အင်း ပုံပြင် (၁)

အင်းသူကြီး ဆိုတာက ကွင်းတစ်ခုလုံးကို လေလံဆွဲပြီး လုပ်တဲ့သူကို ခေါ်တာဆိုတော့ သူ့လို အင်းအပိုင်းလေးတစ်ခုကို အင်းသူကြီးဆီအခပေးပြီးလုပ်တဲ့သူကိုတော့ အင်းသားကြီးလို့ပဲ ခေါ် ရမယ်ထင်တယ်။ သူကတော့ သူ့ကိုယ်သူ အင်းလုပ်နေတာလို့ပဲ ပြောတယ်။

ကိုအောင်ကိုဦးက လူလတ်ပိုင်း၊ ပြုံးပြုံးနဲ့ ရေလုပ်ငန်းသမားထက် ကုန်သည် ပွဲစားနဲ့ပိုတူတယ်။ ရန်ကုန်-မန္တလေး မိုင်တိုင် ၇၀ အကျော်လေးမှာ ရှိတဲ့ တာဆုံကနေ ပုကိုင်တာဘောင်အတိုင်း ဝင်သွား၊ တာဂွရောက်ရင် မိုးယွန်းကြီး ဇွဲဘတ်တာဘောင်အတိုင်း ဆယ်မိနစ်လောက်သွားရင် သူ အင်းလုပ်နေတဲ့နေရာကိုရောက်တယ်။

သူတို့လုပ်နေတာကို အင်းချောင်းလုပ်တယ်လို့ခေါ်တယ်။ မိုးယွန်းကြီးတာဘောင်အပြင်ဘက် အခြမ်း၊ လယ်ကွင်းတွေနဲ့ တာဘောင်ကြားက ချောင်းတွေကို ပိတ်ပြီးလုပ်တာဖြစ်တဲ့အတွက် အင်း ချောင်းလို့ခေါ်တာ သဘာဝကျသားပဲ။

အင်းသားကြီးတဲက မြေစိုက်တဲ။ ဘေးတစ်ဖက်မှာ မီးဖိုချောင် အဖီရှိတယ်။ တဲမကြီးက သုံးပင် နှစ်ခန်းလို့ပြောရမယ်ထင်တယ်။ နောက်ဘက်မှာ အိပ်စင်ရှိတယ်။ ရှေ့တစ်ခြမ်းရဲ့ တစ်ဝက် ကတော့ ဧည့် ခန်း လည်းဖြစ်၊ ထမင်းစားခန်းလည်း ဖြစ်တဲ့ ကပြင်ပေါ့ ။ ကျန်တဲ့ တစ်ဝက်ကတော့ မြေကြီးအတိုင်းပဲထားတယ်။ တဲခေါင်မိုးပေါ်မှာ ဆိုလာပြားတစ်ချပ်ရှိတယ်။တဲ ဘေးမှာ ငါးရွေးတာ၊ ဘာညာ လုပ်ဖို့၊ နေ့လည် နားဖို့ တစ်ဖက်ရပ်တဲရှိတယ်။ အဲဒီတဲမှာတော့ ရှန်ပန်းနီ/ဖြူတွေကို တံခွန်လိုလွှင့်ထားတယ်။

တဲတန်းရှေ့မှာ ငါးထည့်ဖို့အတွက် ပုံးတွေ ခွက်တွေ ရှိတယ်။ တဲရှေ့ချောင်းရေပြင်ထဲမှာ အင်းသုံးလင့်ခရူဆာ စက်လှေတစ်စီးနဲ့ တုတ်တုတ် လက်လှော်လှေတစ်စီး ရှိတယ်။ လှေဆိပ်ဘေးမှာ လက်ဆေး၊ပန်းကန်ဆေးဖို့အတွက် ပလတ်စတစ်ပုံးတွေချထားတယ်။ အဲဒီနေရာ အပေါ် ဘက်မှာ လေ ျှာ်ဖို့ ဖွတ်ဖို့ ဆင့်လေးရှိတယ်။ တဲမှာ ခွေးနှစ်ကောင်ရှိ တယ်။ အထီးကောင်က ဖိုးသား တဲ့။ ဒါက ရွာကခေါ်လာတာ၊ ငယ်မွေးခြံပေါက်။ အမက ကောက်ရတဲ့။ တာဂွဘက်မှာ သားပေါက်ပြီး ပိန်ညောင်နေတာတွေ့တာနဲ့ သနားပြီးခေါ်လာတာ။ ခွေးလေး တွေက တော့ သူများယူသွားပြီ။ ကောက်ရ တစ်ကောင်ပဲ တဲမှာကျန်နေတယ်။

