ပေါက်ခေါင်း – အုတ်တွင်းလမ်းပေါ်မှာ ညောင်ဝန်း၊ ပေါ်လံကြီး၊ ရွှေတောင် ငွေတောင် ၊ ကရင်မသေ စတဲ့ ရွာတွေရှိသလို မီးသွေးဖုတ် ၊ ဝါးခုတ်နေတဲ့ တဲစုလေးတွေလည်း ရှိတယ်။ အဲဒီ လိုပဲ ကျွန်းစိုက်ခင်းစောင့်၊ လမ်းပြင်၊ ကေဘယ်လ်ကြိုးလိုင်းတူး စတဲ့လုပ်ငန်းတွေကို လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေရဲ့ တဲတွေရှိတယ်။ လမ်းပြင်တဲ့သူ၊ ကေဘယ်လ်ကြီုးလိုင်း တူးတဲ့သူတွေကတော့ တစ်နေရာပြီး တစ်နေရာရွှေ့နေတာပါ။
အဲဒီလိုနေထိုင်သူတွေအတွက် မနက်ခင်းဈေးကတော့ ပေါက်ခေါင်းကနေ တက်လာတဲ့ ဆိုင် ကယ်ဈေးသည်တွေပါပဲ။ မနက် ခြောက်နာရီ၊ ခုနှစ်နာရီဆိုရင် သူတို့တက်လာကြပြီ။ ခြင်း တောင်း နှစ်တောင်းထဲမှာ အသီးအနှံတွေ၊ ခြင်းတောင်းဘေးပတ်လည်မှာ ကြက်သား၊ ဝက်သား၊ ငါး နဲ့ အသီးအရွက်အထုတ်လေးတွေချိတ်လို့။ ဘုရားပန်းတွေနဲ့တက်လာတဲ့ ဘီးလည်းရှိတယ်။
ကြက်သား၊ ဝက်သား၊ အမဲသား က တစ်ထုပ် တစ်ထောင်၊ ထောင့်ငါးရာ ၊ နှစ်ထောင်၊ အ စားစား၊ ငါးက ငါး ရာ၊ ခြောက်ရာ၊ ရှစ်ရာ၊တစ်ထောင် အရွက်တွေက တစ်ထုပ် နှစ်ရာ၊ ဂေါ်ဖီထုပ်လိုမျိုးကတော့ အရွယ်ကို ကြည့်ပြီး ဈေးခေါ်တယ်။
သူတို့က ပေါက်ခေါင်းက ထွက်လာထဲက လမ်းမှာရှိတဲ့ရွာတွေ၊ တဲစုတွေမှာ ရောင်းတယ်။ ရွာတွေ၊ တဲစုတွေက ဖောက်သည်တွေဆိုရင်တော့ အကြွေးရောင်းပေးတာမျိုးလည်းရှိတယ်။ ပျံကျ တဲစု တွေကတော့ လက်ငင်းပေါ့။ တစ်ခါတစ်လေ တောင်ပေါ်က ဆင်းလာတဲ့သူတွေ လည်း ဝယ်တတ်တယ်။
သူတို့ဈေးကွက်ကလည်း မသေးဘူး။ မနက်မှာ ဆုံလိုက်တဲ့တစ်ယောက်ကို ညနေ ပြန်ဆုံတော့ အားလုံးကုန်ခဲ့ပြီ။ တစ်သိန်းကျော်ဖိုးရောင်းရတယ်၊ ဆီဖိုး၊အရင်းနှုတ်လိုက်ရင် တစ်သောင်းကျော်တော့ကျန်မှာပါတဲ့။
ဒါပေမယ့် အမြဲတမ်းအခြေအနေကောင်းနေတာတော့မဟုတ်ဘူး။ မရောင်းရတဲ့ နေ့ဆို အသားငါးတွေက ပြန်ယူလို့မရတဲ့အတွက် လျော့ဈေးနဲ့ အကြွေးပေးခဲ့ရတာလည်း ရှိတယ်။
ပျံကျလုပ်သားတွေ လုပ်ခရှင်းတဲ့ရက်၊ မြို့ကပွဲစားတွေ တောင်ပေါ်တက်ပြီး ပစ္စည်းဝယ်တဲ့ရက်တွေဆိုရင် ရောင်းကောင်းတာပေါ့။
သူတို့လည်း ဈေးကွက်သတင်းနားထောင်ပြီးမှ တောင်ပေါ်တက်ရတာပဲ။ ဈေးဆိုင်ကယ်တွေများတော့ ဖောက်သည်မြဲအောင် မားကက်တင်းလည်း ဆင်းရတယ်၊ အရည်အသွေးလည်းထိန်းရတယ်၊ အကြွေးလည်းပေးနိုင်ရသတဲ့။