မင်းစုံပွဲ လုပ်ရင် အခု ညောင်ပင်တန်းတွေနားက ကွင်းပြင် ကြီးမှာလုပ်တယ်။ မင်းစုံပွဲ ဆိုတာက ဒါဘာ ( Durbar)ကို ပြောတာပါ။ ဒါဘာ ရဲ့ မူရင်းက ပါရှန် စကားဖြစ်ပြီး ဘုရင့်ညီလာခံလို့ အနက်ရတယ်။ မဂိုဘုရင် တွေလက်ထက် အိန္ဒိယ နိုင်ငံ မှာ တော့ ဘုရင်တွေကို လက်အောက်ခံ နယ်စား၊မြို့စား တွေက အခစားဝင်တဲ့ အခမ်းအနားတွေကို ဒါဘာ လို့ခေါ်တယ်။ အင်္ဂလိပ်ကအိန္ဒိယကို သိမ်းပြီးတော့ အဲဒီ အစဉ် အလာကို ဆက်သုံးတယ်။ မြန်မာ နိုင်ငံကို သိမ်းပြီးတော့လည်း အဲဒီ အစဉ်အလာကို ဆက်ယူ လာတယ်။ မြန်မာ အဘိဓာန် မှာတော့ ဒါဘာ ကို မင်းပွဲသဘင် လို့ အနက်ဖွင့်ထားတယ်။

မင်းစုံပွဲရှိလို့ရှိရင် အနောက်ပိုင်းဝန်ထောက်နယ်မြေအတွင်းမှာ ရှိတဲ့ ငွေခွန်မှူးတွေအကုန်လာရ တယ်။ သာမိုင်းခမ်းစော်ဘွားက တည်းခိုဖို့ တဲတန်းကြီးတွေဆောက်ပေးတယ်။ ညဘက် ပွဲကြည့် ဖို့ မဏ္ဍပ်ကြီးတွေထိုးပေးတယ်။ အားကစားပွဲတွေ၊မြင်းပြိုင်ပွဲတွေလုပ်ပေးတယ်။ သံဃာငါးရာ ဆွမ်း လောင်းပွဲတွေလုပ်ရင်လည်း အဲဒီ ကွင်းပြင်မှာပဲလုပ်တယ်။

အခု ရွာအဝင်မှာ တွေ့ရတဲ့ ညောင်ပင်တန်းတွေက စော်ဘွားမင်းမောင်ဖိုး လက်ထက်မှာ စိုက်ခဲ့ တာ တွေ၊ သူ့လက်အောက်က ရွာတွေကို ငါးအိမ်တစ်ပင်၊ ဆယ်အိမ်တစ်ပင် စသည်ဖြင့် ခွဲတမ်းချပြီး စိုက်ခိုင်းပြီးတာဝန်ကျတဲ့သူက သေရင် ပြန်အစားထိုးစိုက်ရတယ်၊ အရင်က ဒီထက်အပင်တွေများ တယ်လို့ ဒေါ်အေးတီက ပြောပြတယ်။

အဲဒီအချိန်ကာလကတော့ သာမိုင်းခမ်း ရွှေခေတ်လို့ ဆိုရမှပဲ။ သာမိုင်းခမ်းစော်ဘွားအောက် မှာ ကျေးရွာအုပ်စု ၂၁ အုပ်စုရှိတယ်။ အင်္ဂလိပ်အစိုးရက မင်းမောင်ဖိုးကို ငွေခွန်မှူးအဆင့်ကနေ မြို့စား အဆင့်တိုးပေးတယ်။ ( ၁၉ ၄၆ ခုနှစ်မှာ စော်ဘွားအဆင့်ရတယ်။ ) စော်ဘွားမင်းမောင်ဖိုးက သာမိုင်းခမ်းကို မြို့မ၊ ရုံးကုန်း၊ ဈေးကုန်း၊ တပ်ကုန်း ဆိုပြီး သေသေ ချာ ချာတည်ဆောက်ခဲ့တယ်၊ အဲဒီအချိန်က သာမိုင်းခမ်းမှာ ဘုန်းကြီးကျောင်းတောင် လေးကျောင်းရှိ ခဲ့တယ်။ ( အခုတော့ တစ်ကျောင်းပဲကျန်တော့တယ်)။ တစ်ချိန်က သာမိုင်းခမ်းဈေးနေ့ကလည်း ထင်ရှားတဲ့ ဈေးနေ့ ဖြစ်ခဲ့တယ်။ ပွေးလှ၊ ဘော်နင်း၊ သာမိုင်း ခမ်း၊ ဟဲဟိုး၊ အင်းတိန် ၊ ကျုံး ဈေးနေ့ တွေက အဓိက ဈေးနေ့တွေပေါ့။ အဲဒီအချိန်က ကလော၊ အောင်ပန်းဈေးနေ့တွေ မရှိ သေးဘူး။ အခုတော့ သာမိုင်း ခမ်းဈေးလည်း မရှိတော့ဘူး။ သာမိုင်းခမ်း ဈေးနေ့ဆိုတာလည်း နောက်လူတွေ မသိတော့ဘူး။ အဖွားဒေါ်အေးတီတို့ကတော့ သာမိုင်းခမ်းဈေးနေ့ကို ကိုယ့်ဘာသာ ကိုယ်မှတ်ထား ပြီး အရင် ထုံးစံ အတိုင်း ဈေးနေ့မှာ ငွေမချေးဘူး၊ စပါးတိုးမပေးဘူး၊ အကြွေးမပေး ဘူးတဲ့။ အဖွား ဒေါ်အေးတီ တို့မရှိတော့ဘူးဆိုရင်တော့ အဲဒီဓလေ့ထုံးစံလည်း ပျောက်ကွယ်သွား တော့မှာ ပါ။