တဲဘေးမှာ နတ်စင်ကြိးတစ်ခုရှိတယ်။ ရှန်ပန်းဖြူ/နီတွေချည်ထားတယ်။ ကန်တော့ပွဲ၁၃ ပွဲ ထဲမှာ ကျွန်တော် ကတော့ ကိုကြီးကျော်၊ နန်ကရိုင်းမယ်တော်၊ မနှဲလေးပဲသိတယ်။ နတ်စင်ရှေ့ ရေစပ်မှာ နောက် ထပ်ကန်တော့ပွဲနှစ်ပွဲရှိတယ်။ အဲဒါကတော့ အင်းစောင့်နတ်တွေကို တင်ထားတာ။ သူတို့အခေါ် ရေပွဲပေါ့။

ဒါဟာ ဝါခေါင်ကနေ တပေါင်း ၊ တန်ခူးအထိ အင်း သားကြီးရဲ့ အိမ်တော်လည်းဖြစ်၊ အလုပ်ခန်းလည်းဖြစ်တဲ့ စံဂေဟာပဲ။

ဒီအင်းတွေမှာ ကဆုန်၊ နယုန်၊ ဝါဆို လတွေက ဘယ်သူမဆိုရှာစားလို့ရတယ်။ အဲဒီအချိန်က ရေပြင်လည်း ကျယ်တယ်။ လယ်ကွင်းတွေနဲ့ အင်းတွေကလည်း ဆက်နေတယ်။ ဝါခေါင်လပြည့်နေ့ဆိုရင်တော့ အင်းချောင်းလေလံရထားတဲ့သူတွေပိုင်သွားပြီ။ အခြားသူတွေ လုပ်စားလို့မရတော့ဘူး။ အဲဒီအချိန်ဆိုရင် အင်းသားကြီးတို့ လည်း တဲထိုးပြီ။ တဲထိုးပြီးတာနဲ့ နတ်စင်ဆောက်။ မနက် အရုဏ်မတက်ခင် ဦးရှင်ကြီးတင်။ ၈နာရီ၊ ကိုးနာရီဆိုရင် သက်ဆိုင်ရာပွဲတွေထိုး။ ရိုးရာအစဉ်အလာအတိုင်း တင်တာ၊ မြှောက်တာ တွေလုပ် ပြီးရင် အင်းချောင်းလုပ်ငန်းစပြီပေါ့။

ဝါခေါင်လထဲမှာတော့ ငါးဖမ်းတာမရှိဘူး။ အဲဒီအချိန်က ကိုယ့်လုပ်ကွက်ထဲမှာ ငါးနေအောင် ချုံတွေချ၊ ငါးစာကျွေးရတယ်။ ချုံချတယ်ဆိုတာက အင်းလေးမှာ ကျွန်းမျောလုပ်သလိုပဲ အပင်တွေကို တိုင်စိုက်ပြီး ငါးတွေအတွက် ခိုစရာနေရာလုပ်ပေးထားတာ။ ငါးစာဆိုတာက ဖွဲကြမ်း၊ ဖွဲနုလုံးတွေ၊ နောက်တစ်ခါ ခြလုံး လို့ ခေါ်တဲ့ ခြအုံတွေ။ ခြလုံးတွေကတော့ တောင်ခြေဘက်ကလာရောင်းတယ်။ တစ်လုံးကို ငါးရာ ပေးရတယ်။ အင်းသားကြီးလုပ်ကွက်ကတော့ ငါးစာဖိုး ခြောက်သိန်း၊ ခုနှစ်သိန်းလောက် ရင်းရတယ်။ အင်းလေလံပြန်ခွဲယူရတာရယ်၊ တဲဆောက်တာ၊ ပစ္စည်းစုတာ၊ ငါးစာကျွေးတာနဲ့ ဆိုရင် လုပ်ငန်းမစခင်မှာပဲ အရင်းက သိန်းတစ်ရာပတ်လည်လောက်ဝင်နေပြီ။

ဝါခေါင်လပြည့်ကျော်တာနဲ့ ကိုယ့်အင်းချောင်းကို ကိုယ်စောင့်ရှောက်ရပြီ။ ဒီဒေသသားတွေ ( သူတို့ကိုယ် သူတို့ ကွင်းသား လို့ ခေါ်တယ်။ ) က ဘာပစ္စည်းထားထားမပျောက်ဘူး။ ဒါပေမယ့် ငါးမြင်ရင်တော့မနေနိုင်ဘူး။ ဒီတော့ ရေများချိန်မှာ ပိုက်ဝင်မချအောင် စောင့်ရှောက်ရသလို၊ အင်း ဖော်တဲ့အချိန်မှာလည်း ညဘက်ဝင်ပြီး ငါးမကောက်အောင် စောင့်ရှောက်ရတာပဲ။ ဒ့ါကြောင့် တဲမကြီးအပြင် ငါးဖော်တဲ့နေရာတွေမှာလည်း တဲလေးတွေထိုးပြီး ညအိပ်စောင့်ရတယ်။

တော်သလင်းလထဲရောက်ရင်တော့ ရေအခြေအနေကြည့်ပြီး ယင်းပိတ်ပြီ။ အဓိကတော့ ရေကျ သွားပြီး လယ်ကွင်းတွေနဲ့ ကိုယ့်အင်းနယ်မြေ ခွဲခွဲခြားခြားသိနိုင်တဲ့အခြေအနေရောက်ရင် ပိတ်လိုက် တာပါပဲ။ ယင်းပိတ်လိုက်ပြီးဆိုရင်တော့ ကိုယ့်အင်းချောင်းထဲရောက်နေတဲ့ ငါးတွေ ပြန်မထွက်နိုင်တော့ဘူးပေါ့။

သီတင်းကျွတ်ထဲရောက် ရင် အင်းချောင်းထဲမှာ တမံပိတ်ပြီ။ တမံပိတ်တယ်ဆိုတာက မြေအနေအထားကို ကြည့်ပြီး အကန့်လိုက်ရေစုတ်ထုတ်၊ ငါး ပက်နိုင် ဖို့ အတွက် ပြင်ဆင်တာပါ။ ပထမအကန့်ကို ရေစုတ်ထုတ်၊ ငါးဖမ်းပြီးရင် ဒုတိယအကန့်က ရေကို ပထမအကန့်ထဲဖောက်ချ ၊ ဒုတိယအကန့်မှာ ဖမ်း၊ ဒီလိုအဆင့်ဆင့်သွားတာပဲ။

တကယ့် အင်းသူကြီးတွေကတော့ ကိုယ်တိုင် ဆင်းလုပ်တာနည်းတယ်။ လူယုံထားပြီး ခိုင်းတယ်။ အင်းပိတ်ချိန်၊ အင်းဖော်ချိန်မှာပဲ လာကြည့်ပြီး လိုတာတွေခိုင်းတာပေါ့။ အင်းချောင်းလုပ်တဲ့ အင်း သားကြီးကတော့ အဲဒီလိုနေလို့မရဘူး။ ကိုယ်တိုင်ရွှံ့ထဲဆင်း ငါးဖမ်း၊ ကိုယ်တိုင် ပိုက်ဖာရသလို မိသားစု အကုန်ဆင်းလုပ်ရတယ်။ နေ့စားက အမျိုးသားဆို တစ်နေ့ ရှစ်ထောင်၊ အမျိုးသမီးဆို ခြောက်ထောင် ဆိုတော့ အလုပ် သမားက မဖြစ်မနေငှားဖို့ လိုသလောက်ပဲငှားတယ်။ အင်းသားကြီးရဲ့ တဲမှာတော့ အဖေရော၊ ယောက္ခမရော ဝိုင်းကူနေတာမြင်ခဲ့ရတယ်။

ငါးဈေးကတော့ ငါးရံ့က အကြီးအသေးပေါ်မူတည်ပြီးတစ်သောင်းတစ်ထောင်ကနေ လေးထောင့် ငါးရာအထိ အစားစားရတယ်။ ငါးပြေမ ခြောက်ထောင်၊သေးရင် သုံးထောင်လေးထောင်။ ငါးပနော် လေးထောင်၊ ငါးဘတ် ခုနှစ်ထောင်၊ ငါးနုသန်း ခုနှစ်ထောင်၊ ငါးခူ ခုနှစ်ထောင်၊ ငါးအသေးရောရာက ခုနှစ်ရာ၊ ငါးရာ ။ အဲဒါကတော့ငါးပိရည်ကျို လုပ်ဖို့အတွက်ဝယ်တာ များတယ်။ ငါးတွေက ဒိုင်သွားသွင်းသလို အင်းတဲအထိ လာဝယ်တဲ့သူကိုလည်း ရောင်းတယ်။ အင်းထဲအထိလာဝယ်ရင်တော့ ဒိုင်ဈေးထက် ငါးရာခွာပြီးရောင်းပေးတာပေါ့။

သူတို့ရောင်းရတဲ့ငါးဈေးတွေကြားရတော့ ရန်ကုန်က ငါးဈေးတွေကို သတိရမိတယ်။ အင်းထဲကနေ ရန်ကုန်ဈေးတွေထဲက ငါးသည်တွေရဲ့ လင်ပန်းထဲကိုရောက်တဲ့ကြားမှာ ဈေးတွေက အဆင့်ဆင့် တက်သွားပေမယ့် အရသာကလည်း တစ်ဖြေးဖြေးကျဆင်းသွားတာပဲ။ အင်းသားကြီး ကတော့ ရန်ကုန်ပေါက်ဈေးကို စိတ်မဝင်စားဘူး။ လက်တစ်ခါပြောင်းတိုင်း ဈေးတစ်ခါတက်တာက လွန်ဆန်လို့မရတဲ့ သဘာဝတရားလို့လက်ခံ ထားတယ်။ သူ့ကုန်ကျစရိတ်နဲ့ ဒိုင်ပေါက်ဈေးနဲ့ ကိုက်ရင် သူ့အတွက်အဆင်ပြေနေတာပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: