သံလွင်ဆည်းဆာ

ဘားအံရောက် ဧည့်သည့်အတော်များများက ဘားအံနေဝင်ဆည်းဆာကို ကြာအင်းတောင်ပေါ် က နေ ဓာတ်ပုံရိုက်တာများပါတယ်။ ဒါပေမယ့် သံလွင်မြစ်ကမ်း သောင်ပြင်ကနေ ရိုက်ရင်လည်း မတူ ကွဲပြားခြားနားတဲ့ နေဝင်ဆည်းဆာအလှကို မြင်ရပါတယ်။

ဇွဲကပင် ခရီးစဉ် (၆)

ဇွဲကပင်တောင်ကို အောင်အောင်မြင်မြင် တက်ပြီးတက်အချိန်မှာ ဘားအံခရီးစဉ် ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် နောက်နေ့ပြန်ဖို့ စီစဉ်တယ်။ တောင်ပေါ်က ဆင်းလာတဲ့နေ့ကိုတော့ ပေါ့ပေါ့ ပါးပါး ပဲဖြတ်သန်းလိုက်တယ်။ ဟိုတယ်မှာနားတယ်၊ ညနေစောင်း သံလွင်မြစ်ကမ်းခြေကို ဆင်းပြီး နေ ဝင် ဆည်းဆာချိန် ဓာတ်ပုံရိုက်တယ်။ ညစာကိုတော့ မြို့ခံမိတ်ဆွေတစ်ယောက်က ကျွေးတယ်။

ရန်ကုန်အပြန်အတွက် ကားလက်မှတ်ဝယ်တဲ့အခါ မြဝတီက ထွက်တဲ့ နာမည်ကြီးကားလိုင်း တွေ ရှိပေမယ့် ဘားအံကို မနက် ၁၁ နာရီမှရောက်တဲ့အတွက် ညောင်ခါးရှည်မှာ ကြာနေရင် ရန်ကုန် ဝင် ချိန် နောက်ကျနိုင်လို့ ဘားအံက ထွက်တဲ့ ကားကိုပဲဝယ်လိုက်တယ်။ တစ်ယောက် တစ်သောင်း နှစ် ထောင်၊ အလာတုန်းကထက်သက်သာတယ်။

ကားကို ဟိုတယ်ရှေ့ကပဲစောင့်စီးတယ်။ ကားရောက်လာလို့ ပစ္စည်းတင်မယ်ဆိုတော့ ပုံမှန် ပစ္စည်း တင်တဲ့နေရာမှာ ထည့်လို့မရတော့ဘူး။ အဲဒီနေရာမှာ အောက်ကုန် လို့ ခေါ်တဲ့ တန်ဆာပစ္စည်း တွေ ပြည့်နေပြီ။ ယာဉ်ပေါ်လိုက်ဝန်ထမ်းက ကျွန်တော်တို့ သေတ္တာတွေကို ကားအပေါ်ကို ယူသွား ပြီး နေရာချပေးတယ်။ ကားရဲ့ နောက်ဆုံးခုံ နှစ်တန်းမှာလည်း ပစ္စည်းတွေ အပြည့်၊ အွန်လိုင်း က ဝယ်ချိန်မှာ ရောင်းထားပြီးပြီ လို့ ပြထားတဲ့ A 1 , B 1 ခုံတွေမှာလည်း လူမရှိဘူး။ ခရီးသည်တွေ ရဲ့ လက်ဆွဲအိတ်တွေ က နေရာယူထားတယ်။

ကားကတော့2Plus 1 VIPကားပဲ။ ဒါပေမဲ့ ဒီကားလိုင်းဝန်ထမ်းတွေကတော့ တူညီဝတ်စုံတွေမရှိဘူး။ ယာဉ်ပေါ်လိုက်ဝန်ထမ်းလေးက ပုဆိုးတိုတို နဲ့ အင်ဂျင်ဝိုင်ကြော်ငြာ တီရှပ်ကို ဝတ်ထား တယ်။ သေတ္တာတွေကို ဖြတ်ပိုင်းလေးချိတ်၊ လက်ခံဖြတ်ပိုင်း ခရီးသည်ကို ပြန်ပေးတာမျိုး တွေ ဘာတွေ လည်း လုပ်မနေဘူး။ ဦးလေးတို့ သေတ္တာ တွေကို ကျွန်တော် မှတ်မိပါတယ်လို့ ပြောပြီး ယူသွား တယ်။ ကားခသက်သာတော့ ဝန်ဆောင်မှုလည်း လျော့တာပေ့ါ။ ဒီကားစီးရတာ ခုံတွေကြားမှာ ကုန် တွေ၊ခြေထောက်ဆန့်မရတဲ့ထိုင်ခုံတွေနဲ့ အဝေးပြေး ဟီးနိုး ဘတ်စ်ကားကြီး တွေ ခေတ်ကို ပြန် သတိရစရာပဲ။ မင်းတို့ကားကလည်း ကုန်တွေများလိုက်တာကွာလို့ ပြောတော့ ဦးလေးရယ် ဒီလမ်းမှာ ကားတိုင်း ဒီလိုပါပဲ၊ မတင် မဖြစ် လို့ပါဆိုပြီး ပြော တယ်။

ကားက ဘားအံကမ်းနားလမ်းအတိုင်းမောင်းသွားတယ်။ နှစ်နေရာမှာ ရပ်ပြီး လူတင်တယ်၊ ကုန် နည်းနည်း ထပ်တင်တယ်။ ယာဉ်ပေါ်လိုက်ဝန်ထမ်းလေးလည်း တယ်အလုပ်များတာပဲ။ ပစ္စည်းတွေ နေရာချရသလိုသံလွင်တံတားဖြတ်ဖို့အတွက်လည်းလိုအပ်တာတွေပြင်ဆင်ရတယ်။ဘားအံ တံတား ရောက်တော့ ရှေ့မှာ ကားလေးငါးစီး ရှိနေတယ်။ ဝန်ထမ်းလေးက လူငယ်တွေ ဆင်း မယ်၊ မှတ်ပုံတင်ယူသွားမယ်၊ ဖုန်းယူသွားမယ်လို့ ကြေညာလောက်တော့ ကားပေါ်က လူ သုံးပုံ နှစ်ပုံ လောက် ဆင်းသွားကြတယ်။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်က အလာမှာ အဖိုးကြီး စာရင်း ဝင်ထားပြီးဖြစ်တဲ့အတွက် မဆင်းတော့ဘူး။

အောက်မှ တန်းစီစစ်ဆေးခံရတဲ့လူငယ်လေးတွေကတော့ ဘယ်လိုနေလဲမသိဘူး၊ ကားပေါ်ကလူ တွေလည်းအစစ်ဆေးခံရတာပဲ။ရှေ့ကားတွေကိုစောင့်နေချိန်မှာပထမလုံခြုံရေးတာဝန်ကျနှစ်ဦး တက်လာတယ်။တစ်ယောက်ကနောက်ဘက်ခုံတန်းကပစ္စည်းတွေကိုသွားကြည့်တယ်၊နောက် တစ် ယောက် က လူတွေကို လိုက်ကြည့်တယ်၊ အမေနဲ့အတူကျန်နေတဲ့ ကလေးမလေးကို အသက် မေး တယ်၊ ပြီးတော့ မှတ်ပုံ တင်တောင်းကြည့်တယ်၊ သူပြောတဲ့စကားသံကို နားထောင်ရင်း တာဝန် အရ စစ်ဆေးရတာမှန်ပေမယ့် စကားသံအေးအေးလေးဆိုရင် ပိုကောင်းမှာပဲလို့တွေးမိတယ်။ ကလေးမ လေးကိုစစ်ဆေးပြီးတော့ယာဉ်ပေါ်လိုက်ဝန်ထမ်းနဲ့စကားပြောတယ်။ဘာမှန်းတော့မသိဘူး။ ဝန်ထမ်းလေး က ငါးယောက် လားလို့ မေးတယ်။ သူက ခြောက်ယောက်၊ အထဲမှာ တစ်ယောက် ရှိသေးတယ်လို့ ပြော တယ်။ ပြီးတော့ လာစစ်တဲ့ နှစ်ယောက်လုံး ကားပေါ်က ဆင်းသွားတယ်။ ဝန်ထမ်းလေးက လိုက်သွားပြီး ကားအောက်ခန်းကို ဖွင့်ပြ တယ်။ စစ်ဆေးတဲ့သူတွေ ကျေနပ် သွား ပုံရတယ်။ ဝန်ထမ်းလေးက သူတို့ကို ထုံးစံအတိုင်း နှုတ်ဆက်ပြီး ကားပေါ်ပြန်တက်လာတယ်။

အဲဒီအချိန်မှာ ကျွန်တော်တို့ ကားဖြတ်ရမယ့် အလှည့်ရောက်ပြီ၊ ဝန်ထမ်းလေးလည်း ပေးရမယ့် စာရွက်စာတမ်းတွေ ယူပြီး ဆင်းသွားတယ်။ ပြန်တက်လာပြီး ကားဆက်ထွက်တယ်။ ဂိတ်ဧရိယာ ကျော်တော့ ဆင်းလေ ျှာက်ရတဲ့သူတွေကို ပြန်တင်တယ်။ ကျန်တဲ့ စစ်ဆေးရေးဂိတ်တွေကတော့ အလာနဲ့မကွာပါဘူး။ ဝန်ထမ်းလေးပဲ အလုပ်ရှုပ်တာပါ။ ထူးခြားတာကတော့ ဒီဝန်ထမ်းလေး က ရေအကျိုးဆယ်ပါးကို ယုံကြည်ပုံမရဘူး။ ရေသန့်ဘူး လှူတာတာမတွေ့ရဘူး။ ဒါပေမယ့် ဂိတ် တစ် ခုရောက်ရင် သူကိုင်သွားရတဲ့ စာရွက်တွေကတော့ ပိုများတယ်။

သထုံအဝင် တိုးဂိတ်ရောက်တဲ့အချိန် ဝန်ထမ်းလေးက “ ကဲကဲ လေးငါးယောက်လောက် ကူညီပါ ဦး” လို့ ပြောလိုက်တော့ သဘောပေါက်ပုံရတဲ့ လူတွေ ဆင်းသွားကြတယ်။ တိုးဂိတ်ကျော်မှ ပြန် တက်လာ ကြတယ်။ အထာမပေါက်တဲ့ ကျွန်တော်က ပြန်တက်လာတဲ့ လူတစ်ယောက်ကို “ ဘာလဲဗျ” လို့ မေးတော့ သူက “ ကတ္တားချိန်မှာဖြစ်လို့ ဝိတ်လေ ျှာ့တာ” လို့ ရှင်းပြတယ်။ ရပ်ကွက် အထာတွေပေါ့ လေ။

ဒါနဲ့နောက်တစ်ဂိတ်ရောက်လို့ကူညီပါဦး လို့ပြောတဲ့အချိန်မှာ ကျွန်တော်လည်း လိုက်ဆင်း တယ်။ တိုးဂိတ်ဘေးက ဆိုင်ကယ်လမ်းအတိုင်းလေ ျှာက်သွားပြီး နည်းနည်းဝေးဝေးမှာ သွား စောင့်နေ ရတယ်။ ဂိတ်နားမှာစောင့်ရင် တာဝန်ကျဝန်ထမ်းတွေက မကြိုက်ဖူးတဲ့။ ကားရောက်လာတော့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက် အောင့်ထားလို့ မရတဲ့ကိစ္စကို ဖြေရှင်းချင်တယ် ဆိုတာနဲ့ စောင့်နေရပြန်တယ်။

အဲဒါကို အခွင့်ကောင်းယူပြီး အောက်ဆင်းလာတဲ့ ယာဉ်ပေါ်လိုက်ဝန်ထမ်းလေးနဲ့ စကားပြော ဖြစ် တယ်။ ကုန်ပစ္စည်းကိစ္စ ကျွန်တော်အစာမကြေမှန်းသိတဲ့ ဝန်ထမ်းလေးက ရန်ကုန် – ဘားအံ ခရီး နဲ့ ဘားအံ – ရန်ကုန်ခရီးမတူဘူး။ ဘားအံ – ရန်ကုန် ခရီးက ခရီးရောက်၊ ခရီးပေါက်ဖို့ လိုတဲ့ စက်ဆီ ၊ ချောဆီ ပိုများတယ်၊ ဒါ့ကြောင့် ကုန်တင်မှ ကိုက်တယ်လို့ ရှင်းပြတယ်။ ဘယ်လောက်ပိုကုန်လဲ ဆို တော့ ရန်ကုန် – ဘားအံခရီးနဲ့ ယှဉ်လိုက်ရင် နှစ်သိန်းခွဲလောက် ပိုကုန်တယ်၊ မြဝတီက လာတဲ့ ကားဆိုရင် ပိုကုန်တာပေါ့လို့ ပြောတယ်။

ကျွန်တော်အမြင်ကတော့ ရန်ကုန်- ဘားအံ အသွား/ အပြန်က မြေအနေအထား ဘာမှ မကွာဘူး။ မြဝတီကဆိုရင် အပြန်ခရီးက အဆင်းလမ်းပဲ။ ဘာ့ကြောင့် စက်ဆီ ချောဆီဖိုး ပိုကုန်ရသလဲ နားမလည်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်က အိမ်စီးကားပဲ မောင်းဖူးတာဆိုတော့ အဝေးပြေး ဘတ်စ် ကားကြီးတွေရဲ့ စက်ပိုင်းဆိုင်ရာ သဘောသဘာ၀ ကိုနားမလည်တာလည်း ဖြစ်နိုင်ပါတယ်။ ဝန်ထမ်း လေးက ကုန်တင်လာတာကို ဆင်ခြေပေးတာလည်း ဖြစ်နိုင်တာပဲ။

ဒါနဲ့ ဝန်ထမ်းလေးကို “ မင်းက ရေသန့်ဘူးမလှူပါလား” လို့မေးတော့ အပြန်လမ်းက ရေကုသိုလ် လောက်နဲ့မရဘူးတဲ့။ အပြန်လမ်းကအတော်နတ်ကြီးပုံ ရတယ်။ နတ်ဆိုတာက “မ” ဖို့သာ ခက်တာ၊ ဒုက္ခပေးဖို့တော့ အတော်လွယ်တာကိုး၊ ဒီလမ်းကြောင်း မှာ ကျွန်တော် တို့ မသိနိုင်တာတွေ အများကြီးရှိသေးတာ ပဲ။

သထုံ၊ ဘီးလင်းကြားကတော့ ဘာမှ ထူးထူးခြားခြားမရှိပါဘူး။ ဘီးလင်းမဝင်ခင် ဘီးလင်းတံတား တံတားထိပ်မှာ အစစ်ဆေးခံရတယ်။ တံတားထိပ် စခန်းကတော့ ကားတာယာအဟောင်းတွေ၊ သဲအိတ်တွေအထပ်ထပ်နဲ့။ ဒီလောက်တော့ရှိမှာပေါ့လေ။ ရန်ကုန်မြို့လမ်းဆုံတွေမှာတောင် နှစ် ထပ် ဘန်ကာတွေ၊ သံဆူးကြိုးတွေနဲ့ ဖြစ်နေမှကိုး။ အခြေအနေကိုက သာမန်မဟုတ်တဲ့အခြေအနေ လေ။ သာမန်အခြေအနေကနေ ဘာ့ကြောင့် သာမန်မဟုတ်တဲ့ အခြေ အနေ ဖြစ် သွားရလဲ ဆိုတာ တွေးလိုက်ရင်တော့ တွေးလေလေ ဆွေးမပြေလေပဲ။

နေ့လယ်စာကိုတော့ အလာတုန်းကလိုပဲ ကျိုက်ထိုအထွက်မှာ စားတယ်။ ကားလိုင်းမတူတော့ ဆိုင် မတူဘူး၊ နေ့လယ်စာ စားပြီးပြန်ထွက်တော့ လူတိုင်းလိုလိုရဲ့ စိတ်မှာ ညောင်ခါးရှည် ရောက်ရင် ဘယ်လောက် ကြာမလဲပဲတွေးနေပုံရတယ်။ သွားနေကြလူတွေကလည်း ဟိုတုန်းက ဘယ်လို ၊ မကြာ ခင် က ဘယ်သို့ စသည်ဖြင့် အတွေ့အကြုံမ ျှဝေနေကြတယ်။

ညောင်ခါးရှည်ရောက်ခါနီးတော့ လမ်းညာဘက်အခြမ်းမှာ ကုန်ကားတွေ၊ ကျောက်ကားတွေ၊ ထင်း ကားတွေ၊ တွဲကားတွေ တန်းစီရပ်နေတယ်။ လူစီးကားတွေက စောင့်ရတဲ့အရေအတွက် နည်းပုံ ရတယ်။ ကျွန်တော်တို့ကားက ဆက်မောင်းနေဆဲပဲ။ ကုန်ကားတွေကို စတွေ့ပြီး ဆယ်မိနစ် လောက်ကြာမှ ကျွန်တော်တို့ ကားရပ်သွားတယ်။ ရှေ့ထိုင်ခုံက ခရီးသည်တစ်ယောက်ကတော့ ကုန် ကား တွေစတွေ့တဲ့အချိန်ကနေ စပြီး မှတ်လာပုံရတယ်။ ဒီနေရာအထိ ကုန်ကား နှစ်ရာကျော်ရှိ တယ်ဗျ လို့ပြောတယ်။ ကျွန်တော်တို့ ကားနဲ့ ယှဉ်နေတဲ့ ကုန်ကားတန်းကြီးမှာတော့ ယာဉ်မောင်း တစ်ချိုု့က ထမင်းစားနေကြတယ်။ တစ်ချို့က အောက်ဆင်းထိုင်နေတယ်။ တစ်ချို့ က ကားထဲမှာ ဖုန်းပွတ်နေတယ်။

ခရီးသည်တွေကတော့ ကားပေါ်မှာ ထိုင်စောင့်သူလည်း ရှိတယ်၊ အောက်ဆင်းပြီး ဆိုင်လေးတွေ မှာ မုန့်စား၊အအေးသောက်၊ ကွမ်းယာဝယ်လုပ်သူလည်း ရှိတယ်။ နှစ်နာရီ နီးပါးစောင့်ပြီးတော့ ကျွန် တော်တို့ ကားအလှည့်ရောက်တယ်။ခရီးသည်တွေ မှတ်ပုံတင်၊တယ်လီဖုန်း၊ ပိုက်ဆံအိတ် ယူ ဆင်း ရတယ်။ အဆောက်အအုံတစ်ခုထဲ ဝင်ရတယ်။ အဲဒီထဲမှာ အထုတ်အပိုးတွေကို စစ်ဆေးတဲ့ စက် ရှိ ပေမယ့် စက်ပျက်နေလို့လား၊ ဘာလားမသိ၊ လက်ကိုင်အိတ်တွေဘာတွေကို မစစ်တော့ ဘူး။ အဲဒီကထွက်တော့ ဘေးဘယ်ညာကာထားတဲ့ လေ ျှာက်လမ်းအတိုင်းလေ ျှာက်၊ အဲဒါ လွန် တော့ ကားစောင့်နေရသူတွေထိုင်ဖို့ ခုံတွေချထားတယ်။ ထိုင်တဲ့သူနည်းပါတယ်၊ မိုးတိုးမတ်တပ်နဲ့ စောင့် နေပြီး ကိုယ့်ကားထွက်လာတာနဲ့ ပြေးတက်တာပါပဲ။

သို့သော် ကားထွက်လာပေမယ့် ကိစ္စမပြီးသေးဘူး။ ကားအောက်ခန်းကို ဖွင့်စစ်တယ်။ ကားပေါ်က ပစ္စည်းအိတ်တွေစစ်တယ်။ စစ်ဆေးတဲ့သူတွေလက်ထဲမှာ စက္ကူဖြတ်တဲ့ ဓားတစ်ချောင်း၊ အဝါ ရောင် တိတ် အလိပ်တစ်ခုပါတယ်။ ပစ္စည်းထုတ်တွေကို လိုအပ်ရင် ဓားနဲ့ ခွဲစစ်မယ်၊ ပြီးရင် တိတ်ပြန်ကပ် ပေး တယ်တဲ့။ အားလုံးပြီးတော့ ကားဆက်ထွက်တယ်။ ကုန်ကားတွေကို ဘယ်လို စစ်ဆေးတယ်၊ ဘယ်လိုဖြတ်သန်းရတယ်ဆိုတာတော့ မမြင်၊ မသိ ခဲ့ရဘူး။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ် နောက်ဘက်ထဲမှာ မြေညှိ၊ မြေဖို့ လုပ်နေတဲ့ စီမံကိန်းတစ်ခုတွေ့ တယ်။ မြေသယ်ကားတွေ အဆက်မပြတ်ဝင်ထွက်နေတာမြင်ရတယ်။ ကြည့်ရတာတော့ ယာဉ် စစ် ဆေး ရေး စခန်းကြီးတစ်ခု ဆောက်မယ်ထင်တာပဲ။

ကျွန်တော်တို့ကားက အလာတုန်းက ကားလိုင်းလို ပဲခူးမဝင်ဘူး။ ဘုရားကြီးလမ်းဆုံကနေ အမြန် လမ်းပေါ်တက်တယ်၊ အဲဒီကနေ အမှတ် ၃ လမ်းမကြီးအတိုင်း အောင်မင်္ဂလာကားဝင်းကို သွား တယ်။ ခရေပင်လမ်းဆုံ မီးပွိုင့်မရောက်ခင်မှာ ကားခဏရပ်တယ်။ အောင်မင်္ဂလာကားဝင်းထဲ မှာ ကားငှားရတဲ့ ဒုက္ခ မကြုံချင်တဲ့ခရီးသည်တွေကတော့ အဲဒီနေရာမှာဆင်းကြတယ်။ ကျွန်တော် တို့ ကတော့ ပုလဲမြို့သစ်လမ်းဆုံရောက်တဲ့အချိန်ထဲက ကီလို တက္ကစီကို ဖုန်းဆက်အော်ဒါတင် ထား လိုက်တယ် ။

ကားဝင်းထဲက ကားဂိတ်ကို ရောက်တဲ့အချိန်မှာ အော်ဒါတင်ထားတဲ့ ကီလို တက္ကစီလည်းရောက်နေ ပြီ။ ပစ္စည်းရွေး ၊ ကားပေါ်ပစ္စည်းတင်ပြီးတာနဲ့ ထွက်လာခဲ့တယ်။ ကားဝင်းအပြင်ရောက်တော့ ကား ဆရာက “ဘားအံက ပြန်လာတာလား၊ မြဝတီက ပြန်လာတာလား၊ အခြေအနေဘယ်လိုလဲ” လို့ မေး တော့“ ဒီလိုပါပဲဗျာ” လို့ဖြေလိုက်တယ်။ ကားဆရာက “ ဒါပေါ့လေ” တဲ့။ အခြေအနေ ကို သိတဲ့ လူချင်းကတော့ အများကြီးပြောဖို့မလိုဘူး။

ပြီးပါပြီ။

ဇွဲကပင် ခရီးစဉ် (၅)

ဇွဲကပင်တောင်ပေါ်ကျောင်းမှာ သံဃာသုံးပါးသီတင်းသုံးတဲ့ အနက် ဘက်စုံပြုပြင်ရေးလုပ်ငန်း တွေ၊ ဘုရားဖူးတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဆရာတော်ဦးနန္ဒိယက အများဆုံးတာဝန်ယူလုပ်ဆောင် ပေးနေတာပါ။ ဆရာတော်က ကျွန်တော်ဘယ်သူဆိုတာ မသိပါဘူး။ ဘားအံမြို့က သူ့ဒကာရဲ့ မိတ် ဆွေအနေနဲ့ပဲသိတာပါ။ ဆရာတော်က ကျွန်တော်တို့ နှစ်ယောက်ကို ရင်ပြင်ဒုတိယအဆင့်မှာ ရှိတဲ့ အဆောင်ငယ်တစ်ခုမှာနေရာချပေးပါတယ်။ တောင်ပေါ်ကို ကျွန်တော်တို့ ရှေ့မှာ ရောက်နေတဲ့ မိ သားစု သုံးယောက်ကိုတော့ ရင်ပြင်တော်ပထမဆင့် နှစ်ထပ်ကျောင်းဆောင်မှာ နေရာချပေး ထား တယ်။ တော်ပုံလမ်းအတိုင်း တက်လာပြီး ကျွန်တော်တို့နောက်မှ ရောက်လာတဲ့ ၉ ယောက် ပါ အဖွဲ့ကိုလည်းရင်ပြင်ဒုတိယအဆင့်ကနှစ်ထပ်ဆောင်မှာ နေရာချထားပေးတယ်။ ညအိပ်ဧည့်သည် အားလုံးအတွက်လိုအပ်တဲ့ဖျာ၊ စောင်နဲ့ခေါင်းအုံးတွေပေးပါတယ်။

ပစ္စည်းတွေနေရာချပြီးတော့ ရေချိုးဖို့ ပြင်ဆင်တယ်။ ဇွဲကပင်ရင်ပြင်တော်က အဆင့်သုံးဆင့်ရှိ တယ်။ခလောက်နို့ဘက်ကတက်ရင်ပထမဆုံးတွေတဲ့ အဆင့်မှာ ဆွမ်းစားဆောင်၊ နှစ်ထပ် ကျောင်း ဆောင်ရှိတယ်။ သံဃာတော်များအတွက် ကုဋီ၊ အမျိုးသား/ အမျိုးသမီး ရေချိုးခန်း၊ အိမ်သာ တွေရှိတယ်။ အရင်က ရေလှောင်ကန်တွေရှိပေမယ့် အခုတော့ ရင်ပြင်တော်တိုးချဲ့ဖို့ အတွက် ဖျက် လိုက်ပြီ။ ဒီအဆင့်မှာ ဖိနပ်စီးလို့ရပါတယ်။ ဒုတိယအဆင့်က စေတီ၊ သိမ်နဲ့ ကျောင်း ဆောင် တွေရှိတယ်။ တတိယအဆင့်ကတော့ ဇွဲကပင်စေတီတော်ရင်ပြင်ဖြစ်ပါတယ်။ တော်ပုံလမ်း က တက်ရင်တော့ ဒုတိယအဆင့်ကို တန်းရောက်ပါတယ်။

ရေချိုးပြီးတော့ ရင်ပြင်ပထမဆင့်မှာရှိတဲ့ စားသောက်ဆိုင်မှာ ညစာစားတယ်။ ဒီဆိုင်မိသားစုက တောင်ပေါ်မှာရှိတဲ့ သံဃာတော်များအတွက်လည်း ဆွမ်းကွမ်းနဲ့ ဝေယျာဝစ္စတွေလည်း တာဝန်ယူ ဆောင်ရွက်တယ်။ တောင်ပေါ်မှာတစ်ဆိုင်တည်းရှိတယ်ဆိုပေမယ့် ဈေးမကြီးပါဘူး။

ညစာစားပြီတော့ ရင်ပြင်တော်ပေါ်ကို ပြန်သွားတယ်။ ဇွဲကပင်တောင်ပေါ်မှာလည်း မျောက်တွေရှိ တယ်။ အရေအတွက်မများပေမယ့် စိတ်အနှောင့်အယှက်ဖြစ်ရတာပါပဲ။ နေဝင်သွားမှာပဲ သူတို့ ရန် က လွတ်ကင်းပြီး နေဝင်ဆည်းဆာအလှကို အေးအေးဆေးဆေး ခံစားလို့ရတော့တယ်။ ရင်ပြင် ကနေ ငုံ့ကြည့်လိုက်ရင် တောင်ခြေဟိုတယ်ဇုန်ကို မြင်နေရတယ်။ ဇွဲကပင်တောင်ခြေမှာ ရှိတဲ့ ဟိုတယ်တွေကတော့ ကြယ်လေးပွင့်အဆင့်၊ ဈေးကြီးတဲ့ဟိုတယ်တွေပေါ့။ ဧည့်သည်ဘယ်နှစ် ယောက်ရှိလဲတော့မသိဘူး။ ဟိုတယ်တွေကတော့ မီးတွေထိန်လင်းလို့။ အခုလို မီးပျက်တဲ့ကာလ မှာ အခန်းသုံးပုံတစ်ပုံလူရှိမှ ဒီဇယ်ဖိုးရတယ်။ ထက်ဝက်လောက်ပြည့်မှ ဝန်ထမ်းလစာနဲ့ ဆီဖိုး ရ တယ်လို့ ရှင်းပြဖူးတဲ့ ဟိုတယ်လုပ်ငန်းရှင်တစ်ယောက်ကို သတိရမိတယ်။

မနက် လေးနာရီထိုးလို့ တောင်ပေါ်မှာ အရုဏ်ဆွမ်းကပ်ဖို့ ပြင်ဆင်ကြတော့ ကျွန်တော် တို့ လည်း အိပ်ယာထ၊ အဝတ်အစားလဲ၊ ပစ္စည်းသိမ်းတယ်။ ပြီးတော့ စားသောက်ဆိုင်မှာ ညထဲက ကြို မှာထားတဲ့ အရုဏ်ဆွမ်းဗန်းကို ယူပြီး ဇွဲကပင်စေတီတော်မှာ မြတ်စွာဘုရားကို ရည်မှန်း ကပ်လှူ တယ်။ ဆရာတော်တွေကိုလည်း အရုဏ်ဆွမ်းကပ်တယ်။ ပြီးတော့ ဆိုင်မှာ ထမင်းကြော်စားပြီး မနက် ၆ နာရီမှာတောင်ပေါ်က ပြန်ဆင်းလာခဲ့တယ်။

အရုဏ်တက်ချိန်မြင်ကွင်းကို ဇွဲကပင်တောင်ထိပ်ကနေ ရိုက်ရင် မြင်ကွင်းမကောင်းတဲ့အတွက် တောင်ပေါ်ကနေ စောစောဆင်းခဲ့တာပါ။ တော်ပုံရွာလမ်းအတိုင်းနည်းနည်းဆင်းလိုက်တာနဲ့ ညာ ဘက်မှာ တောင်တက်ကေဘယ်လ်ကားစီမံကိန်းနေရာကို ရောက်တယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိနေတာလည်း သိရတယ်။ တကယ်တော့ ဒီလိုစီမံကိန်းမျိုးဟာ တစ်စု ၊ တစ်ဖွဲ့ တည်းက ဆုံးဖြတ်ဆောင်ရွက်သင့်တဲ့ကိစ္စမျိုးမဟုတ်ဘူး။ ဇွဲကပင် နဲ့ ကျိုက်ထီးရိုးတို့လို တောင် တော်မဟာတွေကဘုရားတောင်သက်သက်မဟုတ်ဘူး၊ပြည်နယ်ရဲ့သင်္ကေတ အမှတ်အသားဖြစ်နေ တဲ့အတွက် ပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့ အသံကိုလည်းနားထောင်ဖို့လိုမယ်ထင်ပါတယ်။ လောလောဆယ်တော့ စီမံကိန်းက ရပ်နေတယ်၊ ဘာဆက်ဖြစ်မယ် မသိနိုင်သေးဘူး။

စီမံကိန်းနေရာတောင်စွယ်က အရုဏ်တက်ချိန်ကို ရိုက်ဖို့ အကောင်းဆုံးနေရာဖြစ်ပေမယ့် သွပ်ပြား တွေကာပြီး ပိတ်ထားလို့ ဝင်လို့မရဘူး။ ဒါ့ကြောင့် အောက်ဘက် စိတ္တမဟီစေတီ ရှိတဲ့ တောင်စွယ် ကနေ ဓာတ်ပုံရိုက်ရတယ်။ အဲဒီစေတီဘေးမှာ ၁၉ ၈၉ ခုနှစ်က ပျံလွန်တော်မူတဲ့ ဇွဲကပင်တောင် ပေါ်ကျောင်းဆရာတော် ဦးစန္ဒောဘာသ ရဲ့ အရိုးအိုးဂူရှိတယ်။

နာရီဝက်လောက်ဓာတ်ပုံရိုက်ပြီးတော့ ဆက်ထွက်တယ်။ တောင်တက်ခရီးက ပင်ပန်းသလို အဆင်း ကလည်း မသက်သာဘူး၊ ခြေမချော်အောင် သတိထားရတာပဲ။ တောင်ထိပ်ကို ရောက်အောင် တက်နိုင်ပေမယ့် အဆင်းမတတ်လို့ ချော်လဲ ဒူးကွဲတဲ့သူ၊ အောက်အထိ ဒလိမ့်ကောက်ကွေးကျ သွားသူတွေအများကြီးရှိတယ်။ တကယ်တော့ တောင်ထိပ် ရောက်တယ်ဆိုတာ ခရီးတစ်ဝက်ပဲ ရှိသေးတယ်၊ တက်ထောင်လို့မရသေးဘူး၊ အဆင်းကောင်းအောင်ပြင်ဆင်ဖို့လိုတယ်။

တော်ပုံရွာလမ်းက ပိုပြီး အရိပ်ကောင်းတယ်။ လှေကားထစ်တွေရှိသလို တောလမ်းလေး လို လေ ျှာက်ရတဲ့နေရာတွေလည်း ရှိတယ်။ ခြေလျင်တောင်တက်အတွေ့အကြုံ အပြည့်အဝရတယ်၊ ဒါပေမယ့် တောင်အောက်ရှုခင်းကို မြင်ရတဲ့နေရာနည်းတယ်။ ခလောက်နို့လမ်းကတော့ လှေကား ထစ်သက်သက်တက်ရတယ်။ နေပူတယ်။ ပိုပင်ပန်းတယ်။ ဒါပေမယ့် တောင်အောက်ရှုခင်းကို ကောင်းကောင်းမြင်ရတယ်။ ဓာတ်ပုံရိုက်လို့ကောင်းတယ်။ တကယ်လို့ ကိုယ့်ကားနဲ့ ကိုယ်လာ မယ်၊ ယာဉ်မောင်းပါတယ်ဆိုရင်တော့ တော်ပုံလမ်းကတက်၊ ခလောက်နို့လမ်းက ပြန်ဆင်းတာ အကောင်းဆုံးပဲ။

ဓာတ်ပုံရိုက်တဲ့ စိတ္တမဟီဘုရားကနေ ထွက်တော့ လှေကားဆုံးတဲ့အခါ တောင်စောင်းအတိုင်း ဖောက်ထားတဲ့လူသွားလမ်းအတိုင်းသွားရတယ်။ အဲဒီလမ်းညာဘက်က ချောက်ထဲကို ကိုရင် တစ်ပါး လိမ့်ကျသွားခဲ့ဖူးလို့ “မောင်ရင်လိမ့်ကျ” လို့ခေါ်တယ်။ အဲဒီနေရာမှာ ညာဘက်က ချောက် ရှိသလို ဘယ်ဘက်မှာ တွင်းကြီးတစ်တွင်းရှိတယ်။ ဇွဲကပင်ပတ်ဝန်းကျင် ပင်လယ်ကြီးဖြစ်နေခဲ့တဲ့ အချိန်ကာလက သဘောင်္တွေချည်တဲ့ကျောက်တိုင်ကြီးရှိခဲ့တဲ့နေရာ၊ ကျောက်တိုင်ကြီး ကျွတ်သွား လို့ တွင်းဖြစ်နေတာလို့ ဆိုတာပဲ။ အမှန်ကတော့ ထုံးကျောက်တွေကို ရေတိုက်စားပြီး တွင်းဖြစ် သွားတာပဲဖြစ်မှာပါ။ ဇွဲကပင်ပတ်ဝန်းကျင်ပင်လယ်ဖြစ်နေတဲ့အချိန်ကာလက သဘောင်္ဆိုတာလည်း ပေါ်ဦးမယ်မထင်ဘူး။

အဲဒီနေရာကဆက်ထွက်ရင် ကရင်မောင်နှမ နတ်နန်းကို ရောက်တယ်။ သံလွင်မြစ်အတိုင်း ဘားအံ ကို သဘောင်္နဲ့လာတဲ့အခါ ဇွဲကပင်ကျောက်နံရံမှာ ကရင်မောင်နှမပုံကို မြင်ရတယ်လို့ ဆိုတယ်။ ကရင်မောင်နှမ ကိုလွန်တော့ တောင်တက်လာတဲ့သူတစ်ယောက်နဲ့ ဆုံတယ်။ ရန်ကုန်ကလာတာ တဲ့၊ နောက်မှ နှစ်ယောက်ကျန်ခဲ့သေးတယ်။ ညီမလေးက အတော်မောနေတော့ ပြန်ဆင်းသွား တော့မယ်ထင်တယ်လို့ပြောတယ်။

ကရင်မောင်နှမ ပြီးတော့ ခေါင်းလောင်းကြီးစခန်းရောက်တယ်။ အဲဒီနေရာမှာ အရင်ကတော့ ထိုင် စရာခုံတန်းတွေ၊ဈေးဆိုင်တွေရှိတယ်။အခုတော့အသွားအလာနည်းတော့ ဈေးဆိုင်လည်း ပိတ်ထား တယ် အဲဒီစခန်းကို လွန်သွားရင် ဘယ်ဘက် မှာ လမ်းခွဲတစ်ခုရှိတယ်။ စတီးလက်ရန်းတွေ တပ် ထားတယ်။ အဲဒါက လမ်းသစ် အတက်ပိုပြေတယ် လို့ ပြောတယ်။ အခုတော့ လမ်းပိတ်ထားတယ်။ ပြီးခဲ့တဲ့မိုးတွင်းကတောင်ပြိုထားလို့ သွားလို့ မရဘူးတဲ့။

အဲဒီလမ်းခွဲအလွန်ကစပြီးအဆင်းကအတော်မတ်တယ်။ လှေကားထစ်တွေရှိပေမယ့် တစ်ချို့ နေရာ တွေမှာ လှေကားတွေကျိုးပဲ့နေ လို့ အတော်သတိထားရတယ်။ တော်ပုံရွာကတက်တဲ့လမ်းမှာ ဒီနေရာက အဆိုးဆုံးနေရာပဲ။ ဒ့ါကြောင့် ဒီနေရာကို ဇွဲသတ္တိစခန်းလို့ခေါ်တာဖြစ်မယ်။ ဇွဲသတ္တိ စခန်း လွန်တော့ ထိုင်နားနေတဲ့ လူငယ်အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် တွေ့တယ်။ ရှေ့ မှာတွေ့ခဲ့တဲ့သူနဲ့တစ်ဖွဲ့တည်းပဲ။ အမျိုးသမီးက ပြန်ဆင်းတော့မယ်လို့ပြောနေတဲ့ အတွက် ပြန် လှည့်မယ့်အစား ဆက်တက်ဖြစ်အောင်အားပေးခဲ့ရတယ်။ အပေါ်ကို မော့မကြည့်ဘဲ ရှေ့ခြေတစ်လှမ်းစာပဲ ကြည့်ပြီးတက်ဖို့ နည်းပေးလမ်းပြလုပ်ခဲ့တယ်။

တောင်ပေါ်က ပြန်ဆင်းလာ တဲ့သူဆိုတာ နောက်တက်မယ့်သူတွေကိုလည်း ကိုယ့်လိုတောင်ထိပ် ရောက်တဲ့အထိ တက်နိုင်အောင် အားပေးဖို့တာဝန်ရှိတာကိုး။ ကျွန်တော့်စကားကြားပြီးတဲ့ အခါ အမျိုးသမီးငယ်လေးက “ မိုတီရပြီ” ဆိုပြီး ဆက်တက်သွားတယ်။ တစ်နေ့က ကျွန်တော့်ပို့စ် အောက် မှာ အကိုဖြစ်သူက ကျွန် တော်နဲ့ တွေ့ပြီးတဲ့နောက် သူ့ညီမ တောင်ထိပ်ကို ရောက်လာ ကြောင်း ကွန်မန့်လာရေးတဲ့ အတွက် ပီတိဖြစ်ရတယ်။

ဇွဲသတ္တိ စခန်းနဲ့ တောင်ခြေ ကြားကတော့ လမ်းလေ ျှာက်လို့ အကောင်းဆုံးပဲ၊ တောရိပ် တောင် ရိပ် ကောင်းတယ်။ အတက်ပြေတယ်။ ကျောက်လွှာတွေ အထပ်လိုက်ဖြစ် နေတဲ့ ကျောက်နံရံကြီး တွေက ဆယ်လ်ဖီ ဆွဲချင်သူတွေအတွက် အကောင်းဆုံးနေရာတွေပဲ။ အထက်ရေတံခွန် ဘုန်းကြီး ကျောင်းမရောက်ခင်နေရာမှာ လူငယ်လေးယောက်နဲ့တွေ့တယ်။ ကောင်လေး နှစ်ယောက်၊ ကောင်မလေးနှစ်ယောက်၊ အဝတ်အစား၊ ဆံပင် ခပ်မိုက်မိုက် ဒီဇိုင်းတွေနဲ့။ ကိုယ့်ရဲ့လက်ကိုတွဲ၊ ဘယ်သူမှ ကြည့်မနေ နဲ့ဆိုတဲ့ ပုံစံနဲ့ တက်လာကြတာ၊ သူတို့ကိုလည်း ရှေ့မှာ အခက်အခဲဆုံး နေရာ ရှိတယ်။ အားမွေးထားလို့ သတိပေးလိုက်တယ်။

မေးကြည့်တော့ သူတို့မှာ ရေဘူးကလွဲလို့ ဘာမှမပါဘူး။ ဒါနဲ့ လက်ကျန် ဓာတ်ဆားရည် ထုတ် နဲ့ မုန့်တွေကို အကုန်ပေးလိုက်တယ်။ တော်ပုံလမ်း အထက်ရေတံခွန်နဲ့ တောင်ထိပ်ကြားမှာ သောက် ရေရနိုင်တဲ့နေရာမရှိ၊ ဈေးဆိုင်လည်း မရှိတဲ့အတွက် သောက်ရေနဲ့ အရေးပေါ် စားဖို့ မုန့်တွေ ယူ လာတာအကောင်းဆုံးပဲ။

အထက်ရေတံခွန်ဘုန်းတော်ကြီးကျောင်းက အစဉ်အလာကြီးတဲ့ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းကို အင်း၀ နေပြည်တော်မှာ ပရိယတ္တိ စာပေတွေသင်ကြားပြီးပြန်လာတဲ့ ကရင်ဘုန်းတော်ကြီး ဖူးတာ မိုက် (ခ) ဦးနန္ဒမာလာ က သက္ကရာဇ် ၁၁၁၁ ခုနှစ်ပတ်ဝန်းကျင်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပါ တယ်။ မူလကျောင်းဆောင်ကတော့ ပဉ္စမမြောက်ဆရာတော်လက်ထက်မှာ မီးလောင်သွားလို့ မရှိ တော့ဘူး။ အထက်ရေတံခွန်ကျောင်းမှာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က လှူဒါန်းခဲ့တဲ့ ရာဝင်စဉ့်အိုး ကြီး လေးလုံးရှိတယ်။ အလှူရှင်နာမည်တွေလည်း ရေးထိုးထားတယ်လို့ မှတ်သားဖူးတယ်။ အခု ရှိ မရှိတော့ ဝင်မကြည့်ခဲ့ရဘူး။

အထက်ရေတံခွန်ကျောင်းကျော်လာရင် တောင်ခြေနဲ့ အတော်နီးသွားပြီဆိုတော့ ခြေလှမ်းတွေ ပို သွက်လာတယ်။ လမ်းကလည်း လှေကားထစ်သက်သက်ဖြစ်သွားပြီ။ တောင်ခြေရောက်ခါနီးမှာ အောက်ကတက်လာတဲ့နောက်ထပ်လူငယ်အဖွဲ့တစ်ဖွဲ့နဲ့တွေ့တယ်။အဝေးကကြည့်တော့ အပျော် သက်သက်လာတဲ့အဖွဲ့လို့ ထင်မိတယ်။ အနားရောက်တော့ ကောင်လေးတွေရော၊ ကောင်မလေး တွေပါ လက်ထဲမှာ နီညိုအိတ်ကိုယ်စီနဲ့ ၊ အထက်ရေတံခွန်ကျောင်းမှာ ဆောက်လုပ်ရေးလုပ်ငန်း တွေ လုပ်ဖို့လိုတဲ့သဲတွေကို ကုသိုလ်ဖြစ်သယ်လာတာတဲ့။ တောင်ပေါ်က ပြန်ဆင်းလာရင်လည်း လမ်းမှာတွေတဲ့ အမှိုက်တွေ ပြန်ကောက်လာခဲ့မယ်တဲ့။

သူတို့ စကားကြားတော့ တောင်အောက်ကို အန္တရာယ်ကင်းကင်းနဲ့ ရောက်နိုင်ဖို့ပဲ အာရုံရောက် နေတဲ့အတွက် အမှိုက်တစ်စတောင် ကောက်ဖို့ သတိမရခဲ့တဲ့ ကိုယ့်အဖြစ်ကို သတိထားမိသွား တယ်။ အတော်ညံ့တဲ့ ငါပဲလို့ အပြစ်တင်မိတယ်။ လူငယ်လေးတွေကို လေ ျှာ့တွက်လို့မရဘူး။ သူ တို့ ဆီက ပြန်လည်သင်ယူရမယ့် အရာတွေလည်း ရှိသေးတယ်။

တောင်ခြေရောက်တော့ မိတ်ဆွေနှစ်ယောက် စောင့်ကြိုနေတယ်။ ပန်းဝင်လာပြီဆိုပြီး ဓာတ်ပုံ ရိုက်တယ်။ ရည်မှန်းချက်အတိုင်း ခရီးပေါက်၊ ခရီးရောက်အောင်သွားနိုင်တယ်ဆိုပြီး ချီးကျူးတယ်။ ဒါပေမယ့် ကိုယ်နိုင်သလောက် အမှိုက်ကောက်ခဲ့ဖို့ ပျက်ကွက်ခဲ့တာကိုပဲ သတိရနေပြီး အပြည့်အ၀ မပျော်နိုင်ဘူး။

ဆက်လက်ဖော်ပြပါ့မယ်။

ဇွဲကပင် ခရီးစဉ် ( ၄)

ကန်သာယာ အရုဏ်တက်ချိန် ဓာတ်ပုံရိုက်ပြီးတော့ ဆရာမ အမိုး အိမ်ကို သွားတယ်။ (အမိုး နဲ့ တွေ့တဲ့ အကြောင်းတော့ သီးခြားရေးပါ့မယ်။ ) အမိုး အိမ်ကနေ အပြန်ကော်ဖီဝင်သောက်ပြီး ဟို တယ်ကို ပြန် နား၊ နေ့လယ်စာစား၊ညနေစောင်း ဇွဲကပင်တောင်ကို တက်ဖို့ လိုအပ်တာတွေ ပြင် ဆင်တယ်။

ဇွဲကပင်တောင်ကို တက်တဲ့လမ်းက အရှေ့ဘက်ခလောက်နို့ဘက်ကတက်တဲ့လမ်းနဲ့ အနောက် ဘက် တော်ပုံရွာဘက်က တက်တဲ့လမ်းဆိုပြီး နှစ်လမ်းရှိတယ်။ ကျွန်တော်က ဘားအံမှာ တာဝန် ကျ ချိန်က တော်ပုံရွာဘက်က အကြိမ်ကြိမ် တက်ဖူးတယ်။ ဒါ့ကြောင့် ဒီတစ်ကြိမ်မှာ အတက်ကို ခလောက်နို့ဘက်ကတက်မယ်၊ တောင်ပေါ်မှာ ညအိပ်မယ်၊ မနက်စောစော တော်ပုံရွာဘက်က ပြန် ဆင်းမယ်လို့ စီ စဉ်ခဲ့တယ်။

ခလောက်နို့ဘက်က တက်ရင် အရှေ့ဘက်ဖြစ်တဲ့အပြင် လမ်းမှာ အရိပ်နည်းတဲ့အတွက် နေပူ တယ်။ ဒါ့ကြောင့် မနက်စောစာတက်ချင်တက်၊ ဒါမှ မဟုတ် ညနေစောင်းတက်မှကောင်းတယ်။ နေ့ ချင်းပြန်ဆိုရင်တော့ မနက် ခြောက်နာရီလောက်တက်၊ တောင်ပေါ်မှာ အေးအေးဆေးဆေး နား၊ ထမင်းစားပြီး ညနေစောင်းပြန်ဆင်းပေါ့။ ကျွန်တော်ကတော့ ညအိပ်မှာဆိုတော့ မွန်းလွဲ နှစ်နာရီ တက်မယ်လို့ စီစဉ်တယ်။ အဲဒီအချိန်ဆိုရင် နေက တောင်အနောက်ဘက်ကိုရောက်သွားပြီ ဖြစ်တဲ့ အတွက် အရိပ်ရတယ်။

တောင်ပေါ်မှာ အိပ်ဖို့အတွက် ဘုန်းကြီးကျောင်းက စောင်၊ ခေါင်းအုံးပေးပေမယ့် ကိုယ့် Sleeping Bag နဲ့ ပဲအိပ်ချင်တဲ့အတွက် Sleeping Bag အပြင် အတက်၊ အဆင်းအတွက် လိုအပ်တဲ့ပစ္စည်း ဓာတ်မီး၊ ဆေးဝါး၊ ဒူးစွပ် ၊ ရေဘူး ၊ ဓာတ်ဆားရည်၊ ကင်မရာဓာတ်ခဲအပို၊ Power Bank စတာတွေ အားလုံးကို ကျောပိုးအိတ်ကြီးတစ်လုံးနဲ့ သယ်ရတယ်။

ကျွန်တော့်ခရီးသွားမိတ်ဆွေနဲ့ မြို့ခံ ဓာတ်ပုံသမားမိတ်ဆွေက ကျွန်တော့်ကို တောင်တက်လမ်း အစ ဖြစ်တဲ့သစ်ချရွာကိုလိုက်ပို့တယ်။သူတို့နှစ်ယောက်ကတောင်ပေါ်မလိုက်ဘူး၊မြို့ပတ်ဝန်း ကျင် က ရှုခင်းတွေကို ဓာတ်ပုံရိုက်မယ်ဆိုပြီး နေခဲ့တယ်။ တောင်တက်လမ်းက မှားစရာမရှိတဲ့ အတွက် တစ်ယောက်တည်းတက်လို့လည်း ရတယ်။ ဒါပေမယ့် မြို့ခံမိတ်ဆွေက လမ်းမှာ သိသင့် တာတွေ ရှင်းပြနိုင်အောင် နဲ့ လိုအပ်ရင် ကူညီနိုင်ဖို့ ဆိုပြီး တောင်ပေါ်ကို ပစ္စည်းပို့မယ့် သူ့မိတ်ဆွေ တစ် ယောက်ကို အဖော်ထည့်ပေးလိုက်တယ်။ အဲဒီမိတ်ဆွေက ဇွဲကပင် တောင်ပေါ် ဘုန်းကြီး ကျောင်း အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စေတနာ့ဝန်ထမ်း ကုသိုလ်ယူ ပို့ ဆောင် ပေးနေတဲ့ “ ဆက်တိုင်း ကောင်း ဇွဲကပင် ပရဟိတ လုပ်အားဒါန အဖွဲ့” ကဖြစ်ပါတယ်။ တောင်ပေါ်တက်လမ်းမှာ တွေ့ခဲ့ရ တဲ့ “ဆက်တိုင်းကောင်း” အဖွဲ့ရဲ့ အလှူဒါန မှတ်တမ်းမှာတော့ “ တစတစ စွန့်ဝံ့မှလ ျှင် ဘ၀ နောက်နှောင်း ဆက်တိုင်းကောင်း၏”(မူရင်းသတ်ပုံတိုင်း) လို့ ရေးထိုးထားတာတွေ့ တယ်။ “တစ တစ စွန့်ဝံ့မှလ ျှင်” ဆိုတဲ့ စကားလုံးလေး ရင်ထဲရောက်သွားတယ်။

စတက်ပြီး မကြာခင်မှာပဲ တောင်ပေါ်က ဆင်းလာတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ဆုံတယ်။ အဲဒီထဲက ဦးလေး ကြီးတစ်ယောက်က အသက် ၆၇ နှစ်၊လေဖြန်းထားလို့ ခြေထောက် နည်း နည်းဆိုင်းနေတာတောင် တောင်ပေါ်ရောက်အောင် တက်ခဲ့ပြီး ပြန်ဆင်းလာပြီ။ အတက်က ပြဿနာ မရှိဘူး၊ နားနားပြီး တက်သွားတာ၊ အခု အဆင်းကျတော့ ဘေးကထိန်းပေးရတယ်လို့ ပြော တယ်။ သူ့ကို ကြည့်ပြီး ဆက်တက်ဖို့အားရှိသွားတယ်။ဘယ်မြို့ကလဲလို့မေးတော့ဧရာဝတီတိုင်းကျောင်းကုန်းမြို့တဲ့။အဖွဲ့ ထဲက အမျိုးသမီးငယ် တစ်ယောက်က ဆရာမ ပုညခင် တို့မြို့ဆိုပြီး ထပ်ဖြည့် ပြော တယ်။ တချို့ မြို့တွေက သူတို့ မြို့သူမြို့သားအတွက် ဂုဏ်ယူနိုင်တယ်။ တချို့မြို့တွေကျတော့ အဲဒီ လောက် ကံမကောင်းပြန်ဘူး။

တောင်တက်လမ်းဘေးမှာ အရိပ်ရ သစ်ပင်တွေ စိုက်ထားတာတွေ့တယ်။ စိုက်တာမကြာသေးဖူး ထင်တယ်။ အကြီးဆုံးအပင်က လူတစ်ရပ်လောက်ပဲရှိသေးတယ်။ လမ်းဘေးမှာ ရေတိုင်ကီချထား ပြီး “ စိုက်ထားသည့် သစ်ပင်ကို ကုသိုလ်ဖြစ် ရေလောင်းပေးပါ၊ ဤနေရာမှ ရေယူပါ၊ သစ်ပင် အပေါ် ဘက်တွင်လည်း ရှိသည်၊ အောက်တွင်လည်း ရှိပါ၏” ဆိုတဲ့ဆိုင်းဘုတ်လေးတွေ ကပ်ထားတယ်။

နောက်တစ်နေရာမှာတော့ ရေလှောင်ကန်ဘေးမှာ “ ရေကုသိုလ် ပြုနိုင်ကြဖို့၊ ဘယ်ဘက်က ရေ ကော့ကို (သစ်ပင်သို့) ( ၃) မိနစ် ဖွင့်ပြီး ပြန်ပိတ်ပေးပါ။ ညာဘက်ကရေကော့ကို ( သောက်ရေ ကန်) သို့ (၃)မိနစ်ဖွင့်ပြီး ပြန်ပိတ်ပေးပါ။ ဖွင့်ပြီးပြန်ပိတ်ဖို့ မမေ့ပါနှင့်။ ရေလှောင်ကန်ရေနည်းနေ ပါက ဖုန်းဆက်ပေးပါ။ ဖုန်း ဦးငယ်၊ ( xxxxxxxxxx )” ဆိုပြီး ဆိုင်းဘုတ်ကပ်ထားတာတွေ့တယ်။ အတော်စိတ်ကူးကောင်းတဲ့ အလှူဒါနပါပဲ။ ရေကိုတောင်သစ်ချရွာ ဘုန်းကြီးကျောင်းရေကန်ကနေ စက်နဲ့တင်ပေးတယ်လို့သိရပါတယ်။ လမ်းတလေ ျှာက်မှာလည်း အမှိုက်အိတ်လေးတွေ၊ အမှိုက်ပုံး လေးတွေချထားပြီးလုပ်အားဒါနအဖွဲ့တွေကအမှိုက်သိမ်းပေးတယ်လို့ သိရပါတယ်။ စိတ် မကောင်း ဖြစ်ရတာကတော့ ဒီလို စိတ်ကူးကောင်းကောင်းနဲ့ စီစဉ်ပေးထားတာတောင် စိုက်ထားတဲ့ အပင် အကိုင်း ကို ချိုးထားတာ၊ အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်ထားတာတွေကို တွေ့ခဲ့ရတာပါ ပဲ။

ဇွဲကပင်တောင်တက်လမ်းက ကျိုက်ထီးရိုးတောင်တက်လမ်းလိုပဲ စခန်းလေးတွေရှိတယ်။ တောင် ခြေကတက်ရင်ပထမဆုံးတွေ့တာကပြုံးပြုံးရွှင်ရွှင်စခန်း၊နာမည်ကအတက်သမားတွေအတွက် မဟုတ်လောက်ဘူး။ အဆင်းသမားတွေအတွက်ဖြစ်မယ်။ ဒီနေရာရောက်ရင် တောင်ခြေ ကျောင်း ကို လှမ်းမြင်နေရပြီလေ။ နောက်တွေ့တဲ့စခန်းက ရေကန်ကြီးစခန်း၊ ဒီနေရာမှာ သောက်ရေကန် တစ်ခုရှိတယ်။ ရေချမ်းစင်ရှိတယ်။ အဲဒါပြီးရင်တော့ ရွှေရင်ဆို့စခန်း ၊ ဒါကတော့ အထူးပြောဖို့ မလို ပါဘူး။ ရွှေရင်ဆို့မရောက်ခင်မှာ တောင်ပေါ်ဆိုင်အတွက် ပစ္စည်းပို့တဲ့အထမ်းသမားနှစ်ယောက် နားနေတာတွေ့တယ်။ ခဏနေတော့ ဒီလူတွေက ကျွန်တော်တို့ကို ပြန်ကျော်တက်သွားတယ်။ သူ တို့က အတက် တစ်နာရီခွဲ၊ အဆင်း တစ်နာရီပဲကြာတယ်တဲ့။

ရွှေရင်ဆို့ လှေကားအဆုံးမှာ သောက်ရေကန်နဲ့ ဇရပ်တစ်ခုရှိတယ်။ စခန်းနာမည်တော့ မရှိဘူး။ သောက်ရေ ကန်မှာ “ သောက်ရေကန်အလှူရှင်၊ ပေါ့ထော်ရွာ နှင့် ကော့မံရွာ ဒါယကာ၊ ဒါယိကာ မ များကောင်းမှု၊ နတ်လူသာဓုခေါ်စေသော်၊ အလှူငွေ/ ၁၈၅ဝိ။” ဆိုတဲ့ ကျောက်ပြား ကပ် ထားတယ်။ အဲဒီ စခန်းအကျော် တောင်နံရံကျောက်ဖျာမှာ “ ၁၉ – ၁ -၂၀၂၃ အတွဲတွေ အကုန် ပြတ်ပါစေ၊ ငါ့မှာ မရှိလို့ ပုံ Single အဖွဲ့” ဆိုပြီး ရေးထားတဲ့ ပေါက်ကွဲသံစဉ်တစ်ခုတွေ့တယ်။ သနားစရာပဲ။ အဲဒီနေရာနားမှာပဲလှေကားထစ်မှာ“ ၁၆၀၀” ဆိုတဲ့ ဂဏန်းတွေ့တယ်။ ဒီနေရာ အထိ လှေကားထစ် အရေအတွက်ကို ရေးထားတာဖြစ်မယ်။

အဲဒီကနေ ဆက်တက်သွားတဲ့အခါ လှေကားထစ်တွေက နည်းနည်းပြေသွားပြီး “ ကရမက်စခန်း” ကို ရောက် တယ်။ အဲဒီနေရာမှာရှိခဲ့ဖူးတဲ့အဆောက်အအုံတွေက တောင်ပြိုတဲ့အထဲ ပါသွားပြီလို့ ပြောတယ်။ လက်ရှိတော့ ကရက်မက်ပင်နဲ့ ကရက်မက်စခန်းဆိုတဲ့ ဆိုင်းဘုတ်ပဲကျန်တော့တယ်။ အဲဒီ စခန်း လွန်တော့ တံတားလေး စခန်းရှိတယ်။ အဲဒါကတော့ တောင်ကျရေဆင်းတဲ့နေရာကို ကွန်ကရစ် တံတားထိုးထားလို့ခေါ်တာ။ တံတားထိပ်မှတ်တိုင်မှာ “ရွှေအင်ဒုံ၊ တံတားလေး၊ မဟာထူးမြိုင်ကြီးငူ” လို့ စာထွင်းထားတယ်။

တံတားအလွန်မှာလှေကားက အတက်မတ်တယ်။ လှေကားအဆုံးမှာ “ ရွှေအင်ဒုံစခန်း” ရှိတယ်။ တောင်ခြေနဲ့ ရွှေအင်ဒုံစခန်းကြားမှာ အောက်ဘက် က မြေပြန့်လွင်ပြင်နဲ့ ဇွဲကပင်တောင်တန်းကြီး ကိုလှမ်းမြင်ရတဲ့ ရှုခင်းလှပြီး ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတွေရှိတယ်။ မင်းသမီးအေးမြတ်သူနဲ့ သင်ဇာဝင့်ကျော်တို့ ဓာတ်ပုံရိုက်ဖူးလို့ဆို ပြီး သူတို့နာမည်တွေပေးထားတဲ့ နေရာနှစ်ခုလည်း တွေ့ ခဲ့ရတယ်။

ရွှေအင်ဒုံစခန်းကတောင်တက်ခရီးတစ်ဝက်နေရာလည်းဖြစ်ပါတယ်။စခန်းမှာဘုန်းကြီး ကျောင်းရှိပြီး သံဃာတော်တစ်ပါး သီတင်းသုံး တယ်။ ဘုရားဖူး တွေ ကို စတုဒီသာ ကျွေးတယ်။ ဒါပေမယ့် အခမ်း အနား ကြီးနဲ့ ကျွေးတာမဟုတ်ဘူး။ ဦးပဉ္စင်းနဲ့ အတူ နေ ဒကာတွေက ချက်ပြီး စားပွဲပေါ်မှာ ပြင် ထားတယ်၊ ရောက်တဲ့သူက ခူးခပ်စား ပေါ့။ ကိုယ်မစားဘူးဆိုရင်လည်း စတုဒီသာအတွက် ဝတ္ထုငွေ လှူဒါန်း လို့ ရပါတယ်။ ကျွန်တော် တို့တက်တဲ့နေ့က သီးစုံဟင်းချက်ထားတယ်။ ရွှေအင်ဒုံ စခန်း က စပြီး တောင်ပေါ် အထိ သက်သတ်လွတ်နယ် မြေဖြစ် တဲ့ အတွက် သားငါးမချက်ဘူး။

ရွှေအင်ဒုံစခန်းမှာ နွေမိုးဆောင်းတစ်နှစ်ပတ်လုံးကျောက်ကြားထဲက စိမ့်ထွက်နေတဲ့ ကျောက်စက် ရေကန်ရှိတယ်။ ရေက ကြည်လင်အေးမြလွန်းတဲ့အတွက် ကျွန်တော်ကတော့ ပါလာတဲ့ ရေကို သွန် ပစ်ပြီး ကျောက်စက်ရေနဲ့ အစားထိုးခဲ့တယ်။ ရွှေအင်ဒုံစခန်းကနေ ဝိဇ္ဇာညီနောင် စေတီကိုလည်း သွားလို့ရတယ်။ ဝိဇ္ဇာညီနောင်စေတီက ဇွဲကပင်တောင်ထိပ်နဲ့ တောင်ကြောချင်းဆက်နေတော့ ဝိဇ္ဇာညီနောင်ကတဆင့် ဇွဲကပင်တောင်ထိပ်ကို ဆက်သွားလို့လည်းရတယ်။ ဒါပေမယ့် ခရီးဝေး တယ်။ အဲဒီကို သွားချင်ရင် အဆင်ပြေဆုံးလမ်းကြောင်းက အပြန်ခရီးမှာ ဇွဲကပင်တောင်ထိပ်ကနေ ဝိဇ္ဇာညီ နောင်စေတီကို သွား၊ အဲဒီကမှ ရွှေအင်ဒုံစခန်းကို ပြန်ဆင်းတဲ့လမ်းကြောင်းဖြစ်ပါတယ်။

ဝိဇ္ဇာညီနောင် လမ်းခွဲကိုကျော်လာတဲ့အခါ ကျောက်တောင်နှစ်ခုကြားမှာရှိတဲ့ ရွှေရင်အေး စခန်း ကို ရောက်မယ်။ ဒီနေရာမှာ ကျောက်နံရံမှာ ကပ်ပြီးတည်ထားတဲ့ စေတီငယ်သုံးဆူရှိတယ်။ တောရိပ် တောင်ရိပ်ကောင်းတယ်။ အမှန်ကတော့ ဒီနေရာကို ရွှေရင်ပူ လို့နာမည်ပေးရမှာ၊ ဘာ့ကြောင့်လဲ ဆိုတော့ ဒီစခန်းက တက်တဲ့လှေကားဆုံးတာနဲ့ “ စိုင်တမော့” စခန်းကို ရောက်မှာကိုး။ ဇွဲကပင် အတက်လမ်းက စိုင်တမော့က ကျိုက်ထီးရိုး စိုင်တမော့စခန်းထက် ပိုဆိုးတယ်။ ဒီနေရာရောက် ရင်တော့ အပေါ်ကို မော့မကြည့်ပဲ ကိုနေဝင်းရဲ့ “ တစ်လှမ်းချင်းလှမ်းရင်း တရွေ့ရွေ့တက်ခဲ့ ရှေ့မှာ မျှော်လင့်ခြင်း” ဆိုတဲ့ စာသားလေးအတိုင်း လှေကားထစ်ကိုပဲ ကြည့်ပြီး တစ်ထစ်ချင်းနင်း တက် သွား တာ အကောင်းဆုံးပဲ။

စိုင်တမော့ ပြီးရင် “ဘဝသံသရာ” စခန်းကို ရောက်ပြီ။ လှေကားထစ်တွေက အကွေ့ အကောက် များတဲ့အတွက် ဒီနာမည်ပေးထားတာပါ။ အဲဒီစခန်းအလွန်အကွေ့တစ်နေရာရဲ့ လှေကား လက်ရန်း မှာ “ ၃၁၅၀” လို့ရေးထားတယ်။ ဒါကလည်း ဒီနေရာအထိ လှေကားထစ်အရေတွက်ဖြစ်မှာပါ။

“ဘဝသံသရာ” စခန်းရောက်ရင် တောင်တက်ခရီး ငါးပုံပုံ လေးပုံရောက်ပြီလို့ ပြောလို့ရပြီ။ ဘ၀ သံသရာစခန်းကျော်လာရင် ဝိဇ္ဇာညီနောင်စေတီကိုရော၊ အောက်ဘက်က ခလောက်နို့ လွင်ပြင် ကို ရော မြင်ရတဲ့ ရှုခင်းသာနေရာရှိတယ်။ အဲဒါနေရာအကျော်မှာ “ ၃၃၀၀” လို့ ရေးထားတယ်။ အဲဒီက နေ နည်းနည်းဆက်သွားလိုက်တာနဲ့ နတ်ရေကန် စခန်းကို ရောက်ပြီ။ ဒါဟာ နောက်ဆုံးစခန်းပဲ၊ ဇွဲ ကပင်ဆံတော်ရှင်သမိုင်းစာအုပ်မှာတော့ နတ်ရေကန်စခန်းရဲ့ ရေလှောင်ကန်နောက်မှာ ဂူရှိတယ်၊ ဂူထဲမှာ ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ရေကန်တစ်ခုရှိတယ်လို့ရေးထားပေမယ့် ဂူဝင်ပေါက်ကိုရှာ မတွေ့ခဲ့ ဘူး။

နတ်ရေကန်ရောက်ရင် ဇွဲကပင်တောင်ထိပ်ကိုရောက်ပြီလို့ ပြောလို့ရပြီ။ အဲဒီကနေ ဆက်ထွက် လိုက်ရင် တစ်ကွေ့ကွေ့တာနဲ့ ဝိဇ္ဇာညီနောင်လမ်းခွဲ၊ အဲဒီလမ်းခွဲအကျော် လှေကားလက်ရန်း မှာ “ ၃၆၀၀” လို့ရေးထားတယ်။ ဒါ့ကြောင့် ခလောက်နို့ဘက်က တောင်တက်လမ်းဟာ လှေကားထစ် ပေါင်း အနည်းဆုံး ၃၆၀၀ ရှိတယ်လို့ ပြောလို့ရပါတယ်။ အဲဒီနေရာကနေ နောက်ထပ် လှေကား ထစ် သုံးဆယ်ကျော်လောက်တက်လိုက်ရင် ဈေးဆိုင်နဲ့ တည်းခိုဆောင်တွေရှိတဲ့ ရင်ပြင်တော် ပထမအဆင့်ကို ရောက်ပါပြီ။

ကျွန်တော်ရဲ့တောင်တက်ခရီးက တောင်ခြေကနေ တောင်ထိပ်အထိ နှစ်နာရီ ဆယ့်ငါးမိနစ် ကြာ တယ်။ ဈေးဆိုင်မှာ ဖိနပ်ချွတ်၊ ပစ္စည်းတွေချပြီးတာနဲ့ ရင်ပြင်တော်ပေါ်ပြေးတက်ခဲ့တယ်။ ရင်ပြင် ပေါ်ကနေ အောက်ကို ငုံ့ကြည့်တယ်။ ဘားအံမြို့ကြီးက အောက်မှာ၊ သံလွင်မြစ်က အောက်မှာ၊ ခလောက်နို့နယ်မြေ၊ ဒုံရင်းနယ်မြေအားလုံး အောက်မှာ၊ ပင်ပန်းခဲ့၊ မောခဲ့သမ ျှ မေ့ပြီး ထိပ်ဆုံး ရောက်နေတဲ့ ပီတိကို အပြည့်အဝခံစားနေလိုက်တယ်။

ခဏနေတော့ ကျွန်တော့်အဖော် လိုက်လာပြီး ဆရာတော်ဆီသွားပြီး ညအိပ်မယ့် အကြောင်း လေ ျှာက်ရအောင် လို့ ပြောတယ်။ ဟုတ်တာပဲ။ တောင်ထိပ်ရောက်တယ်ဆိုပေမယ့် တောင်ကို အပိုင်ရတာမဟုတ်ဘူး၊ တည်းခိုနေထိုင်ဖို့ ခွင့်ပြုချက်ယူရဦးမယ်၊ စည်းကမ်းအတိုင်းနေရမယ်၊ ပြီးတော့ အချိန်တန်ရင်လည်း ပြန်ဆင်းရဦးမယ်။

အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ

လွန်ခဲ့တဲ့ တစ်နှစ်က ရေးခဲ့တဲ့ ဘောလုံးပွဲက ရခဲ့တဲ့ ဘ၀ သင်ခန်းစာ
မဖတ်ရသေးသူများအတွက် ပြန်လည်မ ျှဝေလိုက်ပါတယ်။

“မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။”

( ဆောင်းပါးကောက်နှုတ်ချက်)


အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ

ဘဝမှာ ဘောလုံးပွဲတွေအများကြီး ကြုံခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကလေးဘဝက ကြုံခဲ့တဲ့ ဘောလုံးပွဲလောက် ဘယ်ပွဲမှ မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ တစ်သက်လုံး တသသ မရှိခဲ့ဘူး။ သင်ခန်းစာယူလို့ မဆုံး မဖြစ်ခဲ့ဘူး။

အဲဒီ ဘောလုံးပွဲဟာ ကျွန်တော့်လက်ထဲကို ထူးခြားတဲ့ဘောလုံး တစ်လုံးရောက်လာတာက အစပြု ခဲ့တာပါ။ ထူးခြားတဲ့ဘောလုံး အကြောင်းမပြောခင် ဘောလုံးရလာတဲ့ အချိန်ကာလကို အရင် ပြောမှ ပြည့်စုံမယ်။ အဲဒီအချိန်က ၁၉ ၆၈- ၆၉ ၊ ကျွန်တော်က လေးတန်းကျောင်းသား။ အဖေက နာဂ တောင်တန်းက မြို့လေးမှာ တာဝန်ကျတယ်။

ကျွန်တော်တို့ မူလတန်းကျောင်းလေးမှာ ကျောင်းသားတွေရဲ့ တစ်ခုတည်းသော ကစားနည်းက ဘောလုံးကန်တာပဲ။ ဘောလုံးဆိုတာလည်း ကောင်းကောင်း ကန်းကန်းမဟုတ်ဘူး။ မြို့ထဲ တရုတ် စတိုးဆိုင်က ရောင်းတဲ့ ကော်ဘော်လုံးပဲ။ ဆိုရှယ်လစ်ခေတ် ဆိုတော့ တကယ့်ဘောလုံးဆိုတာ ကုန်သွယ်ရေးက ရောင်းမှ ဝယ်လို့ရတာ။ ကျွန်တော်တို့ မြို့လေးမှာ ရွှေလောက်နီးနီး ရှားတယ်။

ကော်ဘောလုံးဆိုတော့ နည်းနည်းကန်လိုက်တာနဲ့ ပေါက်ပြီ။ ဘောလုံးပေါက်တိုင်း အသစ်ဝယ်ဖို့ ပူဆာရင်လည်း အိမ်ရဲ့ တုတ်စာမိမှာသေချာသလောက်ဖြစ်နေတော့ ကလေးတွေဟာ ကော်ဘောလုံး အပိန်အရှုံ့နဲ့ ပဲ နှစ်ပါးသွားနေရတယ်။ အဲဒီလို အချိန်မှာ ကျွန်တော့်အဖေက မန္တလေးသွားရတယ်။ မန္တလေးက ပြန်လာတော့ သားရေဘောလုံးတစ်လုံး၊ လေထိုးတံတစ်ချောင်း၊ လေထိုးပိုက်တစ်ခု ပါလာတယ်။ ဘောလုံးက တရုတ်လုပ်၊ ကြိုးချုပ်လို့ခေါ်တဲ့ ဘောလုံး။ ကော်ဘောလုံးနဲ့ပဲ နှစ်ပါးသွားနေရတဲ့ ကျွန်တော်တို့အတွက်တော့ အင်မတန်ထူးခြားတဲ့ ဘောလုံးပေါ့။ ဒါ့အပြင် အဖေက ဘောလုံးကွင်း အသေးလေးဖောက်ပေးတယ်။ ဂိုးကျဉ်းကန်ဖို့အတွက် သစ်သားတန်းနဲ့ ဂိုးတိုင် အသေးလေးလုပ်ပေး တယ်။ ဂုံနီအိတ်တွေ နဲ့ ဂိုးပိုက်လေးလုပ်ပေးတယ်။

ဒီလိုနဲ့ အဖေ့ကျေးဇူးကြောင့် ဘောလုံးပိုင်၊ ကွင်းပိုင်ဖြစ်လာတဲ့ ကျွန်တော်ဟာ သူငယ်ချင်း တွေကြားမှာ အကောင် ဖြစ် လာတယ်။ ကျွန်တော်နဲ့ မတည့်ရင် ဒီကွင်းမှာ ကစားလို့မရဘူး။ လူခွဲရင် ကိုယ်ကြိုက်တဲ့သူ ရ အောင် ယူတယ်။ ကိုယ်တိုင်လည်း ဝင်ကန်တယ်။ ကိုယ်တိုင်ပဲ ဒိုင်လုပ်တယ်။ ဒိုင်ဆုံးဖြတ်ရင် လက်ခံ၊ ပြန်မပြောနဲ့။ နောက်လာကစားလို့မရဘူးဖြစ်သွားမယ်။ တစ်ချို့ မခံချင်တဲ့ သူငယ်ချင်းတွေက မလာ ဘူးပေါ့။ ဒါပေမယ့် ကြာကြာမနေနိုင်ပါဘူး။ ကော် ဘောလုံး အစုတ်နဲ့ မကန်ချင်တော့ မချစ်သော်လည်း အောင့်ကာနမ်း ပြီး ပြန်လာရတာပဲ။

တစ်ခါတစ်လေကျတော့ အရုပ်ကားချပ်ကြေး၊ သားရေကွင်းကြေးကန်ကြတယ်။ ဒီလိုကန်ရင်တော့ ကျွန်တော်ဘက်က လူတစ်ယောက်ပိုယူတယ်။ ငါ့ကွင်း၊ ငါ့ဘောလုံး ၊ ငါမပါရင် မင်းတို့ ပွဲမဖြစ် ဘူး။ ကန်ချင်ရင် ငါ့ဘက်ကို တစ်ယောက်အကြောပေး ဒါပဲ။ များများမပြောဘူး။ သို့သော် လောင်းကြေးပါတဲ့ ပွဲမျိုးဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ကန်၊ ကိုယ်တိုင်လည်း ဒိုင် လုပ် ဆိုတာမျိုးမလုပ်ပါဘူး။ မ ျှမ ျှတတ ဖြစ်အောင် ဒိုင် တစ်ယောက်ထားတယ်။

ဒိုင်လူကြီးကတော့ ဝေးဝေးမရှာရပါဘူး။ အဖေ့ အနားမှာ အမြဲတမ်းနေတဲ့ ဦးလေးကြီးက ဒိုင်လူကြီး ပေါ့။ သူက ဘောလုံး မကန်တတ်ဘူး။ ဒါပေမယ့် ပြဿနာမရှိဘူး။ သူ့အလုပ်က ကျွန်တော်က “ ဦးလေး” လို့အော်လိုက်ရင် ခရာမှုတ်လိုက်ဖို့ပဲ။ ဘာပြစ်မှုလည်းဆိုတာ ကျွန်တော်ကပဲ ပြောပြ ရတာပေါ့။ တစ်ဖက်အသင်းက ဆင်ခြေတက်ရင်လည်း “ ဟေ့ကောင်တွေ ဒိုင်ကို ပြန်မပြောနဲ့၊ မကျေနပ်ဘူးလား” ဆိုပြီး ဖြဲချောက်ရတာပဲ။

ဒီတော့ ကားချပ်ကြေး ကန်တိုင်း ကျွန်တော်တို့ အသင်းပဲ နိုင်တာပေါ့။ ဒီလိုနဲ့ ကြေးကြီးပွဲ ကြီး ကန်ဖို့ဖြစ်လာတယ်။ ကြေးကြီးတယ်ဆိုတာက အရုပ်ကားချပ်ကြေးများတာကို ပြောတာ။ ကျွန် တော်တို့ခေတ်က ကားချပ်ဆိုတာ ကလေးပိုက်ဆံပဲလေ။ အရင်ပွဲနဲ့မတူတာက အဖေတပည့် ဦးလေးကြီးက ခရီးထွက်သွားတော့ ဒိုင်မလုပ်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်က စိတ်မပူဘူး။ အခု ဦးလေးကလည်း အဖေ တပည့်တစ်ယောက်ပဲ၊ အထာနပ်မှာပါပေါ့။ နောက်ပြီး ထုံးစံအတိုင်း ကျွန် တော့်ဘက်က လူတစ်ယောက် အကြောယူထားသေးတယ်လေ။

လောကမှာ အရာရာဟာ ကိုယ်ထင်တဲ့အတိုင်းမဖြစ်ဘူးဆိုတာ တယ်မှန်တာကိုး။ ဒိုင် လုပ်တဲ့ ဦးလေးက “ ဦးလေး” လို့ လှမ်းအော်ရင်လည်း မကြားချင်ယောင်ဆောင်နေတယ်။ သူ ဆုံး ဖြတ်တာကို ကန့်ကွက်တော့ ဒိုင်ကို ခံမပြောနဲ့လို့ သတိပေးတယ်။ ဟိုဘက်အသင်းကို ဘက် လိုက်နေသလားတောင် ထင်ရတယ်။ သူလုပ်တာနဲ့ တစ်ဘက် အသင်းကကောင်တွေ အားတက်ပြီး ကျုံးကန်၊ ကျွန်တော့်တို့ဘက်ကတော့ တစ်သက်လုံး ဒိုင် အားကိုးနဲ့လုပ်စား လာတာဆိုတော့ ခြေပျက်။ နောက်ဆုံးတော့ ဝက်ဝက်ကွဲရှုံးတော့တာပဲ။

ဒါပေမယ့် ဒါ ကျွန်တော့်ကွင်းလေ။ ဒီလို လာလုပ်လို့ဘယ်ရမလဲ။ ပွဲပြီးတော့ ဘောလုံးကို သိမ်း၊ ဒိုင် ညစ်လို့ ငါတို့ရှုံးတာ။ အရင်ဒိုင် ဦးလေးကြီးလာမှ ပြန်ကန်မယ်ဆိုပြီး ပြောရတာပေါ့။ ဟိုဘက် အသင်း ကလည်း ဘယ်ခံမလဲ၊ ဒီတစ်ပွဲက ကြေးများတာကိုး။ အတိုချုပ်လိုက်တော့ နှစ်ဘက် ရန်ဖြစ်ပြီး ထိုးကြိတ်လိုက်တာ အားလုံး ကျောင်းအုပ်ဆရာကြီး ရုံးခန်းရောက်တော့တာပဲ။

ကျွန်တော်တို့ မူအုပ်ဆရာကြီး ဦးထွန်းမြင့် ဆိုတာ စည်းကမ်းကြီးတော့ သူ့ရုံးခန်းရောက်တယ် ဆိုရင် အခြေအနေမကောင်းတော့ဘူး။ ဖြစ်ကြောင်းကုန်စင် နားထောင်ရင်းနဲ့ နဂို က ညိုမှောင် နေတဲ့ ဆရာကြီးမျက်နှာက မဲမှောင်လာတယ်။ နှာခေါင်းဝက လေသံ တရှုးရှုးထွက်လာတယ်။ ဒါဟာ ဆရာကြီး ဒေါသ ဆိုင်ကလုန်းမုန်တိုင်းလာပြီ ဆိုတဲ့ သတိပေးခေါင်းလောင်းသံပဲ။ ဒါ့ကြောင့် သူ့ရှေ့မှာ လက်ပိုက်ရပ်နေတဲ့ ကျွန်တော်တို့ ကိုယ်လုံးတွေက တဖြည်းဖြည်း ကျုံ့လာကြတယ်။

အားလုံးနားထောင်ပြီးတော့ ဆရာကြီးက ကြိမ်လုံးနဲ့ စားပွဲကို တဖြန်းဖြန်း ရိုက် ရင်း “ ရဲထွဋ် ၊ မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။ အခု ကြည့်စမ်း၊ မင်း ဖောက်တဲ့ ကွင်း မှာ မင်းစည်းကမ်းအတိုင်း လူလည်း အကြောယူထားသေးတယ်။ ဒိုင် ကို ပြန်မပြောနဲ့ဆိုတာလည်း မင်းသတ်မှတ်တာပဲ။ မင်းနိုင်နေ တုန်းက အကောင်း၊ ရှုံး တော့မှ ဒိုင်ညစ်တယ်၊ ပြန်ကန်မယ် ဆိုတော့ ဒါ သက်သက် ညစ်တာကွ။ မင်း လူညစ်ပဲ” လို့ အော်တော့တာပဲ။ ဇာတ်သိမ်းတော့ ရန်ဖြစ်တာကြောင့် အားလုံး တစ်ယောက် ကို သုံးချက်၊ ကျွန်တော်ကတော့ ညစ်ကျယ်ကျယ်လုပ်တဲ့အတွက် အပိုဆောင်း ငါးချက် အဆော်ခံ ထိတယ်။ ဘောလုံးကိုလည်း ဆရာကြီးက ကျောင်းပိုင်အဖြစ်သိမ်းလိုက်တယ်။

အရိုက်ခံရတာက မနာဘူး။ ဘောလုံး အသိမ်းခံရတာတော့ အတော်နာတယ်။ တကယ်တော့ ကိုယ့်ခြေစွမ်းက ကောင်းတာမဟုတ်ဘူး၊ ဒီဘောလုံး ကြောင့်သာ ကွင်းထဲမှာ ဆရာကြီးလုပ်နေရ တာ မဟုတ်လား။ ဒါ့ကြောင့် ဆရာကြီးကို အယူခံဝင်တယ်။ မရဘူး။

ဒါနဲ့ အဖေ့ကို ဘောလုံးအသိမ်းခံရတဲ့အကြောင်းနဲ့ ဆရာကြီးဆီက ပြန်တောင်းပေးဖို့ ပြော တယ်။ အကြောင်းစုံ သိသွားတဲ့ အဖေက “ မင်းကို လူချစ်လူခင်များအောင်၊ သူငယ်ချင်း တွေနဲ့ ပိုစည်းလုံးအောင် ဘောလုံးဝယ်ပေးတာ၊ မင်းက ညစ်တော့ ခံပေါ့ကွာ” လို့ သြဘာပေးတယ်။ ဆရာကြီးသာ မရိုက်ရင် သူက ရိုက်ပြီး အပြစ် ပေးမယ့်ပုံပဲ။ အဲဒီမှာ လူညစ် ဆိုရင် အဖေကတောင် လက်မခံဘူးဆိုတာ သဘောပေါက်သွားတယ်။

အဲဒီဘောလုံးပွဲက ကျွန်တော့်အတွက် တစ်သက်တာ သင်ခန်းစာပဲ။ ဘ၀ မှာ ဘယ်လို ပြိုင်ဆိုင်မှု မျိုးနဲ့ ကြုံကြုံ ညစ်ပြီး အနိုင်ယူဖို့ မစဉ်းစားတော့ဘူး။ ကိုယ့်အထက် က ဖြစ်ဖြစ်၊ လုပ်ဖော် ကိုင်ဘက်ဖြစ်ဖြစ်၊ လက်အောက်က ဖြစ်ဖြစ် ညစ်တတ်တဲ့ လူတွေကို တွေ့ရင်လည်း လေးစားလို့ မရတော့ ဘူး၊ ခင်မင်စိတ်မရှိတော့ဘူး၊ စာနာစိတ်မထားနိုင်ဘူး။

ကျွန်တော် အဲဒီမြို့လေးက ပြောင်းလာပြီးနောက်ပိုင်း ဆရာကြီးနဲ့ မဆုံဖြစ်တော့ ဘူး၊ ဆရာကြီး ကွယ်လွန်သွားတာတောင် နှစ်အတော်ကြာမှ သိတယ်။ ဒါပေမယ့် လူညစ်တွေ တွေ့ တိုင်း “ သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်” ဆိုတဲ့ ဆရာကြီး စကားကို ပြန်သတိရတယ်။

အခုနေ ဆရာကြီးများရှိရင် ကြိမ်လုံး တဝင့်ဝင့်နဲ့ ဘာတွေများပြောနေမလဲ မသိဘူး။

ဇွဲကပင်ခရီးစဉ် ၃

ကြာအင်းတောင်ပေါ်က ပြန်ဆင်းပြီးတော့ ဟိုတယ်ကို ပြန်၊ ရေချိုးပြီး ဘားအံ ကမ်းနားလမ်း ညဈေး တန်းမှာ ညစာစားဖို့ သွားတယ်။ ကျွန်တော်က ၂၀၂၀ ဇန်နဝါရီလမှာ ဘားအံညဈေးကို ရောက် ခဲ့ဖူး သလို ခရီးအတူထွက်လာတဲ့မိတ်ဆွေကလည်း၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ဘားအံ ညဈေး ကို ရောက်ခဲ့ဖူးတော့အဲဒီအချိန်က တွေ့ကြုံခဲ့ရတဲ့ ဘားအံညဈေးရဲ့ အစားအသောက်စုံလင်မှု၊ စည်ကား မှု၊သန့်ရှင်းမှုတွေကိုမှတ်မှတ်ရရဖြစ်နေဆဲပဲ။ သီချင်းကြိုက်တဲ့ကျွန်တော်ကတော့ အစားအသောက် အပြင် ညဈေးမှာ ဖျော်ဖြေနေတဲ့ လူငယ်ဂီတသမားလေးတွေရဲ့ တင်ဆက်မှုကိုလည်း သတိရတယ်။ ဒါ့ကြောင့် ရောက်တဲ့နေ့ ညမှာပဲ ဘားအံ ညဈေးကို အပြေးချီတက်ခဲ့တယ်။

ညဈေးတန်းကို ညခုနစ်နာရီ ကျော်မှာရောက်သွားတော့ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်ဘူး။ အရင်က ပြည့်ကျပ်နေတဲ့ ကားရပ်တဲ့နေရာမှာ ကားနည်းနည်း၊ ဆိုင်ကယ်နည်းနည်းပဲရှိတယ်။ အရင်ကဆိုင်တန်း လေးတန်းရှိပေမယ့် အခုတော့ ဆိုင်တန်း နှစ်တန်းပဲရှိတော့တယ်။ ဈေးဝယ်သူ ကလည်းအရင်လို မဟုတ်တော့ဘူးတဲ့၊ ညခုနစ်နာရီကျော်ရင်နည်းသွားပြီ၊ ဆိုင်တွေကလည်း ရှစ်နာ ရီခွဲ ကိုးနာရီဆိုရင် သိမ်းပြီ တဲ့။ ဂီတဝိုင်းလေးတွေလည်း မရှိတော့ဘူး။

ရှိတဲ့ဆိုင်တွေကလည်း အကင်ဆိုင်နဲ့ “တောထမင်း၊ တောဟင်း” လို့ နာမည်တတ်ထားတဲ့ ထမင်း ဆိုင်တွေပဲများတယ်၊အမှတ်တရ ပစ္စည်းဆိုင်တွေ နဲ့ မြန်မာမုန့်ဆိုင်တွေ ကတော့မရှိသလောက်ပဲ။ ဒါနဲ့ ညစာကို ဖက်ထုတ်ပြုတ်ပဲစားလိုက်တယ်။ ဈေးတန်းမှာတော့ ဘယ်ဆိုင်မေးလိုက်မေးလိုက် ဧည့်သည်အလာနည်းသွားလို့ရောင်းအားက အရင်နဲ့ ဘာမှ မဆိုင်ဘူးဆိုတဲ့ အသံပဲကြားရတယ်။ ဘန်ကောက်က ထိုင်းစား သောက်ဆိုင်တွေမှာ အနှစ်နှစ်ဆယ်လောက် လုပ်ပြီး ပြန်လာတဲ့ ဇနီး မောင်နှံနဲ့အတော်ကြာကြာစကားပြောဖြစ်တယ်။သူတို့က ကရင်ပြည်နယ်အေးချမ်းနေပြီ၊ ကိုယ့် ဒေသမှာပဲ လုပ်ကိုင်စားသောက် တော့မယ်ဆိုပြီး ၂၀၁၈မှာ ပြန်လာခဲ့သူတွေပေါ့။

သူတို့ဆိုင်က ၂၀၁၈၊ ၂၀၁၉ ကာလမှာတော့ အတော်ရောင်းကောင်းခဲ့တယ်။ ကိုဗစ် ကြောင့် ညဈေးပိတ်လိုက်ရချိန်ကစပြီး စီးပွားရေးကျသွားတာ၊ အခုပြန်ဖွင့်တော့လည်း အခြေအနေက ပုံမှန် ပြန်မဖြစ်တော့ဘူး။ ပြန်လာ တာကလည်း ဖောင်ဖျက်ပြီး ပြန်လာတာဆိုတော့ ထိုင်းက စာအုပ်တွေ ဘာတွေလည်း မရှိတော့ဘူး၊အခုထိတော့တောင့်ခံနေဆဲပဲ၊ဒီထက်ဆိုးလာရင်တော့ ဘန်ကောက် ပြန်ပြီး အစက ပြန်စရ မှာပဲလို့ ပြောတယ်။ မေ ျှာ်လင့်ချက်တွေ အပြည့်နဲ့ နိင်ငံကို ပြန်လာခဲ့ပြီး
မေ ျှာ်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတဲ့သူတွေ ဘယ်လောက်များနေလဲမသိနိုင်ဘူး။

ဒီလိုနဲ့ ပျော်စရာမကောင်းတော့တဲ့ ညဈေးတန်းကနေ လေးလံသောစိတ်နဲ့ ဟိုတယ်ကို ပြန်ခဲ့ တယ်။ နောက်နေ့အစီအစဉ်က အရုဏ်တက်မြင်ကွင်းကို ဓာတ်ပုံရိုက်မှာဆိုတော့ စောစောအိပ်ပြီး မနက် ငါးနာရီပြန်ထ၊ ငါးနာရီခွဲမှာ ကန်သာယာကို သွားတယ်။ကန်သာယာ သီရိလမ်းဘက် ကနေ မြင်ရတဲ့ အရုဏ်တက်ချိန်မြင်ကွင်းက ဘားအံရဲ့ အလှပဆုံးမြင်ကွင်းပဲ။၁၉၈၃ ဘားအံကို စရောက် ချိန်မှာကျွန်တော့်ကို ဖမ်းစားခဲ့တာ ဘားအံသူလေးတွေ မဟုတ်ဘူး။ ကန်သာယာတံတား နဲ့ ဇွဲကပင်တောင် ရှုခင်းဖြစ်ပါတယ်။

ပါတီကောင်စီခေတ်ကနေ ဒီနေ့အထိ ကရင်ပြည်နယ်အုပ်ချုပ်ရေး တာဝန်ယူခဲ့ရတဲ့ အမျိုးမျိုးသော ပုဂ္ဂိုလ်များကို ချီးကျူးမိတာကတော့ ကန်သာယာရေကန်ကို ဖြတ်ပြီး ဇွဲကပင်တောင်ကို မြင်ရတဲ့ ရှုခင်းကို အပြောင်းအလဲဖြစ်စေမယ့်၊ မြင်ကွင်းကို အတားအဆီးဖြစ်စေမယ့် ဘယ်လို အဆောက် အအုံကို မှဆောက်လုပ်ခွင့်မပေးခဲ့တဲ့အချက်နဲ့ ဘယ်သူတာဝန်ယူယူ ကန် သာယာ ကန်ပတ်လမ်း ကို ကောင်းသည်ထက် ကောင်းအောင် လုပ်ဆောင်ပေးခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။ အဲဒီမူဝါဒကို ဆက်လက်ထိန်းသိမ်းနိုင်ပါစေလို့လည်း ဆုတောင်းပါတယ်။

အရှေ့ဘက်ဆီက ရောင်နီသမ်းလာတာနဲ့ ဓာတ်ပုံရိုက်တယ်။ ကန်ပတ်လေ ျှာက်လမ်းနေရာက ဓာတ်ပုံရိုက်ရတာ အားမရတော့ အနားက ကုက္ကိုပင်ခွကြားကို တက်ရိုက်တယ်။ ဓာတ်ပုံရိုက်နေရင်း နဲ့ အဝေးဘက်မှာ ကန်သာယာကို ဖြတ်ပြီးနောက်ထပ် တံတားတစင်းထိုးတာ သတိထားမိတယ်။ ကြာအင်းတောင်ပေါ်ကနေ ဓာတ်ပုံရိုက်ချိန်က အဲဒီတံတားကို သတိမထားမိခဲ့ဘူး။ ဒါနဲ့ အဲဒီ တံတားရှိတဲ့ဘက်ကို ကန်ပတ်လမ်းအတိုင်းသွားလိုက်တယ်။

အဲဒီတံတားက ပြည်သူ့ဆေးရုံကြီးအနောက်ဘက် လူသွားလမ်းအတိုင်း ဆင်းလာတဲ့နေရာကနေ ကန်ကို ဖြတ်ပြီး ဖောက်ထားတာ။ ဆေးရုံကြီးဘက်ကနေ ပြည်ထောင်စု ရပ်ကွက်ဘက်ကို လမ်း လေ ျှာက်သွားချင်တဲ့ သူတွေအတွက် အဆင်ပြေမယ့်တံတားပေါ့။ တံတားက အင်္ဂတေနဲ့လုပ်ထား တဲ့ သစ်လုံးပုံစံလက်ရန်းတွေတပ်ထားတယ်။ တံတားပေါ်အလယ်မှာ နားဖို့ အဆောက်အအုံ လုပ် မထားတဲ့အတွက် ဇွဲကပင်တောင်မြင်ကွင်းကို အပြောင်းအလဲမဖြစ်ဘူး။ မူလရှိပြီး ကန်သာယာတံ တားရဲ့ အလယ်မှာ ဇရပ်လိုအဆောက်အအုံလေးရှိပြီးဖြစ်တဲ့အတွက် တံတားအသစ်မှာသာ အဲဒီလို အဆောက်အအုံပါရင် မြင်ကွင်းက အပြောင်းအလဲဖြစ်ပြီး ရှုခင်းအလှပျက်စီးသွားမှာသေချာတယ်။

တံတားအနားမှာတွေ့တဲ့ နံနက်ခင်းလမ်းလေ ျှာက်သူတစ်ယောက်ကို တံတားအကြောင်းမေး တဲ့ အခါ တံတား နာမည်က “ ဦးပေါက်တံတား” လို့ ပြောလိုက်တော့ ကြောင်သွားတယ်။ ဒေသအခေါ် လားလို့ ထပ်မေးတော့ မဟုတ်ဘူး၊ တရားဝင်နံမည်၊ တံတားဟိုဘက်ထိပ်မှာ ဆိုင်းဘုတ်ရှိတယ် လို့ ပြောတယ်။ ဒါနဲ့ တံတားကို ဖြတ်ပြီး သွားတယ်။ သူပြောတာ အဟုတ်ဗျာ၊ သာမန်ဆိုင်း ဘုတ် တောင်မဟုတ်ဘူး။ ရေပြင်ထဲမှာ မြန်မာလို “ ဦးပေါက်တံတား” ၊ အင်္ဂလိပ်လို “ U PAUK BRIDGE ” လို့ အပီအပြင်ဆိုင်းဘုတ်ထူထားတာ၊ မီးလုံးတွေတောင်ဆင်ထားလိုက်သေးတယ်။

တံတားဆိုတာက အလှူရှင် ဒါမှမဟုတ် ထင်ရှား ကျော်ကြားတဲ့ ပုဂ္ဂိုလ်နာမည် ဒါမှမဟုတ် ဒေသ အလှအပကိုထင်ဟပ်စေတဲ့နာမည်စသည်ဖြင့် ပေးလေ့ရှိတာကိုး။ အခု ဦးပေါက်ဆိုတော့ အလှူရှင် နံမည်လားလို့ သိချင်တာနဲ့ တံတားမှတ်တမ်းကို ဖတ်ကြည့်တော့လည်း ပြည်နယ် အစိုးရ အထွေထွေပိုလ ျှံ ရန်ပုံငွေနဲ့ ဆောက်တယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ၁၂- ၄ – ၂၀၂၂ ရက်နေ့မှာဖွင့်တယ် ဆိုတဲ့အကြောင်းပဲရေးထားတယ်။ ဒီတော့ အလှူရှင်မရှိဘူး၊ နိုင်ငံတော် ဘဏ္ဍာ နဲ့ ဆောက်တဲ့တံတားပေါ့။

တံတားနာမည်က ကျွန်တော့်ရဲ့ သိချင်စိတ်ကို နှိုးဆွနေတာကြောင့် မလှမ်းမကမ်းမှာ ခြေဆန့် လက်ဆန့် လေ့ကျင့်ခန်းလုပ်နေတဲ့ အမျိုးသမီးကြီးနှစ်ယောက်ကို ဘာ့ကြောင့် ဦးပေါက် တံတား လို့ ခေါ်တာလဲ၊ ကျွန်တော်အရင်က ဘားအံမှာနေဖူးတယ်၊ ကရင်ပြည်နယ်သမိုင်းမှာ ဦးပေါက် ဆို ပြီး ထင်ရှားတဲ့ ပုဂ္ဂိုလ်လည်း မကြားဖူးဘူး လို့ မေးကြည့်တယ်။ သူတို့က ဖြေချင်ပုံမရဘူး။ ဘာ မှန်း မသိပါဘူး။ ဖွင့်ပြီးတော့ ဒီလိုပဲ ဆိုင်းဘုတ်တတ်ထားတာလို့ ပြောတယ်။ ဖြတ်လေ ျှာက်လာတဲ့ အမျိုးသားတစ်ယောက်ကိုမေးတော့လည်း မသိပါဘူးဗျာ လို့ ပြောတယ်။ ကြည့်ရတာ သူတို့လည်း တံတားနာမည်နဲ့ပတ်သက်ပြီး ဧည့်သည်တွေမေးတဲ့အပေါ် ကသိကအောက်ဖြစ်နေပုံရတယ်။

ကန် သာယာက အပြန် ဒေသခံမိတ်ဆွေနဲ့ တွေ့တဲ့အချိန်မေးကြည့်တော့လည်း သူက ရယ်ပြီး မပြော တတ်ပါဘူးဗျာလို့ ဆိုတယ်။ မပြောတတ်တာတော့ မဖြစ်နိုင်ဘူး။ မပြောချင်တာပဲ ဖြစ်မှာပါ။ ဘားအံ မြို့သူမြို့သားတွေကတော့ “ ဦးပေါက်တံတား” ဆိုတဲ့ နာမည်ကို ဘယ်လို မြင်သလဲ မသိဘူး။ ကျွန်တော်ကတော့ ဒီလောက်လှပတဲ့တံတားကို အမရပူရက “ ဦးပိန်တံတား” နဲ့ဆင်တူ အမည်ပေးမယ့် အစား ကရင်ဘာသာစကားနဲ့ဖြစ်ဖြစ်၊ မြန်မာဘာသာစကားနဲ့ဖြစ်ဖြစ် မင်္ဂလာ ရှိ တဲ့နာမည် ပေးစေချင်တာပဲ။ ငါ့ကျောင်း ငါ ဘယ်လိုကျောင်းကျောင်း ဆိုရင်တော့လည်း မတတ်နိုင် ဘူးပေါ့။

ဆက်လက်ဖော်ပြပါ့မယ်။

ဇွဲကပင်ခရီးစဉ် (၂)

ကားက ဘားအံကမ်းနားလမ်းအတိုင်း မြို့ထဲကို ဝင်တယ်။ ကျွန်တော်တို့ တည်းမယ့် ဟိုတယ် ကလည်းကမ်းနားလမ်းမှာဆိုတော့ ဟိုတယ်ရှေ့မှာဆင်းရုံပဲ။ ဟိုတယ်မှာ စာရင်းသွင်း၊ မှတ်ပုံ တင် ပေးပြီးအခန်းကိုသွားမယ်ဆိုတော့ မီးပျက်နေလို့ ဓာတ်လှေကားသုံးလို့မရဘူး။ ဒီတော့ လှေကား ကနေ ခြေလျင်တက်ပေါ့။ တာဝန်ကျဝန်ထမ်းက ဘား အံ က သုံးနာရီပျက်၊ သုံးနာရီလာ၊ ညနေ ၄ နာရီနဲ့ မနက် ၉ နာရီကြား မီးပျက်ရင် မီးစက် နှိုးပေးပါသတဲ့။ “ ဘားအံမြို့မှ လှိုက်လှဲ စွာကြိုဆိုပါ၏” ပေါ့လေ။

ကျွန်တော်တို့က ဘားအံမှာ သုံးရက်ပဲနေမှာဆိုတော့ အချိန်ဆွဲလို့မရဘူး။ ဟိုတယ်ကို ညနေ သုံးနာရီရောက်ပြီးတာနဲ့ လေးနာရီခွဲမှာ ကြာအင်းတောင်ကနေ နေဝင်ဆည်းဆာချိန်ကို ဓာတ်ပုံ ရိုက်ဖို့ ပြန်ထွက်တယ်။ ကျွန်တော်တို့ ဘားအံမှာ တာဝန်ထမ်းဆောင်စဉ်အချိန်ကတော့ ကြာ အင်း တောင်ပေါ်ကို ကားလမ်းမပေါက်သေးဘူး။ ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာမှ ကြာအင်း တောင် ပေါ်တက်ကားလမ်းကို ဖွင့်လှစ်ခဲ့တာပါ။ ကြာအင်းတောင်ပေါ်က သာသနိက အဆောက်အအုံတွေ ကိုတော့ တောင်ကလေးဆရာတော်က တာဝန်ယူပြီး ပြုပြင်ထိန်းသိမ်းထားပြီး ဘေးမဲ့ သာသနာ့ မြေ အဖြစ်သတ်မှတ်ထားပါတယ်။

ကြာအင်းတောင်တက်လမ်းမှာ ညနေစောင်းကျန်းမာရေးအတွက် လမ်းလျှောက်နေသူတွေ အတော် များတယ်။ တောင်တက်လမ်းက တောင်ထိပ်နားအထိ ရောက်တယ်။ တောင်တက် လမ်း အဆုံးမှာ ယာဉ်ရပ်နားကွင်းရှိတယ်။ ဓမ္မာရုံ အသစ်တစ်ခုရှိတယ်။ အဲဒီကနေ တောင်ထိပ်အထိ ခြေ လျင် တက်ရမှာဖြစ်ပါတယ်။ တောင်ထိပ်မှာ ရှိတဲ့ စေတီရင်ပြင်နေရာကလွဲရင် ကျန်တဲ့နေရာတွေ မှာ ဖိနပ်စီးလို့ရပါတယ်။ စေတီခြေရင်းမှာ ရှိတဲ့ ဓမ္မာရုံလို့ ထင်ရတဲ့ အဆောက်အအုံတစ်ခုနားမှာ အားကစားဝတ်စုံနဲ့လူငယ်လေးနှစ်ယောက်ကျောက်ပြား တွေကိုသယ်ဖို့လုပ်နေတာတွေ့ ရတယ်။ မေးကြည့်လိုက်တော့ဒီအဆောက်အအုံကို ပြုပြင်ဖို့အတွက်ဖယ်ရှားလိုက် တဲ့ ကျောက်ပြား တွေ ကို ကုသိုလ်ယူတဲ့အနေနဲ့တောင်အောက် ပြန်သယ်ပေးမှာ၊ တောင်ပေါ်ရောက်လာတဲ့သူတိုင်း ကုသိုလ် ယူလို့ရတယ်လို့ ရှင်းပြတယ်။

တောင်ထိပ်စေတီကိုအောက်ကနေ ပတ်ပြီး ဆက်သွားလိုက်ရင် နောက်ထပ် တောင်ကြောတစ်ခုကို ရောက်မယ်၊ အဲဒီတောင်ကြောက စေတီကုန်းထက် နည်းနည်းနိမ့်တယ်။ ဒါပေမယ့် အဲဒီနေရာကနေ ဇွဲကပင် တောင်ကိုရော၊ သံလွင်မြစ်အနောက်ဘက် တောင်ကြောတွေကိုရော မြင်ကွင်းပိုကောင်း တယ်။အဲဒီ တောင်ကြောထိပ်ကိုရောက်တော့ ညနေခင်းလမ်းလေ ျှာက်ရင်း ရောက်လာပုံရတဲ့ အမျိုး သား နှစ် ယောက်က ဦးရဲထွဋ် လား လို့မေးပြီးနှုတ်ဆက်တယ်။ ဟုတ်ပါတယ်ဆိုတော့ ကျွန်တော့် ခရီးစဉ်အကြောင်းမေးရင်းနဲ့တောင်ပေါ်ကနေ မြို့ကို လက်ညှိုးထိုးပြပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဘားအံမြို့ကြီး ဖွံ့ဖြိုး တိုးတက်လာပုံ နဲ့ တုန့်ဆိုင်းသွားပုံတွေကို ရှင်းပြတယ်။

၂၀၁၂ ခုနှစ်နောက်ပိုင်း မှာ ဘားအံမြို့ဟာ ကုန်သွယ်မှုရော၊ ခရီးသွားလုပ်ငန်းပါ အများကြီးဖွံ့ဖြိုး တိုးတက်လာတယ်။၂၀၁၉ခုနှစ်ရောက်တော့ဘားအံပတ်ဝန်းကျင်မှာနိုင်ငံတကာအဆင့်မီ ဟိုတယ် တွေအပါအဝင် ဟိုတယ်အသစ်တွေများနေပြီ။မီးပုံးပျံစီးနိုင်ဖို့ ပြင်ဆင်တာ၊ ဇွဲကပင်တောင်နဲ့ အခြား ကျောက်တောင်တွေကို Rock climbing လုပ်နိုင် ဖို့အတွက်လေ့လာတာ၊ ပြည်နယ်အတွင်းက အခြားခရီးသွားလုပ်ငန်း မြှင့်တင်နိုင်မယ့်နေရာတွေကို လေ့လာတာတွေ လုပ်နေကြပြီ။ နယ်စပ် ကုန်သွယ်ရေး က အရှိန်မြင့်လာတာကတော့ ပြောမနေနဲ့တော့။ဘားအံ-ကော့ကရိတ်ကားလမ်း ကို လည်း အဆင့်မြှင့်တင်နေပြီ။ ဂျိုင်းမှာ ဂျပန်အကူအညီနဲ့ တံတားသစ်တစ်ခုဆောက်နေပြီ။

အဲဒါတွေ အားလုံးဟာ ကိုဗစ်ကြောင့် အရှိန် ကျသွားခဲ့တယ်။ ကေအင်န်ယူနဲ့ အပစ်အခတ်ရပ်စဲ ရေး ပျက်သလို ( သူတို့ စကားအတိုင်း ဆိုရင်တော့ တရားဝင်မကြေညာတာပဲရှိပါတယ်တဲ့) ဖြစ်သွား တော့ ဖွံ့ဖြိုးတိုးတက်မှုတွေရပ် သွားပြီလို့ ပြောလို့မရတောင် တုန့်ဆိုင်းနေပြီလို့ ပြောရမယ့် အခြေအနေဖြစ်သွားခဲ့တယ်။ အထူးသဖြင့်ရှေ့ဆက် တိုးတက်ဖို့ပဲရှိတယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့ ဒေသခံ လုပ်ငန်းရှင်တွေ ငုတ်တုတ်မေ့တာပဲ။ ၂၀၂၁ မတိုင်ခင်မှာ ကရင်၊ ကယားနဲ့ ချင်းပြည်နယ် တွေက ခရီးသွားလုပ်ငန်း နယ်မြေသစ်တွေအဖြစ် နာမည်ကြီး ခဲ့တယ်။ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်ခဲ့ တယ်။အခုတော့အိပ်မက်များ ပျောက်ဆုံးရာနယ်မြေ တွေပေါ့။ ဒါတောင် ကရင်ပြည်နယ်က ကျန်တဲ့ ပြည်နယ်နှစ်ခုထက် သက်သာပါသေးတယ်။

နိုင်ငံခြားခရီးသွားဧည့်သည်တွေမလာလို့ခရီးသွားလုပ်ငန်းထိခိုက်တယ်လို့ရေးလိုက်တဲ့အခါ တချို့ ပုဂ္ဂိုလ်များက နိုင်ငံခြားသားမလာလည်း ပြည်တွင်းဧည့်သည်တွေ ရှိတာပဲ၊ သီတင်းကျွတ် ရုံးပိတ် ရက်ဆိုရင်အမြန်လမ်းမှာ ကားတောင်ပိတ်တယ်လို့ ပြန်ဆွေးနွေးကြတယ်။ အဲဒီလိုပြော တဲ့ သူတွေ ဟာ ခရီးသွားလုပ်ငန်းရဲ့ သဘောသဘာဝကို မသိဘူးလို့ပဲထင်မိတယ်။

ခရီးသွားလုပ်ငန်း ကို အဓိက ထားရတဲ့ ပုဂံ၊ ကလော ၊ အင်းလေး စတဲ့ဒေသတွေမှာ ပြည်တွင်း ခရီးသွားဧည့်သည်ဆိုတာ “ ရေတက်ငါးစင်ရိုင်း” ပဲ၊ ရုံးပိတ်ရက် ဆက်ရင် ဝုန်းကနဲ့ ထိုးတက်လာ မယ်။ပြီးရင်ဧည့်သည်အရေအတွက်က ထိုးကျသွားတယ်။ နိုင်ငံခြားသားဧည့်သည်ဆိုတာက နှစ်စဉ် ခရီးသွားရာသီ ဇွန်၊ ဇူလိုင်က နေ နောက်နှစ် ဖေဖော် ဝါရီ အထိ နေ့စဉ် ဆက်တိုက်လာနေတာ၊

ပြီးတော့ ပြည်တွင်းဧည့်သည်အများစုက တန်ခိုး ကြီးဘုရားနဲ့ ဓာတ်ပုံ ရိုက်လို့ကောင်းတဲ့နေရာပဲ စိတ်ဝင်စားတာ၊နိုင်ငံခြားဧည့်သည်(အထူးသဖြင့်အမေရိကန်နဲ့ဥရောပခရီးသွားတွေက) အဲဒီနေရာ တွေအပြင် ဒေသန္တရ ဗဟုသုတ၊ ကျေးလက် သဘာဝ၊သဘာ၀ ပတ်ဝန်းကျင် စတာတွေအားလုံးကို စိတ်ဝင်စားတယ်၊ အဲဒီအတွက် ငွေသုံးတယ်၊ သူတို့လာတဲ့ အတွက် ဒေသခံတွေဟာ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး၊အမှိုက်စွန့်ပစ်မှု တို့နဲ့ ပတ်သက်ရင် အလေးထားလုပ်ရကောင်းမှန်း သိလာတယ်၊ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေပေါ်လာပြီးအပိုဝင်ငွေရလာတယ်။ ဒါ့ကြောင့် လည်း နိုင်ငံတိုင်း လိုလိုက ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားနေကြတာပေ့ါ။ သတင်းတစ်ပုဒ်မှာ ကမ္ဘောဒီးယားနိုင်ငံကို ၂၀၂၂ က လေကြောင်းခရီးနဲ့ ခရီးသွားဧည့်သည် ၂ ဒဿမ ၃၈ သန်း လာခဲ့တယ်၊ ၂၀၂၃ မှာ နှစ်ဆတိုးပြီး ၄ ဒဿမ ၆ သန်းလာအောင် ဆွဲဆောင် မယ်လို့ ဆိုတယ်။ မြန်မာ့ခရီးသွားလုပ်ငန်း ဘာလဲ၊ ဘယ်လဲ။

ကျွန်တော်တို့ စကားကောင်းနေဆဲမှာပဲ ဆည်းဆာအမှောင်ရိပ်သန်းလာတော့ ဒေသခံမိတ်ဆွေ နှစ် ယောက်နှုတ်ဆက်ပြီး ဆင်းသွားတယ်။ ကျွန်တော်နဲ့ ခရီးသွားဖော်မိတ်ဆွေက နေဝင် ဆည်းဆာ ကို ဓာတ်ပုံရိုက်တယ်။ ဒေသခံတွေဆီက ကြားရတဲ့ သတင်းစကားတွေကြောင့် ဘားအံ ဆည်းဆာ ဟာ ပိုပြီး လွမ်းမောစရာဖြစ်ရတယ်။ တကယ်တော့ ကရင်ပြည်နယ်သူ၊ ပြည်နယ်သားတွေဟာ လွတ်လပ် ရေးရပြီး နှစ်ပေါင်း ခုနှစ်ဆယ်ကျော်အတွင်း ငြိမ်းချမ်းခြင်းအရသာကို ဆယ်စုနှစ် တစ်ခု ပြည့်အောင်တောင် မခံစားခဲ့ရရှာဘူး။

ဓာတ်ပုံရိုက်ပြီးတော့ ကြာအင်းတောင်ပေါ်ကနေ ပြန်ဆင်းခဲ့တယ်။ လူငယ်လေးတွေ သယ် သွားတဲ့ ကျောက်ပြားပုံနားရောက်တော့ငါသယ်သွားရင်ကောင်းမလား၊ငါ့အသက်အရွယ်နဲ့အဆင်းလမ်း မှာ အန္တရာယ်ဖြစ်မလားစဉ်းစားတယ်။နောက်တော့လူငယ်လေးတွေလည်းသူတို့နိုင်သလောက်၊ငါလည်း ငါနိုင်သလောက်ပေါ့လို့ ဆုံးဖြတ်ပြီး ကျောက်ပြားနှစ်ချပ်ထမ်း ဆင်းခဲ့ တယ်။ ကားရပ် တဲ့နေရာရောက်တော့ကျောက်ပြားတွေချထားရမယ့်နေရာ မေးပြီးသွားထားလိုက်တယ်။ အများကြီး မသယ်နိုင်ပေမယ့်ကိုယ်နိုင်သလောက်တာဝန်ယူ လိုက်ရတဲ့ အတွက် စိတ်ကျေနပ်မှု ရတယ်။

ဆက်လက်ဖော်ပြပါ့မယ်။

ဇွဲကပင် ခရီးစဉ် (၁)

ဘားအံကို သွားမယ်လို့ ပြောတော့ ကြားတဲ့သူတိုင်းကစိတ်ချရလို့လားလို့ မေးတယ်။ ဒါနဲ့ အခု အချိန်မှာ ရာနှုန်းပြည့်စိတ်ချရမှ သွားမယ်ဆိုရင် ရန်ကုန်မြို့ထဲတောင် သွားလို့ မရဘူး ၊ ၇၀% တော့ စိတ်ချရပါတယ်။ကျန်တာကတော့မတတ်နိုင်ဘူးလို့ပြောရင်း ပျားအုံကို ခဲနဲ့ပစ်ပြီး ခြင်ထောင်ထဲ ဝင်ပုန်း နေတဲ့ဖိုးရှုပ်နဲ့ မဆီမဆိုင် ပျားတုတ်ခံရတဲ့သူတွေအကြောင်း ပုံပြင်ကို ပြန်ပြောပြရတယ်။

ဒီလိုနဲ့ ခရီးသွားဖို့ စီစဉ် တယ်။ တစ်ည သုံးသောင်း နဲ့ လေးသောင်းကြား ပေးရပြီး မြို့ထဲနဲ့ နီးတဲ့ ဟိုတယ်ရှာတယ်။ သင့်တော်မယ်ထင်တဲ့ ဟိုတယ်တွေ့တဲ့အခါ အရေးကြီးဆုံး ကိစ္စဖြစ်တဲ့ ညဘက် မီးပျက်ရင် မီးစက်နှိုးမနှိုးမေးရပြန်တယ်။ ကားလက်မှတ်ဝယ်ဖို့ အတွက် နာမည်ကြီး ကားလိုင်းတွေ က ဘားအံခရီးစဉ် မဆွဲတော့ အဆင်ပြေမယ့် ကားလိုင်း ကို ရှာရတယ်။ ကားလက်မှတ်ဝယ်တဲ့ အခါ MMBus Ticket ဆိုတဲ့ အပလီကေးရှင်းလေးက အတော်ကောင်းတယ်။ မြို့ပေါင်းစုံ၊ ခရီးစဉ် ပေါင်း စုံရဲ့လက်မှတ်ဝယ်လို့ရတယ်။ KBZ Pay, CB Pay, AYA Pay ,One Pay , MAB Payment , Citizens Pay, M ပိုက်ဆံ, Uab Pay တို့လို အွန်လိုင်း ငွေ ပေးစနစ်တွေနဲ့လည်း ပေး လို့ရတယ်။ Wave Money လည်းရတယ်။ မိုဘိုင်း ဘဏ်အပလီကေးရှင်းနဲ့လည်း ချေလို့ရ တယ်။ ကျွန်တော် က မြဝတီသွားမယ့် 2 Plus 1 ကားမှာ ဘားအံအထိ လက်မှတ်ဖြတ်စီးတယ်။ တစ်ယောက်ကို တစ် သောင်းရှစ်ထောင်ပေးရတယ်။

ကျွန်တော်တို့ စီးမယ့်ကားက မနက် ၈ နာရီ အောင်မင်္ဂလာကားဂိတ်က ထွက်မယ်။ ဒီတော့ အိမ် ကနေ ၆ နာရီထွက်ပြီး လမ်းမှာ မိတ်ဆွေကို ဝင်ခေါ်တယ်။ သွားတာကတော့ ထုံးစံအတိုင်း Kilo Taxi Service နဲ့ သွားတယ်။ Kilo Taxi က တစ်ည ကြိုပြီး အော်ဒါတင်ထားလို့ရတယ်။ အော်ဒါ တင်ခ ၅၀၀ ကျပ်ပေးရတယ်။ လာကြိုမယ့် ကားဆရာကို ဖုန်းဆက်ပြီး နှိုးပေးပါလို့ မေတ္တာရပ်ခံလို့ လည်း ရတယ်။

ကျွန်တော်တို့ သွားမယ့် ကားဂိတ်ရှိတဲ့လမ်းထဲ ချိုးဝင်လိုက်တာနဲ့ ရွှေကြိုတွေက ကားနားကို ကပ် ပြီး လက်မှတ်ဝယ်မှာလား၊ ဘယ်သွားမှာလဲ မေးတာနဲ့ လက်မှတ်ဝယ်ထား ပြီးသားဆိုပြီး ခါထုတ် တယ်။ ဘယ်ခရီး၊ဘယ်ကားစီးမလဲဆိုတာဆုံးဖြတ် ပြီးမှတော့ ရွှေကြိုတွေစကားနားထောင် ဖို့မလို တော့ ဘူးလေ၊ မကောင်းလည်းကိုယ်၊ ကောင်းလည်းကိုယ်ပဲ။

ကားဂိတ်ရှေ့ရောက်တော့ ပစ္စည်းချ၊ ကားကြီးတွေ၊ ကုန်ပစ္စည်းတွေ ကြားက ဆီကွက်တွေ၊ ကွမ်းတံထွေးကွက်တွေ၊ ပလတ်စတစ်အမှိုက်စတွေနဲ့ ညစ်ထေးပေလူး နေတဲ့ အင်္ဂတေ ကြမ်းခင်း တွေကို နင်းဖြတ်ရင်း လက်မှတ်ရုံကို သွားရတယ်။ အွန်လိုင်းက ပို့ထားတဲ့ လက်ခံနဲ့ မှတ်ပုံတင် ပြလိုက်တော့ စာရေးမလေးက ကွန်ပျူတာကို ချောက်ချက် ချောက်ချက် နှိပ်လိုက်ပြီး စက်ထဲ က ထွက်လာတဲ့ လက်မှတ်ဖြတ်ပိုင်းလေးကို ပေးတယ်။ ပုဂ္ဂလိက ကားလိုင်း တွေက လက်မှတ်ဝယ်ရ တိုင်း ဘာ့ကြောင့်မှန်းမသိ၊ မြန်မာ့မီးရထားကိုပဲ သတိရမိတယ်။

ပြီးတော့ ထုံးစံအတိုင်း ကားဂိတ်အခန်းကျဉ်းကျဉ်းလေးထဲက ထိုင်ခုံလေးမှာထိုင်စောင့်တယ်။ အထဲ မှာ နေရာ မရတဲ့သူတွေအတွက် ကားကြီးနှစ်စင်းကြားမှာ ပလစ်စတစ်ထိုင်ခုံတွေချပေးထားတယ်။ ၇ နာရီခွဲတော့ မြဝတီကားပေါ်ခရီးသည်တွေတက်လို့ရပြီလို့ခေါ်တယ်။ ကားက ရှစ်နာရီ ထွက် မယ်လို့ ကြေညာထားပေမယ့် ဟိုဟာတင်၊ ဟိုလူစောင့်နဲ့ ရှစ်နာရီ ဆယ်မိနစ်မှ ထွက်နိုင်တယ်။ မတတ်နိုင်ဘူး။ ဒါ လောက်နောက်ကျတာ တော်သေးတာပေါ့ လို့ ဖြေရတာပဲ။

ကျွန်တော်စီးတဲ့ကားလိုင်းက လိုင်းဆွဲတဲ့မြို့တွေအတော်များပေမယ့် ဝန်ဆောင်မှုနဲ့ပတ်သက်ရင် ထိပ်ပိုင်းရောက်တဲ့ကားလိုင်းတွေထဲမှာမပါဘူး။ ကားအတွင်းပိုင်းအခြေအနေကလည်း သန့်ရှင်းမှု ၊ ပြုပြင်ထိန်းသိမ်းမှု အားနည်းတဲ့ပုံစံပဲ။ ယာဉ်မောင်းနဲ့ ယာဉ်ပေါ်လိုက်အကူအမျိုးသား ကတော့ တူညီဝတ်စုံတွေဝတ်ထားပါတယ်။ ဒါပေမယ့် ကားထွက်ချိန်မှာ နှုတ်ခွန်းဆက်စကား၊လိုက်နာ ရမယ့် အချက်စတာတွေပြောမနေဘူး။ ကားထွက်တာနဲ့ ရေသန့်ဘူးဝေတယ်။ စစ်ဆေးရေးဂိတ် တွေ နားရောက်ရင် ဖုန်းပိတ်ထားဖို့ သတိပေးမယ်၊ ဆင်းလေ ျှာက်ဖို့လိုရင် ပြောမယ်။ ဒါပဲ။

ကားပေါ်မှာ ကျွန်တော်ထိုင်တဲ့ခုံနဲ့ နောက်ဘက်ဓားလွယ်ခုတ် နှစ်ခုံတွဲမှာ ဇနီးမောင်နှံ စုံတွဲတစ်တွဲ ပါတယ်။ ငါးဆယ်ကျော်လောက်ရှိမယ်ထင်တယ်။ အမျိုးသားက ပိန်ပိန်ပါးပါး ၊ နဖူးပြောင်ပြောင်၊ မျက်မှန်နဲ့၊ လက်ထဲမှာ ကွမ်းရွက်၊ ထုံးဘူးနဲ့ ကွမ်းသီး၊ဖာလာ စတာတွေထည့်ထား တဲ့ အိတ် တစ်လုံးကိုင်ထားတယ်။ အမျိုးသမီးကလည်း မျက်မှန်နဲ့၊ ကိုယ်လုံးဖိုင့်ဖိုင့်၊ မျက်နှာမှာ သနပ်ခါး ဖွေးနေအောင် လိမ်းထားတယ်။ ကားစထွက်တာနဲ့ အမျိုးသားက ကွမ်းယာပြီး ဝါးတယ်။ ရေသန့် ဘူးလေးထဲကို ကွမ်းတံထွေးထွေးတယ်။ စကားမပြောဘူး၊ အေးအေးပဲ။

အဲ အမျိုးသမီးကတော့ ကားထွက်တာနဲ့ ဖုန်းဆက်တော့တာပဲ။ နားထောင်ရတာတော့ သား ၊ သမီးတွေဆီ လှည့်ပတ်ဆက်နေပုံရတယ်။ “ဟဲ့ ခုနကဆက်တာ ဘာလို့မကိုင်တာလဲ” လို့ ဟောက် တယ်။ “ မီတာခဆောင်ဦးနော်” ဆိုပြီး သတိပေးတယ်။ “ ကြက်သွန်နီတွေ ခွဲပေးလိုက် တော့၊ အိမ် အတွက် တစ်ပိဿာချန်ထား” လို့ ညွှန်ကြားချက် ထုတ်တယ်။ “ မြဝတီ အခြေအနေ ကောင်း လား” “ လာကြိုနော်၊ဖုန်းခေါ်မရရင် ဘယ်လိုလုပ်ရမလဲ” “ငါကတော့ ကားဝင်းထဲမှာ ပဲထိုင် နေမှာ” စသည်ဖြင့် စစ်ဆေးမေးမြန်းတယ်။

ဒီအမကြီးလည်း “လိုအပ်သည်များ ညွှန်ကြား”ဆိုတဲ့ အမျိုး အစားပဲ။ အမှန်ကတော့ ကလေးတွေက လုပ်ထားပြီးသားဖြစ်မှာပါ။ သူကိုယ်က အဲဒီလိုပြောလိုက်ရမှ နေသာထိုင်သာ ရှိပုံပဲ။ ကျွန်တော် လှည့်ကြည့်ပြီးနားထောင်နေမှန်းသိတော့ အမျိုးသား က ပြုံးပြတယ်။ သူ့အပြုံးက “ ကျွန်တော် နား ထောင်လာရတာနှစ်သုံးဆယ်ရှိပြီ”ဆိုတဲ့အပြုံး။အဲဒီအမကြီးစကားကောင်းချက်ကတော့ ယာဉ်ပေါ် အကူဝန်ထမ်းက ရှေ့မှာ စစ်ဆေးရေး ဂိတ် ရှိတယ်။ ဖုန်းမသုံးပါနဲ့ လို့ သတိပေးလိုက်မှ ဖုန်းပိတ် တော့တယ်။ စကားမပြောပဲနေရတော့ အိပ်ငိုက်နေပြန်ရော။

ကျွန်တော်တို့ကားက အမြန်လမ်းပေါ်မတက်ဘူး။ ရန်ကုန် မန္တလေး လမ်းဟောင်းအတိုင်း ပဲခူးကို သွားတယ်။ ပဲခူးအဝေးပြေးစခန်းကို ဝင်တယ်၊ ပြီးမှ ဘုရားကြီးလမ်းဆုံက တဆင့် ဘားအံကို ခရီး ဆက်တယ်။ ပဲခူးမြို့ထဲရောက်တော့ အရင်လို လမ်းမကြီးအတိုင်းသွားလို့မရဘူး။ တိုင်းဒေသကြီး အစိုးရရုံးရှေ့လမ်းမကြီးကို ပိတ်ထားတဲ့အတွက် နောက်ဘက် လမ်းကြားတွေထဲက ဖြတ်ပြီး ကွေ့ ပတ်သွားရတယ်။

ဘုရားကြီးရောက်တော့ ၁၀ နာရီ ၁၀ မိနစ်ရှိပြီ။ ဘုရားကြီးလမ်းဆုံအကျော် စစ်ဆေးရေးဂိတ်ရောက် တော့ ယာဉ်ပေါ်အကူဝန်ထမ်းက မှတ်ပုံတင်တွေ ထုတ်ထားပါဆိုပြီး သတိပေးတယ်။ အဲဒီတော့ မှ အိပ်ငိုက်နေတဲ့အမျိုးသမီးကြီးက လန့်နိုးလာပြီး “ ဘာဂိတ်လဲ၊ စစ်တောင်းဂိတ်လား” ဆိုပြီးမေး တဲ့အခါ ခင်ပွန်းလုပ်သူက “ ဘာတွေလေ ျှာက်မေးနေတာလဲ၊ သေတော့မှာပဲ၊ ဘုရားကြီးပဲရှိသေး တယ်။” လို့ ဟောက် တယ်။

ယာဉ်ပေါ်လိုက် အကူဝန်ထမ်းအလုပ်က မလွယ်ဘူး။ စစ်ဆေးရေးဂိတ်တစ်ခုရောက်တိုင်း ပြေးဆင်း ပြီး ခရီးသည်စာရင်းစာရွက်ပေးရတယ်။ တစ်ခါ တစ်လေ နှစ်ရွက်ပေးရတဲ့ ဂိတ်လည်းရှိတယ်။ ဘားအံလမ်းကြောင်းက မန္တလေး၊ ကလောလမ်းကြောင်းတွေထက် စစ်ဆေးရေးဂိတ်ပိုများတော့ စာရွက်အတော်ကုန်မယ့်သဘောပဲ။ အောင်မင်္ဂလာဂိတ်အထွက်မှာ တစ်ခါတည်းစာရင်းယူပြီး အွန်လိုင်းကနေလမ်းမှာရှိတဲ့စစ်ဆေးရေးဂိတ်အားလုံးကိုဖြန့်ပေးနိုင်ရင်အားလုံးအတွက် အဆင်ပြေ မယ် ထင်တယ်။

ကျွန်တော်တို့ကားရဲ့ ဝန်ထမ်းလေးက ဝန်ဆောင်မှု အားနည်းပေမယ့် စိတ်ရင်းကောင်းပြီး ဖော်ရွေ ပါတယ်။ အောင်မင်္ဂလာဂိတ်ကထွက်၊ ခရေပင်လမ်းခွဲမီးပွိုင့်အကျော်မှ တွေ့တဲ့ ယာဉ်ထိန်း ရဲ နဲ့ဆို လက်ဆွဲနှုတ်ဆက်ပြီးစကားပြောနေတာများသူငယ်ချင်းအရင်းလိုပဲ။စစ်ဆေးရေးဂိတ်တွေမှာ လည်း ဒီလိုပါပဲ။ ပြီးတော့ ရေအကျိုးဆယ်ပါးကိုလည်း ယုံကြည်ပုံရတယ်၊ လမ်းတလျှောက် ကြုံတဲ့ နေရာ တိုင်း ရေသန့်ဘူးလေးတွေ ဝေနေတာ မြင်ရ တယ်။ အခုနောက်ပိုင်း ကလော၊ မန္တလေးခရီးတွေ သွားတဲ့အခါမှာလည်း ကားသမားတွေက ရေသန့်ဘူးလေးတွေ လှူ ကြတာ သတိထားမိတယ်။ အရင်ရန်ကုန်-နေပြည်တော်ခရီးသည်တင်ကားစီးခဲ့ချိန်က ဒါမျိုး မမြင်ဖူးဘူး။ ကြည့်ရတာ ရေအကျိုး ဆယ်ပါးထဲက လျင်မြန်ခြင်း ဆိုတဲ့ အကျိုးကျေးဇူးကြောင့် လိုရာ ခရီးကို လျင်လျင်မြန်မြန် ချောချော မောမော ရောက်အောင် ရည်ရွယ်ပုံရတယ်။ ကောင်းပါတယ် လေ။

ဝေါက ထွက်တော့ နာမည်ကျော် ညောင်ခါးရှည် ကို ရောက်တယ်။ ရန်ကုန်ဘက်က လာတဲ့ ကား တွေ ရပ်စောင့်ရတာမရှိပေမယ့် ဘားအံ၊ မော်လမြိုင်ဘက်ကလာတဲ့ကားတွေတန်းစီနေတာကို ကြည့်ပြီး အပြန်ခရီးအတွက် စိတ်ပူသွားတယ်။ ဒီလမ်းမှာ သွားနေကြ ဖြစ်ပုံရတဲ့ ခရီးသည် တစ် ယောက်ကတော့ ကုန်ကားတွေပဲ ကြာတာပါ၊ ကျန်တဲ့ကားတွေက တစ်နာရီ၊ နှစ်နာရီ ပဲစောင့်ရ တယ်လို့ အားပေးတယ်။ ညောင်ခါးရှည်ပြီးတော့ စစ်တောင်းတံတားကို ဖြတ်၊ မွန်ပြည်နယ်ထဲကို ရောက်ပြီပေါ့။

ကျွန်တော်က ၁၉၈၁ ခုနှစ်ကနေ ၁၉ ၈၆ ခုနှစ်အထိ ဘီးလင်းမြို့၊ ၁၉ ၈၈ ကနေ ၁၉ ၉ ၂ ခုနှစ် အထိ ဘားအံမြို့တွေ မှာတာဝန်ထမ်းဆောင်ခဲ့ရတော့ ရန်ကုန်- ဘားအံကားလမ်း ကို အကြိမ်ကြိမ် သွားခဲ့ ဖူးတယ်။အဲဒီအချိန်က တိုက်ပွဲတွေပြင်းထန်ချိန်ဆိုတော့ ည ၆ နာရီကျော်ရင် ကားအသွား အလာ ပိတ်လိုက်ပြီ။ လမ်းတလေ ျှာက်က တံတားတွေမှာလည်း လုံခြုံရေး စခန်းတွေရှိတယ်။ စစ် ဆေး ရေး ဂိတ်ကတော့ စစ်တောင်းတံတားမှာပဲရှိတယ်။ ၂၀၀၉ ၊ ၂၀၁၀ အဲဒီဘက် ခရီးသွားဖြစ်တော့ လမ်း အခြေအနေက အတော်တိုးတက်နေပြီ၊ လုံခြုံရေးလည်းကောင်းနေပြီ။ ၂၀၁၂ ကေအင်န်ယူ နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်လက်မှတ်ထိုးလိုက်တော့ အခြေအနေက လုံးဝပြောင်းလဲ သွားတယ်။

၂၀၂၀ ဇန်နဝါရီလ အတွင်း ရန်ကုန်ကနေ – မြဝတီအထိ ကားမောင်းပြီး သွားတဲ့အချိန်မှာ စစ်ဆေး ရေးဂိတ်ကလည်း တရားမဝင်ပစ္စည်းနဲ့ကားတွေကို စစ် တဲ့ မရမ်းချောင် ဂိတ်တစ်ခု ပဲရှိ တော့ တယ်။လမ်းတွေပိုကောင်း လာသလို လမ်းတွေပေါ်မှာ ခရီးသည်တင်ကားတွေ၊ ကိုယ်ပိုင် ကား တွေ အပြည့်၊ စားသောက်ဆိုင် သစ်တွေလည်း အများကြီးပေါ်လာတယ်။ ကျွန်တော်တို့ ဘီးလင်းမှာ နေစဉ် က တိုက်ပွဲ အလွန် ဖြစ်တဲ့ ဘီးလင်းအထွက် ရွှေရောင်ပြ လမ်းခွဲမှာတောင် စားသောက် ဆိုင်တွေ၊ ဆောက်လက်စ အိမ် တွေနဲ့ မြို့သစ်လိုဖြစ်နေပြီ။ အရင်က “ကျိုက္ကော် သိမ်ဆိပ် ည မအိပ်နဲ့” လို့ စာချိုးခံရတဲ့ ကျိုက္ကော်၊ သိမ်ဆိပ်ဆိုရင် သူမဟုတ်သလိုပဲ။

အခုတစ်ခေါက်ပြန်လာတော့မြင်ကွင်းကပြောင်းပြန်ဖြစ်သွားပြီ။တံတားစခန်းတွေကလည်း ကားတာ ယာ အဟောင်းတွေ၊ သဲအိတ်တွေ၊ သံဆူးကြိုးတွေ နဲ့၊ ဟိုတစ်ချိန်က ရှိခဲ့တဲ့ စခန်းတွေ ထက် တောင် ပိုကြီးနေသလိုပဲ။ စစ်ဆေးရေးဂိတ်တွေများလာပြီး ကားပေါ်တက် မှတ်ပုံတင်စစ်ခံရသလို အောက် ဆင်းလမ်းလေ ျှာက်ပြီး မှတ်ပုံတင်ပြရ တာလည်း ရှိတယ်။ ပိတ်ထားတဲ့ စားသောက် ဆိုင် တွေ မြင် ရတယ်။ ရွှေရောင်ပြလမ်းခွဲဆိုရင် ဆီဆိုင်က အစ အကုန်ပိတ်ပဲ။ လမ်းကြောင်း အခြေ အနေ မလုံခြုံသလို လူတွေလည်း စိတ်လုံခြုံမှုလည်း ရှိပုံမရဘူး။ ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ပဲ။

သထုံရောက်တော့ ဘားအံလမ်းအတိုင်းဆက်သွားတယ်။ ဒူးရင်းဆိပ် ဒုံသမိတံတားအဝင်စစ်ဆေး ရေးဂိတ်မှာ အစစ်ခံတယ်။ ဒီနေရာက မွန်ပြည်နယ်အဆုံးပဲ။ တံတားကို ဖြတ်ပြီးတော့ ကရင် ပြည် နယ် အဝင် ဂိတ်မှာ တစ်ခါ အစစ်ဆေးခံရတယ်။ လူတွေဆင်းဖို့မလိုဘူး၊ ခရီးသည် စာရင်းပဲ ဆင်း ပေးရ တယ်။ ဒါပေမဲ့ ယာဉ်ပေါ်လိုက်ဝန်ထမ်းက တော်တော်နဲ့ ပြန်တက်မလာဘူး။ ခဏနေမှ ကားပေါ်တက်လာပြီး “၈ မျဉ်းစောင်း အကို ၊ အောက်ကို ခဏဆင်းပေးပါဦး”လို့ ပြောတယ်။

ဒီတော့ ကားနောက်ဘက်ထဲက လူတစ်ယောက် ဆင်းသွားတယ်။ သူ့အဖော်လို့ထင်ရတဲ့သူ တစ် ယောက်လည်း လိုက်သွားတယ်။ ကျွန်တော့်ကို ညောင်ခါးရှည် ဂိတ်အကြောင်းရှင်းပြတဲ့ခရီးသည် ကပဲ “၈ မျဉ်းစောင်း ဆိုတာက မကွေးတိုင်း မှတ်ပုံတင်ကိုပြောတာ၊ ၅ မျဉ်းစောင်းဆိုရင် စစ်ကိုင်း တိုင်း၊ကရင်ပြည်နယ်ထဲကဂိတ်တွေမှာ အဲဒီနံပါတ်တွေပါရင် ခေါ်မေးခံရတယ်၊ ဖုန်းစစ်တယ်၊ အဖြေ မတတ်ရင်၊ အထောက် အထားမပါ ရင် ခေါ်ထားခံရမယ်၊ တောင်ပေါ်က ဆင်းလာတဲ့ ကားတွေဆို ရင် ပိုဆိုးတယ်” လို့ ပြော တယ်။

ကျွန်တော်တို့ စကားပြောနေတုန်း ၈ မျဉ်းစောင်း လူရဲ့ အဖော်ပြန်တက်လာတယ်။အိတ်ထဲက စာ ရွက်စာတမ်းတွေယူပြီး ပြန်ဆင်းသွားတယ်။ နည်းနည်းကြာတော့ နှစ်ယောက်လုံးပြန်တက်လာ တယ်။ ကားထဲက ခရီးသည်တွေ ပြိုင်တူသက်ပြင်းချသံကြားလိုက်ရသလိုပဲ။ ကားဆက်ထွက်တယ်၊ သံလွင်တံတားထိပ်ရောက်တော့ ခရီးသည်အားလုံးဆင်း၊ မှတ်ပုံတင်ကိုင်ပြီး အစစ်ဆေးခံရတယ်။ လဝက ဝတ်စုံနဲ့ တစ်ယောက်က တန်းစီနေတဲ့လူတွေကို လိုက်ကြည့်ပြီး အသက်ကြီးတဲ့ သူတွေ ကို ကားပေါ်ပြန်တက်ခိုင်းတယ်။ ကျွန်တော့်ကိုလည်း ဦးလေး ကားပေါ်တက်လို့ရပြီလို့ ပြောတယ်။ တန်းစီရတဲ့ ဒုက္ခကင်းဝေးသွားလို့ ကျေးဇူးတင်ပေမယ့် အဖိုးကြီး စာရင်းဝင်သွားတဲ့အတွက် ကြေကွဲ ရတယ်။

တံတားဖြတ်ပြီးတော့ ဘားအံမြို့ထဲဝင်ပြီ၊ ဘားအံမှာဆင်းမယ့် ခရီးသည်တွေအတွက်ကတော့ စိတ် ပူဖို့မလိုတော့ဘူး။ မြဝတီဆက်သွားမယ့် ခရီးသည်တွေကတော့ စိတ်မအေးနိုင်သေးဘူး။ စကား အလွန်ပြောသော အမျိုးသမီးကြီးက ယာဉ်ပေါ်လိုက်ဝန်ထမ်းကို မြဝတီ ဘယ်အချိန်လောက်ရောက် မလဲလို့ လှမ်းမေးတယ်။ ဝန်ထမ်းက ပြောလို့မရဘူး၊ လမ်းအခြေအနေအပေါ်မူတည်တယ်၊ ဂိတ် တွေကလည်း မြန်ချင်မြန်တယ်၊ နှေးချင်နှေးမယ်၊ သူတို့သဘောပဲ လို့ပြန်ဖြေတယ်။ အဝေးတစ်နေ ရာက “ဘာမှ မသေချာဘူး၊ အားလုံးဟာ မှားယွင်းနေ” သီချင်းသံလေးကြားနေရတယ်။

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း

သူငယ်ချင်း – ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင် ပါတီနည်းနည်းပဲရှိတယ်။ ငါတို့ဆီမှာ ပါတီတွေ များလွန်းတယ်။ အရည်အချင်းလည်းမရှိဘူး။ ဒါ့ကြောင့် ပါတီနည်းနည်းပဲရှိအောင် လုပ်တာကောင်းတယ်။

ကျွန်တော် – မင်းကလူ့အခွင့်အရေးတို့၊ လွတ်လပ်စွာပြောဆိုစည်းရုံးခွင့်တို့ နဲ့ပတ်သက်ရင် မြန်မာ့ ဒီမိုကရေစီက သက်တမ်းနုနုလေးရှိသေးတယ်၊ ဒီမိုကရေစီသက်တမ်းနှစ်ရာချီ နေတဲ့ နိုင်ငံတွေလို ဖြစ်ချင်လို့မရဘူးလို့ ပြောခဲ့ပြီး ပါတီကိစ္စကျမှ ဒီမိုကရေစီနိုင်ငံ ကြီးတွေ လို တဲ့လား။ ပြီးတော့ ဟိုနိုင်ငံတွေမှာ အခုလို အရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေး ပါတီ နည်းနည်း ပဲကျန်အောင် နှစ်ပေါင်းများ စွာ ပြည်သူ့ဆန္ဒမဲ နဲ့ ဆန်ခါတင် ရွေးချယ်ခဲ့တာ၊ ဥပဒေ ပြဋ္ဌာန်းပြီး ဒီပါတီရှိစေ၊ ဟိုပါတီ ဖျက်စေလို့ လုပ်ခဲ့တာ မဟုတ်ဘူး။

သူငယ်ချင်း – ဒါတော့ ဒါပေါ့ကွာ။

ဤတွင်တစ်ခန်းရပ်။

ဥပဒေသစ်အကြောင်းတွေးမိသမ ျှ

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ပြီး အရင်တည်ရှိနေတဲ့ “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ( ၂၀၁၀)” ကို ဖျက်သိမ်းလိုက်တယ်။

အခု ဥပဒေသစ်မှာ နိုင်ငံရေးပါတီများဖွဲ့စည်းမှတ်ပုံတင်မယ်ဆိုရင် ပြည့်စုံရမယ့် စံနှုန်းတွေကို အတော်မြင့်မြင့်မားမား သတ်မှတ်ထားတယ်။ ဥပမာ၊ တစ်နိုင်ငံလုံးမှာ စည်းရုံးမယ့် ပါတီ ဆိုရင် ပါတီမှတ်ပုံတင်လေ ျှာက်တဲ့အခါ မြန်မာ့စီးပွားရေးဘဏ်မှာ ပါတီရန်ပုံငွေ သိန်းတစ်ထောင် စာရင်းဖွင့်ထားပြီးဖြစ်ရမယ်၊ ပါတီ မှတ်ပုံတင်ခွင့်ပြုပြီး ရက် ၉ ၀ အတွင်း ပါတီဝင် အင်အား အနည်းဆုံး တစ်သိန်း စည်းရုံး နိုင်ရမယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့မြို့နယ်အားလုံးရဲ့ ထက်ဝက် မှာ ရုံးခန်းဖွင့်နိုင်ရမယ် စတဲ့အချက်များဖြစ်ပါတယ်။

ဒီဥပဒေသစ်နဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ လွတ်လပ်စွာဝေဖန်ဆွေးနွေးခွင့်ရှိသလဲဆို တာ မသိနိုင်သေးဘူး။ ဒါပေမယ့် ဒီဥပဒေကို ဖတ်ပြီးတဲ့အချိန်မှာ ပထမဆုံးတွေးမိတာကတော့ NLD အစိုးရလက်ထက်မှာသာ ဒီလို ဥပဒေကို ပြဋ္ဌာန်းပြီး ပါတီတွေကို ပြန်လည်မှတ်ပုံတင်လေ ျှာက်ခိုင်း မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ သြဂုတ်လ ၁၄ ရက်နေ့မှာ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီ ထဲက ပါတီ အတော်များများဟာ အဲဒီအစည်းအဝေးကို တက်နိုင်တဲ့အခြေအနေရှိမှာမဟုတ်ဘူး ဆိုတဲ့ အချက်ပါပဲ။

စာဖတ်သူတွေအနေနဲ့ NLD အစိုးရကသာ ဒီလို ၂၀၁၉ ခုနှစ်ထဲမှာ အခုလို ဥပဒေ ပြဋ္ဌာန်းခဲ့ရင် ၂၀၂၀ သြဂုတ်လ ၁၄ ရက်နေ့ အစည်းအဝေးတက်ခဲ့တဲ့ အဲဒီ ၃၄ ပါတီထဲက ဘယ်ပါတီတွေ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမလဲဆိုတာ မှန်းဆနိုင်ဖို့ အတွက် အဲဒီအချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ သတင်းကောက်နှုတ်ချက် လေးကို ဖော်ပြပေးလိုက်ပါတယ်-

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံရေးပါတီ ၃၄ ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လာရောက်မိတ်ဆက် တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် – ၁၄

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx –

ထိုသို့ လာရောက်တွေ့ဆုံမိတ်ဆက်ကြသည့် ပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်၊ အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း(ခ)ဆီဖာလာလူ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ နာယက ဦးစောထွန်းကြည်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာ၊ ” ၀ “အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးရန်ကျော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ယာယီ ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊ ခေတ်သစ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း၊ ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ ဦးသောင်းဦး၊ လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်း (ခ)ဦးမျိုးမင်းထွန်း၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့အလုပ် သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန်းမူ၊ ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းသူ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စိန်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်တို့ဖြစ်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်

https://cincds.gov.mm/node/8694