သာမိုင်းခမ်း ရွှေခေတ်ဖြစ်နေချိန်မှာပဲ အင်္ဂလိပ်အစိုးရက လမ်းပန်းဆက်သွယ်ရေးနဲ့ အုပ်ချုပ်ရေး ယန္တရားကို တိုးချဲ့လာတယ်။ ၁၈၉ ၄ ခုနှစ်မှာ အင်္ဂလိပ်တွေက တောင်ကြီးမြို့ကို တည်ထောင်ပြီး အရေးပိုင်ရုံးကို စတက်မန် ခံတပ်ကနေ တောင်ကြီးကို ရွှေ့ တယ်။ သာစည်-တောင်ကြီး လမ်း ဖောက်တယ်။ သာစည် – ရွှေညောင်ရထားလမ်းက ၁၉ ၀၉ ခုနှစ် မှ စတင်ပြီး ၁၉ ၁၅ ခုနှစ် ဖေဖော် ဝါရီလ ၁၅ ရက်နေ့မှာ အောင်ပန်းအထိ ရထားလမ်းပေါက်တယ်။

ရထားလမ်းဖောက်လုပ်မှုနဲ့ အတူ ကလောမြို့တည်ဆောက်ရေးလုပ်ငန်းကိုလည်း အင်္ဂလိပ် အစိုး ရ က စီစဉ်ဆောင်ရွက်လာတယ်။ အင်္ဂလိပ်တွေက ကလောကို တောင်ကြီး၊ လားရှိုး၊ လွယ်မွေ၊ လွယ် လင် တို့လို အင်္ဂလိပ်တွေ တိုက်ရိုက်အုပ်ချုပ်တဲ့ သီးသန့်နယ်မြေ ( Notified Area ) အဖြစ် တည် ဆောက်နိုင်ဖို့ သာမိုင်းခမ်းစော်ဘွားနဲ့ ညှိနှိုင်းတယ်။ ၁၉ ၁၁ နိုဝင်ဘာလမှာ သာမိုင်ခမ်းစော်ဘွား လွှဲပြောင်းပေးတဲ့ နယ် မြေနဲ့ရမည်းသင်းခရိုင်ထဲက နယ်မြေတစ်ချို့ကို ပေါင်းပြီး ကလောမြို့ အဖြစ် တည်ထောင်ဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်။ ကလောမြို့တည်ထောင်ပြီးတဲ့အခါ သာမိုင်းခမ်းမှာ ရုံးထိုင် တဲ့ အနောက်ပိုင်း ဝန်ထောက်ရုံးကို ကလောမြို့ကို ရွှေ့ပြောင်းလိုက်တယ်။

အင်္ဂလိပ်အစိုးရက ရထားလမ်း၊ ကားလမ်းတွေတိုးချဲ့ဖောက်လုပ်လာတာနဲ့ ကလောမြို့ပေါ်ပေါက် လာတာဟာ သာမိုင်းခမ်း အရောင်မှိန်လာတဲ့ ဇာတ်လမ်းအစ လို့ ပြောလို့ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: